Main menu

HighLight News

Powered by Drupal

လွိုင်ကော်မြို့၌ ဆေးဝါး၊ Mask & Hand Gel များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေး

လွိုင်ကော်မြို့ပေါ်ရှိဆေးဆိုင်များ၌COVID-19ကာလအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask & Hand Gel များ၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ကုန်ဈေးနှုန်း ထိန်းချုပ်ရေးအဖွဲ့ဝင်ဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခြင်းကို ဇူလှိုင် လ ၅ ရက်နေ့ နေ့လည် (၁၃း၀၀) အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ဈေးနှုန်းမှာ ယခင်ဈေး (၁၀၀၀)ကျပ်နှင့် ရောင်းချရာမှ ယခု COVID-19 တတိယလှိုင်းတွင် Mask ဈေးနှုန်းမှာ (၂၅၀၀)ကျပ်၊ (၂၈၀၀)ကျပ် အထိမြှင့်တက်လာသည်ကိုတွေ့ရပြီး ထိုသို့ဈေးနှုန်း မြှင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြှင့်တက်ခြင်းကြောင့်ဖြစ်သည်ဟုသိရှိရပြီး Hand Gel နှင့် ဆေးဝါးများကိုလည်း ဝယ်ရင်းဈေးနှင့် အနည်းငယ်ကွာပြီးသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခြင်း အမိန့်ကြော်ငြာစာ အမှတ် (၂၁/ ၂၀၂၀) အားလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ကြရန် အသိပေးဆောင်ရွက်ခဲ့ပါသည်။

COVID-19 ကြောင့်ထိခိုက်မှုမရှိသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ် ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၃/ ၂၀၂၁ ) ကျင်းပ

ကယားပြည်နယ်အတွင်းရှိ COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၀.၆.၂၀၂၁) ရက်နေ့ နံနက် (၁၀ ၃၀) တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါ အစည်းအဝေးတွင် စိစစ်ကြပ်မတ်ရေးအဖွဲ့ ဉက္ကဌ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်မေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခင်ပထမအကြိမ်အစည်းအဝေးမှ မိမိတို့နှင့်လုပ်ငန်းရှင်များ (၂) လတစ်ကြိမ် ပုံမှန်တွေ့ဆုံရန် ပြောဆိုသည့်အချက်ပါဝင်ကြောင်း ပထမအကြိမ်တွေ့ဆုံပွဲတွင် လုပ်ငန်းရှင်များအား ချေးငွေမရမီနှင့် ရရှိပြီး နောက်ပိုင်း ဝင်ငွေရရှိမှုအခြေအနေ၊ အရှုံးအမြတ်အခြေအနေ၊ အလုပ်သမားခန့်ထားမှုအခြေအနေ၊ ချေးငွေပြန်လည်ပေးဆပ်ရန် စီစဉ်ထားရှိမှု အခြေအနေ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြစေခဲ့ရာ လုပ်ငန်းရှင်များ၏ တင်ပြချက်များကိုသုံးသပ်ရာ အချို့မှာ ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ဆိုင်းငံ့ပေးစေလိုကြောင်း၊ ဆိုင်းငံ့ကာလပြည့်မြောက်သည်နှင့် ပေးဆပ်နိုင်သည့်လုပ်ငန်းရှင်များလည်း ရှိကြောင်း၊ လုပ်ငန်းလည်ပတ်မှ ပေးဆပ်နိုင်မည့်လုပ်ငန်းရှင်များလည်း ရှိကြောင်းတွေ့ရသဖြင့် ယခုတက်ရောက်လာသော လုပ်ငန်းရှင်များကလည်း မိမိတို့ပေးဆပ်နိုင်သည့်အခြေအနေများကို   ပြည့်ပြည့်စုံစုံတင်ပြဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင် များ၏ အခက်အခဲ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်အသီးသီးဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၁ ၃၀) တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

ကိုဗစ်ရောဂါကာကွယ်ကုသမှုဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းကိစ္စနှင့် ပတ်သက်၍ဖြေလျော့ပေးမှုများကိုပြည်သူများသို့ အသိပေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှကိုဗစ်ရောဂါကာကွယ်ကုသမှုဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းကိစ္စနှင့် ပတ်သက်၍ဖြေလျော့ပေးမှုများကိုပြည်သူများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

COVID-19 ရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းကိစ္စနှင့်ပတ်သက်၍ ဖြေလျော့ဆောင်ရွက်ပေးနေမှုများ

