Main menu

ကျောက်ပန်းတောင်းမန်ကျည်းဈေးခပ်အေးအေး

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် မန်ကျည်းအများဆုံးစိုက်ပျိုးထွက်ရှိရာ မြို့နယ်ဖြစ်သည့်အလျောက် စိုက်ပျိုးဧက(၁၅၆၀) ဧက၊အိမ်ခြံမြေ ဥယျာဉ် စိုက်ဧကမှာ(၇၈၉)ဧက၊ အလေ့ကျပေါက်ပင်ဧကမှာ(၇၇၁)ဧကဖြစ်၍ စုစုပေါင်း(၃၁၂၀)ဧက ရှိကြောင်း သိရှိရပါသည်။ကမ္ဘာပေါ်တွင် မန်ကျည်းကို အိန္ဒိယနိုင်ငံမှ အများဆုံးစိုက်ပျိုးထွက်ရှိပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံးထွက်ရှိသော နိုင်ငံဖြစ်ပါသည်။မကျီးပင်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ရာသီဥတုအရမ်းပူပြင်းခြင်း၊ မိုးဦးနောက်ကျခြင်းတို့ကြောင့်လည်း အသီးအထွက်နှုန်း လျော့ကျတတ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း မကျီးအများဆုံးထွက်ရှိသောမြို့များမှာ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့များဖြစ်ကြပြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဓိက ထွက်ရှိသော ကျေးရွာများမှာ ပုပ္ပား၊သံဘို၊ဆည်ပေါက်၊ညောင်ကန်၊မြောက်တော၊ချိုင်း၊ပုပ္ပားလွင်၊ဆုံကုန်း စသည့် ကျေးရွာတို့မှာ အများဆုံးထွက်ရှိကာ ပုပ္ပားကျေးရွာမှထွက်ရှိသော မန်ကျည်းမှာ အရည်အသွေး အကောင်းမွန်ဆုံး ဖြစ်ကြောင်းသိရပါသည်။ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ဇန်နဝါရီလ နောက်ဆုံးပါတ်မှစတင်၍ မန်ကျည်းကို အသား၊အလုံး၊ဓားဆင်း အဖြစ်စတင်ကာ ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ကြပါသည်။

          ၂၀၂၀ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် မန်ကျည်းအထွက်ပိဿာပေါင်း (၂၅၀၀၀၀၀)ကျော်သာ ထွက်ရှိခဲ့ကြောင်း သိရပါသည်။မကျီးများစတင်ပေါ်ထွက်ချိန်ဖြစ်သည့် ဇန်နဝါရီလတွင် မန်ကျည်းအသား အစေ့လွတ်(ထိပ်စ) တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၊အလတ်စ တစ် ပိဿာလျှင်(၃၂၀၀)ကျပ်၊အောက်စ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ မကျီးအလုံး(အကြောပါ) တစ်ပိဿာလျှင် (၁၆၀၀)ကျပ်၊အလုံး(အကြောမပါ)တစ်ပိဿာလျှင် (၁၂၅၀)ကျပ်ဖြင့် စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှစ်ကုန်ဒီဇင်ဘာလ၌ မန်ကျည်းအသား အစေ့လွတ် (ထိပ်စ)တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊အလတ်စ တစ်ပိသာလျှင် (၃၂၀၀)ကျပ်၊အောက်စ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် အကြော မပါအလုံးတစ်ပိဿာလျှင် (၁၉၅၀)ကျပ်တို့ဖြင့် ဈေးပိတ်ခဲ့ပါသည်။

          ၂၀၂၁ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် မန်ကျည်းအထွက်ပိဿာ (၃၅၀၀၀၀၀)  ခန့်ထွက်ရှိခဲ့ကြောင်း သိရှိရပြီး စတင်ပေါ်ချိန်တွင် မန်ကျည်းအသား အစေ့လွတ် (ထိပ်စ) တစ်ပိဿာ (၂၃၀၀)ကျပ်၊အလတ်စ တစ်ပိဿာ (၂၂၅၀)ကျပ်နှင့် အောက်စတစ်ပိဿာ (၂၂၀၀) ကျပ်တို့ဖြင့် စတင်၍အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ဒီဇင်ဘာလတွင် အသားအစေ့လွတ်ထိပ်စ တစ်ပိဿာ(၂၇၅၀) ကျပ် ၊ အလတ်စ (၂၆၀၀) ကျပ်၊  အောက်စ (၂၂၀၀) ကျပ် တို့ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ်၏ မန်ကျည်းအသားအစေ့လွတ်လက်ကျန်ပိဿာမှာ(၆၀၀၀၀၀)နှင့် မန်ကျည်းအလုံး (အကြောမပါ) မှာ (၄၀၀၀၀၀) ပိဿာခန့် ကျန်ရှိကြောင်းသိရှိရပြီး ယနေ့ဈေးကွက်အတွင်း မန်ကျည်းအဟောင်း အသား (ထိပ်စ) တစ် ပိဿာလျှင် (၂၈၀၀)ကျပ်၊ အလတ်စ(၂၅၀၀)ကျပ် ၊အောက်စ (၂၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။၂၀၂၂ ခုနှစ် ဈေးကွက်အတွင်း မန်ကျည်းများ ဝင်ရောက်နေပြီဖြစ်ရာ ပုပ္ပား မန်ကျည်းအသစ်မှာ ထိပ်စတစ်ပိဿာ(၄၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာ(၃၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်စတင်ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် အဝင်ပိဿာ (၂၀၀-၃၀၀)ခန့် ဝင်ရောက်နေပြီဖြစ် ကြောင်း သိရှိရပါသည်။ မကျီးအရောင်း အဝယ်မှာလည်း ယနေ့ချိန်တွင် ပြည်ပသို့တင်ပို့ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း၊ပြည်တွင်း ဈေးကွက်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့များသို့ အဓိကတင်ပို့ကြပြီး တစ်ပါတ်လျှင် ကုန်ချိန်ပိဿာ(၇၀၀၀) မှ (၁၀၀၀၀) ပိဿာထိသာ တင်ပို့ရောင်းချနေကြောင်း သိရှိရပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း ဒေသခံ မန်ကျည်းကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။ မန်ကျည်းအား တန်ဖိုးမြှင့် ထုတ်ကုန် (value added) အနေဖြင့် ထုတ်လုပ် တင်ပို့ရောင်းချမည်ဆိုပါက ဒေသတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်သလို ဝင်ငွေမှာလည်း တိုးတက်ရရှိနိုင်ပြီး ပြည်ပများမှဝင်ရောက်နေသော မန်ကျည်းအနှစ်၊မန်ကျည်းဖျော်ရည်၊ မန်ကျည်းတော်ဖီ၊ မန်ကျည်းပလိပ်ပြား စသည့်မန်ကျည်းထုတ် ကုန် ပစ္စည်းများအား အစားထိုးသုံးစွဲလာခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲရာတွင် ချွေတာရာရောက်မည် ဖြစ်၍ ကုန်သည်များမှ စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး