Main menu

သံပုရာသီးအကြောင်းသိကောင်းစရာ

Powered by Drupal
Mon, 05/22/2023 - 13:36 -- consumer_admin

သံပုရာသီးသည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် ရင်းနှီးကျွမ်းဝင်သည့်အသီးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အသုပ်သုပ်သည့်အခါ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲစားသည့်အခါ အအီပြေစေသည့်အနေဖြင့် သံပုရာသီးကို အရည်ညှစ်ထည့်ပြီး စားလေ့ရှိပါသည်။ ထို့ပြင် သံပုရာသီး သနပ်လုပ်စားခြင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းများလည်း ရှိပါသည်။

သံပုရာသီးကို အင်္ဂလိပ်လို Sour Lime ဟုခေါ်ပါသည်။ရုက္ခဗေဒနာမည်မှာ Citrus medica Linn .var . acida ဖြစ်ပါသည်။ မျိုးရင်းမှာ Rutaceae ဖြစ်ပါသည်။ သံပုရာပင်သည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စိုက်ပျိုးပေါက်ရောက်သည့် အပင်အမျိုးအစားဖြစ်ပါသည်။ အကိုင်းအခက်များသည် ဘေးသို့ကိုင်းဖြာပြီး ဆူးများလည်းရှိပါသည်။ အရွက်မှာ ရှည်မျောမျောပုံစံရှိကာ ရွက်နားညီပုံစံရှိပါသည်။ အဖြူရောင် (သို့မဟုတ်) ပန်းနုရောင် အပွင့်ကလေးများ ပွင့်ပြီး မွှေးကြိုင်သင်းပျံ့သော အနံ့အနည်းငယ်ရှိပါသည်။ အသီးမမှည့်ခင်တွင် အစိမ်းရောင်ရှိပြီး မှည့်သည့်အခါတွင် အဝါရောင်ရှိပါသည်။ သံပုရာသီးတွင် Ascrobic acid, limonene, dipentene စသည့်ဒြပ်ပေါင်းများ ပါဝင်ပါသည်။ သံပုရာသီးသည် သွေးကြောထဲရှိ ပိုလျှံနေသည့် ကိုယ်လက်စထရော (မကောင်းသည့်အဆီဓာတ်)များ ကျဆင်းစေသည့်အစွမ်းသတ္တိရှိပါသည်။

သံပုရာသီးကို အစာကြေဆေး၊ ပိုးသတ်ဆေး၊ သွေးတိုးကျဆေးစသည့် တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် ထည့်သုံးလေ့ရှိပါသည်။ သံပုရာသီးသည် လေနာ၊ လေသလိပ်၊ ဝမ်းမီးနုန့်သောအနာ၊ အော့အန်နာ၊ အစာမကြေ၊ ရင်ဘက်နာ၊ အူသိမ်အူမတွင်စွဲသောအခါ သလိပ်သည်းခြေအားကြီး သောအနာတို့ကို ပျောက်ကင်းစေပါသည်။ ချောင်းဆိုး၊ လည်ချောင်းဖောက်ပြန်ခြင်းတို့ကို ပျောက်ကင်းသည်ဟူ၍ မြန်မာဆေးကျမ်းမှာ ရေးသားထားပါသည်။ ခေတ်သစ်လေ့လာချက်အရ သံပုရာသီးသည် ကျန်းမာရေးသာမက အလှအပအတွက်လည်း အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။ သံပုရာသီးအခွံကို ဆားနှင့်ရောပြီး သွားကိုပွတ်ပေးပါက သွားများ ဖြူဖွေးတောက်ပစေပါသည်။ တံတောင်ဆစ်မည်းခြင်းအတွက်လည်း သံပုရာသီးကို ထပ်ခြမ်း ခြမ်းပြီး ပွတ်ပေးကာ ၅ မိနစ်ထားပြီး ရေဆေးချပေးပါက မည်းနေသည်များ ပျောက်ပြီး အသားအရည် ပြန်လည်ဝင်းပလာနိုင်ပါသည်။ ဆံပင်ကျွတ်ခြင်းအတွက် အုန်းရည်ထဲသို့ သံပုရာရည်ရောကာ တစ်ပတ်လျှင်တစ်ကြိမ်ခန့် လိမ်းပေးနိုင်ပါသည်။ ရုတ်တရက် သွေးတိုး၍ မူးမော်လာပါက သံပုရာသီးအခွံကို လက်သည်းဖြင့်ဆိတ်ပြီး ရှူနိုင်သလို သံပုရာရည်ဖျော် ပြီးလည်းသောက်နိုင်ပါသည်။ ထိုသို့အသုံးပြုခြင်းဖြင့် ရုတ်တရက်မူးမော်ခြင်းကို သက်သာ စေနိုင်ပါသည်။ အဆုံးသတ်အနေဖြင့် သံပုရာသီးသည် အိမ်မှာဆောင်ထားသင့်သည့် အသီးတစ်မျိုးဖြစ်သည်ဟု အကြံပေးရေးသားတင်ပြလိုက်ပါသည်။

 DOCA (ကယား)