Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၁ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် “ ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်အစဉ်ရှေးရှု ”

နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားပြီး အထိမ်းအမှတ် ဆောင်ပုဒ်တစ်ခု ထုတ်ပြန်၍ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူအခွင့်အရေးများပြည့်ဝစေဖို့ စားသုံးသူများ၏ လိုအပ်ချက်အသံများကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့် အစိုးရအဖွဲ့အစည်းများက သိမြင်ပြီး အလေးဂရုပြု ဆောင်ရွက်ပေးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ၂၀၂၀ပြည့်နှစ်တုန်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာတော့ “Sustainable Consumer” “စားသုံးသူအရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေး” ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားတဲ့ စားသုံးသူအခွင့်အရေး(၈) ချက်မှာ ပါဝင်တဲ့ “ပစ္စုပ္ပန်တွင် သာမက အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း” ဆိုတဲ့ ရေရှည်မျှော်မှန်းဆောင်ရွက်ရမည့်အချက်နှင့်အညီ ဦးတည်ဆောင်ရွက်ကြစေဖို့ ရည်ရွယ်ပါတယ်။ ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံတိုင်းတွင် ရေရှည်အတွက် ပိုမိုတည်တံ့ခိုင်မြဲသော အလေ့အကျင့်ကောင်းများ မြှင့်တင်ကျင့်သုံးကြရန်အတွက် စည်းရုံး လှုံ့ဆော် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဆောင်ပုဒ်သတ်မှတ်

ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးရှိ စားသုံးသူပြည်သူအားလုံးရင်ဆိုင်ရတဲ့ COVID-19 ကပ်ရောဂါကို တွန်းလှန်ခဲ့ကြရပါတယ်။ COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသခြင်းတွေ ဆောင်ရွက်ကြရင်း လူမှု့ဘဝနှင့်လိုက်လျောညီထွေမှုရှိမယ့် New Normal လူနေမှု ဘဝပုံစံအသစ်နဲ့ နေထိုင်လှုပ်ရှားခဲ့ကြပါတယ်။ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အစားအသောက်များကို စားသုံးသူအခွင့်အရေးများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်နှင့် နစ်နာဆုံးရှုံးမှုများ မရှိအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ရောဂါကူးစက်မှု လျှော့ချနိုင်စေရန် ခရီးသွားလာမှုများ ကန့်သတ်မှုများရှိလို့ စက်သုံးဆီ သုံးစွဲမှု သိသာစွာလျော့ကျသွားတဲ့ ကောင်းကျိုးကိုတွေ့ရပေမယ့် အဆိုပါကာလအတွင်း အသုံးပြုခဲ့ရသော တစ်ခါသုံး Mask များ၊ PPE ဝတ်စုံများ၊ လက်အိတ်များ၊ ပလပ်စတစ်ထမင်းဘူး၊ ဇွန်း၊ ထည့်စရာခွက်နှင့် ရေသန့်ဗူးခွံများ စွန့်ပစ်မှုအများဆုံးနှစ် ဖြစ်လာခဲ့ပါတယ်။