(၁) ပြည်တွင်းသို့ပြန်လည်တင်သွင်းမည့်ကုန်စည်များအပေါ် သွင်းကုန်လိုင်စင်လျောက်ထားခြင်းမှ ယာယီဖြေလျော့ပေးခဲ့ပါသည်။

https://bit.ly/35KNwof

(၂) COVID-19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများအား လိုင်စင်လျောက်ထားခြင်းအား  (၁၂-၇-၂၀၂၁) မှစတင်၍ (၃)လယာယီဖြေလျော့ပေးခဲ့ပါသည်။ (HS Code Line အသေးစိတ်အားထပ်မံထုတ်ပြန်ပေးပါမည်)

https://bit.ly/3kpGpdF

(၃) တစ်ခါသုံး ပါးစပ် ၊ နှားခေါင်းစည်း Mask နှင့် ပတ်သက်၍ Non Medical Use ဖြစ်ပါက FDA မလိုအပ်ပါ။

(၄) Oxygen Concentrator များ တင်သွင်းမှုနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန် (CT) ၅ % ကို ဖြေလျော့ပေးသွားမည်ဖြစ်ပြီး နယ်စပ်များမှတင်သွင်းရာတွင် ကုမ္ပဏီများမှ တိုက်ရိုက်ဆောင်ရွက်ခြင်းမဟုတ်ဘဲ Agent များမှ ဆောင်ရွက်ခြင်းဖြစ်သဖြင့် SO ဖြင့် ခွင့်ပြု/မပြု (ညှိနှိုင်းဆဲဖြစ်၍ ထပ်မံအတည်ပြု ထုတ်ပြန်ပေးပါမည်။)

(၅) Liquid Oxygen များအား နယ်စပ်မှ တင်သွင်းရာ၌  Liquid Oxygen များ ထည့်သွင်းတင်ဆောင်လာမည့် ယာဉ်များအနေဖြင့် Rigid Body ဖြင့် တင်သွင်းခြင်း ဖြစ်ပါက အကောက်ခွန်၏ ယာယီတင်သွင်းမှုလုပ်ငန်းစဉ် (Temporary Importation) လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်။

(၆) Oxygen Plant တည်ဆောက်မှုအတွက် လျှပ်စစ်ထောက်ခံချက်လိုအပ်ပါမည်။ စက်မူဇုန်အတွင်းဖြစ်ပါက စက်မူဇုန်ထောက်ခံချက်လိုအပ်ပါမည်။

(၇) Covid-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် တိကျရှင်းလင်းသည့် SOP နှင့် ဆက်သွယ်မေးမြန်းနိုင်သည့်ဌာနအလိုက် Contact person များထုတ်ပြန်ပေးသွားမည်။

(၈) Covid-19 ရောဂါကာကွယ်ဆေးအပါအဝင် အခြားကာကွယ်ဆေးများအား တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် FDA ဌာနမှ (၁) ကြိမ် တင်သွင်းခွင့်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်(၇)ချက်ပါ အချက်အလက်များအား ပြည့်စုံစွာတင်ပြ လျှောက်ထားရမည်-

(က)  Letter of authorization from owner

(ခ) NRA / FDA approval of Vaccine from   country of origin  

(ဂ) Company profile & Manufacture license / GMP certificate

(ဃ) Summary Product Characteristics

(င)   Certificate of Analysis, lot release certificate from regulatary of authorization

(စ)   Container labeling

(ဆ)  Covid-19 ကာကွယ်ဆေးသိုလှောင် ဖြန့်ဖြူးမည့်အစီအစဉ် (Cold change facility and distrib -  ution Plan) ကိုလည်း တစ်ပါတည်းတင်ပြရမည်။တင်သွင်း Covid-19 ကာကွယ်ဆေးနှင့် ပတ်သက်၍ Risk Communication Management Plan) ကို ကြိုတင်ပူးတွဲတင်ပြရမည်။

ကယားပြည်နယ်မှ နှမ်းဈေးနှုန်းကျဆင်းမှုကြောင့် နှမ်းများ ရောင်းချရန်ကျန်ရှိနေ

နှမ်းသီးနှံသည်ကမ္ဘာရှေးအကျဆုံး စိုက်ပျိုးသီးနှံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အာဖရိကတိုက်မှ နှမ်းကိုစတင်စိုက်ပျိုးလာခဲ့ကြရာ ယခုအခါ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ကမ္ဘာနှမ်းစိုက် အများဆုံးနိုင်ငံတို့ဖြစ်ကြပြီး မြန်မာနိုင်ငံတွင်လည်း ဆီထွက်သီးနှံများအနက် နှမ်းစိုက်ဧကသည် ကမ္ဘာနှမ်းစိုက်ဧရိယာ၏ စတုတ္တအများဆုံးနိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နှမ်းအဓိကစိုက်ပျိုးသည့်ဒေသမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကယားပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြသည်။

