Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်နှင့် မြေပြင်လက်ကျန်အခြေအနေ ကွင်းဆင်းစစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်းနှင့် ဟိန်းစည်အရောင်းဆိုင်များသို့(၁၀.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းရာတွင် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ကုန်ပစ္စည်းဝင်ရောက်မှုများနှင့်  ဈေးနှုန်းဈေးကွက် အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ ပါသည်။ ဘိလပ်မြေဈေးနှုန်းဈေးကွက်များမှာ မေလ(ပထမပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ် (၁၂၃၀၀) ၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၁၁၂၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၁၁၀၀၀) ဈေးနှုန်း ဖြစ်ပြီး (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ် (၁၀၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၁၆၀၀)ဈေးနှုန်းဖြစ်၍ (ပထမပတ်)နှင့်(ဒုတိယပတ်)ဈေနှုန်း နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၃၀၀)၊ အယ်ဖာ တစ်အိတ်လျှင် ကျပ်(၁၂၀၀) ဈေးကျ နေကြောင်း၊ ဘိလပ်မြေအရောင်းအဝယ်မှာလည်း ပုံမှန်အရောင်းအဝယ်သာရှိကြောင်း၊ ပစ္စည်းပြတ်လပ် မှုမရှိသော်လည်း မှာယူသောစက်ရုံများနှင့် ကိုယ်စားလှယ်ဆိုင်ကြီးများတွင် ဘိလပ်မြေလိုသလောက် ဝယ်ယူ၍မရရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

 

“ ခရမ်းသီးစိုက်ပျိုးဝင်ငွေတိုး ”

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စိုက်ပျိုးရေးကို အခြေခံ၍ နွေမိုးဆောင်း ဥတုသုံးပါးနှင့်အညီ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြပါသည် ။ ခရမ်းသီး သီးနှံကို ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ခရမ်းစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးထောင်ပြီး တစ်လခွဲသား အရွယ်တွင်စိုက်ပျိုးရကြောင်း၊နှစ်လခွဲ၊သုံးလအချိန်တွင်အသီးများစတင်ခူးဆွတ်နိုင်ပြီး လေးရက်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ (၁)ကြိမ်ခူးဆွတ်လျှင် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀)အထိ ထွက်ရှိကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊မြေပြင်ခြင်း၊သွင်းအားစု၊စိုက်ပျိုးစရိတ် ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၇၅၀၀၀၀-၈၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ ဧပြီလ စတုတ္တပတ်တွင် ခရမ်းသီးစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၄၀၀)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုအချိန်တွင် ခရမ်းသီး(၁)ပိဿာလျှင် (၈၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ပွဲစားများမှ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၅၀၀၀၀)ကျပ် ဝန်းကျင်ခန့်ရရှိသောကြောင့် တွက်ခြေကိုက်သည့် သီးနှံဖြစ်ပါကြောင်း ခရမ်းသီးစိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

ပခုက္ကူမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်လမ်းရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အရောင်းဆိုင်တွင် ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကြက်ဥအရွယ်အစားလိုက်၍ ကြက်ဥ(လက်လီ)ဈေးနှုန်းများမှာ ကြက်ဥ(အသေး)တစ်လုံးလျှင် ကျပ်(၂၉၀)၊ ကြက်ဥ(အလတ်)တစ်လုံးလျှင် ကျပ်(၃၁၀)၊ ကြက်ဥ (အကြီး)တစ်လုံးလျှင် ကျပ်(၃၃၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၄၀၀)၊ ဆေးဘဲဥ တစ်လုံးလျှင် ကျပ်(၄၅၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၇၅၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဧပြီလ(ဒုတိယပတ်)နှင့် နှိုင်းယှဉ် လျှင် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ကြက်ဥ(လက်ကား)ဈေးနှုန်းအနေဖြင့် ယခင်ဧပြီလ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ် (၆၂၀၀)ဖြစ်၍ ယခုမေလ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၇၂၀၀-၇၃၀၀)ဖြင့် ဈေးနှုန်းမြင့်တက် ၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ဘဲဥ၊ ဆေးဘဲဥ၊ ငုံးဥ ဈေးနှုန်းများမှာ ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ယခုမေလတွင် ကြက်ဥဈေးနှုန်းမြင့်တက်ရခြင်းမှာ ကြက်စာများ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ရာသီဥတုပူပြင်းပြီး ဥကျနှုန်းနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း အရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

“နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းမှုနှင့် စျေးနှုန်းခြေအနေ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် နွေနှမ်းကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၃၂၂၄၆)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၂၂၉၆၀)ဧက၊ မြစ်သားမြို့နယ်တွင် (၃၄၄၂၉)ဧက၊ စုစုပေါင်း(၈၉၆၃၅)ဧကစိုက်ပျိုးထားရှိကြောင်း ၊ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ နွေနှမ်းစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၅၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ် နှမ်းဖြူ တစ်တင်းလျှင်(၁၀၂၀၀၀)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၈၄၀၀၀)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၈၁၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုနှစ်လက်ရှိ ပေါက်စျေးအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင်(၁၃၈၀၀၀)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၇၅၀၀၀)ကျပ် ၊ နှမ်းညို တစ်တင်းလျှင် (၉၇၅၀၀)ကျပ်နှင့် နှမ်းဆီ (၁)ပိဿာလျှင်(၁၄၂၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည် ။

DOCA(မန္တလေး)

 

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆိပ်ဖြူမြို့နယ် ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

           မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာ တည်ရှိရာဒေသဖြစ်ပါသည်။ မြစ်ရေဝင်ဒေသဖြစ်သောကြောင့် ဆောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး ဒေသစီးပွားဖြစ်လုပ်ကိုင်ကြသည်။ သီးနှံမျိုးစုံစိုက်ပျိုးခြင်းမှ ဒေသခံတောင်သူများ အတွက် အကျိုးအမြတ်များပြီး တွက်ခြေကိုက်သည့် ကြက်သွန်နီကို ဆိပ်ဖြူတစ်နယ်လုံးနီးပါး ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ ကြက်သွန်နီစိုက်ပျိုးရေးသည် မဖြစ်မနေ စိုက်ပျိုးလုပ်ကိုင်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မြို့နယ်အတွင်း ကြက်သွန်နီကို စိုက်ဧကအများဆုံး စိုက်ပျိုးကြသည်။

          ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် မိုးစိုက်(ဥစိုက်)နှင့် ဆောင်းစိုက်(ပင်စိုက်)၊ မျိုးစေ့ပက်(ဥယူ) စိုက်ပျိုးမှုနှင့် မျိုးစေ့အနှံယူစိုက်ခင်းများကို ယောချောင်း၊ ချစ်ချောင်း၊ ဆူးလေကုန်းချောင်းနှင့် လယ်ကွဲမြေများ၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေများတွင် ဒေသတွင်းနေရာအနှံ့အပြားစိုက်ပျိုးကြပြီး ရွှေဖလား ထိပ်မောက်အခွံထူမျိုးကို စိုက်ပျိုးကြသည်။ ဒေသစီးပွားဖြစ် ဆောင်းစိုက်(ပင်စိုက်) ကို စိုက်ဧကအများဆုံး စိုက်ပျိုးကြသည်။ ပြည်ပနိုင်ငံများမှ အဝယ်လိုက်၍ ကြက်သွန်နီဈေး ကောင်းမွန်ခြင်းကြောင့် စိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိခဲ့၍ ယခုနှစ်တွင် စိုက်ဧကများ ပိုမိုတိုးချဲ့ စိုက်ပျိုးကြသည်။

          စိုက်ပျိုးမှုအနေဖြင့် ၂၀၂၁ - ၂၀၂၂ဘဏ္ဍာတွင် ကြက်သွန်နီ စိုက်ဧက(၆၂၀၄)စိုက်ပျိုးပြီး ကြက်သွန်နီပိဿာချိန် သိန်း(၃၀၀)ဝန်းကျင်ခန့်၊ တန်ချိန်အားဖြင့် (၄)သောင်းခန့်၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ဧက(၆၂၅၃)စိုက်ပျိုးပြီး ပျှမ်းမျှအထွက်နှုန်းပိဿာ တစ်ဧက(၅၀၀၀)ခန့် ထွက်ရှိ၍ တစ်မြို့နယ်လုံး ပိဿာချိန် သိန်း(၃၀၀)ကျော်၊ တန်ချိန်(၅)သောင်းခန့်၊ ယခုဘဏ္ဍာနှစ် ၂၀၂၃ -၂၀၂၄ တွင် စိုက်ဧက (၆၉၅၈)ဧကထိ တိုးချဲ့စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ရာသီဥတု အနေအထားအရ တစ်ဧက ပျှမ်းမျှပိဿာ(၄၈၀၀)ခန့် ထွက်ရှိ၍ ပိဿာ သိန်း(၃၀၀)ကျော်၊ တန်ချိန်အားဖြင့် (၅)သောင်း ကျော်ခန့် ထွက်ရှိကြောင်း သိရှိရသည်။

တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်

          ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီ တစ်ဧက စိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ တောင်သူတစ်ဦး ချင်းအနေဖြင့် အလုပ်သမားဝင်ဆံ့သုံးစွဲမှု၊ သွင်းအားစုအမျိုးမျိုးနှင့် ပိုးသတ်ဆေးသုံးစွဲမှု၊ ရေသွင်း အကြိမ် ရေသုံးစွဲမှု မတူညီခြင်းကြောင့် တောင်သူတစ်ဦးလျှင် ယခင်နှစ် တစ်ဧက ကျပ် သိန်း(၃၀-၃၅) ယခုနှစ် ကျပ် သိန်း(၃၅-၄၀)ထိ ကုန်ကျကြောင်း၊ ကြက်သွန်နီ ပင်စိုက်တစ်ဧကအနေဖြင့် ပျှမ်းမျှ အထွက်နှုန်း ပိဿာ (၄၈၀၀)ခန့် ထွက်ရှိပြီး တစ်ပိဿာ ကျပ်(၂၀၀၀)ဈေးဖြင့် အနည်းဆုံးရောင်းချရပြီ ဆိုလျှင် ဝင်ငွေ မှာ ကျပ် (၉၆)သိန်းခန့်ရရှိပြီး ကျပ်(၅၆)သိန်းခန့် တစ်ဧက အကျိုးအမြတ်ဝင်ငွေရရှိနိုင်ပါသည်။

ကြက်သွန်နီဈေးနှုန်းဈေးကွက်

          ဈေးနှုန်းဈေးကွက်အနေဖြင့် ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်(၅၀၀)ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ်(၁၀၀)မှအမြင့်ဆုံးဈေး ကျပ်(၂၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ စိုက်တောင်သူများ အရှုံးပေါ်ခဲ့သည့်နှစ် ဖြစ်ပါ သည်။ ဘဏ္ဍာနှစ် ၂၀၂၁ - ၂၀၂၂ တွင် တစ်ပိဿာလျှင် ကျပ် (၅၀၀)မှ (၃၅၀၀)ထိ ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ၂၀၂၂ -၂၀၂၃ တွင် တစ်ပိဿာ ကျပ်(၁၅၀၀ - ၃၅၀၀) ဝန်းကျင်ဈေးဖြင့် ရောင်းချခဲ့ရပြီး ယခု ဘဏ္ဍာနှစ် ၂၀၂၃ -၂၀၂၄ တွင် လက်ရှိအချိန်တွင် ကြက်သွန်နီ ပင်စိုက်များ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ချိန်တွင် တစ်ပိဿာကျပ်(၂၀၀၀) ဈေးဖြင့် ရောင်းချရ၍ တောင်သူများအတွက် အကျိုးအမြတ်များစွာ ရရှိပါသည်။ ယခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၁၂၀၀)ခန့်ဖြစ်ပါသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၅၀၀) အောက်ရှိ ဈေးနှုန်းဖြင့် ရောင်းချရမည်ဆိုလျှင် စိုက်တောင်သူများ အရှုံးပေါ်မည်ဖြစ်ပါသည်။ ကြက်သွန် နီဈေးနှုန်းဈေးကွက်မှာ ပြည်တွင်းမှထွက်ရှိသည့်ကြက်သွန်နီများကို ပြည်ပနိုင်ငံများမှ အဝယ်လိုက်၍ ဈေးကွက်ကောင်းမွန်ခြင်းကြောင့် ဈေးကောင်းရသဖြင့် ကြက်သွန်နီ စိုက်တောင်သူများ သုံးနှစ်ဆက် တိုက် အကျိုးအမြတ်များစွာရရှိနေကြကြောင်း သိရှိရသည်။

