Main menu

 “မိတ္ထီလာမြို့နယ်တွင် ဆိတ်မွေးမြူးရေးလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လာ’’

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၇.၁.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့နယ် အင်းပက်လက်ကျေးရွာနှင့် ရေချို ကျေးရွာ တို့ရှိ ဆိတ်မွေးမြူရေးလုပ်ငန်းရှင် တောင်သူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            မိတ္ထီလာမြို့နယ်၊ အင်းပက်လက်ကျေးရွာနှင့် ‌ရေချိုကျေးရွာရှိတောင်သူများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အများအားဖြင့် စပါး၊နှမ်း၊မြေပဲ၊ကုလားပဲ၊ ပဲစဉ်းငုံ၊ ဝါသီးနှံများကို အများဆုံး စိုက်ပျိုးကြသည်။ ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် ဆိတ်မွေးမြူရေးလုပ်ငန်းကို အဓိကထား၍ တွဲဖက် လုပ်ကိုင်လာကြသည်ကို တွေ့ရကြောင်း သိရှိရပါသည်။ အင်းပက်လက်ကျေးရွာတွင် အိမ်ခြေ(၃၅၀)ရှိပြီး ဆိတ် မွေးမြူကြသည့် တောင်သူ (၅၃)ဦးနှင့် ရေချိုကျေးရွာတွင် အိမ်ခြေ(၅၀၁) ရှိပြီး ဆိတ်မွေးမြူသည့် တောင်သူ (၄၀)ဦးခန့်ရှိကြောင်း၊ ထိုကျေးရွာများတွင် ဆိတ်မွေးမြူရေးလုပ်ငန်းကို အများအားဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူ ကြပြီး အစာဝယ်မကျွေးရပဲ တောထဲလွှတ်ကျောင်းသည့်စနစ်ဖြင့် မွေးမြူကြပြီး၊ မွေးမြူသူ (၁)ဦးတွင်အနည်းဆုံး ဆိတ်အကောင် ရေ(၂၀မှ ၅၀ထိ) မွေးမြူကြကြောင်း သိရှိရသည်။ ဆိတ်မွေးမြူရေးလုပ်ငန်းကို အစာဝယ်ကျွေး သည့် စနစ်ဖြင့် စီးပွားဖြစ်လုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းရှင် တောင်သူ(၃)ဦးရှိကြောင်း၊ ၁ ဦးလျှင် ဆိတ် အကောင်ရေ (၂၀၀မှ ၃၀၀ထိ) မွေးမြူကြကြောင်း သိရှိရပါသည်။

            ဆိတ်မွေးမြူရာတွင် အသားတိုးဆိတ်နှင့် မျိုးပွားဆိတ်ဟူ၍ ခွဲခြားမွေးမြူထားကြကြောင်း၊ အသားတိုး ဆိတ်များကို မွေးမြူရာတွင် ဆိတ်ထီးနှင့် ဆိတ်မများကို သီးသန့်ခွဲခြားထားမွေးမြူကြကြောင်း တွေ့ရှိရပြီး၊ တစ် နှစ်မွေးမြူပါက ၃၅ ပိဿာအထိကြီးထွားမှုရှိကြောင်း၊ မျိုးပွားဆိတ်အဖြစ်မွေးမြူထားသော ဆိတ်များမှာ ၁ နှစ်လျှင် ၂ သား ပုံမှန် မွေးဖွားကြောင်းသိရပြီး တစ်ခါမွေးလျှင် (၁ ကောင်မှ ၂ ကောင် ၃ ကောင်အထိ) သားပေါက်များ မွေး ဖွားနိုင်ကြောင်း သိရှိရပါသည်။ အသားတိုးဆိတ်ကြီး (ကစီး)မျိုး ၁ နှစ်ခွဲ အရွယ်ကို (၁၀၀၀၀၀) ကျပ် စျေးပေး၍ ပခုက္ကူ၊ ညောင်ဦးမြို့နယ်များဘက်မှ မျိုးအဖြစ်ဝယ်ယူမွေးမြူကြပြီး မျိုးပွားဆိတ်သေး ၁ နှစ်သား အရွယ်ကို (၇၅၀၀၀) ကျပ်စျေးဖြင့် မြို့နယ်တွင်းမှ ဝယ်ယူမွေးမြူကြရကြောင်း သိရှိရပါသည်။ ဆိတ်အကောင်ရေ (၅၀)ခန့် မွေးမြူနိုင်သော ဆိတ်ခြံ (၁) ခြံ တည်ဆောက်ရန် (၁၅)သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်ကြောင်း၊ အသားတိုးဆိတ် ကြီးမျိုးများ စတင်မွေးမြူလျှင် ဆိတ်တန်ဖိုးနှင့်ခြံတန်ဖိုးပေါင်း (၆၅) သိန်းကျပ်ခန့် ကုန်ကျနိုင်ပြီး ဆိတ်သေးမျိုး (မျိုးပွား) စတင် မွေးမြူလျှင် ဆိတ်တန်ဖိုးနှင့် ခြံတန်ဖိုးပေါင်း (၅၂) သိန်းကျော်ကုန်ကျနိုင်ကြောင်း ဆိတ်မွေးမြူ ‌ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

