Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြန်အောင်မြို့နယ် တောင်သူတို့အတွက် အကျိုးအမြတ်ပိုမိုရရှိနေတဲ့ မတ်ပဲ

     ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်သည် မိုးစပါးစိုက်ပျိုးပြီး သီးထပ်အဖြစ် မတ်ပဲသီးနှံကို ဧကရှစ်သောင်းကျော် စိုက်ပျိုးသောဒေသဖြစ်ပါသည်။ မတ်ပဲကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလမှ စတင်စိုက်ပျိုး၍ မတ်လတွင်ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှ ထွက်နှုန်းမှာ ၁၅တင်းမှ ၂၀တင်း ကြားထွက်ရှိ‌ကြောင်း သိရှိရပါသည်။ မတ်ပဲစိုက်ဧက တစ်ဧက၏ ပျမ်းမျှကုန်ကျ စရိတ်မှာ ကျပ် ငါးသိန်းခန့်ရှိပြီး တစ်ဧကပျမ်းမျှထွက်နှုန်းမှာ ၁၅တင်း ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုလက်ရှိ မတ်ပဲတစ်တင်း၏ ပေါက်ဈေးမှာ ၉၈၀၀၀ကျပ် ဖြစ်သည့်အတွက် မတ်ပဲစိုက်တောင်သူများသည် တစ်ဧက ကုန်ကျစရိတ်နှုတ်ပြီးပါက ပျမ်းမျှ ၉သိန်းကျော် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

    ယခင်နှစ်ကာလတို မတ်ပဲတစ်တင်းဈေးနှုန်း ၆၃၀၀၀ကျပ်နှင့် နှိုင်းယှဉ်ပါက တစ်တင်း ပျမ်းမျှ ၃၀၀၀၀ ကျော်ခန့် ဈေးနှုန်းပိုမိုရရှိလျက်ရှိပါသည်။ မတ်ပဲစိုက်တောင်သူတို့သည် မျိုးကောင်း မျိုးသန့်များကို စနစ်တကျရွေးချယ်၍ စိုက်ပျိုးခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့ကြောင့် ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည့် တောင်သူများအနေဖြင့် ယခင်နှစ်ထက် တစ်ဧကလျင်  ကျပ်လေးသိန်းကျော် အကျိုးအမြတ် ပိုမိုရရှိကြောင်းကို တောင်သူနှင့်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ပြည်တွင်းခရီးသွားကဏ္ဍဖွံ့ဖြိုးမှုနှင့် ဈေးကွက်ကျယ်ပြန့်လာသည့် မြန်မာ့ရိုးရာ ပုသိမ်ထီး

     မြန်မာ့ရိုးရာလက်မှုဖြစ်သော ပုသိမ်ထီးကို မြန်မာလူမျိုးတို့သည် မြန်မာ ဓလေ့ထုံးစံအရ အလှူမင်္ဂလာပွဲတိုင်းတွင် အသုံးပြုကြသည်ကိုတွေ့ရပါသည်။ ထီး၏လက်ကိုင်ကို ခရင် ဝါး၊ ထီး ခလုပ် နှင့် ခရိုင်များကို သရဂူဝါး တို့ကို အသုံးပြု ပြုလုပ် ထားပါသည်။ ထီးခေါင်းကို မအူသားနှင့်ပြုလုပ်ထားသည်။ ထီးလုပ်ရာတွင် အသုံးပြုသော ကော်အမျိုးအစားများမှာ ATM ကော် ၊ ပီလောပီနံကော်တို့ဖြစ်သည်။ ပုသိမ်ထီးအမျိုးအစား (၂)မျိုးရှိပြီး ဆီထီး (ချည်သား) ၊ ဖဲထီးဟူ၍ဖြစ်ပါသည်။ ထီးအရွယ်အစားများမှာ အကြီးဆုံး  ၁၀ ပေ မှ အသေးဆုံး ၄ ပေနှင့် အကြီးဆုံး ၂၀ လက်မမှ အသေးဆုံး ၄ လက်မအထိအရွယ်အစား မျိုးစုံထုတ်လုပ်ကြသည်။ ၁၄ လက်မမှာ ပုံမှန်အများဆုံးအသုံးပြု ရောင်းချရသော အရွယ်အစားဖြစ်ပါသည်။

