Main menu

HighLight News

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များသည် ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရေးဆွဲထားသည့်ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချနိုင်ရေးနှင့် ခွဲတမ်းရရှိသည့် ဆီပမာဏကိုလည်း ပြည်သူများထံ အပြည့်အဝရောင်းချနိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် ရောနှောဆီများနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသည့် ဆီလုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးက ဖြည့်စွက်အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဆီစက်လုပ်ငန်းရှင်(၂၃) ဦးတက်ရောက်ခဲ့ကကြပြီး နံနက် (၁၁:၃၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၄၅)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

      အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက ဆန်/စပါးစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏သိုလှောင်ရုံများကို အမြန်ဆုံးမှတ်ပုံတင်ထားရှိထားနိုင်ရေးနှင့် ပတ်သက်သည့်လုပ်ငန်းဆောင်တာများရှင်းလင်းပြောကြားခဲ့၍ အခက်အခဲဖြစ်ပေါ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ ဈေးကွက်ဈေးနှုန်းအခြေအနေတို့ကိုမေးမြန်း၍ လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်များကို ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည် (၂၉) ဦးတက်ရောက်ကြ၍ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးတို့ကိုရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ (Mayday) အထိမ်းအမှတ်အနေဖြင့် MSMEs ဈေးရောင်းပွဲတော်ကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၃၀ရက်နေ့မှ မေလ ၂ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ ညောင်လေးပင်ခရိုင်၊ (၆) ခရိုင်ရှိ MSMEs လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒေသထုတ်ကုန်နှင့် ဒေသထွက်အစားအစာများကို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ၃၃လမ်းတွင် ဆိုင်ခန်းပေါင်း (၁၁၀) ဖြင့် လုပ်ငန်းအမျိုးအစား (၁၀၀၀)ကျော်အား သတ်မှတ်မူရင်းဈေးနှုန်းများဖြင့် ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းအား စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

      မြန်မာနိုင်ငံဆီကုန်သည်များအသင်းက ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုစိစစ်ဖော်ထုတ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့မှတာဝန်ရှိသူများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ မေလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

       အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ကော့မှူးမြို့နယ်တွင် လက်လီ/ လက်ကားရောင်းချခွင့်ရရှိထားသည့် ဆီအရောင်းကိုယ်စားလှယ်များအနေဖြင့် မိမိတို့ထုတ်ယူရရှိသည့်ဆီခွဲတမ်းများကို ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ထားသော ရည်ညွှန်းဈေးကိုအခြေခံ၍ သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ယူပြီး ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပေးရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက မိမိတို့၏ စားသုံးသူရေးရာဦးစီးဌာနမှလည်း စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချမှုများကို စဉ်ဆက်မပြတ် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်ဟုသိရသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်ဇုန်ရှိ MM Interplast Co.,Ltd ပလတ်စတစ်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၂)ဦးတို့သည် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၂၀/၁၂၁)မင်းဧရာလမ်း၊ ရွှေသံလွင်ဇုန်ရှိ MM Interplast Co.,Ltd ပလတ်စတစ်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လုပ်ငန်းအမျိုးအစား၊ တစ်လထုတ်လုပ်သည့်ပမာဏ၊ ရင်းနှီးမြှုပ်နှံမှု (ကျပ်သန်း)၊ လုပ်သားဦးရေ၊ ဖြန့်ဖြူးသည့်ဒေသနှင့် စက်ရုံတွင်တွေ့ကြုံရသော အခက်အခဲ (ကုန်ကြမ်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ လုပ်သား၊ အခြား) ပတ်သက်သည့် အကြောင်းအရာများမေးမြန်းရာတွင် လျှပ်စစ်မီးရရှိမှု၊ ကုန်ကြမ်းနှင့်သွင်းကုန်လိုင်စင်အခဲများရှိကြောင်း ပြောကြားခဲ့ပြီး ထုတ်လုပ်သည့်ကုန်ပစ္စည်းတွင် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်ဖြစ်သော စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ ပြည့်စုံစွာပါရှိရန် အဓိကထားလုပ်ဆောင်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

 

         

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၂-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်မှစ၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှ (၂)ဦးပူးပေါင်းပါဝင်လျက် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာ မလိခလမ်းရှိ ဝင်းဆေးဆိုင်၊ ဦးပုညလမ်းရှိ ဝင်းပြည့်ဆေးဆိုင်၊ နေလင်းဆေးဆိုင်၊ မန္တလေးလမ်းမပေါ်ရှိ အေးရိပ်မွန်၊ ရွှေပုလဲနှင့် မိသားစုဆေးဆိုင်များ၌ ဈေးကွက်အတွင်း ဆေးဈေးနှုန်းများမြင့်တက်နေမှုရှိ/ မရှိ၊ ဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ၊ ဆေးဈေးနှုန်းများမှာ ယခင်လထက် ယခုလအတွင်း ဈေးမြင့်တက်သွားရသည့်အကြောင်းအရင်းမှာ ဆေးဝါးအများစုကို ကုမ္ပဏီများတွင်ဝယ်ယူရပြီး ကုမ္ပဏီမှဈေးတက်၍ လိုက်တတ်ရခြင်းဖြစ်ကြောင်း၊ ဈေးကွက်အတွင်း၌ ဆေးဝါးများပြတ်လပ်မှုမရှိကြောင်း၊ သို့သော်လည်း တချို့ဆေးဝါးများမှာ ဝယ်ယူရသည့်ဈေးနှုန်းမြင့်တက်ပြီး ဝယ်လိုအားနည်းသွားသောကြောင့် ဆိုင်အများစုမှာ ဝယ်ယူရောင်းချခြင်းမရှိတော့ကြောင်းသိရှိရပြီး၊ ၎င်းနောက် FDA ၏ထောက်ခံချက်မရှိသော ဆေးဝါးများအား ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)        

