Main menu

လုပ်ငန်းရှင်တာဝန်များ

Powered by Drupal

စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်

(၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း။

(၂) စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း။

(၃) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက် ခြင်း။

(၄)  ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ဌာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေး စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း။

(၅) အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍  ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ် နိုင်သည့် အခွင့်အရေးပေးခြင်း။

(၆) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း။

(၇)   စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း။

(၈)   ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်းတာဝန်ယူဆောင်ရွက်ပေးခြင်း။

 (၉) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများ ဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊

(၁၀) ထုတ်လုပ်သည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော် လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုအရသော်လည်းကောင်းသိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာန နှင့် စားသုံးသူများထံအချိန်မီ သိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ ၊အခြားနည်းလမ်းများ ဖြင့်ဖြစ်စေ အသိပေးခြင်း၊

(၁၁)   ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာ ကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်ခြင်း။

 

ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း

စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝ ပြောင်းလဲနိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာ ဖော်ပြ၍ အသိပေးရမည်။

စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် အောက်ပါအချက်အလက်များ ပါဝင်စေရမည်-

(က) စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊

(ခ) ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊

(ဂ) ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊

(ဃ) သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊

(င) နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊

(စ) အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊

(ဆ) ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်း မြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်း။

 

ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း

စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့် အာမခံချက်များတွင် အောက်ပါအချက်အလက်များ ပါဝင်ရမည်-

(က) မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊

(ခ) မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးခြင်း၊

(ဂ) စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊

(ဃ) အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊

(င) စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်း ပေးအပ်စေခြင်း။