ပလပ်စတစ်ပစ္စည်းများဟာ နှစ်ပေါင်းများစွာဆွေးမြေ့ပျက်စီးနိုင်ခြင်းမရှိလို့ ဂေဟစနစ်ကို ဆိုးကျိုးများ သက်ရောက်လာစေမည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ရပ် ဖြစ်နေတာတွေ့ရပါတယ်။ ဒီအခြေအနေကို အခြေခံပြီး ယခုနှစ် ၂၀၂၁ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်အစဉ်ရှေးရ (Tackling Plastic Pollution) ” ဟူ၍ သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။
ပလပ်စတစ်ညစ်ညမ်းမှုကို မူဝါဒချမှတ်တားဆီးမှုများ၊ ဆန်းသစ်တီထွင်မှုများနှင့် အပြုအမူ အပြောင်းအလဲများ ဆောင်ရွက်နိုင်ခြင်းမရှိပါက အောက်ပါအချက်များဖြစ်ပေါ်လာနိုင်မည်ဟု အစီရင်ခံစာထုတ် ပြန်ထားကြောင်း သိရပါသည်-
- နှစ်စဉ်ထုတ်လုပ်သည့် ပလပ်စတစ်၏ ၅၀ ရာခိုင်နှုန်းကို တစ်နှစ်အတွင်း သုံးစွဲနေကြောင်း၊
- ထုတ်လုပ်သည့် ပလပ်စတစ်၏ ၄၀ ရာခိုင်နှုန်းသည် တစ်ကြိမ်အသုံးပြုပြီး စွန့်ပစ်နေကြသော တစ်ခါသုံးပစ္စည်းများဖြစ်ကြောင်း၊
- သမုဒ္ဒရာအတွင်းသို့ နှစ်စဉ် ပလပ်စတစ်တန်ချိန် (၈)သန်းခန့် ဝင်ရောက်နေကြောင်း၊
- ၂၀၅၀ ပြည့်နှစ်ရောက်လျှင် သမုဒ္ဒရာထဲမှာ ငါးတွေထက် ပလပ်စတစ်တွေ ပိုများလာနိုင် ကြောင်း၊
- အဏ္ဏဝါနို့တိုက်သတ္တဝါများ၊ ပင်လယ်လိပ်၊ ပင်လယ်ငှက်များ သန်းချီသေဆုံးနိုင်ကြောင်း၊
အဆိုပါအစီရင်ခံစာတွင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဂေဟစနစ် ပျက်စီးခြင်းနှင့် လူများ၏ ကျန်းမာရေးကို များစွာ ထိခိုက်လာနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေကြောင်း ဖော်ပြထားပါသည်။ ပလပ်စတစ်အမှိုက်များကို စားသုံးမိသည့် ငါးများ၊ နွားနှင့်ဝက်များကို အသားငါးအဖြစ် လူသားများက စားသုံးမိပေမည်။ ကမ္ဘာတစ်ဝှမ်းရှိ ပလပ်စတစ် အကြပ်အတည်းနှင့် ပတ်သက်၍ စားသုံးသူများက သိရှိနားလည်လာပြီး ဈေးကွက်ကို ပြုပြင်ပြောင်းလဲပုံသွင်းရန် ထုတ်လုပ်သူများကို တွန်းအားပေးခြင်း၊ အစိုးရမှ ပံ့ပိုးကူညီရန် စည်းရုံးခြင်းတို့ဖြင့် ရေရှည်တည်တံ့သော စားသုံးသူပုံစံကို ရရှိရန် ကြိုးပမ်းကြရပါမည်။
ပလပ်စတစ်ညစ်ညမ်းမှုကိုလျော့ချဖို့ ဆောင်ရွက်နိုင်သည့်နည်းလမ်းများ
နိုင်ငံအသီးသီးတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနည်းလမ်း အမြောက်အများ ကြံဆ ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ သို့ရာတွင် ပလပ်စတစ်ပစ္စည်း၏ ၉ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်ပြုပြင် ပြောင်းလဲသုံးစွဲနိုင်ကြောင်း သိရပါသည်။ ဒါကြောင့် ပလပ်စတစ်ညစ်ညမ်းမှုကို လျော့ချဖို့ အောက်ပါ အချက်(၃)ချက်ကို တစ်ဦးချင်းအနေနဲ့ ဆောင်ရွက်နိုင်ကြောင်း အကြံပြုထားပါတယ် -
- (Reduce) တတ်နိုင်သလောက် လျှော့ချသုံးပါ။(ဈေးဝယ်သွားလျှင် အိမ်မှ အိတ်များ၊ ခြင်းများ ယူဆောင်သွားရန်၊ စားစရာဝယ်မည်ဆိုပါက ပလပ်စတစ်အိတ်သည်ဓာတ်ပြုနိုင်သဖြင့် မိမိတို့နေအိမ်က ထည့်စရာ စတီးချိုင့်ယူသွားရန်)