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးပြည်နယ်ဖြစ်ပြီး မြောက်လတ္တီတွဒ် (၁၈.၀) နှင့် (၁၉.၅၅)ကြား၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၀)နှင့် (၉၇.၉၃)ကြားတွင်တည်ရှိသည်။ အရှေ့မှအနောက်သို့(၁၂၈)မိုင်၊ တောင်မှမြောက်သို့ (၁၃၅)မိုင်ရှိပြီး၊ ဧရိယာစတုရန်းမိုင်ပေါင်း(၄၅၂၉.၅၆) စတုရန်းမိုင်၊ (၂၈၉၈၉၂၁)ဧက ကျယ်ဝန်းပါသည်။ ကယားပြည်နယ်တွင် လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်ဟူ၍ ခရိုင်(၂)ခုရှိပြီး၊ လွိုင်ကော်ခရိုင်တွင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှားတောမြို့နယ်တို့ဖြစ်ပြီး ဘောလခဲခရိုင်တွင် ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့ နယ်တို့ဖြစ်ကြသည်။

ကယားပြည်နယ်တွင် နှမ်းကို လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်နှင့်ဘောလခဲခရိုင်တို့တွင် အများဆုံးစိုက်ပျိုးကြသည်။ မိုးနှမ်းကိုသာအဓိကစိုက်ပျိုးကြပြီး ဆောင်းနှမ်းကို အနည်းငယ်သာစိုက်ပျိုးကြသည်။ မိုးနှမ်းကို မေလမှ ဇွန်လအတွင်း အပြီးစိုက်ပျိုးကြရပြီ ဩဂုတ်လမှ စက်တင်ဘာလ အတွင်း ရိတ်သိမ်းကြပါသည်။ ၂၀၁၉-၂၀၂၀ ခုနှစ်၊ စိုက်ပျိုးရေးရာသီတွင် နှမ်းစိုက်ဧက(၂၅၃၂၇) ဧကအထိစိုက်ပျိုးခဲ့ရာ အထွက်နှုန်းမှာ (၂၅၁၃၅၃) တင်းထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနသတင်းအရသိရှိရပါသည်။ ယခင် ၂၀၂၀ ခုနှစ်၊ ကယားပြည်နယ် နှမ်းဈေးနှုန်းမှာ စမုံနက် တစ်ပိဿာ ကို (၄၂၀၀)ကျပ်နှင့် နှမ်းနက်တစ်ပိဿာကို (၃၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်းမှစ၍ နှမ်းဈေးနှုန်းများ တစ်ဆထက်တစ်ဆ ကျဆင်းလာမှုကြောင့် ကယားပြည်နယ်တွင် နှမ်းဈေးကွက်အရောင်းအဝယ်ပျက်ခဲ့ပြီး ယခုအချိန်ထိ တောင်သူများ လက်ဝယ်တွင် နှမ်းလက်ကျန် (၂၄၀၀၀)တင်းခန့် ရောင်းချရန်ကျန်ရှိနေပါကြောင်းသတင်းရရှိပါသည်။

ပြည်ခရိုင်အတွင်း စားသုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဉီးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်ဉီးစီးမှူးရုံးအနေဖြင့် စားသုံးဆီများတွင်ပြန်လည်သန့်စင်ထားသည့်ဆီများရောနှောပါဝင်မှုမရှိစေရေးဈေးကွက်နမူနာများကောက်ယူ၍ဓါတ်ခွဲစမ်းသပ်မှုများပြုလုပ်ကာ ပြန်လည်သန့်စင်ထားသည့်ဆီများ ရောနှော ပါဝင်မှုများတွေ့ရှိပါက ဉပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရေးလုပ်ဆောင်မည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ကြိုတင်သိရှိလိုက်နာနိုင်စေရေး အသိပညာပေးဆွေးနွေးပွဲကို Covid – 19 စည်းကမ်းချက်များနှင့်အညီ ဇွန်လ (၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ခရိုင်ဉီးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်ခရိုင်ဉီးစီးမှူးဦးမင်းဆွေမှ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များမှလည်းစိတ်ပါဝင်စားစွာဖြင့် ပြန်လည်ဆွေးနွေး ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲသို့လုပ်ငန်းရှင် (၃၀)ဉီးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ စားသုံးသူရေးရာဉီးစီးဌာန အစည်းအဝေးခန်းမ၌ (၂၉.၆.၂၀၂၁) နံနက်(၁၀:၀၀)အချိန်တွင် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဉီးစီးမှူး၊စိုက်ပျိုးရေးဉီးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဉီးစီးမှူး၊ ပြည်ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနမှ ခရိုင်ဉီးစီးမှူး၊ ပြည်ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဆန်စပါး လုပ်ငန်းရှင်နှင့်တောင်သူ (၂၈)ဦီးတက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁) မျိုးစပါး(သန့်စင်၊ သန်မာ၊ ကောင်းမွန်သော)များ ရာသီချိန်အမီရရှိရေး၊ (၂) သွင်းအားစု (စိုက်စရိတ်၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ လုပ်သားခ)များ လွယ်ကူစွာရရှိနိုင်ရန် အစီအမံချမှတ်နိုင်ရေး၊ (၃) ဈေးကွက်တည်ငြိမ်စွာရောင်းဝယ်နိုင်ရေး။ (၄)သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့ရေး အစီအမံ ရေးဆွဲနိုင်ရေး၊ (၅) ငွေကြေးစီးဆင်းမှုမှ လွယ်ကူချောမွေ့ ရေးအစီအမံတင်ပြနိုင်ရေးစသည့် အချက် (၅)ချက်ကို ဝိုင်းဝန်းဆွေးနွေးဖေါ်ထုတ်ခဲ့ကြောင်းသိရှိရပါသည်။