     ဈေးကွက်ထဲတွင်လည်း နွေ ၊   မိုး ၊  ဆောင်း သုံးရာသီလုံးရောင်းချရပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ခရီးသွားအများဆုံးလာရောက်ကြသည့် နွေရာသီတွင် ပို၍ရောင်းအားကောင်းပါသည်။ ယခင်ကထီးတစ်ချောင်း၏ တန်ဖိုးမှာ မြန်မာငွေ ကျပ် ၄၃၀၀/- မှ ကျပ် ၅၅၀၀/-အထိရှိပြီး ၊ ယခုကုန်ကြမ်း ဝါး ဈေးနှုန်းမြင့်တက်သဖြင့် တန်ဖိုးမှာ ကျပ် ၆၅၀၀/- ၊  ၇၀၀၀/-  ၊ ၇၅၀၀/-  အထိ ဈေးကွက်အတွင်း   ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ မြန်မာ့ရိုးရာ လက်မှုပညာဖြစ်သော ပုသိမ်ထီးများကို မြန်မာပြည်အနှံ့ ပို့ဆောင် ရောင်းချပေးလျက်ရှိပြီး အမြန်ချောပို့ ဝန်ဆောင်မှုဖြင့်လည်း ရောင်းချပေးနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အိမ်မဲမြို့၏ ဒေသထွက်ကုန် ပုဇွန်ချဉ်

    ရေချို ရေငန် ထွက်ကုန်မျိုးစုံ ပေါများသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့တွင် ဒေသထွက်ကုန်အနေဖြင့် ပုဇွန်ချဉ်လုပ်ငန်းကို တနိုင်တပိုင်လုပ်ကိုင်လျက်ရှိကြပြီး ဒေါ်ခင်မာအေး၊ ဒေါ်မီးမီး၊ ဒေါ်သန်းသန်းဝင်း၊ ဒေါ်မြင့်မြင့်သန်း၊ ဦးမြသိန်း၊ ဒေါ်မြမြ၊ ဒေါ်နွယ်နွယ်၊ ဒေါ်ထွေးထွေးစသည့် တံဆိပ် အသီးသီးဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

    ပုဇွန်ချဉ် ပြုလုပ်ပုံမှာ ပုဇွန်ခေါင်းချိုးပြီးသားကို ရေနှင့်ဆေးကြောသန့်စင်၍ ရေခဲနှင့် ထားရပြီး ရေခဲရိုက် ပြီးသော ပုဇွန်များကို အခွံခွာ၍ ဇကာ (သို့) လင်ဗန်း ထဲ ဖြန့်ထားရ ပါသည်။ ဆက်လက်၍ ဖြန့်ထားသော ပုဇွန်များကို စဉ်းတီတုံးပေါ်တင်၍ နုတ်နုတ်စဉ်းပါသည်။ စဉ်းပြီးပုဇွန် ၉ ပိဿာ၊  ထမင်း (၁) ပိဿာခန့်၊ ဆားအနည်းငယ်၊ ရှာလကာရည်အနည်းငယ်၊ အရသာမှုန့် အနည်းငယ်တို့ ရောနှော ထည့်၍ သမအောင်နယ်ရမည်။ သမအောင်နယ်ဖတ်ထားသော ပုဇွန်ထမင်းနယ် အသားများအား (၁၀) ကျပ်သား အလုံးများထား၍ ဖက်ရွက်နှင့် ထုတ်ပါသည်။တစ်ညသိပ် ထားပြီးပါက နောက်တစ်နေ့ မနက်စားသုံးရန် အသင့်ဖြစ်နေသည့် ပုဇွန်ချဉ်ကို ဈေးကွက်အတွင်း ရောင်းချပါသည်။

     ပုဇွန်ချဉ်ပြုလုပ်ရန် ကုန်ကြမ်းများဖြစ်သော ပုဇွန်များကို မြို့မဈေးထဲတွင် ဝယ်ယူကြပြီး ပုဇွန်ချဉ် ထုတ်ရန် ထုပ်ပိုးပစ္စည်းဖြစ်သည့် တောင်စွန်းဖက်ရွက်ကို ဒေသတွင်း ကျေးရွာများမှ ၁ ရွက်လျှင် ၂ ကျပ်နှုန်းဖြင့် အရွက် ၁၀၀ လျှင် ၂၀၀ ကျပ်ဖြင့် မှာယူရပါသည်။ပုဇွန်ချဉ်တစ်ထုပ်လျှင် ပုဇွန်ချဉ် (၁၀) ကျပ်သားခန့်ပါရှိကာ တောင်စွန်းဖက်ရွက် ၃ ရွက်ခန့် အသုံးပြု၍ ထုပ်ပိုးရောင်းချကြောင်း သိရှိရပါသည်။