          မြို့နယ်အတွင်းမှ ထွက်ရှိသည့် ကြက်သွန်နီများကို လေဝင်လေထွက်ကောင်းပြီး အထားခံစေ ရန်အတွက် ဝါးကြမ်းဖြင့် ယက်ပြီး အထက်အောက်နှစ်ဆင့် ဆောက်လုပ်ထားသော သိုလှောင်ရုံများတွင် ကြက်သွန်နီ ပိဿာချိန် (၂)သောင်းမှ (၁)သိန်းအထိ သိုလှောင်ထားရှိကြောင်း၊ ၄ ပင် ၆ ပင် သိုလှောင်ရုံ တစ်လုံး တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၅၀)ခန့် ယခုနှစ်ပေါက်ဈေးရှိပြီး ကြက်သွန်နီသိုလှောင်ရာတွင် အခြားသီးနှံများနှင့် ရောနှောထားရှိခြင်းမပြုလုပ်၍ ဧပြီလမှအောက်တိုဘာလအထိ သိုလှောင် သက် တမ်း(၇)လခန့်ထိ ရှိပါသည်။

ကြက်သွန်နီတင်ပို့ဖြန့်ဖြူမှုအခြေအနေ

          ဆိပ်ဖြူမြို့နယ်တွင် နှစ်စဉ်ကြက်သွန်နီစိုက်ဧက (၆၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးပြီး တစ်မြို့နယ်လုံး ကြက်သွန်နီပိဿာချိန် သိန်း(၃၀၀)ဝန်းကျင်ခန့် ထွက်ရှိပါသည်။ ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့များသို့ အဓိကတင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန် အနေဖြင့် မြဝတီ၊ မော်လမြိုင်၊ မူဆယ်၊ မောင်းတောမြို့ ဝယ်လက်များမှတဆင့် ထိုင်း၊ တရုတ်၊ ဗီယမ်နမ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ဆိပ်ဖြူမြို့မှ တိုက်ရိုက် မော်တော်ယာဉ်များဖြင့် တင်ပို့ ဖြန့်ဖြူးလျက်ရှိပါသည်။

          ဆိပ်ဖြူမြို့နယ်အနေဖြင့် ကြက်သွန်နီသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုရရှိသည့်အပြင် နိုင်ငံ တော်အနေဖြင့်လည်း နှစ်စဉ်ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်၍ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံခြားဝင်ငွေရရှိ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပြု လျက်ရှိပါသည်။

DOCA(မကွေး)

 

                  

ဆိပ်ဖြူကြက်သွန်နီ မေလ(ဒုတိယပတ်) ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

 

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ မေလ (ဒုတိယပတ်)တွင် နွေကြက်သွန်နီ(ပင်စိုက်) အသစ်များဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန် ပျမ်းမျှပိဿာ(၂)သောင်းခန့် ဝင်ရောက်ကြောင်း၊ ဒေသတွင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်များနှင့် ကိုးတောင့်အုပ်နှင့် လိပ်ခြံ၊ ရွာသစ်ကြီး၊ ကပိုင်၊ ကံတွင်း၊ ချင်တောင်၊ အောက်ဆိပ်၊ ကျောင်းရွာ၊ ကုန်းရွာများနှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ  အများဆုံးဝင်ရောက်မှုရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၁)သိန်းခွဲခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

          ကြက်သွန်နီဈေးကွက်အနေဖြင့် မေလ(ဒုတိယပတ်)တွင် ဈေးအနည်းငယ်ကျဆင်း၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ်(၂၀၀၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်မတ်လ(တတိယပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၂၁၅၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ယခင်မေလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုမေလ(ဒုတိယပတ်)တွင် အမြင့် ဈေး(ထိပ်စ) ကျပ်(၁၅၀)ကျဆင်းပြီး၊ အလတ်စနှင့် အသေးစမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးအနည်းငယ်ကျဆင်းရခြင်းမှာ ပြည်ပဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များ နှင့် မြဝတီ၊ မော်လမြိုင် မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ် ပြည်ပနိုင်ငံများသို့ စုစုပေါင်းကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ တန်ချိန် အားဖြင့် တန်(၃၂၇)ခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်၌ဖြစ်ပေါ်နေသော မုန့်ဟင်းခါး၊ ခေါက်ဆွဲခြောက်ဈေးနှုန်းဈေးကွက်