အေးမျိုးရွှေ

ပြည်

                                                                                              

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ (၂/၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

         လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ (၂/ ၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို (၉-၇-၂၀၂၁) ရက်နေ့ နေ့လယ် (၁)နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၌ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ တောင်သူလယ်သမားများနည်း ပညာအပြည့်အဝရရှိရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများလွယ်ကူ အဆင်ပြေစွာပံ့ပိုးနိုင်ရေးနှင့် လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့အတွက် လယ်ယာထုတ်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင် ရွက်ခဲ့မှုအခြေ အနေ၊ ၄-၆-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့၏ ပထမအကြိမ်စုံညီအစည်းအဝေး ဆုံးဖြတ်ချက်များအနက် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က ဆောင်ရွက်ရမည့်အချက်(၅)ချက်အနက် အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းထုတ်ပြန်ကြေညာနိုင်ရေးနှင့် ကြက်သွန်နီအခြေခံ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ဦးဆောင်အဖွဲ့သို့ သုံးသပ်တွက်ချက် တင်ပြရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ စားသုံးသူရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၁) ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးသို့ တင်ပြသည့် အမှာစာ များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးအစည်းအဝေးသို့ တက်ရောက် လာကြသူများက အမှာစာများအပေါ် အသီးသီးဆွေးနွေး အကြံပြုတင်ပြခဲ့ကြပါသည်။

           အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲ‌ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦိးစီးဌာန

ကြက်သွန်နီတန်ဖိုးမြှင့်ထုတ်ကုန်များဆီသို့

ကြက်သွန်နီသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် စားသုံးသော ဟင်းသီးဟင်းရွက်အုပ်စုအဖြစ် သတ်မှတ်ထားပြီး အဓိကအားဖြင့် အစားအစာနှင့် အချက်အပြုတ်ပြင်ဆင်မှုများတွင် အသုံးပြုသည်။ ကြက်သွန်နီကို နှစ်ပေါင်းငါးထောင်ကျော်မှ စတင်သိရှိခဲ့ကြပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၀ ကျော်ခန့် တွင် စိုက်ပျိုးလျက်ရှိရာ အိမ်ထောင်စုအားလုံးနီးပါးတွင် တစ်နှစ်ပတ်လုံး နေ့စဉ်အစားအစာ၏ အစိတ်အပိုင်းအဖြစ် စားသုံးလျက်ရှိပါသည်။ ကြက်သွန်နီသည်အရေးပါသောအစာအာဟာရဖြစ်ပြီး လူတစ်ဦးချင်းစီ၏ စားသုံးမှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၆.၂ ကီလိုဂရမ်ခန့်ရှိပါသည်။ (National Onion Association, 2013)။ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ကြက်သွန်နီသုံးစွဲမှုမှာ စုစုပေါင်း တန်ချိန် ၆၄၁၂၁၅ ခန့်ရှိပါသည်။