     ပုဇွန်ချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် ၁ရက် ပိဿာချိန် (၅) မှ (၁၀) အထိ လုပ်ကိုင်နိုင်ပြီး၊ ပိဿာချိန် (၁၀) အတွက် အထုပ်အရေအတွက် (၁၀၀) ခန့် ထွက်ရှိကြောင်း၊ ပုဇွန်ချဉ် ပိဿာချိန် (၁၀) အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် (၁၈၁၃၀၀) ကျပ်ဝန်းကျင် ခန့်ရှိ ကြောင်း၊ ပုဇွန်ချဉ်ပိဿာချိန် (၁၀) အတွက် အမြတ်ငွေ (၁၈၇၀၀) ကျပ်ဝန်းကျင်ခန့် ရရှိကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ပုဇွန်ချဉ် (၁၀) ကျပ်သား တစ်ထုပ်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေအားဖြင့် အိမ်မဲမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။

    အိမ်မဲမြို့၏ ဒေသထွက်ကုန် ပုဇွန်ချဉ်လုပ်ငန်းမှာ သန့်ရှင်းလတ်ဆတ်သော အစားအစာဖြစ်ခြင်း၊ စားသုံးသူတို့အတွက် အသုံးပြုရန်သင့်တော်သော Food Colour ကိုသာ အသုံးပြု၍ အရောင်ထည့်ထားခြင်း၊ ဟင်းလျာသဖွယ် လွယ်ကူစွာ စားသုံးနိုင်ခြင်းကြောင့် သုံးစွဲသူတို့မှာ နှစ်သက်သဖြင့် ဒေသခံများအပြင် ခရီးသွားဧည့်သည်များလည်း ဒေသလက်ဆောင်အဖြစ် ဝယ်ယူသုံးစွဲမှု မြင့်တက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

အမြတ်အစွန်းအနည်းငယ်ဖြင့် ရောင်းချနေသည့် နာမည်ကြီးဇီးချိုင်မျှင်ငပိ

    ငပိအမျိုးအစားများစွာရှိသည့်အနက်မှ  ဇီးချိုင်မျှင်ငပိလို့ပြောလိုက်လျှင် ဧရာဝတီတိုင်း ဒေသကြီး၏ ထင်ရှားသောဘုရားတစ်ဆူဖြစ်သည့် မြတ်မော်တင်စွန်းဘုရားပွဲကျင်းပရာနေရာ တစ်ခုလည်းဖြစ်သလို ဘုရားဖူးခရီးသည်များ အနားယူအပန်းဖြေစရာကမ်းခြေတစ်ခုဖြစ်သည့် ငွေတောင်ကမ်းခြေတည်ရှိရာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှပြုလုပ်သော မျှင်ငပိဆိုဆိုလျှင် လူအများက သိကြပေသည်။

    မျှင်ငပိတွင် ဂေါ်ရာ ၊ တိမ်ခိုး ၊ ဘန့်ဘွေး ဟူ၍ မျှင်အမျိုးအစား (၃)မျိုးရှိပါသည်။ ၎င်းမျှင်အမျိုး အစား (၃) မျိုးအနက်မှ ဘန့်ဘွေးမျှင်မှာ ပန်းနုရောင်အဆင်းရှိ၍ ငပိအသားမှာ နူးညံ့ချောမွေ့၍ အရသာကောင်းမွန်သောကြောင့် အကောင်းဆုံးမျှင်အမျိုးအစားဖြစ်သည်။ ဇီးချိုင် မျှင်ငပိမှာ အကောင်းစား ဘန့်ဘွေးမျှင်ဖြင့် ပြုလုပ်ထားသောကြောင့် ငပိအသားမှာ နူးညံ့ ချောမွေ့ခြင်း ၊ ဆိုးဆေးမပါဘဲ သဘာဝအတိုင်းပန်းနုရောင်ရှိခြင်း ၊ အရသာကောင်းမွန်ခြင်း ၊ ခေတ်မှီစက်ပစ္စည်း များကို အသုံးမပြုပဲ  သဘာဝနည်းလမ်းဖြင့်ပြုလုပ်ထားသောကြောင့် လူသိများပါသည်။

