Languages

Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ

          ကြက်သွန်နီသည် နေ့စဉ်စားသုံးသောအစားအစာတို့တွင် မပါမပြီးအလွန်အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်းလျာများကိုအနံ့အရသာကောင်းမွန်စေရုံမျှမကစားသုံးသူတို့၏ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီကိုနှစ်စဉ်စိုက်ဧက (၁.၈)သိန်း ကျော် ရှိကြောင်းသိရှိရပြီးမန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြက်သွန်နီ(မိုး) စိုက်ဧက(၂၄၀၀)ကျော်၊ ဆောင်းစိုက်ဧက (၃၅၀၀၀)ကျော် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီးထွက်ရှိမှုမှာပိဿာ သိန်း(၁၅၀၀)ကျော်ခန့် ထွက်ရှိ ပါသည်။ မျိုး၊ အလေအလွင့်၊ စားသုံးမှုနုတ်ပါကနှစ်စဉ်ပိုလျှံမှုပိဿာသိန်း(၉၀၀)ခန့်ရှိပါသည်။တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (မိုး)တစ်ဧက(၈)သိန်းခန့်၊ ဆောင်း တစ်ဧက (၁၇)သိန်းခန့် ကုန်ကျပြီးမိုးထွက်ရှိမှုမှာတစ်ဧကပိဿာ(၂၅၀၀)ခန့် ဆောင်းစိုက် တစ်ဧက အထွက် ပိဿာ(၄၅၀၀)မှ (၅၀၀၀)ခန့် ထွက်ရှိကြောင်းသိရပါသည်။ကြက်သွန်နီစိုက်ပျိုးသည့် မျိုးများမှာ မြေနဲမျိုး၊ ရွှေဖလားထိပ်မောက်၊ မြင်းခြံမျိုးများကို အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော ကြက်သွန်နီများမှာ ဒေသတွင်းစျေးကွက်အနေဖြင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဟုမ္မလင်း၊ ခန္တီး၊ ကချင်ပြည်နယ်နှင့် ရန်ကုန်၊ မန္တလေးစျေးကွက်များသို့ အများဆုံးတင်ပို့ကြောင်း သိရှိရပါသည်။ စီးထွက်မှုအခြေအနေမှာမုံရွာခရိုင်မှ ထွက်ရှိသော ကြက်သွန်နီ များမှာ မုံရွာစျေးကွက်ရှိကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်ပြီးမုံရွာပွဲရုံများမှတစ်ဆင့် ဝယ်လိုအားရှိသော မန္တလေး၊ ရန်ကုန်၊ လားရှိုး၊ ပခုက္ကူ၊ မြင်းခြံ၊ မြစ်ကြီးနား၊ ခန္တီးတို့သို့ နေ့စဉ် ပိဿာ(၂၅၀၀၀ မှ ၃၀၀၀၀) တစ်လတန်(၇.၅သိန်းမှ ၈သိန်း)ခန့် ပုံမှန်တင်ပို့လျက် ရှိကြောင်း လေ့လာသိရှိရပါသည်။

          ၂၀၁၇-၂၀၁၈ ခုနှစ် ထွက်ရှိသည့် ကြက်သွန်နီများ၏ စျေးကွက်လက်ကျန်အခြေအနေမှာ (ခန့်မှန်း)၃၀ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးကြောင်းလေ့လာသိရှိရပါသည်။ ပိဿာအားဖြင့် သိန်း(၂၅၀)ခန့် ကျန်ရှိနေသေးကြောင်း ပွဲရုံ၊ ကုန်သည်၊ ကြက်သွန်စိုက်တောင်သူများထံမှ လေ့လာသိရှိရပါသည်။ ကာလတူကာလထက် လက်ကျန်အနည်းငယ် လျော့နည်းကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ယခုနှစ်စျေးနှုန်းများမှာလည်း တစ်ပိဿာလျှင် ကျပ် (၁၂၀၀ိ/ မှ ၁၄၀၀ိ/) ရှိနေပြီး စျေးနှုန်းအခြေအနေမှာ ယခင်နှစ် တစ်ပိဿာကျပ် (၂၀၀၀ိ/) ထက် လျော့နည်းနေသေးကြောင်း သုံးသပ်ရပါသည်။ ယခင်နှစ်ကထက် စျေးမျှော်လင့်ချက်ဖြင့် ကြက်သွန်နီများစျေးထိန်းရောင်းချမှုကြောင့် ပြည်တွင်းစျေး (၂၅၀၀ိ/) ကျပ်ခန့် လပိုင်းမျှအမြင့်စျေးဖြစ်ပေါ်ခဲ့ကြောင်းသုံးသပ်တွေ့ရှိရပါသည်။

          စျေးကွက်သဘောအရကုန်ပစ္စည်းများသည် နိမ့်ရာမှမြင့်ရာသို့ စီးဆင်းလေ့ရှိသဖြင့် တရုတ် ကြက်သွန်နီများမုံရွာအရောက်စျေးမှာ တစ်ပိဿာ လျှင် ကျပ်(၈၅၀ိ/) ဖြင့် နေ့စဉ်ပိဿာ (၅၀၀၀၀)ခန့် ဝင်ရောက်ခဲ့ကြောင်းဖြစ်စဉ်များရှိသဖြင့် ပြည်ပကြက်သွန်နီများ စျေးကွက်မဝင်ရောက်မီ မိုးကြက်သွန်နီ များများစိုက်၍ သင့်တင့်မျှတသောစျေး (တောင်သူတွက်ခြေကိုက်) ဖြင့် စိုက်ပျိုးမှု၊ ရောင်းချမှု သင့်တင့်မျှတသောစျေးကွက်ကိုဖော်ဆောင်ကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

 

 

ဒေါ်ဝေဝေ

မုံရွာမြို့