တိုက်ကြီးမြို့နယ်တွင် ဝက်သားသတ်လိုင်စင်ရဆိုင်ရှင်အား တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်း ဝက်သားသတ်လိုင်စင်ရရှိသူ ဦးဝေယံရဲမြင့်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

      တိုက်ကြီးမြို့နယ်၌ ယခင်နှစ်များအတွင်း လိုင်စင်ရရှိသူများသည် ဈေးအတွင်း/ ဈေးပြင်ကိုဖြန့်ဖြူးမှုမရှိဘဲ ၎င်းဆိုင်၌သာဝယ်ယူရပြီး ပြင်ပရောင်းချခွင့်မပြုခဲ့ပါ။ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ဝက်သားလိုင်စင်ရရှိသူ ဦးဝေယံရဲမြင့်က ဈေးအတွင်း/အပြင်ရှိ ဝက်သားအရောင်းဆိုင်များကိုလည်း ဆက်လက်ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး   ဝက်သားသန့်သန့်တစ်ပိဿာလျှင် ၈၄၀၀ကျပ်၊ သုံးထပ်သားတစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ ဝက်တွင်း(ကလီစာ)တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ ရိုးရိုးသားတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အရိုးအသားတစ်ပိဿာလျှင် ၃၉၀၀ကျပ်၊ နံရိုး/ ခေါင်းသားတစ်ပိဿာလျှင် ၅၂၀၀ကျပ်နှင့် ဝက်ခြေထောက်တစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် လက်လီ/ လက်ကားရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၉)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၌ အချင်အတွယ်မှန်ကန်ခြင်းရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း မှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး နေ့စဉ်ဆီကားဝင်ရောက်မှုအခြေအနေ၊ စက်သုံးဆီရောင်းချမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်သိုလှောင်ကန်များကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

         

မှော်ဘီမြို့မဈေးအတွင်း စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်နှင့် ဈေးသူ/ဈေးသားများအား ကွင်းဆင်းဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ စည်ပင်သာယာခန်းမတွင် (၂၉-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်၌ မှော်ဘီမြို့မဈေးရှိ စားအုန်းဆီ ရောင်းချသော ကုန်မျိုးစုံဆိုင်များနှင့် ဈေးသူ/ဈေးသားများအား ကွင်းဆင်းအသိပညာပေးဟောပြောခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဟောပြောဆွေးနွေးရာတွင် ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှသတ်မှတ်ထားသည့် ရည်ညွှန်းဈေး၊ (၂%)အမြတ်၊ သယ်ယူစရိတ်+လုပ်သားခတွက်ချက်၍ ရောင်းချရန် ညွှန်ကြားခဲ့ပြီးဖြစ်၍ သိရှိလိုက်နာဆောင်ရွက်ကြရန်နှင့် ဟင်းသီးဟင်းရွက်ဆီ၊ ပဲဆီ၊ နေကြာဆီများတွင်လည်း အသားတင်ပမာဏကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သား စသည်တို့ကို မြန်မာဘာသာဖော်ပြရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် (၁/၂၀၂၁)အရ ညွှန်ကြားချက်များအား ကုန်မျိုးစုံဆိုင်ရှင်နှင့် ဈေးသူ/ ဈေးသားများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ စားအုန်းဆီ လက်လီ/ လက်ကားအရောင်းဆိုင်များတွင် စားအုန်းဆီရောင်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင်ကြီးများနှင့် ဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် လက်လီဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များသို့သွားရောက်၍ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများအလွယ်တကူရရှိနိုင်ရန်နှင့် ရည်ညွှန်းဈေးအပေါ် (၂)ရာခိုင်နှုန်းအမြတ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ မေလ(၂)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့် ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားအုန်ဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ အမှတ်(၂) ရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ် ဦးရဲဝင်းကျော်ဆီဆိုင်နှင့် အမှတ်(၆)ရပ်ကွက်ရှိ စားအုန်းဆီအရောင်း ကိုယ်စားလှယ် ဦးရဲထွန်းဆီဆိုင်များတွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေး၊ ဆီဈေးနှုန်းတည်ငြိမ်စေရေး၊ သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးနှင့် ရောနှောဆီများဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေရေးတို့အတွက် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချပေးနိုင်သည့် ဆီကိုယ်စားလှယ်အရောင်းဆိုင်များအား သတ်မှတ်ခွဲတမ်းများ ခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းများအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအနေဖြင့် မိမိတို့၏ဒေသအရောက် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News