     အကောင်းစားမျှင်ငပိထွက်ရှိရာ ဇီးချိုင်မှာတော့ ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ်တွင် မျှင်ငပိဈေးနှုန်း  မြင့်တက်လျှက်ရှိကြောင်း  ကြားသိရပါသည်။ မျှင်ငပိဝယ်ယူတင်ပို့ရောင်းချ သူများ အနေဖြင့် ယခင်နှစ်များကမျှင် ၁ တင်းလျှင် ကျပ် ၄၀၀၀၀/- မှ ကျပ် ၅၀၀၀၀/- အထိသာ ပေးဝယ်ရပြီး ၊ ငပိ ၁ ပိသာလျှင် ဒေသတွင်းပေါက်ဈေး သုံးထပ်ထောင်း ကျပ် ၇၀၀၀/-  ၊ လေးထပ်ထောင်း (အသင့်စားအိုးသိပ်) ကျပ် ၉၀၀၀/-  အထိသာရှိပြီး  အခြားဒေသမှ  ဝယ်ယူစားသုံးသူများအနေဖြင့်   အများဆုံးဈေးနှုန်း   ကျပ် ၁၃၀၀၀/-  အထိသာရှိခဲ့ပါသည်။

     ယခုနှစ် တွင် ဓာတ်ဆီ ၊ ဒီဇယ်ဆီ  ဈေးနှုန်းများမြင့်တက်မှု ၊ ဆက်စပ် သုံးစွဲရသည့် ကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်မှု ၊မျှင်အရ နည်းပါးမှု တို့ကြောင့် မျှင် ၁ တင်းလျှင် ကျပ် ၇၅၀၀၀/- အထိ  ပေးဝယ်ရပြီး  ၊  ငပိ ၁ ပိဿာလျှင် ဒေသတွင်းပေါက်ဈေး သုံးထပ်ထောင်းကျပ် ၁၂၀၀၀/- မှ ကျပ် ၁၃၀၀၀/- ၊ လေးထပ်ထောင်း (အသင့်စားအိုးသိပ်) ကျပ် ၁၆၀၀၀/- မှ ကျပ် ၁၈၀၀၀/- အထိရှိကြောင်း ၊  အခြားဒေသမှ ဝယ်ယူ သုံးစွဲသူများအနေဖြင့် ကျပ် ၂၀၀၀၀/- ကျော်အထိ ဝယ်ယူသုံးစွဲရသည့်အတွက် စားသုံးသူများအနေဖြင့် ယခင်နှစ်များ ကလောက် အများအပြား မဝယ်ယူနိုင်ပဲ အနည်းငယ်သာ ဝယ်ယူသုံးစွဲကြသည့်အတွက် ယခင်နှစ်များကလောက် အရောင်းအဝယ်မကောင်းကြောင်း ၊ ငပိဈေးနှုန်း မြင့်တက်နေသော်လည်း အမြတ်အစွန်းအနည်းငယ်သာ ရရှိကြောင်း ဒေသခံမျှင်ငပိ ဝယ်ယူတင်ပို့ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်တွင် စပါး အထွက်နှုန်း နှင့် ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်သူများ ယခင်နှစ်ထက် ပိုမိုအကျိုးအမြတ်ရရှိ

