Main menu

၂၀၂၄ ခုနှစ် ဧပြီလလယ်အထိ ဆန်တန်ချိန် ၁.၄ သန်း ဖိလစ်ပိုင်တင်သွင်းခဲ့

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ ယခင်နှစ် ကာလတူ၌ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက ဧပြီလလယ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ သီးနှံလုပ်ငန်းဌာန (BPI) ၏ အချက်အလက်များအရ သိရသည်။

    အဆိုပါဌာန၏ နောက်ဆုံးထုတ်ဝေသော အစီရင်ခံစာအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၉ ရက်နေ့အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ယခင်နှစ် ကာလတူတင်သွင်းမှု ဆန်တန်ချိန် ၁.၃၁ သန်းအပေါ် ၇.၉၅% တိုးတက်လျက် မက်ထရစ်တန် ၁.၄၂ သန်းသို့ မြင့်တက်ခဲ့ ကြောင်း သိရသည်။ သို့သော် ယခုနှစ် ဧပြီလအတွင်း အဆိုပါနေ့ရက်အထိ ဆန်တင်သွင်းမှုမှာ မက်ထရစ်တန် ၂၄၃၇၁၀.၉၂ ရှိပြီး ယင်းသည် ယခင်နှစ်ကာလတူ တင်သွင်းမှု မက်ထရစ်တန်ချိန် ၅၁၆၈၉၅.၁၇ ၏ ထက်ဝက်ခန့် လျော့နည်းမှုရှိကြောင်း သိရှိရပါသည်။

     BPI ဌာနသည် ယခုနှစ် နှစ်စပိုင်းမှ လက်ရှိကာလအထိ ဆန်တင်သွင်းမှုဆိုင်ရာ အပင်ရောဂါပိုးမွှားကင်းရှင်းကြောင်းလက်မှတ် စုစုပေါင်း ၁၉၅၂ စောင်ကို အသိအမှတ်ပြုထားသည့် သွင်းကုန်လုပ်ငန်းရှင်များထံသို့ ထုတ်ပေးထားပြီးဖြစ်သည်။

    အဆိုပါကာလအတွင်း ဆန်တင်သွင်းမှု စုစုပေါင်း၏ ၆၇.၁၄% ရှိသော ဆန် ၉၅၅၈၁၇.၈၇ တန်ကို ဗီယက်နမ်နိုင်ငံထံမှ အဓိကရယူတင်သွင်းခဲ့ခြင်းဖြစ်သည်။ ၎င်း၏နောက်၌ ထိုင်းနိုင်ငံမှ ဆန် ၂၆၅၀၁၉.၆၄ တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၃၃၉၈၄.၅၀ တန်နှင့် မြန်မာနိုင်ငံမှ ၅၉၈၈၀ တန် အသီးသီးတင်သွင်းခဲ့သည်။ ကျန်ပမာဏသည် တရုတ်၊ ဂျပန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အီတလီ နှင့် စပိန်နိုင်ငံတို့မှ ဖြစ်သည်။

     ဖိလစ်ပိုင်နိုင်ငံသည် ယခင်နှစ်တွင် ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းခဲ့ရာ ၂၀၂၂ ခုနှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၃.၈၂ သန်းအပေါ် ၅.၉% ကျဆင်းခဲ့သည်။ ယခုနှစ်အတွက် ဆန်တင်သွင်းမှုအား ယခင်နှစ်တင်သွင်းသည့် ပမာဏထက် ကျော်လွန်ခြင်းမရှိစေရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက စီမံဆောင်ရွက်လျက်ရှိသည်။

     သို့သော် ပြည်တွင်းဆန်လက်ကျန်မှာ မတ်လ ၁ ရက်နေ့ရှိ စာရင်းများအရ ၃.၀% ကျဆင်း ခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ မတ်လအစတွင် ဆန် သိုလှောင်မှုသည် တန်ချိန် ၁.၃၇ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် အလားတူကာလတွင် ကျန်ရှိသည့် တန်ချိန် ၁.၄၁ သန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေခဲ့သည်။ လအလိုက် နှိုင်းယှဉ်ပါက ဖေဖော်ဝါရီ ၁ ရက်နေ့ရှိ ဆန်လက်ကျန်တန်ချိန် ၁.၅၁ သန်းအပေါ် ၉.၆% ကျဆင်းခဲ့သည်။

     ထိုသို့သော အခြေအနေတွင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့၏ သိုလှောင်ရုံအများအပြားကို ယာယီပိတ်ထားသော် လည်း အယ်လ်နီညိုကာလတွင် နိုင်ငံအတွင်း ဆန်အလုံအလောက်ရှိကြောင်း အာမခံချက် ပေးခဲ့ သည်။ ယခုနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် အမေရိကန်စိုက်ပျိုးရေးဌာနက ခန့်မှန်းထားသည့် မက်ထရစ်တန်ချိန် ၄ သန်းသို့ ရောက်နိုင်ဖွယ်မရှိဟု ၎င်းက ပြောကြားခဲ့သည်။

Source: Manila Times, 30 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)