ကြက်သွန်နီသည် လူတို့၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သော ဆိုဒီယမ်နှင့်အဆီပါဝင်မှုမှာ အလွန်နည်းပြီး အာဟာရနှင့်ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်သည့် ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ သံဓာတ် နှင့်ကယ်လစီယမ်တို့ပါဝင်၍ ကပ်ပါးကောင် fungal, ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ကူးစက်မှုများကို ကာကွယ်ပေးနိုင်သည်ဟု လူ့အဖွဲ့အစည်းအများစုကယုံကြည်လက်ခံထားကြသည်။ ကြက်သွန်နီတွင် သဘာဝကျကျဖြစ်ပေါ်နေသော organo-sulfur ဒြပ်ပေါင်းများသည် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် ကင်ဆာဖြစ်နိုင်ခြေများကို လျှော့ချပေးနိုင် သည့်အပြင် ကိုယ်လက်ရောင်ရမ်းခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ (Corzo-Martinez et al 2007) ။ ကြက်သွန်နီစားသုံးခြင်းဖြင့် အစာအိမ်အနာကို တားဆီးနိုင်သည့်အပြင် ပျို့အန်ခြင်းကဲ့သို့သော ကျန်းမာရေးအခြေအနေများအတွက် လူကြိုက်များသော အိမ်သုံးဆေးတစ်မျိုးဖြစ်ပါသည်။

ကြက်သွန်နီသည် ပျက်စီးလွယ်သောကုန်ကြမ်းဖြစ်ပြီး သာမန်အခြေအနေများတွင်ရိတ်သိမ်းပြီး‌နောက် အချိန်ကြာမြင့်စွာ သိုလှောင်၍မရခြင်းနှင့်သင့်လျော်သော ရိတ်သိမ်းချိန်လွန်သိုလှောင်ရုံ အဆောက်အအုံများမရှိပါက ဇီဝဓာတုဖြစ်စဉ်များ၊ ပိုးမွှားများ အန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။ ကြက်သွန်နီကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်နိုင်ခြင်းအားဖြင့်  ပျက်စီးဆုံးရှုံးခြင်းနှင့်ကြက်သွန်ပေါ်ချိန် ဈေးနှုန်းကျဆင်းမှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ အစားအစာနှင့် ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် ကြက်သွန်နီကိုလူသိများမှုနည်းပါးသော် လည်း  အခြားနည်းလမ်းအသုံးပြုမှုဖြစ်သော အသင့်စား သို့မဟုတ် လတ်ဆတ်သော ကြက်သွန်နီ၊ ကြက်သွန်နီငါးပိ၊ သွေ့ခြောက်သော ကြက်သွန်အလွှာများ၊ ကြက်သွန်အမှုန့်၊ ကြက်သွန်ဆီ၊ ကြက်သွန်နီ ရှာလကာရည်၊ ကြက်သွန်အဖျော်ယမကာ၊ ကြက်သွန်နီငံပြာရည်၊ ကြက်သွန်ချဉ်၊ ကြက်သွန်နီဆားစသည်ဖြင့် ကြက်သွန်နီမှတန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ အချို့သော အစားအစာ ထုတ်ကုန် များတွင် ကြက်သွန်ဆီကို သဘာဝ အစားအစာထိန်းသိမ်းမှုအဖြစ် အသုံးပြုသည်။ ကြက်သွန်နီဆားကို စားပွဲဆားအဖြစ်အသုံးပြုနိုင်သည်။

ကြက်သွန်အခြောက်အဖြစ် ပြုပြင်ထုတ်လုပ်ခြင်းသည် သာမန်အားဖြင့် ကြက်သွန်နီကို လပေါင်းများစွာထိန်းသိမ်းရန်အတွက် ထိရောက်သောလုပ်ငန်းစဉ်တစ်ခုဖြစ်၍ ရေရှည်သိုလှောင်ထားနိုင်ပြီး စားသုံးသူများကို တစ်နှစ်ပတ်လုံး အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင် စေပါသည်။ ခြောက်သွေ့ အောင် ပြုလုပ်ထားသောအစားအစာများသည် အခြားမည်သည့်ထိန်းသိမ်းထားသည့် အစားအစာ အမျိုးအစားထက်မဆို အာဟာရဓာတ်ပိုမိုစုစည်းထားနိုင်သည်။ ခြောက်သွေ့အောင် ပြုလုပ်ထားသော ကြက်သွန်နီ တန်ဖိုးမြှင့် ထုတ်ကုန်များ အားလုံးနီးပါးသည် သိုလှောင်ရန် လွယ်ကူခြင်း၊ အလေးချိန်ပိုမိုပေါ့ပါးပြီး လတ်ဆတ်သော သို့မဟုတ် အခြားပြုပြင်ထားသော ကြက်သွန်နီများထက် ပမာဏ သေးငယ်ခြင်းစသည်တို့သည် အခြောက်ခံထားသော ကြက်သွန်နီ၏ အဓိကအားသာချက်များ ဖြစ် ကြသည်။ စည်သွပ်ဗူးများနှင့်နှိုင်းယှဉ်ပါက ထုပ်ပိုးမှုကုန်ကျစရိတ်လည်း ပိုမိုသက်သာစေနိုင်သည်။ ကြက်သွန်ခြောက်ကို အမှုန့် သို့မဟုတ် အချိုမှုန့်အနေဖြင့်လည်း အသုံးပြုနိုင်သည်။ ကြက်သွန်နီခြောက်ကို ၁၉ ရာစုမှစတင်၍ အနည်းငယ်သာထုတ်လုပ်ခဲ့ကြသည်။ သေသပ်လှပစွာထုပ်ပိုးထား သည့် အခြောက်ခံထားသော ကြက်သွန်နီသည့် အစားအစာထုတ်ကုန်များထဲတွင် လူကြိုက်များမှု ကြောင့် ကမ္ဘာ့အနှံ့တွင် စားသုံးမှုများပြားလာသည်ကို တွေ့ရှိရပါသည်။ အသင့်စား သို့မဟုတ် အသုံးပြုရန်အတွက် အဆင့်သင့်ဖြစ်သည့် ကြက်သွန်သည် ကြက်သွန်နီအခွံဖယ်ရှားရခြင်း၊ ဖြတ်တောက်ခြင်း စသည်ဖြင့် အစားအစာပြင်ဆင်မှုအချိန်ကို လျှော့ချပေးနိုင်သည်။ တနည်းအားဖြင့် ကြက်သွန်နီများကို အကွင်းလိုက်လှီးဖြတ်ပြီး သင့်လျော်သောထုပ်ပိုးပစ္စည်းများတွင် သိုလှောင်ထားသည့် ကြက်သွန်နီများကို အပူချိန်နိမ့်သော(Frozen) တွင် အေးခဲထားခြင်းဖြစ်ပြီး ၁၂ လခန့်ထိ သိုလှောင်၍ အသုံးပြုနိုင်သည်။

