Main menu

 “စိုက်ပျိုးသူတောင်သူများ အကျိုးဖြစ်ထွန်းနေသော Hybrid ဒန့်သလွန်”

Powered by Drupal

            မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဖြိုးဓနလင်း၊ဒု-ဦးစီးမှူး သည် ဝမ်းတွင်းမြို့ စိုက်ကွင်း (၁) ကျေးရွာသို့ ကွင်းဆင်း၍ အိန္ဒိယဒန့်သလွန် စိုက်ပျိုးသော တောင်သူဦးမြအေးနှင့် စိုက်ပျိုးထုတ်လုပ်မူ အခြေအနေများကိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။

            ဒန့်သလွန်ပင်သည် အပူပိုင်းသီနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်မရွေးဖြစ်ထွန်းသဖြင့် ရာသီဥတု မရွေးစိုက်ပျိုးနိုင်သောအပင်ဟုဆိုနိုင်ကြောင်း၊ ဒန့်သလွန်ပင်ဟာ သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေ မ‌ရွေးဖြစ်ထွန်းသော အပင်ဖြစ်ကြောင်း၊ ဒန့်သလွန်စိုက်ပျိုးရန် ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေ စေးများတွင် အကောင်းဆုံးဖြစ်ကြောင်း၊ ဒန့်သလွန်ပင်ကို ကိုင်ဖြတ်၍သော်လည်းကောင်း၊ အစေ့တိုက်ရိုက်မြေချ၍သော်လည်းကောင်း၊ ပျိုးထောင်၍သော်လည်းကောင်း စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

            ဒန့်သလွန်မျိုးမှာ အိန္ဒိယမျိုးဖြစ်၍ အစေ့တစ်စေ့လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပျိုးထောင်စိုက်ပျိုးခဲ့ ကြောင်း၊ ဒန့်သလွန် တစ်ဧကလျှင် (၄၃၅) ပင် (၁၀'x ၁၀') ခြား စိုက်ပျိုးဝင်ဆန့်ပါကြောင်း၊၂၀၁၉ ခုနှစ်တွင် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ယခု ၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ် ၂ သိန်း ခန့်  ကုန်ကျပြီး နှစ်အနည်းငယ်အတွင်း အကျိုးဖြစ်ထွန်းသော ဒန့်သလွန်ပင်ဖြစ်ကြောင်း သိရှိရပါသည်။

            မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမြို့နယ် စိုက်ကွင်း (၁) ကျေးရွာနှင့် သာစည်မြို့နယ် မြိုင်သာကျေးရွာတွင် ဒန့်သလွန်စိုက်ဧက ၃ ဧကစီ၊ စုစုပေါင်း ၆ ဧက စိုက်ပျိုးထားကြောင်းနှင့် အမျိုးအစားအနေဖြင့် အိန္ဒိယမျိုး (P.K.M.I) ကို စိုက်ပျိုးကြောင်းသိရှိရပါသည်။ စိုက်ပျိုးပြီးအပင်သက်တမ်း ၇ လ ၈ လကြာလျှင် အသီးခူးဆွတ် နိုင်ကြောင်း၊ အပင်သက်တစ်နှစ်ဝန်းကျင်ကျော်ရှိသော ဒန့်သလွန်ပင်တစ်ပင်လျှင် တစ်နှစ်လျှင် အတောင့် (၁၂၀/ ၁၅၀)ဝန်းကျင်ထိ ထွက်ရှိကြောင်း၊ အပင်သက်တမ်းအနေဖြင့် (၅/၆)နှစ်ခန့် ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။ ဒန့်သလွန်ပင်သည် ၁ နှစ်တွင် ၂ ကြိမ်ခူးဆွတ်ရပြီး၊ ဒန့်သလွန် ၁ ဧက လျှင် (၄၃၅) ပင်အား တစ်နှစ် ခြံအပြတ်စနစ် (၆၅) သိန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ထွက်ရှိသော ဒန့်ဒလွန်သီးများအား မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန်၊ မြဝတီ စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရပါသည်။

            ဒန့်သလွန်သီးပင်သည်ယခုအချိန်တွင် စျေးကွက်ရောင်းဝယ်အားကောင်းပြီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အကျိုးစီးပွားဖြစ်ထွန်းသော သီးနှံတမျိုးဖြစ်၍ ပိုမို စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း စိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံမေးမြန်းမူ့အား တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)