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်းရှိ အခြေခံစားကုန်များရောင်းချ လျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်နှင့်အမျှ ကုန်စိမ်းဟင်းသီးဟင်းရွက်များအပြင် အခြေခံစား ကုန်တစ်မျိုးဖြစ်သော ခေါက်ဆွဲခြောက် ထုပ်များလည်း  အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ရွှေဒင်္ဂါး (အဝါရောင်)၊ စွမ်းထက်(အဖြူရောင်) မုန့်ဟင်းခါးခြောက်(ဆန်ပြား/လုံးရှည်) နှင့်ခေါက်ဆွဲခြောက်များ ဝင်ရောက်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ  သိရှိရပါသည်။

         ဈေးကွက်အနေဖြင့် မေလ(ဒုတိယပတ်)တွင် ရွှေပုဇွန်မုန့်ဟင်းခါးခြောက် တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ရွှေပုဇွန်မုန့်ဟင်းခါးခြောက် အစီး(၅၀)ပါ တစ်ထုပ်လျှင် ကျပ်(၆၀၀၀၀)၊ တစ်စီးလျှင် ကျပ် (၁၃၀၀)၊ (ဆန်ပြား)အကျိုး တစ်ပိဿာလျှင် ကျပ်(၂၈၀၀)နှင့် ရွှေဒင်္ဂါး(အဝါရောင်)(၂၅)စီးပါ တစ်ထုပ် လျှင် ကျပ်(၁၅၀၀၀)၊ တစ်စီးလျှင် ကျပ်(၆၀၀)၊ စွမ်းထက်(အဖြူရောင်)ခေါက်ဆွဲခြောက် (၅၀) ကျပ်သား တစ်စီးလျှင် ကျပ်(၃၀၀၀)၊ (၂၅)ကျပ်သား တစ်စီးလျှင် ကျပ်(၁၅၀၀)၊ (၂၀)ကျပ်သား တစ်စီးလျှင် ကျပ် (၁၃၀၀)၊ ခေါက်ဆွဲစက်ကျအကျိုး တစ်ပိဿာထုပ်တစ်စီးလျှင် ကျပ်(၄၀၀၀)၊ (၁၀)ကျပ်သား တစ်စီး လျှင် ကျပ်(၄၀၀)၊ ဒုံးပျံ ခေါက်ဆွဲခြောက် တစ်ပိဿာလျှင် ကျပ်(၂၂၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဧပြီလ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးအနည်းငယ် မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          မုန့်ဟင်းခါး၊ ခေါက်ဆွဲခြောက်များကို  မုံရွာမြို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာ၍ အလွယ်တကူစားသုံးရခြင်းဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ ယခုမေလ (ဒုတိယပတ်)တွင် နယ်မြေအခြေအနေအရ ပခုက္ကူမြို့နှင့် ဆက်စပ်လျက်ရှိသော မြိုင်၊ ရေစကြို၊ ယော ဒေသ ကျေးရွာများမှ ဆက်သွယ်ရေးခက်ခဲမှုအခြေအနေကြောင့် ကုန်ကားများ ဝင်ရောက်မှုနည်း၍ မုန့်ဟင်းခါး၊ ခေါက်ဆွဲခြောက်များ အရောင်းအဝယ်အေးကြောင်း၊ တစ်ရက်လျှင် ခေါက်ဆွဲခြောက် ပိဿာ(၁၀၀-၁၄၀)၊ တစ်လပိဿာ ပျမ်းမျှ(၃၀၀၀)ခန့်၊ မုန့်ဟင်းခါးခြောက် ပိဿာ(၃၀-၅၀)၊ တစ်လ ပိဿာ ပျမ်းမျှ(၁၀၀၀)ခန့်၊ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိ ဈေးသည် တစ်ဦးထံမှ  သိရှိရပါသည်။

DOCA(မကွေး)

သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင် (၁၃.၅.၂၀၂၄)ရက်နေ့တွင် ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၃အိတ်) ၊ ဆီတစ်ပိဿာလျှင် (၅၇၀၀) ကျပ်နှုန်းဖြင့်ဆီ (၁၃၂)ပိဿာ  ၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀) လုံး၊ ဝက်သား တစ်ပိဿာလျှင်  (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ကြက်သားမွေးမြူရေး တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ဆိတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်နှုန်းဖြင့် (၅) ပိဿာ၊ အမဲသား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် (၁၀)ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ် နှုန်းဖြင့် (၂၅) ပိဿာ၊  သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ‌  ရုံးပတီသီး၊ ဗူးညွန့်၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ငှက်ပျောသီး၊ ကန်စွန်းရွက်စသော အသီးအနှံများနှင့် ကြက်သွန်နီ၊ အာလူး၊ပန်းမံများကို ပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ ရောင်းချပေးသော အရောင်းဈေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ်တွင် နွေစပါးများ စတင်ရိတ်သိမ်းနေ

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် နွေစပါးများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက်ဧက (၆၉၇၃) ဧက စိုက်ပျိုးထားရှိပြီး (၂.၅.၂၀၂၄) နေ့အထိ (၄၃) ဧက ရိတ်သိမ်းပြီးစီး၍ ပျမ်းမျှအထွက်နှုန်း တစ်ဧက (၁၂၀)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ သိရှိရပါသည်။

     ဇီးကုန်းမြို့နယ်တွင် နွေစပါးကို  ဆည်ရေ ရရှိမှုပေါ် မှုတည်၍ ဇန်နဝါရီလ   စတုတ္တပတ် မှ စတင် စိုက်ပျိုးခဲ့ရာ ဗီယက်နမ်မျိုး၊ (၁၁၅)ရက် နှင့် ရက်(၉၀)၊ ရက်(၁၀၀) အပြင် မျိုးသန့်စပ်စပါးမျိုး     “ နယူးဧရာ” များအား ဒေသအလိုက် စိုက်ပျိုးကြပြီး စပါးအမျိုးအစားပေါ် မူတည်၍ တစ်ဧက အထွက်တင်း ၁၂၀ မှ ၁၅၀ ခန့် ထွက်ရှိနိုင်ပါကြောင်း ရွှေကြို့ပင်ကျေးရွာမှ နွေစပါးစိုက်ပျိုး တောင်သူ ဦးထွန်းလင်းထံမှ သိရှိရပါသည်။

     နွေစပါးစိုက်တောင်သူများအနေဖြင့် အောင်ရေရရှိမှု သင့်လျော်သောမျိုး ရွေးချယ်စိုက်ပျိုးမှု ၊ စိုက်ပျိုးနည်းစနစ်နှင့် သွင်းအားစုလုံလောက်စွာ အသုံးပြုနိုင်မှုအပေါ် အထွက်နှုန်း အခြေအနေအရ  အကျိုးအမြတ် ရရှိလာနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် အုတ်တွင်းဈေးမှ ကြက်တက်ရွက်ပြုတ်

     တောင်ငူခရိုင် အုတ်တွင်းမြို့စည်ပင်သာယာဈေးတွင် ကြက်တက်ရွက်ပြုတ်များကို ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်မှာ မိုးမကျခင်တွင်သာပေါ်သော အရွက်တစ်မျိုးဖြစ်ပါသည်။ ကြက်တက်ရွက်များကို ခူးပြီး နာရီဝက်ခန့်ပြုတ်၍ အလုံးလေးများလုံးကာ ဈေးထဲတွင် ရောင်းချကြပါသည်။

      ကြက်တက်ရွက်ကို မြေပဲဆံ (သို့မဟုတ်) ပဲကြီးလှော်တို့ဖြင့်သုပ်၍ ရေနွေးကြမ်းဖြင့် သော်လည်းကောင်း၊ ထမင်းဝိုင်းတွင် အရံဟင်းအဖြစ်သော်လည်းကောင်း စားသုံးနိုင်သည့် အရသာရှိသည့် အရွက်တစ်မျိုးဖြစ်ပါသည်။

       ရာသီပေါ်ကြက်တက်ရွက်သည် လူကြိုက်များသော စားစရာတမျိုးဖြစ်သည်။ ၂၀၂၄ခုနှစ် မေလဒုတိယအပတ်တွင် ကြက်တက်ရွက်ပြုတ် အဆုပ်တစ်လုံးလျှင် အသေး ၂၀၀ ကျပ်၊ အကြီး ၄၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း အုတ်တွင်းဈေးရှိ ကြက်တက်ရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း