ကြက်သွန်နီအမှုန့်သည် သန့်စင်ထားသောကြက်သွန်နီအမျိုးအစားဖြစ်ပြီး လတ်ဆတ်သော ကြက်သွန်နီ၏ အရသာမပျောက်ပျက်ဘဲ အဆင်ပြေစွာအသုံးပြုနိုင်သည်။ ကြက်သွန်အမှုန့်ကို အစားအစာ၊ အချဉ်ရည်၊ အသုပ်၊ ဟင်းချို၊ ဟင်းသီးဟင်းရွက်ကြော်များတွင် အရသာအနေဖြင့် အလယ်အလတ်အရွယ်ရှိသော ကြက်သွန်နီပမာဏခန့်ထည့်၍ အစားထိုးအသုံးပြုနိုင်ပါသည်။ ထို့အပြင် ကြက်သွန်မှုန့်ကို ထုပ်ပိုးထားသော ဟင်းချိုများ၊ ဆော့စ်များ၊ ခေါက်ဆွဲများ၊ ပင်လယ်စာနှင့် အသားများကို ပြင်ဆင်ရာတွင် အသုံးပြုသည်။ ကြက်သွန်နီအမှုန့်သည် လတ်ဆတ်သောကြက်သွန်နီ များနှင့်စာလျှင် ကိုင်တွယ်ရန်ပိုမိုလွယ်ကူပြီး ချက်ပြုတ်နေစဉ်လှီးဖြတ်ရန် မလိုသောကြောင့် အချိန် ကုန်သက်သာ၍ အသုံးပြုရန် ပိုမိုလွယ်ကူပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ကြက်သွန်မှုန့် ဝယ်လိုအား တိုးမြှင့်သည်ကို တွေ့ရှိရပြီး မြို့ပြလူနေမှုစနစ်တိုးတက်လာမှုနှင့်အတူ အလုပ်လုပ်နေရ သည့် လူဦး‌ရေများပြားလာမှုတို့ကြောင့် အချိန်ကုန်သက်သာစေရန်အတွက် စားသုံးသူများသည် ဟင်းလျာများထဲတွင် ကြက်သွန်နီခတ်ခြင်းကို ခက်ခဲစွာချက်ပြုတ်သည့် လုပ်ထုံးလုပ်နည်းများဖြင့် မလုပ်လိုကြတော့ပေ။ ပြည်ပသို့ ကြက်သွန်မှုန့်တင်ပို့သော ဈေးကွက်အနေအထးမှာလည်း တိုးတက်လာခြင်းကြောင့် ကြက်သွန်မှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လိုသူများအတွက် ကောင်းမွန်သော ဈေးကွက်ရရှိနိုင်ပါသည်။ အိန္ဒိယ နိုင်ငံတွင် စားနပ်ရိက္ခာကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင် ထုတ်လုပ်မှုသည် အကြီးဆုံးကဏ္ဍတစ်ခုဖြစ်ပြီး ကြက်သွန်မှုန့်ဝယ်လိုအားကိုလည်း မြင့်တက်စေ သည်။

