၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်မှ (၃၀)ရက်အတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်မှ(၃၀)ရက်အတွင်း ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်မှုဇုန်(၁)၊ မောင်ပေါက်ကြိုင်းလမ်းရှိ၊ ဦးခင်ဝမ်း၏ “ထွန်း” ဆီစက်နှင့် ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးသက်နိုင်၏ “555” ဆီစက်သို့လည်းကောင်း၊ ရွှေသာလျောင်းလမ်း၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်သင်းသင်းအေး၏ “ဒေါ်တင်အေး” အသင့်စားထမင်းသုပ်လုပ်ငန်း သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ယွန်းတန်းရပ်ကွက်၊ ပျော်ဘွယ်တန်းလမ်းရှိ ဦးကျော်ကျော်ဝင်း၏ “ကေဝိုင်း” ဆီစက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ ကျောင်းကြီး အိုးတန်းလမ်းရှိ ဦးဇာနည်ထွန်း၏ “အမေ့မေတ္တာ” ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် နတ်မောက်ကျေးရွာရှိ ဦးလှကျော်၏ “ဇွဲ” ဆန်စက်နှင့် ရတနာပုံရပ်ကွက်၊ ဥသျှစ်ပင်ရှိ ဦးမျိုးဇော်ဦး၏ ဆီဆိုင်သို့လည်းကောင်း သွားရောက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက် သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက် ကြရန်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ပဲခူး)