Main menu

Green Tea

Powered by Drupal
Tue, 05/16/2023 - 15:59 -- consumer_admin

       Green Tea ကို ရုက္ခဗေဒအမည် “Camellia sinensis” ဟုခေါ်သည့် လက်ဖက်ပင်၏အရွက်မှတစ်ဆင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Oo Long Tea နှင့် black tea ကိုလည်း လက်ဖက်ရွက်မှ အခြောက်ခံ၍ ပြုလုပ်ထားခြင်းဖြစ်ပါသည်။ မြန်မာလူမျိုးများသောက်သုံးသည့် လက်ဖက်ရည်ကြမ်းနှင့်လည်း သဘောတရားတူပါသည်။ Green Tea ကို လက်ဖက်စိမ်း၊ လက်ဖက်ရည်ဟုလည်း ရည်ညွှန်းခေါ်ဆိုကြပါသည်။ Green Tea သောက်သုံးခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုကြောင်း အများအားဖြင့် သိကြပါသည်။ ဓာတ်တိုးဆန့်ကျင်သည့်ဂုဏ်သတ္တိရှိခြင်း၊ ဆီးချိုကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ ထို့ကြောင့်  Green Tea သောက်သုံးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုသကဲ့သို့ အလွန်အကျွန်သောက်သုံးမိပါက ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ပါသည်။ Green Tea တွင်ပါဝင်သည့် တန်နင်ဟုခေါ်သောဓာတ်ပစ္စည်းသည် သင့်ကိုယ်ခန္ဓာ၏သံဓာတ်စုပ်ယူမှုကို လျော့နည်းစေပါသည်။ ထို့ကြောင့် အလွန်အကျွံသောက်သုံးရန်မသင့်ပါ။ အထူးသဖြင့် သံဓာတ်ချို့တဲ့သူများ၊ သွေးအားနည်းသူများ၊ သက်သက်လွတ်စားသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဓမ္မတာကာလကြုံနေသူအမျိုးသမီးများနှင့် ကလေးငယ်များသည် Green Tea ကိုအထူးသတိပြုသောက်သုံးသင့်ပါသည်။

       သုတေသနတချို့အရ ထမင်းစားနေစဉ် လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းသည် သံဓာတ်စုပ်ယူမှုကို (၃၀-၆၀) ရာခိုင်နှုန်းလျော့ကျစေသည်ဟု သိရပါသည်။ ထို့ကြောင့် သံဓာတ်အခံအားနည်းသူများ၊ သွေးအားနည်းသူများသည် ထမင်းစားနေစဉ် လက်ဖက်ရည်ကြမ်းမသောက်သုံးသင့်ပါ။ အစာစားပြီးနောက် နှစ်နာရီကြာမှသာလျှင် သောက်သုံးသင့်ပါသည်။ အပြန်အလှန်အားဖြင့် လက်ဖက်ရည်ကြမ်းသောက်ပြီး တစ်နာရီအကြာမှသာ ထမင်းစားသင့်ပါသည်။ Green Tea တွင် ကဖင်းဓာတ်လည်းပါဝင်သောကြောင့် လွန်ကဲစွာသောက်သုံးခြင်းဖြင့် စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့်ဝေဒနာများဖြစ်ပေါ်လာတတ်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကဖင်းဓာတ်အများအပြားသောက်သုံးမိလျှင် ကလေး တွင် မွေးရာပါချို့ယွင်းချက်များဖြစ်ပေါ်နိုင်ပြီး ကလေးပြတ်ကျနိုင်ခြေမြင့်မားစေနိုင်ပါသည်။ သုတေသနများအရ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် တစ်နေ့လျှင် ကဖင်းဓာတ် ၃၀၀ မီလီဂရမ်အထက် မကျော်လွန်သင့်ကြောင်း သိရပါသည်။ Green Tea တစ်ခွက်တွင် ပျမ်းမျှအားဖြင့် ကဖင်းဓာတ် (၂၀ နှင့် ၄၀) မီလီဂရမ်အကြားပါဝင်သည်ဟု သိရပါသည်။

       ဖော်ပြခဲ့သောဘေးထွက်ဆိုးကျိုးများသည် လွန်ကဲစွာသောက်သုံးမှသာရရှိနိုင်သည့် ဘေးထွက်ဆိုးကျိူးများဖြစ်ပါသည်။ ထို့ကြောင့် ဘယ်လောက်နှုန်းထား၍ သောက်သုံးသင့်သည်ဆိုသည်ကို သိထားသင့်ပါသည်။ သုတေသနများအရ တစ်နေ့တာအတွက် သောက်သုံးသင့်သည့် Green Tea ပမာဏသည် လက်ဖက်ရည်ခွက်၃ခွက်မှ ၅ခွက်အထိဖြစ်ပါသည်။အများအားဖြင့် Green Tea သောက်သုံးခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးသည် ဆိုးကျိုးထက် များပြားပါသည်။ သို့ရာတွင် “တန်ဆေးလွန်ဘေး” ဆိုသည့် စကားရပ်ကို သတိတရရှိသင့်ပါသည်။ ထိုကြောင့် Green Tea ကို သင့်တင့်မျှတစွာသောက်သုံးခြင်းဖြင့် မိမိကျန်းမာရေးကိုမြှင့်တင်ကြပါရန် အကြံပေးအပ်ပါသည်။

DOCA(ကယား)