     ဖျာပုံခရိုင်တွင် ယခင်နှစ်က မိုးစပါး ဧည့်မထ (၄၆)ပေါင် တင်း(၁၀၀)လျှင် ကျပ် (၁၄၇၂၀၀၀) နွေစပါး ဧည့်မထ (၄၆)ပေါင် တင်း(၁၀၀)လျှင် ကျပ် (၁၃၈၀၀၀၀) ရှိပြီး မိုးစပါး ဧည့်မထ (၄၆)ပေါင် တင်း(၁၀၀)လျှင် ကျပ် (၂၁၁၆၀၀၀) စျေးနှုန်း နွေစပါး ဧည့်မထ (၄၆)ပေါင် တင်း(၁၀၀)လျှင် ကျပ် (၁၇၄၈၀၀၀) ထိ ဈေးနှုန်း ပိုမိုရရှိလာသောကြောင့် တောင်သူလယ်သမားများက ဆန်စပါး စိုက်ဧက များ တိုးချဲ့ စိုက်ပျိုး လာကြပြီး  သွင်းအားစုများကို ပိုမိုထည့်သွင်းသောကြောင့် အထွက်နှုန်းလည်း တိုးတက်လာခဲ့သည်။ ဖျာပုံခရိုင်တွင် ယခင်နှစ်က ဆန်စပါး စိုက်ဧက ( ၁၂.၈၈ )‌ သိန်းခန့် စိုက်ပျိုး ခဲ့ပြီး အထွက်နှုန်း ( ၇၄ ) တင်းခန့် ထွက်ရှိခဲ့သည်။  ယခုနှစ်၌ ဆန်စပါး စိုက်ဧက ( ၁၂.၈၉ ) သိန်းခန့် ပိုမိုစိုက်ပျိုးခဲ့ပြီး အထွက်နှုန်းမှာလည်း ( ၈၁ ) တင်းခန့် တိုးတက်ထွက်ရှိလာကြောင်း သိရသည်။

    ဖျာပုံခရိုင်အတွင်းရှိ  ဖျာပုံမြို့၌ ယခင်နှစ်တွင်း ဆန်စပါးစိုက်ဧက ( ၃၀၁၁၀၀ ) ခန့် စိုက်ပျိုး ခဲ့ပြီး၊ အထွက်နှုန်းမှာ ( ၇၁ ) တင်းခန့် ထွက်ရှိခဲ့သည်၊ ယခုနှစ်မှာ ဆန်စပါး စိုက်ဧက ( ၃၀၁၅၀၀ ) ခန့် စိုက်ပျိုးလာပြီး အထွက်နှုန်း (၇၇) တင်းခန့် ပိုမိုထွက်ရှိလာခဲ့သည်။ ဘိုကလေးမြို့တွင် ယခင်နှစ် က ဆန်စပါး စိုက်ဧက ( ၄၇၂၁၀၀ )ခန့် စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းမှာ (၇၀ ) တင်းခန့် ထွက်ရှိခဲ့သည်၊ ယခုနှစ်မှာ ဆန်စပါး စိုက်ဧက ( ၄၇၂၃၀၀ ) ခန့် စိုက်ပျိုးလာပြီး အထွက်နှုန်းမှာ (၇၇) တင်းခန့် ပိုမိုထွက်ရှိလာခဲ့သည်။ ကျိုက်လတ်မြို့တွင် ယခင်နှစ်က ဆန်စပါးစိုက်ဧက (၂၆၃၅၀၀) ခန့် စိုက်ပျိုး ခဲ့ပြီး အထွက်နှုန်း ( ၈၄ ) တင်းခန့် ထွက်ရှိခဲ့သည်၊ ယခုနှစ်မှာ ဆန်စပါး စိုက်ဧက ( ၂၆၃၇၀၀ ) ခန့် စိုက်ပျိုးလာပြီး အထွက်နှုန်း ( ၉၂ ) တင်းခန့် ပိုမိုထွက်ရှိလာခဲ့သည်။ ဒေးဒရဲမြို့တွင်လည်း ယခင်နှစ် က  ဆန်စပါး စိုက်ဧက ( ၂၅၁၄၀၀ ) ခန့် စိုက်ပျိုးခဲ့ပြီး  အထွက်နှုန်းမှာ ( ၇၂ ) တင်းခန့် ထွက်ရှိ ခဲ့သည်၊  ယခုနှစ်တွင် ဆန်စပါး စိုက်ဧက ( ၂၅၁၇၀၀ ) စိုက်ပျိုးလာပြီး အထွက်နှုန်း ( ၈၀ ) တင်းခန့်  ပိုမိုထွက်ရှိလာခဲ့သည်။

