သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့၊ မြို့မစျေးရှိ လက်လီလက်ကားကုန်မျိုးစုံ အရောင်းဆိုင်များတွင် စားသုံးဆီများအားကုန်ညွှန်းအမှတ်အသားစစ်ဆေးခြင်း

    မွန်ပြည်နယ်၊  သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများသည် ၂၃.၄.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သထုံမြို့မစျေးတာ၀န်ခံနှင့် ပူးပေါင်း၍ သထုံမြို့မှဈေးအတွင်း လက်လီ၊ လက်ကားရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီများအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီများကို စစ်ဆေးခဲ့ရာ ပုဇွန်နှစ်ကောင်၊ DUCK တံဆိပ်၊ အမေထွားစသည့် စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာတွင် ပြည့်စုံမှန်ကန်​စွာ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မွန်)

 

ထားဝယ်အထူးစီးပွားရေးဇုန်(DSEZ) ၂/ ၂၀၂၄-၂၀၂၅ (MC) အစည်းအဝေးသို့တက်ရောက်

              ၂၀၂၄ ခုနှစ်၊  ဧပြီလ ၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင်  ရန်ကုန်မြို့  ထားဝယ်အထူး  စီးပွားရေးဇုန်ရုံးမှ လစဉ်  (MC)  အစည်းအ‌ဝေး  ၂/ ၂၀၂၄-၂၀၂၅ (MC)  အစည်းအဝေးအား Online Virtual စနစ်ဖြင့်  ပြုလုပ်ခဲ့ပါသည်။

             အဆိုပါ အစည်းအဝေးသို့  ထားဝယ်အထူးစီးပွား‌ရေးဇုန်ဥက္ကဌ၊  ဒုဥက္ကဌ၊  အတွင်းရေးမှူး၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊  ထားဝယ်အထူးစီးပွားရေးဇုန် အုပ်ချုပ်မှုဒါရိုက်တာများ  တက်ရောက်ခဲ့ကြ ကာ  ယခင် ၁/၂၀၂၄-၂၀၅  အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုခြင်း၊  ၂ / ၂၀၂၄−၂၀၂၅ အစည်းအ‌ဝေး  တင်ပြချက်များအား  မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး  အစည်းအဝေး အားနေ့လည်(၁၂:၀၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

တနသရ(ထားဝယ်)

ကလေးအသုံးအဆောင်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     မွန်ပြည်နယ်၊  သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများသည် ၂၄.၄.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သထုံမြို့မစျေးတာ၀န်ခံနှင့် ပူးပေါင်း၍ သထုံမြို့မစျေးအတွင်း၌ ရောင်းချလျက်ရှိသော စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းခဲ့ရာတွင် သထုံမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်များရှိ ကလေးအသုံးအဆောင်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ဘေးအန္တရာယ်ဖြစ်နိုင်ချေရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသည်။ ဆိုင်ရှင်များအားလည်း ကလေးကစားစရာ ကုန်ပစ္စည်းတစ်မျိူးခြင်းအလိုက် ဘေးအန္တရာယ် ဖြစ်နိုင်မှုအခြေအနေရှိသော ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိခြင်းနှင့် ကြိုတင်သတိပေးထားခြင်းမရှိသော ကုန်စည်များအားရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

သထုံမြို့နယ်အတွင်း ဆေးဝါးအ‌ရောင်းဆိုင်များ၌ ဆေးညွှန်းစာမပါဘဲ ရောင်းချခြင်းမရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များ၌ ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန် လိုအပ်သည့် ဆေးဝါးများကို ဆေးညွှန်းစာမပါဘဲ ရောင်းချခြင်း ရှိ/မရှိအား မြို့နယ်အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းကာ ၂၅.၄.၂၀၂၄ ရက်နေ့က လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီ ဥက္ကဋ္ဌ သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဆရာဝန်ဆေးညွှန်းစာဖြင့်ရောင်းချရန်လိုအပ်သည့် ဆေးဝါးများကို ဆေးညွှန်းစာမပါဘဲ ရောင်းခြခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြ‌သည်။

     အဆိုပါ ကွင်းဆင်းစစ်‌ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

မိတ္ထီလာမြို့နယ်ရှိ ဆေးဝါးရောင်းချခွင့်လိုင်စင် (အသစ်) လျှောက်ထားသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်(၁၁)ဆိုင်သို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

         အဆိုပါ ဆေးဝါးရောင်းချခွင့်လိုင်စင် (အသစ်)  လျှောက်ထားသော ဆေးဆိုင်များ၌ စစ်ဆေးရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များကိုက်ညီမှုရှိ/မရှိ အခြေနေများအားစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပြည်မြို့နယ်အတွင်းဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်

            ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအပေါ် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ တရားမဝင်ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ပြည်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်း များသည် မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်သော မြို့နယ်ဈေးကွက် စောင့်ကြည့် စစ်ဆေးရေးအဖွဲ့များနှင့်ပူးပေါင်း၍ (၂၄.၄.၂၀၂၄)ရက်နေ့ နံနက်(၉:၃၀) နာရီတွင် ပြည်မြို့ ဆံတော်ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာစည်ပင်သာယာဈေးသို့ သွားရောက်၍ စားသုံးဆီ အမျိုးမျိုး၏ ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားရေးသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဘိုကလေးမြို့နယ်၊ ဈေးကွက်အတွင်း၌ ဘိလပ်မြေဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်‌၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူပူးပေါင်း၍    ၂၀၂၄ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိလပ်မြေဈေးနှုန်းနှင့်    ပစ္စည်းလက်ကျန်အခြေအနေများအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်     ဘိုကလေးမြို့နယ်အတွင်းရှိ ဘိလပ်မြေရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဘိလပ်မြေများကို ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ မေးမြန်းစုံစမ်းခဲ့ရာ ဘိုကလေးမြို့နယ်အနေ ဖြင့် Alpha ဘိလပ်မြေ၊ Yojin ဘိလပ်မြေ၊ AAA တံဆိပ် ဘိလပ်မြေကိုသာ လှိုင်လှိုင်သုံးစွဲသဖြင့် မိမိတို့၏ဆိုင်တွင် ၎င်းဘိလပ်မြေအမျိုးအစားများကို ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ အခြားဘိလပ်မြေအမျိုးအစားများကို ဘိုကလေးဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမရှိသဖြင့် ယခုအချိန်တွင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမရှိကြောင်း  ပြန်လည်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ Thursday Talk ဆွေးနွေးပွဲပြုလုပ်ခဲ့

      ၂၄.၄.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များ ‌ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါအသိပညာပေးဆွေးနွေးပွဲကို ဒုတိယခရိုင်ဦးစီးမှူး ဒေါ်အေးအေးနွယ် (ဦးစီးအရာ ရှိ) က စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များ နှင့် ပတ်သက်ပြီး ဝန်ကြီးဌာန၏ မျှော်မှန်းချက်(၇)ချက်မှ စားသုံးသူအခွင့်အရေးကာကွယ်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန် ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကျစေရန်ကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေနှင့် စံလုပ်ငန်းလမ်းညွှန်ချက်များ အကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဈေးကွက်စုံစမ်းစစ်ဆေးခြင်းအခြေအနေများ၊ စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်း၊ စေ့စပ်ညှိ နှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ တိုင်ကြားမှုနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ရာ ဝန်ထမ်းများမှ သိလိုသည်များပြန်လည်မေးမြန်းခဲ့ကြောင်း၊ ဆွေးနွေးပွဲအား နံနက် (၁၀:၄၅) နာရီတွင် ရုတ်သိမ်းခဲ့ရာ ဝန်ထမ်း(၁၆)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ငူမြို့နယ်မှ MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

               ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဈေးရောင်းပွဲတော်များတွင် ကုန်ပစ္စည်းများရောင်းချသည့် တောင်ငူမြို့နယ်မှ MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို (၂၃.၄.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ တက်ရောက်၍ MSMEs ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရှာဖွေဖော်ထုတ်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

              ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာ စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနဖြစ်သည်နှင့်အညီ MSMEs ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရှာဖွေရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဈေးရောင်းပွဲတော်များတွင် သွားရောက်ရောင်းချခြင်းဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ တခြား ဒေသများမှ သိရှိမည်ဖြစ်ပါကြောင်း၊ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ထုတ်ကုန်အရည်အသွေးမှီရုံဖြင့် မလုံလောက်ပါကြောင်း၊ သေသပ်လှပစွာထုတ်ပိုးရန်နှင့် ပြည့်စုံ မှန်ကန်သည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန်လည်း လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားပါသည်။

              ထို့နောက်တက်ရောက်လာသည့်  လုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့က ရှင်းလင်း ပြောကြား ခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ‌တောင်ငူမြို့နယ်မှ MSMEs လုပ်ငန်းရှင် (၈) ဦး တက်ရောက် ကြောင်း သိရပါသည်။

 စားသုံးသူရေးရာဦးစီးဌာန

 တောင်ငူခရိုင်

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်း သွားရောက်စစ်ဆေး

     ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက် အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော် တို့ပါဝင်သော အဖွဲ့များသည်  ၂၅.၄.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV, ငွေသဇင်ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ မြေဆွေးအိတ်၊ မြေဆီအိတ်များနှင့် အထွေထွေစားသောက်ကုန်များ  စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ  ကော့သောင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