Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ်၌ ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိ‌ရေး ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၉.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။

    လိုက်လံစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ဘင်လှိုင်ရပ်ကွက်၊ ဂေါ့လမ်းရှိ လှပြည့်ဆန်ဆိုင်၊ နန်းခဲရပ်ကွက် မင်းလမ်းရှိ ထိပ်တန်းဆန်ဆိုင်နှင့် လိပ်အင်းရပ်ကွက် နတ်ကျွန်းရှိ စိန်ပွင့် ဆန်ဆိုင်တို့သို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သို‌လှောင်ထားခြင်း ရှိ/မရှိ ကို လိုက်လံစစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဈေးနှုန်းမြှင့် ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

မြိတ်ခရိုင် ကွမ်းသီးလုပ်ငန်းရှင်နှင့်တွေ့ဆုံ

       ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ကွမ်းသီးလုပ်ငန်းရှင်တို့သည် မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် တွေ့ဆုံပြီး ကွမ်းသီးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြိတ်ခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်းကို အဖွဲ့ဝင် (၂၆)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီးစိုက်ဧကမှာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ၄၅၅၉၂ဧကခန့်ရှိကြောင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီးတရားမဝင်တင်ပို့မှုမဖြစ်စေရေးနှင့် ဒေသထွက်ကွမ်းသီးဖြစ်ကြောင်းကို ဌာနဆိုင်ရာကွမ်းသီးစစ်ဆေးရေးအဖွဲ့ဖြင့်စစ်ဆေးပြီးနောက် ရန်ကုန်နှင့်မန္တလေးဒေသများသို့ တင်ပို့နေကြောင်းဆွေးနွေးခဲ့ပြီး တိုင်း‌ဒေသကြီးဦးစီးမှူးက အသင်းအဖွဲ့တွင် အခက်အခဲရှိပါက စစ်ဆေးရေးအဖွဲ့များ၊ အသင်းသားများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု (Thursday Talk) အသိပညာရှင်းလင်းဆွေးနွေးပွဲအမှတ်စဉ် (၉/၂၀၂၄) ကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၉.၅.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်၌ ဝန်ထမ်းစွမ်းဆောင်မြှင့်တင်ရေးအထောက်အကူပြု (Thursday Talk) အသိပညာရှင်းလင်းဆွေးနွေးပွဲအမှတ်စဉ်(၉/၂၀၂၄)ကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယပြည်နယ်ဦးစီးမှူးမှ “ Consumer Protection Framework in ASEAN” အကြောင်း ဆွေးနွေးခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်ခင်ကြည်က “မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲလုပ်ငန်းအကြောင်း” ဆွေးနွေးခြင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက “ဒူးရင်းသီးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောသူများမှ အပြန်အလှန်မေးခွန်းများမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

ရေးမြို့နယ် ဆန်လက်ကားကုန်သည်ကြီးများနှင့် တွေ့ဆုံခြင်း

      ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာ၀န်ခံနှင့် ပူးပေါင်းအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ဆန်ရောင်း၀ယ်ရေးလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

    ပူးပေါင်းအဖွဲ့မှတာ၀န်ရှိသူများက မြို့နယ်တွင် ဆန်ပြတ်လပ်မှုမရှိစေရေး စားသုံးသူများအလွယ်တကူ၀ယ်ယူနိုင်ရေးနှင့် ဆန်စျေးနှုန်းများအား ကာလဒေသအလျောက် သင့်တင့်မျှတသော စျေးနှုန်းများဖြင့်ရောင်းချဖြန့်ဖြူးပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့သည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာ၀န်ခံဒေါ်အိဖြိုးက မြို့နယ်တွင် ဆန်ဖူလုံမှုရှိစေရန်၊ စျေးနှုန်းများတည်ငြိမ်မှုရှိစေရန်နှင့် ဆန်များကိုသိုလှောင်ထားပြီး စျေးကောင်းစောင့်၍ စျေးမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန် ဆန်ကုန်သည် ကြီးများအား အသိပေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

                                              

မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ​မော်လမြိုင်မြို့နယ် တာဝန်ခံသည် ၉.၅.၂၀၂၄ ရက်နေ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ​မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ မြှင့်တက်လျက်ရှိသည့်အတွက် ဈေးနူန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ​မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနူန်းမြှင့်တင်ရောင်းချမှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချရန်အတွက် သိုလှောင်ခြင်းများမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ​ပေါင်မြို့နယ် တာဝန်ခံသည် ၉.၅.၂၀၂၄ ရက်နေ့တွင်  သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ​ပေါင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ မြှင့်တက်လျက်ရှိသည့်အတွက် ဈေးနူန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ​ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ ဆန်ဆိုင်များဖြစ်သော နန္ဒာလှိုင်ဆန်ဆိုင်နှင့် စိုးကမ္ဘာဆန်ဆိုင်များတွင်ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ထားခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မေ ၉  ရက် နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်း၌ ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေး ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်သိုလှောင် ထားသောဂိုထောင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာဆန်များ သိုလှောင်ထားမှု ရှိ၊မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိကြောင်း သိရသည်။

DOCA(မွန်)

ကန့်ဘလူမြို့ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ၂၀၂၄ခုနှစ်၊ မေလ ၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ဆန်လက်လီရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအနေဖြင့် ဒေသတွင်းရှိ ဆန်စက်များမှဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများမပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁) ဦး တို့ဦးဆောင်၍ ခရိုင်တိုင်းရင်ဆေးပညာဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦးတို့သည် (၈-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြိုပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာ မုံရွာမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြချက်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ဆာကူလာ” သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ၂၀၂၄ခုနှစ်၊ မေလ   ၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ဆာကူလာ”  သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