            အစာဝယ်ယူကျွေးမွေးရသော မွေးမြူ‌ရေးဆိတ်များအတွက် အစာအဖြစ် ဇီးသီးကြိတ်ဖက်၊ ဝါစေ့ကြိတ် ဖက်၊  ပဲအနှစ်နှင့် ကုလားပဲအခွံများကို ရောနယ်၍ကျွေးရပါသည်။ ဇီးကြိတ်ဖက်နှင့် ဝါစေ့ကြိတ်ဖက်များကို ပခုက္ကူမြို့နယ်ဘက်မှ ဝယ်ယူရပြီး ပဲအနှစ်နှင့် ကုလားပဲအခွံများကို မိတ္ထီလာမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ ပဲခွဲ စက်များမှ ဝယ်ယူကြရကြောင်း သိရှိရပါသည်။ ဇီးကြိတ်ဖက် ၁ အိတ်လျှင် ၂၀၀၀ ကျပ်၊ ဝါစေ့ကြိတ် ဖက် ၁ အိတ်လျှင် ၁၅၀၀၀ ကျပ်၊ ပဲအနှစ် ၁ ပိဿာလျှင် ၁၀၀၀ ကျပ်၊ ကုလားပဲအခွံ ၁ ပိဿာလျှင် ၇၅၀ ကျပ် စျေးနှုန်း ဖြင့် ဝယ်ယူကြရကောင်း သိရှိရပါသည်။

            ဆိတ်များသည် မိုးတွင်းကာလတွင် ရာသီဥတုဒဏ်မခံနိုင်၍ ပိုမို ဂရုစိုက်ရကြောင်း၊ ဆိတ်များရောင်းချ ရာတွင်အကောင်ပြတ်စနစ်ဖြင့် ၁ ပိဿာလျှင် ၆၀၀၀ ကျပ်စျေးဖြင့်ရောင်းချကြကြောင်းသိရှိရပါသည်။ မိတ္ထီလာ မြို့ (နွားပွဲ/ဆိတ်ပွဲ)စျေးသို့လည်းကောင်း ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးမြို့များသို့လည်းကောင်း တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။ ဆိတ်တစ်ကောင်သည် ၁ နှစ်လျှင် (၄ ကောင်မှ ၆ ကောင်အထိ) မျိုးပွားနိုင်၍ တွက်ခြေ ကိုက်သဖြင့် အချို့မိသားစုများသည် ဆိတ်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း သိရှိရ ပါသည်။

            မိတ္ထီလာမြို့နယ်၊ အင်းပက်လက်ကျေးရွာနှင့် ရေချိုကျေးရွာရှိ ဆိတ်မွေးမြူရေးလုပ်ငန်းသည် ယခုလို Covid-19 ကာလအတွင်းနှင့် Covid-19 အလွန်ကာလများတွင် အခြားစီးပွား‌ရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှပ်နှံချိန်ကာလ တိုတောင်းပြီး အချိန်တိုအတွင်း တွက်ခြေကိုက်၍ ဝင်ငွေရရှိနိုင်သော လုပ်ငန်းတစ်ခုဖြစ် သည့်အတွက်ကျေးရွာနေပြည်သူများသည် တိုးချဲ့မွေးမြူလုပ်ကိုင်လာကြသည်ကိုတွေ့ရှိရပြီး နိုင်ငံတော်အတွက် စီးပွားရေးအလားအလာကောင်းသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)