ကြက်သွန်ငါးပိသည် ထုတ်ကုန်များအား ကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် သင့်လျော်သည့် အကောင်းဆုံးအစားအစာတစ်ခုဖြစ်သည်။ ကြက်သွန်ငါးပိသည် အိန္ဒိယဟင်းလျာများအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး အနံ့နှင့်အရသာအတွက် အလွန်ကောင်းမွန် ပါသည်။ ဥပမာအားဖြင့် ကြက်သားဟင်းချက်ပြုတ်ရာတွင် ၎င်းကိုအသုံးပြုနိုင်ပြီး ဟင်း၏အရသာကို အံ့ဩဖွယ်ကောင်းအောင် တိုးမြှင့်စေနိုင်သည်။

ကြက်သွန်နီဈေးကွက်ကျဆင်းချိန်တွင် ကုန်ကြမ်းအဖြစ် ရောင်းချခြင်းသာမက တန်ဖိုးမြှင့် ထုတ်ကုန်များကိုပါ နိုင်ငံတော်အဆင့်မီသည်အထိ အရည်အသွေးကောင်းမွန်စွာဖြင့် ကြိုးပမ်း ထုတ်လုပ်မည်ဆိုပါက မိမိနိုင်ငံ၏ဒေသတွင်း စိုက်ပျိုးသီးနှံထွက်ကုန်ပစ္စည်းအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များအနေဖြင့် နိုင်ငံတကာဈေးကွက်တွင်းသို့ ဝင်ရောက်ထိုးဖောက်နိုင်မည် ဖြစ်ပါသည်။ ကြက်သွန်နီကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဖန်တီးရန်အတွက် အပြောင်းအလဲနှင့် ကုန်ကျစရိတ်ကို လျှော့ချရန် အလားအလာရှိသည့် နည်းလမ်းများကို ရှာဖွေရန် သုတေသနကြိုးပမ်းမှုများ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဈေးကွက်အလားအလာများကို အကဲဖြတ် ခြင်း၊ ထုတ်လုပ်မှုနည်းစနစ်များကို အသေးစိတ်ရေးဆွဲခြင်း၊ ကုန်ကြမ်းများလိုအပ်မှုနှင့် ကုန်ကျစရိတ်ကို ခန့်မှန်းခြင်း၊ အခြား ဘဏ္ဍာရေးလိုအပ်ချက်များကို ကြိုတင်ခန့်မှန်းခြင်းစသည့် လိုအပ်ချက်အမျိုးမျိုးကို ကူညီထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ထုတ်လုပ်သူများသည် အစာအာဟာရကြွယ်ဝသော အသင့်အစားအစာများကို စားသုံးသူများ၏ လိုအပ်ချက်အရ အမြဲတမ်း ကြိုးစား ထုတ်လုပ်ရန် လိုအပ် ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စားသုံးသူများအကြားတွင် အသင့်စား သို့မဟုတ် ခြောက်သွေ့သော အစားအစာများ၏ ‌‌ရေရှည်သက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ စားသုံးသူများ သိရှိနားလည် မှုမြင့်တက်လာစေရန် အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်သင့်ပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် ၃ ရပ် အနက် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး” နှင့်အညီ ကြက်သွန်နီအား ကြက်သွန်အခြောက်၊ ကြက်သွန်နီအမှုန့်၊ ကြက်သွန် အလွှာ၊ ကြက်သွန်အချဉ်စသည့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ပါက ကြက်သွန်စိုက် တောင်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ခြင်း၊ ပြည်တွင်းအလုပ်အကိုင်များ ရရှိလာစေနိုင်ခြင်း၊ ပြည်ပမှကုန်ချောများ ပြန်လည်တင်သွင်းနေရမှုကို လျှော့ချနိုင်ခြင်းစသည့်  အကျိုးရလဒ်များရရှိလာ မည်ဖြစ်ရာ နည်းပညာ၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရရှိရေးတို့ကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များက ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် Internet Wallet Myanmar Limited (OK$) တို့အကြား စားသုံးသူတိုင်ကြားခြင်း နှင့် အသိပညာပေးခြင်းဆိုင်ရာဝန်ဆောင်မှုပေးရန်အတွက် သဘောတူညီချက်မှတ်တမ်းအား လက်မှတ်ရေးထိုး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန နှင့် Internet Wallet Myanmar Limited တို့အကြား စားသုံးသူတိုင်ကြားခြင်း နှင့် အသိပညာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူညီချက်မှတ်တမ်းအား လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၁ရက်နေ့၊ နေ့လည် ၁၂နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ချို၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ Internet Wallet Myanmar Limited (OK$) မှ မန်နေဂျင်း ဒါရိုက်တာဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသောမျှော်မှန်းချက်ထားရှိကာ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေး အစီအမံများချမှတ်ကာ လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဌာန၏ Website နှင့် Moblie Application တို့တွင် စားသုံးသူနစ်နာမှုများကို တိုင်ကြားနိုင်သည့် Consumer Complaint System ပါရှိပါကြောင်း၊ Internet Wallet Myanmar Limited (OK$) အနေဖြင့် OK$ Application တွင် စားသုံးသူရေးရာဦးစီးဌာန၏ Comsumer Complaint System ကို ချိတ်ဆက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခွင့်ပြုပါရန် ကမ်းလှမ်းလာမှုကို ကြိုဆိုပါကြောင်း၊ အဆိုပါဝန်ဆောင်မှုအား တရားဝင်ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ သဘောတူညီချက် မှတ်တမ်းရေးထိုးရခြင်းဖြစ်ပါကြောင်းနှင့် စားသုံးသူအငြင်းပွားမှုများကို ဌာနကဖြေရှင်း ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ ပါသည်။

