Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက်ဈေးနှုန်းများကျဆင်းလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

     မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများ ကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက် အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၂၀၀၀-၁၄၀၀၀-၁၉၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၆၈၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၆၈၀၀)၊ ကွမ်းစားထုံး(၁) လီတာ (၁)ဘူးလျှင် ကျပ်(၉၀၀-၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၄၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

   အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန်(၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၆)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်မေလ (ပထမပတ်) နှင့်နှိုင်းယှဉ်ပါက ကွမ်းရွက်ဈေးနှုန်းမှာ  ကျပ်(၅၀၀၀)၊ ကွမ်းသီးဈေးနှုန်းမှာ ကျပ်(၂၀၀) အကျဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်ကွမ်းပစ္စည်းဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ကွမ်း၊ ကွမ်းသီးဈေးနှုန်းကျဆင်းရခြင်းမှာ ယခုအချိန်တွင် ကုန်ကားများပုံမှန် ထွက်လျက်ရှိပြီး ကွမ်းရွက်ထွက်ရှိသည့် ဒေသများတွင်လည်း ကွမ်းရွက်များလှိုင်လှိုင် ထွက်ရှိနေခြင်း ကြောင့်ဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ကျိုက်မရော၌ အာဟာရပြည့် ပိန်းဥပင်များ စျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများပြား

         မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နောင်လုံကွင်းရှိ လယ်မြေများတွင် ရာသီပေါ် သီးနှံများအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ အာဟာရပြည့်ပိန်းဥပင်များကို စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိ၍   မိသားစုအဆင်ပြေလျက်ရှိကြောင်းသိရသည်။

       အဆိုပါ ပိန်းဥပင်များကို စိုက်ပျိုးရာ၌ ဥမှစပြီး ပျိုးထောင်၍  ပျိုးပင်များ အရွက်ထွက်လာသောအခါ ပိန်းပင်ငယ်လေးများ နေပူရှိန်ကြောင့် မသေစေရန် နှစ်ရက်တစ်ကြိမ်ရေသွင်းပြီး အပင်နှင့်ဥများထွားကြိုင်းစေရန် ဓာတ်မြေသြဇာနှင့် ရွက်ဖြန်းအားတိုးဆေးများကို သုံးရက်တစ်ကြိမ်  ကျွေးပေးရကြောင်း၊ ရေပေးရာတွင် နောင်လုံရေထိန်းတံခါးမှ ရေသွယ်၍  ရေများများပေးရသဖြင့် ပိန်းဥများအထွက်နှုန်းကောင်း၍ စျေးကောင်းလည်းရရှိကာ စိုက်ပျိုးသူတောင်သူများ  အဆင်ပြေလျက်ရှိကြောင်း ပိန်းဥ စီးပွားဖြစ်စိုက်ပျိုးသူတောင်သူ ဦးအာလီကပြောသည်။

      ပိန်းဥပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ၎င်းမှာ ရေကြိုက်သောအပင်ဖြစ်ကြောင်း၊ ပိန်းဥကို စတင်စိုက်ပျိုးချိန်မှ ရက်ပေါင်းတစ်ရာကြာလျှင် စတင်တူးဖော်၍ ရောင်းချရကြောင်း၊ ပိန်းဥမှာ အာဟာရဖြစ်၍    ပိန်းဥဟင်းချိုမှာ ထမင်းမြိန်စေပြီး အရွက်နှင့် အရိုးကို ဟင်းခါးအဖြစ် ချက်သောက်ရသဖြင့် ပိန်းဥတစ်ပင်လုံး အသုံးဝင်ပြီး ဘီတာမင်အေကြွယ်ဝသည့် စားဖိုဆောင်သီးနှံဖြစ်ကာ လူမျိုးမရွေးဘာသာမရွေးစားသုံးနိုင်သည့် သီးနှံဖြစ်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးကြသူမျာပြားလာကြောင်းသိရှိရပါသည်။

DOCA(မွန်)