       စိုက်ဧကများ တိုးချဲ့၍ အထွက်နှုန်းတိုးတက်လာရာတွင် ယခုနှစ်သည် ယခင်နှစ်များထက် ငါးမွေးကန်များ၌ နွေစပါးများ ပိုမိုစိုက်ပျိုးလာခြင်းကြောင့် ဖြစ်သည်ဟု တောင်သူဦးကြီးများထံမှ သိရသည်။ တိုးတက်ထွက်ရှိလာသော ဆန်စပါးများကို တောင်သူလယ်သမားများက ဒေသတွင်း စားသုံးရန်နှင့် ထပ်မံစိုက်ပျိုးရန် မျိုးစပါးများအဖြစ် ချန်ထားပြီး ပိုလျှံဆန်စပါးများကို အခြားတိုင်းဒေသကြီးများနှင့် ပြည်ပသို့ တင်ပို့ရောင်းချနေကြောင်း ဆန်စပါးကုန်သယ်များအသင်းနှင့် စက်ပိုင်ရှင်များ ထံမှ လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

  

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁၃.၅.၂၀၂၄)

    ၁၃.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၃.၅.၂၀၂၄ )

၁၃.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၅.၂၀၂၄ )

 ၁၃.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မကွေးပွဲရုံနှင့်ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလာပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀-၂၂၀၀)ရှိခဲ့ပြီး မေလ(ဒုတိယပတ်)တွင် ကျပ်(၁၆၀၀-၁၇၀၀-၁၈၀၀) ဖြစ်၍ ကျပ်(၂၀၀-၃၀၀-၄၀၀)ကျဆင်းလာကြောင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

     ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ မေလ (ဒုတိယပတ်)တွင် ယခင်တစ်ပတ်အတိုင်း ကျပ်(၁၆၀၀-၁၈၀၀-၂၀၀၀)ဖြစ်၍ စျေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့များမှ ဝယ်ယူကြောင်း၊ ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့တင်ပို့ရောင်းချပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇) တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်‌နေသော စျေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မကွေးကုန်စည်ဒိုင်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခုတစ်ပတ်တွင် အရောင်းအဝယ်မှာ နည်းပါးလျက်ရှိကြောင်း၊ ကုလားပဲတို့သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ကုလားပဲ(929) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ် (၈၀၀၀၀)၊ ကုလားပဲ(HL) ကျပ်(၇၉၀၀၀)ဖြစ်ပြီး ယခု(ဒုတိယပတ်)တွင် ကုလားပဲ (929) ကျပ်(၇၈၅၀၀)၊ ကုလားပဲ (HL) ကျပ် (၇၇၅၀၀)ဖြစ်၍ ကျပ် (၁၅၀၀)စီ စျေးနှုန်းကျဆင်းသွားကြောင်း၊ ကုလားပဲ (929)နှင့် ကုလားပဲ (HL)တစ်ပတ်အတွင်း အိတ်ပေါင်း(၆၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့မှ အများဆုံး ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

    (၁၀.၅.၂၀၂၄)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများမှာ နှမ်းနက်စမုံ (၁၅)ပိဿာ (၁)တင်းလျှင် ကျပ် (၁၃၂၀၀၀)၊ နှမ်းဖြူ (၁၅)ပိဿာ (၁)တင်း လျှင် ကျပ် (၁၃၂၀၀၀)၊ နှမ်းနီ (မကွေး) (၁၅)ပိဿာ (၁)တင်း လျှင် ကျပ် (၁၁၇၀၀၀)၊ နှမ်းနီ (နယ်စ) (၁၅)ပိဿာ (၁)တင်း လျှင် ကျပ် (၁၁၂၀၀၀)၊ ပဲလွန်းဝါ (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၅၅၀၀၀)၊ ကုလားပဲ (929) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၇၈၅၀၀)၊ ကုလားပဲ (HL) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၇၇၅၀၀)၊ ပဲကြီးဖြူ (လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၇၅၀၀၀)၊ ပဲကြီးဖြူ(သေး) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၆၇၀၀၀)၊ ပဲကြီးဖြူ (ပြားကြီး) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၈၅၀၀၀)၊ ပဲကြီးမဲ (ချင်း) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၇၇၀၀၀)၊ ပဲထောပတ်(၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၁၁၁၀၀၀)၊ ပဲစဉ်းငုံနီ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ် (၁၂၉၀၀၀)၊ မတ်ပဲ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ လုံးဆံနီ (၁)ပိဿာလျှင် ကျပ် (၆၂၀၀- ၆၃၀၀)၊ လုံးဆံဖြူ (၁)ပိဿာလျှင် ကျပ် (၆၈၀၀-၇၀၀၀)၊ မြေပဲဆံ (အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၄၈၀၀-၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း