          ထို့နောက် ညွှန်ကြားရေးမှူးဦးဆန်းမြင့်က သဘောတူညီချက်မှတ်တမ်းပါ အချက် အလက်များအပေါ် အသေးစိတ်ရှင်းလင်းခြင်းနှင့် OK$ Application တွင် စားသုံးသူရေးရာ ဦးစီးဌာန Logo ထားရှိကာ ဌာန၏ Consumer Complaint System နှင့် ချိတ်ဆက်ရာတွင် စားသုံးသူများသိရှိနိုင်စေရေးဖော်ပြထားရှိမည့် အချက်အလက်များ၊ ကြော်ငြာတွင်ပါဝင်မည့် အချက်အလက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် စားသုံးသူတိုင်ကြားခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူညီချက်မှတ်တမ်းအား နှစ်ဘက်လက်မှတ်ရေးထိုးခဲ့ ကြပြီး အခမ်းအနားကို မွန်းလွဲ ၁နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း/အရည်အသွေး

ဖရဲသီး၊ သခွားမွှေးသီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား Virtual Meeting ဖြင့်ကျင်းပ

၃၀.၆.၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ပပို့ကုန်များဖြစ်သည့် ဖရဲသီး၊ သခွားမွှေး သီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ Virtual Meeting ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Unique Lawk Sawk Mango Public Co., Ltd. တို့မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး၌ Covid-19 ကပ်ရောဂါကူးစက်မှုများကြောင့် ကုန်စည်စီးဆင်းမှု များတွင် အခက်အခဲများကြုံတွေ့နေရပါကြောင်း၊ အထူးသဖြင့်နယ်စပ်မှ ပို့ကုန်တင်ပို့မှုတွင် အခက်အခဲများ ဖြစ်ပေါ်နေပြီး ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအား ဖွဲ့စည်းထားရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အတွက် ကုန်သွယ်မှုဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မိမိတို့ဦးစီးဌာနသို့ ဆက်သွယ်တင်ပြနိုင် ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ လယ်ယာထုတ်ကုန် စံချိန်စံညွှန်းများအား ဦးဆောင်ရေး ဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစံချိန်စံညွှန်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာစံချိန်စံညွှန်းများကို ရည်ညွှန်းအသုံးပြု၍ နယ်စပ်မှပြည်ပသို့ တင်ပို့ ရာတွင် ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့တွက် ဖရဲ၊ သခွားမွှေးသီး၊ သရက်သီးနှင့် ကြက်သွန်နီ တို့ကို အရည်အသွေးသတ်မှတ်ချက်ထုတ်ပြန်ရန် မူကြမ်းများ ပြုစုထားပါကြောင်း၊ သို့ရာတွင် Voluntary စံချိန်စံညွှန်းတစ်ခုစလုံးကို Mandatory ထုတ်ပြန်ခြင်းမဟုတ်ပါကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ ဘေးအန္တရာယ်ကင်းရှင်းမှု (Safety) နှင့် အရည်အသွေး (Quality) မြင့်မားရေးဆိုင်ရာ လိုအပ်ချက်များကိုသာ ကိုးကားအသုံးပြုထားပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုပြုရာတွင် အရည်အသွေးပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေး အတွက်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာ သော သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဖရဲသီး၊ သခွားမွှေး သီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက် (မူကြမ်း) အပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ITQM

Pages

Subscribe to RSS - HighLight News