Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ၂၀၂၄ခုနှစ်၊ မေလ(၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ Sweet Tasty တံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ရွှင်ရှန်းတံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းများသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် Sweet Tasty တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်နှင့် ရွှင်ရှန်းတံဆိပ် ကိတ်/ ပေါင်မုန့်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  လုပ်ငန်းတွင် အသုံးပြုသောစက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်များ၊ ထောက်ခံချက်များပြုလုပ်ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စားအုန်းဆီရောင်းချမှုများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် (၆-၅-၂၀၂၄) ရက်နေ့ ၊ နံနက်(၀၉:၀၀)နာရီချိန်တွင် သီပေါမြို့၌လည်းကောင်း၊ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နောင်ချိုမြို့၌လည်းကောင်း၊ (၈-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်တွင် ကျောက်မဲမြို့၌လည်းကောင်း အသီးသီးရောင်းချခဲ့ကြောင်းသိရှိရပါသည်။

  ဈေးကွက်အတွင်းရှိ စားအုန်းဆီရောင်းချပေးနေသည့်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူသွားရောက်၍ ဆီရောင်းချသူလုပ်ငန်းရှင်များအား စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချကြရန်၊ စားအုန်းဆီများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုကြရန်၊ သိုလှောင်ထားရှိကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ (၅) အရ အနည်းဆုံးထောင်ဒဏ် (၆) လမှ အများဆုံး‌ထောင်ဒဏ် (၃) နှစ်အထိချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခံရနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)တွင် ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် စားအုန်းဆီ (၁) ပိဿာလျှင် (၆၃၀၀) ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၁) ပိဿာနှုန်းစီရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေး

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်သော “လားရှိုးမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများတားဆီးနှိမ်နှင်းရေးအဖွဲ့” သည် ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် လားရှိုးမြို့နယ်၊ ဟန်လမ်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် ဂိုဒေါင်များအားလည်းကောင်း၊ ရက်ကွက်(၇)၊ ရန်ကင်းလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအားလည်းကောင်း တရားမဝင်ပစ္စည်းများရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အရောင်းဆိုင်များ၌ တရားမဝင်ပစ္စည်းများရောင်းချနေခြင်းမရှိကြောင်းနှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချနေခြင်းမရှိကြောင်းတွေ့ရှိရပြီး တရားမဝင်စိုက်ပျိုးရေးသုံးဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ပစ္စည်းများရောင်းချခြင်းမပြုရန်နှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ စိုက်ပျိုးရေးသုံးပစ္စည်းများရောင်းချရာတွင် သက်ဆိုင်ရာဌာနမှ သက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရောင်းချကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ဆန်ကုန်သည်နှင့် တွေ့ဆုံဆွေးနွေး

      ၂၀၂၄ခုနှစ်၊ မေလ ၁၀ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်းဦးစီးမှူးရုံးခန်း၌ ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဆန်လိုအပ်ချက်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဆန်လိုအပ်ချက်များအပြင် ရှမ်းအရှေ့ကျိုင်းတုံသို့ တင်ပို့ဆောင်ရွက်နေသည့်အခြေအနေများ၊ ဆန်စက်များလည်ပတ်မှုအခြေအနေများ၊ ရောင်းဝယ်ဖာက်ကားမှုအခြေအနေများကိုဆွေးနွေးခဲ့ပြီး ဆန်ရောင်းဝယ်မှုသယ်ယူမှုအတွက် အခက်အခဲရှိပါက သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ကူညီ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်ကုန်သည်အသင်းအနေဖြင့်လည်း လက်ရှိအချိန်တွင် ဆန်ဝယ်ယူမှုရရှိရေးမှာ လွယ်ကူသောကြောင့် ဆန်လုံလောက်မှုရှိပြီး ဆန်လုပ်ငန်းမှာ ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော လုပ်ငန်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆန်စျေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ကြောင်း၊ စက်ရုံအတွက် သုံးစွဲနေသောလောင်စာနှင့်  သယ်ယူပို့ဆောင်စရိတ်များလျော့ကျလာမည်ဆိုပါက ကုန်စျေးနှုန်းများလည်းလျော့ကျလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုအား နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား မြန်မာဘာသာကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

     ၂၀၂၄ခုနှစ်၊ မေလ (၉) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင်မှ စစ်ဆေးရေးမှူးများနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

       စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် စတိုးဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်း ကုန်စည်များရောင်းချခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာရန် လိုအပ်သော စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” နှင့် အခန်း(၁၈)၊ ပုဒ်မ၄၁အရ  မြန်မာသာဘာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ဖော်ပြရမည့်အချက်အလက်များအကြောင်း၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့၊ မြို့မဈေးအတွင်းရှိ စတိုးဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လားရှိုးမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ စတိုးဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌  ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်စည်များပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားသာဘာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ မေလ ၁၀ရက်နေ့၊ နေ့လယ်(၁၄း၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများသို့သွားရောက်၍ ဆန်များကို စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/ မရှိ၊ အလေးချိန်မှန်ကန်စွာ ချင်တွယ်ရောင်းချမှုများရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနရှိ ငှာနပိုင်မြေ/ သိုရုံများသို့ သွားရောက်ကွင်းဆင်း

     ၂၀၂၄ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ စားသုံးသူရေးရာဦးစီးဌာနပိုင်မြေကွက်နှင့် သိုလှောင်ရုံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ဌာနပိုင်မြေကွက်၊ သိုလှောင်ရုံများသို့ သွားရောက်ကွင်းဆင်းရာတွင် ငှားရမ်းထားသော ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ငှားရမ်းထားသော မြေကွက်များပေါ်တွင် ဆောက်လုပ်ထားသည့် ယာယီအဆောက်အဦများနှင့် ငှားရမ်းမြေကွက်ပေါ်တွင် ရုံးချုပ်ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းများဆောင်ရွက်နေမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်တင်ပြထားသော လုပ်ငန်းကိုသာလုပ်ကိုင်ကြရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပေါင်မြို့နယ်ရှိ ယဉ်ကျေးလိမ္မာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ၉.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ် အောက်လမ်းမကြီး ယဉ်ကျေးလိမ္မာ သင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောပွဲတွင်  ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၉) ပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ၊ CICC ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV ရတနာမယ်ရေယာဉ်ဖြင့် ဆန်တန်(၄၇၅)တန်၊ အိတ်ရေ (၉၅၀၀) အိတ်ကို မြိတ်မြို့သို့ (၄-၅-၂၀၂၄)ရက်နေ့တွင် သယ်ယူလာခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ ဆန်အိတ်သယ်ယူလာသောရေယာဉ်သည် မြိတ်မြို့သို့ (၁၀-၅-၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်၊ အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOC(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