Main menu

HighLight News

Powered by Drupal

ဆန်ကုန်သည်နှင့် တွေ့ဆုံဆွေးနွေး

      ၂၀၂၄ခုနှစ်၊ မေလ ၁၀ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်းဦးစီးမှူးရုံးခန်း၌ ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဆန်လိုအပ်ချက်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဆန်လိုအပ်ချက်များအပြင် ရှမ်းအရှေ့ကျိုင်းတုံသို့ တင်ပို့ဆောင်ရွက်နေသည့်အခြေအနေများ၊ ဆန်စက်များလည်ပတ်မှုအခြေအနေများ၊ ရောင်းဝယ်ဖာက်ကားမှုအခြေအနေများကိုဆွေးနွေးခဲ့ပြီး ဆန်ရောင်းဝယ်မှုသယ်ယူမှုအတွက် အခက်အခဲရှိပါက သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ကူညီ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်ကုန်သည်အသင်းအနေဖြင့်လည်း လက်ရှိအချိန်တွင် ဆန်ဝယ်ယူမှုရရှိရေးမှာ လွယ်ကူသောကြောင့် ဆန်လုံလောက်မှုရှိပြီး ဆန်လုပ်ငန်းမှာ ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော လုပ်ငန်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆန်စျေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ကြောင်း၊ စက်ရုံအတွက် သုံးစွဲနေသောလောင်စာနှင့်  သယ်ယူပို့ဆောင်စရိတ်များလျော့ကျလာမည်ဆိုပါက ကုန်စျေးနှုန်းများလည်းလျော့ကျလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုအား နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား မြန်မာဘာသာကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

     ၂၀၂၄ခုနှစ်၊ မေလ (၉) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင်မှ စစ်ဆေးရေးမှူးများနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

       စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် စတိုးဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်း ကုန်စည်များရောင်းချခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာရန် လိုအပ်သော စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” နှင့် အခန်း(၁၈)၊ ပုဒ်မ၄၁အရ  မြန်မာသာဘာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ဖော်ပြရမည့်အချက်အလက်များအကြောင်း၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့၊ မြို့မဈေးအတွင်းရှိ စတိုးဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လားရှိုးမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ စတိုးဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌  ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်စည်များပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားသာဘာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ မေလ ၁၀ရက်နေ့၊ နေ့လယ်(၁၄း၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများသို့သွားရောက်၍ ဆန်များကို စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/ မရှိ၊ အလေးချိန်မှန်ကန်စွာ ချင်တွယ်ရောင်းချမှုများရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနရှိ ငှာနပိုင်မြေ/ သိုရုံများသို့ သွားရောက်ကွင်းဆင်း

     ၂၀၂၄ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ စားသုံးသူရေးရာဦးစီးဌာနပိုင်မြေကွက်နှင့် သိုလှောင်ရုံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ဌာနပိုင်မြေကွက်၊ သိုလှောင်ရုံများသို့ သွားရောက်ကွင်းဆင်းရာတွင် ငှားရမ်းထားသော ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ငှားရမ်းထားသော မြေကွက်များပေါ်တွင် ဆောက်လုပ်ထားသည့် ယာယီအဆောက်အဦများနှင့် ငှားရမ်းမြေကွက်ပေါ်တွင် ရုံးချုပ်ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းများဆောင်ရွက်နေမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်တင်ပြထားသော လုပ်ငန်းကိုသာလုပ်ကိုင်ကြရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV ရတနာမယ်ရေယာဉ်ဖြင့် ဆန်တန်(၄၇၅)တန်၊ အိတ်ရေ (၉၅၀၀) အိတ်ကို မြိတ်မြို့သို့ (၄-၅-၂၀၂၄)ရက်နေ့တွင် သယ်ယူလာခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ ဆန်အိတ်သယ်ယူလာသောရေယာဉ်သည် မြိတ်မြို့သို့ (၁၀-၅-၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်၊ အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOC(တနင်္သာရီ)

မြိတ်ခရိုင် ကွမ်းသီးလုပ်ငန်းရှင်နှင့်တွေ့ဆုံ

       ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ကွမ်းသီးလုပ်ငန်းရှင်တို့သည် မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် တွေ့ဆုံပြီး ကွမ်းသီးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြိတ်ခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်းကို အဖွဲ့ဝင် (၂၆)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီးစိုက်ဧကမှာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ၄၅၅၉၂ဧကခန့်ရှိကြောင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီးတရားမဝင်တင်ပို့မှုမဖြစ်စေရေးနှင့် ဒေသထွက်ကွမ်းသီးဖြစ်ကြောင်းကို ဌာနဆိုင်ရာကွမ်းသီးစစ်ဆေးရေးအဖွဲ့ဖြင့်စစ်ဆေးပြီးနောက် ရန်ကုန်နှင့်မန္တလေးဒေသများသို့ တင်ပို့နေကြောင်းဆွေးနွေးခဲ့ပြီး တိုင်း‌ဒေသကြီးဦးစီးမှူးက အသင်းအဖွဲ့တွင် အခက်အခဲရှိပါက စစ်ဆေးရေးအဖွဲ့များ၊ အသင်းသားများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ၂၀၂၄ခုနှစ်၊ မေလ ၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ဆန်လက်လီရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအနေဖြင့် ဒေသတွင်းရှိ ဆန်စက်များမှဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများမပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁) ဦး တို့ဦးဆောင်၍ ခရိုင်တိုင်းရင်ဆေးပညာဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦးတို့သည် (၈-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြိုပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာ မုံရွာမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြချက်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ဆာကူလာ” သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ၂၀၂၄ခုနှစ်၊ မေလ   ၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ဆာကူလာ”  သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News