Main menu

အထက်မင်းလှမြို့နယ်ရှိ လောင်စာတောင့်လုပ်ငန်းအကြောင်း တစေ့တစောင်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် မြေလတ်ဒေသတွင်တည်ရှိပြီး ရေနံထွက်ရှိရာဒေသဖြစ်သည့်အလျောက် ရေနံတူးဖော်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ကြသလို စိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် အခြားအသေးစားစက်မှုလက်မှုလုပ်ငန်းများကို လုပ်ကိုင်ကြလျက်ရှိပါသည်။

       အထက်မင်းလှမြို့နယ်၌ ရေနံမီးသွေးမှတဆင့်ထုတ်လုပ်သော လောင်စာတောင့်လုပ်ငန်းလုပ် ကိုင်သူ လုပ်ငန်းရှင် (၈)ဦးခန့်ရှိပြီး ရွာတော်ကျေးရွာရှိ "မျိုးမဟာ" လောင်စာတောင့်လုပ်ငန်းမှာ လည်းတစ်ခုအပါအဝင်ပင်ဖြစ်ပါသည်။ လောင်စာတောင့်ထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများမှာ ရေနံမီးသွေး၊ ကော်မှုန့်နှင့် ကျောက်မှုန့်(ခေါ်)ဂါလီတို့ဖြစ်ကြောင်း၊ အဓိကကုန်ကြမ်းတစ်ခု ဖြစ်သည့် ရေနံမီးသွေး(ခေါ်)ရေနံဂျိုးများကို မင်းလှမြို့အနီး မန်းသံပုရာကန်ရေနံချက်စက်ရုံ(PIC)မှ တစ်တန်လျှင် ကျပ်(၆၀၀၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ ကျန်ကော်မှုန့်နှင့် ကျောက်မှုန့်များကို မန္တလေးမြို့မှ ဝယ်ယူကြောင်း၊ လောင်စာတောင့်အဖြစ်ထုတ်လုပ်ရာတွင် ရှေးဦးစွာ ရေနံမီးသွေးများကို ကြိတ်စက်ဖြင့်ကြိတ်ရကြောင်း၊ ကြိတ်ပြီးသော ရေနံမီးသွေးများ အမှုန့်အဆင့်ရောက်သည့်အခါ ကြိုထားသောကော်ရည်မှုန့်နှင့် ကျောက်မှုန့်တို့အချိုးကျရောစပ်၍ မွှေစက်ထဲသို့ထည့်ကာ ရောမွှေပြီး တစ်ညခန့်သိပ်ထားပေးရကြောင်း၊ တစ်ညခန့်သိပ်ပြီးနောက် မနက်ရောက်သည့်အခါတွင် အလျား(၂) လက်မခွဲ၊ အဝိုင်းပတ်ပတ်လည်(၁)လက်မခွဲခန့်ရှိသော ပုံစံခွက်ထဲသို့ထည့်၍  ရိုက်ပေးရကြောင်း၊ ထို့နောက် ရိုက်ထားပြီးသော လောင်စာတောင့်အခဲများအား (၁၅)ရက်ခန့် နေလှန်းပေးရကြောင်း၊ နေလှန်းပြီး လောင်စာတောင့်များအား ရောင်းချရန် တစ်အိတ်လျှင် (၂၅)ပိဿာခန့်စီထုပ်၍ ရောင်းချကြောင်း သိရှိရပါသည်။

  လုပ်အားအနေဖြင့် အလုပ်သမား(၁၀)ဦးခန့်ရှိပြီး တစ်ဦးလျှင် လောင်စာတောင့်ထုတ်လုပ်နိုင်မှုမှာ အခဲရေ(၁၀၀၀ မှ ၂၀၀၀)ထိရှိကြောင်း၊ အလုပ်သမားတစ်ဦး၏ တစ်နေ့တာလုပ်အားခမှာ ရိုက်နိုင်သည့်အခဲပေါ်မူတည်၍ ကျပ်(၅၀၀၀ - ၁၅၀၀၀-၂၀၀၀၀)ကြားပေးရကြောင်း၊ လောင်စာတောင့်လုပ်ငန်း၏ တစ်နေ့တာကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ ဒီဇယ်ခ၊ မီတာခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၈၀၀၀၀ မှ ၁၀၀၀၀၀)နီးပါးကုန်ကျကြောင်း၊ လောင်စာတောင့်လုပ်ငန်းတစ်ခုလုံး၏ စလယ်ဆုံးကုန်ကျစရိတ်မှာ ကျပ်သိန်း(၁၅၀ မှ ၂၀၀)ထိ ကုန်ကျကြောင်း၊ မိမိ၏လောင်စာတောင့်လုပ်ငန်းမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့လိုင်စင်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  မှတ်ပုံတင်လည်းရရှိထားသည့်အပြင် အခွန်လည်းပုံမှန် ဆောင်ထားသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထပ်မံ၍လည်း လောင်စာတောင့်လုပ်ငန်းရုံ(၂)ခုတိုးချဲရန် ရည်ရွယ်ထားကြောင်း၊ ဈေးကွက်အနေဖြင့် လောင်စာတောင့်(၁)ပိဿာလျှင် ကျပ်(၁၇၀၀)ဖြင့် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင်မြို့များသို့ တင်ပို့ရောင်းချကြောင်း ရွာတော်ကျေးရွာနေ လောင်စာတောင့်လုပ်ငန်းပိုင်ရှင် ဦးမျိုးမင်းထွန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)