အထက်မင်းလှမြို့နယ်၌ သကြားပြောင်းနှင့် ပြောင်းစီးစိုက်ပျိုးမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး နှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ကြက်သွန်နီ၊ ဝါ၊ နေကြာ၊ ပြောင်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     ဥယျာဉ်ကျေးရွာတွင် သကြားပြောင်းနှင့် ပြောင်းစီးစိုက်ဧကမှာ (၈)ဧကခန့်ရှိပြီး စိုက်တောင်သူမှာ (၁၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲမျိုးစေ့ချ၍ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ မိမိအနေဖြင့် သကြားပြောင်းနှင့် ပြောင်းစီး(၁)ဧကခန့် စိုက်ပျိုးထားရှိပြီး သကြားပြောင်း(၁)ဘူးလျှင် ကျပ်(၄၃၀၀၀)၊ ပြောင်းစီး(၁)ဘူးလျှင် ကျပ်(၃၄၀၀၀)ဖြင့် အထက်မင်းလှမြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် မြေအောက် ရေကို အသုံးပြု၍ စတင်စိုက်ပျိုးပြီး (၇၅)ရက်အကြာတွင် ခူးဆွတ်နိုင်ပါကြောင်း၊ စိုက်ပျိုးစဉ် တလျှောက် ရေကို (၁၃)ကြိမ်ခန့် သွင်းပေးရကြောင်း၊ (၁)ဧကလျှင် မျိုး(၇)ဘူးခန့်ကုန်ကျပြီး ရေတင်ခ၊ မြေပြုခ၊ မျိုးခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၈၄၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ကုန်ကျစရိတ်မှာ ကျပ်(၈၀၀၀၀၀)ခန့်သာကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစုစရိတ်များမြင့် တက်လာ၍ ပိုမိုကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် အဖူးရေ(၁၂၆၀၀)ခန့် ထွက်ရှိကြောင်း၊ ထွက်ရှိသည့်ပြောင်းဖူးများကို အထက်မင်းလှဈေးနှင့် ဘက်စုံရှိ ပြောင်းဖူးဒိုင်သို့ တင်သွင်းရောင်းချကြောင်း ဥယျာဉ်ကျေးရွာနေ ပြောင်းစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်ဒေသကြီးအတွင်း ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိ

    မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ တောင်တွင်းကြီးမြို့တို့တွင် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း စပါးဈေးနှုန်းများမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၈၀၀၀-၃၉၀၀၀)၊ မနောသုခ(၁)တင်းလျှင် ကျပ်(၂၅၀၀၀) ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၆၇၀၀၀)၊ မနောသုခ ကျပ်(၁၁၀၀၀၀)၊ ရတနာတိုး ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၆၇၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၀၀၀၀)၊ မနောသုခ ကျပ် (၁၀၀၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၂၀၀၀၀)၊ မနောသုခ ကျပ်(၉၃၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၇၅၀၀၀)၊ ဧရာပဒေ သာ ကျပ်(၁၄၂၀၀၀)၊ မနောသုခ ကျပ်(၉၃၀၀၀)၊ ရတနာတိုး ကျပ်(၈၀၀၀၀)၊ ချောက်ခရိုင် တွင် ပေါ်ဆန်းမွှေး ကျပ်(၁၇၂၈၀၀)၊ ဧရာပဒေသာ ကျပ်(၁၆၅၀၀၀)၊ မနောသုခ ကျပ်(၉၅၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၅၀၀၀)၊ မနောသုခ ကျပ်(၉၅၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် (၁၇၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၆၀၀၀၀)၊ မနောသုခ ကျပ်(၁၁၀၀၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ သင်္ကြန်ကာလအပြီးတွင် ဆန်အရောင်းအဝယ်မှာအေးလျက်ရှိကြောင်း သိရှိရပါသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့၂၀၂၄ခုနှစ်၊ မေလ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်(၁၇၇၉၅)အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်(၆၂၀)အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန် (၁၂၇၅) အိတ်၊ စုစုပေါင်းဆန် (၁၉၆၉၀)အိတ်၊ (၉၈၄.၅)တန်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

      မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကုန်စည်ဒိုင်များ၏ အရောင်းအဝယ် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၈၅၃၀-၈၇၃၀)၊ နှမ်းနီ ကျပ် (၇၆၇၀-၇၈၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၈၅၃၀-၈၆၇၀)၊ မြေပဲဆီဆံ (အောက်ကျ) ကျပ်(၄၈၀၀-၅၀၀၀)၊ ပဲတီစိမ်း ကျပ်(၃၆၀၀-၃၆၅၀)၊ ပဲနောက် ကျပ်(၂၇၅၀-၂၉၀၀)၊ ပဲလွန်ဝါ (ကြီး) ကျပ်(၂၈၀၀-၃၀၅၀)၊ ကုလားပဲ ကျပ်(၄၁၆၀-၄၂၁၀)၊ မတ်ပဲ ကျပ်(၅၀၀၀)၊ ပဲစဉ်းငုံနီ ကျပ်(၆၄၅၀)၊ စားတော်ပဲ ကျပ်(၄၅၀၀)၊ ထောပတ်ပဲ ကျပ်(၅၅၃၀-၅၈၄၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် မတ်ပဲ ကျပ်(၃၀)၊ ပဲစဉ်းငုံ(နီ) ကျပ်(၁၀၀)၊ ကုလားပဲ ကျပ်(၁၀)၊ မြေပဲဆီဆံ(အောက်ကျ)ကျပ်(၁၀၀)အသီးသီးဈေးကျခဲ့ပြီး  ထောပတ်ပဲ ကျပ်(၂၇၀-၂၈၀)ဈေးမြင့်တက်ခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၇၄၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့တို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

         တောင်တွင်းကြီး ကုန်စည်ဒိုင်တွင် ကုလားပဲ ကျပ်(၄၀၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ကျပ်(၈၀)ဈေးကျခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၅၈.၇၈)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

         အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက် ကျပ်(၇၇၈၀-၈၄၄၅)၊ ရိုးရိုးနှမ်းနက် ကျပ်(၇၅၅၅)၊ နှမ်းနီ ကျပ်(၇၅၅၅)၊ နှမ်းဖြူသန့် ကျပ်(၇၇၈၀)၊ ပဲစဉ်းငုံနီ ကျပ်(၆၄၅၀-၆၄၇၀)၊ ကုလားပဲ(မြကြေး) ကျပ် (၄၃၅၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၄၁၂၅)၊ ပဲကြီး(သစ်) ကျပ်(၄၃၀၀-၄၆၅၀)၊ မြေပဲဆီဆံ(နီ) ကျပ်(၇၂၀၀)၊ မြေပဲဆီဆံ(ဖြူ) ကျပ်(၆၇၀၀-၆၈၀၀)၊ မတ်ပဲ ကျပ်(၄၈၇၅)၊ ဝါ ကျပ်(၂၇၀၀-၂၈၀၀)၊ ဘိုကိတ်ပြာ ကျပ်(၃၁၀၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ပဲစဉ်းငုံ(နီ)ကျပ်(၈၀-၁၀၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၅၀)၊ ကုလားပဲ(မြကြေး) ကျပ်(၁၀၀)၊ မတ်ပဲ ကျပ်(၂၅)၊ မြေပဲလုံးဆံ(နီ) ကျပ်(၁၀၀)၊ ပဲကြီး(သစ်) ကျပ်(၃၅၀-၄၅၀)အသီးသီးဈေးကျခဲ့ပြီး မြေပဲလုံးဆံဖြူ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၁၃၄)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။  

       ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၉၀၀-၃၂၀၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ကျပ်(၄၀၀)ဈေးမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။  

       ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(သစ်) ကျပ်(၁၆၀၀-၂၂၀၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင်  ကြက်သွန်နီ(သစ်) ကျပ်(၁၀၀)ဈေးတက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၄၂.၃၃) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

       ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ(929) ကျပ်(၄၁၀၀)၊ (CP)ပြောင်း ကျပ်(၉၃၅-၉၅၀)၊ ထော ပတ်ပဲ(ကျွန်း) ကျပ်(၅၃၂၀)၊ ပဲစဉ်းငုံနီ ကျပ်(၆၄၇၀)၊ ပဲဇီးကွက် ကျပ်(၂၄၀၀)၊ စွန်တာနီ ကျပ် (၂၄၉၀)၊ ပဲတီစိမ်း ကျပ်(၃၀၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ပဲစဉ်းငုံ ကျပ်(၈၀)၊  ကုလားပဲ (929) ကျပ်(၁၁၀)ဈေးကျခဲ့ပြီး ထောပတ်ပဲ(ကျွန်း) ကျပ်(၃၇၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တစ် ပတ်အတွင်း တန်ချိန်(၁၈၉.၇၂)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။        

DOCA(မကွေး)

ကျိုက်မရောဒေသထွက် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ဈေးကွက်၌ ရောင်းအားကောင်းလျက်ရှိ

     ကျိုက်မရောဒေသထွက် ယိုးဒယားကိုင်းဆက်ဒူးရင်းသီးနှင့် ဗမာဒူးရင်းသီးများ ယခုချိန်၌ လှိုင်လှိုင်ထွက်ရှိလာပြီး ဈေးကွက်အတွင်း၌ ရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။

    ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာအုပ်စု၊ ခြံကုန်းကျေးရွာတွင် ယိုးဒယားကိုင်းဆက်ဒူးရင်းသီးနှင့် ဗမာဒူးရင်းသီးမျိုးများ ခြံတိုင်း၌ စတင်ထွက်ရှိနေပြီး ဒူးရင်းသီးကြိုက်သူများက ခြံများအထိသွားရောက်ကာ ဝယ်ယူကြကြောင်း၊ ဒူးရင်းသီးကုန်သည်များအနေဖြင့်လည်း အပင်ကြွေဒူးရင်းသီးများကို အခြားမြို့များသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ခြံချုပ်ဝယ်ယူခြင်း၊ ကြိုတင်ငွေပေး၍ ဝယ်ယူခြင်းများဖြင့် ဝယ်လိုအားကောင်းလျက်ရှိသည်။ ခြံပိုင်ရှင်များအနေဖြင့် ယိုးဒယားကိုင်းဆက်ဒူးရင်းသီးတစ်လုံးလျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်အထိဈေးကောင်းရကာ ဗမာဒူးရင်းသီးတစ်လုံးလျှင် တစ်သောင်းကျပ်မှ တစ်သောင်းခွဲကျပ်အထိဈေးရသဖြင့် ဒူးရင်းသီးခြံရှင်များ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

     ယခုရာသီတွင် အပူချိန်ပြင်းလွန်းသဖြင့် ဒူးရင်းသီးကို မြို့ခံများက ဈေးကြီးပေး၍ မစားကြသေးဘဲ မိုးတဖြိုက်ဖြိုက်ရွာပြီးမှသာ ဝယ်ယူစားသုံးကြကြောင်းလည်း ခြံကုန်းကျေးရွာမှ ဒူးရင်းသီးခြံရှင် ဦးစောအုန်းထံမှသိရသည်။ ဗမာဒူးရင်းသီးမျိုးတစ်ပင်လျှင် အလုံး ၂၀မှ အလုံး ၃၀ထိသီးလေ့ရှိသော်လည် ယခုနှစ်တွင်အပူရှိန်များလွန်းသဖြင့် အလုံးရေလျော့ပြီး တစ်ပင်လုံးကို ၁၀လုံးမှ ၈လုံးလောက်သာသီးကြောင်း၊ ဈေးကောင်းရနေသော်လည်း နေပူရှိန်ကြောင့် အသီးထွက်နှုန်းနည်းကြောင်း၊ ဗမာသီးကို အမှည့်/ ပင်ကြွေထိမထားပဲ ထိုးဒူးရင်းအဖြစ်သာ ဈေးကွက်၌ ရောင်းချနေကြကြောင်းလည်း ဒူးရင်းသီးကုန်သည် ဒေါ်စမ်းမော်ထံမှသိရှိရပါသည်။

DOCA(မွန်)

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၈/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၄.၅.၂၀၂၄ )

၁၄.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁၄.၅.၂၀၂၄)

   ၁၄.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၅.၂၀၂၄ )

၁၄.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း