- (Reuse) နောက်ထပ်ပြန်ပြီး အသုံးပြုနိုင်တဲ့ ပလပ်စတစ်မျိုးရွေးချယ်ပါ။ (တစ်ခါသုံး ရေသန့်ဗူးအစား ပြန်လည်ဖြည့်၍ သုံးလို့ရမယ့် ကြာကြာအသုံးခံမည့်ရေဗူးများသုံးစွဲရန်)
- (Recycle) ပြုပြင်ပြောင်းလဲပြီး အခြားနေရာတွင် ပြန်သုံးရန်။ (စွန့်ပစ်ပလပ်စတစ်ကို ကျောက်ခဲ/အုတ်ခဲ ကဲ့သို့ ဘိလပ်မြေမံ၍ ရေမြောင်းဖောက်ရာတွင် ဘောင်အဖြစ် အသုံးပြုခြင်း၊ ရေသန့်ဗူးခွံကို အမျှင်ပုံစံဖြတ်၍ တံမြက်စည်းကြမ်းပြုလုပ်သုံးစွဲခြင်း)
- (Refuse) အထက်ပါ(၃)မျိုးအပြင် သုံးမယ်ဆိုကတည်းက ပလပ်စတစ်အစားထိုး စက္ကူအိတ်၊ အဝတ်အိတ်၊ ခြင်းတောင်းများကဲ့သို့ တခြားရွေးချယ်စရာ ပစ္စည်းကို ရွေးချယ်လိုက်ခြင်းဖြင့် ပလပ်စတစ်ကို ငြင်းဆန်ခြင်းဟာ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။
- သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပလပ်စတစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်သော အသိပညာပေး‌ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ သရုပ်ဖော်ပန်းချီပြသခြင်း၊ အမေးအဖြေ စစ်တမ်းကောက်ခြင်း၊ သုတေသနပြုလုပ်ခြင်း စသည်တို့မှာ ပါဝင်တဲ့ ဝါသနာအလေ့အကျင့် ထူထောင်ခြင်း၊
- မိမိဒေသမှာပင် တတ်နိုင်သည့် အစုအဖွဲ့အင်အားဖြင့် ပလပ်စတစ်အမှိုက်ကောက်ခြင်း၊ အခြားနေရာတွင် ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ခြင်း၊
ဆောင်ရွက်ရမည့်အချက်များ
- စွန့်ပစ်ပလပ်စတစ်မှ အသုံးဝင်သည့်ပစ္စည်းပြန်လည်ထုတ်လုပ်နိုင်မည့် တီထွင်မှုများကို အားပေးဖော်ဆောင်ခြင်း၊
- အစိုးရက ဥပဒေစည်းမျဉ်းစည်းကမ်းထုတ်ပြန်၍ တစ်ခါသုံးပလပ်စတစ် ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းကို တားမြစ်ခြင်း (သို့) အလွယ်တကူ မသုံးနိုင်အောင် အခွန်တိုးကောက်ခြင်း၊ ကုန်ကြမ်းတင်သွင်းမှုကန့်သတ်ခြင်းစသည့် မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း။
- ပလပ်စတစ်အစားထိုးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း။
- အများပြည်သူ အသုံးပြုသည့်နေရာများမှာ သောက်ရေဖြည့်နိုင်မည့် ရေလိုင်း ပိုက်ခေါင်းစနစ် တပ်ဆင်ထားပေးခြင်း၊
- လစဉ် ပလက်စတစ် မသုံးစွဲရသည့်နေ့ သတ်မှတ် ပြဌာန်းခြင်း

မြန်မာနိုင်ငံတွင် ပလပ်စတစ်သုံးစွဲမှု လျှော့ချရေးဆောင်ရွက်မှု

ရန်ကုန်မြို့ရှိ City Mart စတိုးဆိုင်များတွင် လစဉ်ရက်သတ်မှတ်၍ ပစ္စည်းထည့်သည့် ပလပ်စတစ်လက်ဆွဲအိတ် အခမဲ့ပေးအပ်ခြင်းမရှိသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်း၏ ရည်ရွယ်ချက်သည် ထည့်စရာအိတ်ယူလာခဲ့ခြင်းဖြင့် ပလပ်စတစ်အိတ်လျှော့ချနိုင်စေရန် ရည်ရွယ်ကြောင်း၊ ဆိုင်၏အကျိုးအမြတ်အတွက်မဟုတ်ကြောင်း၊ ပြည်ပနိုင်ငံအများအပြားရှိ ကုန်တိုက်များ၌ ဈေးဝယ်လျှင် အခမဲ့ပလပ်စတစ်အိတ်ဖြင့် ထည့်ပေးလေ့မရှိကြောင်း သိရသည်။ ဆွေးမြေ့ပျက်စီးလွယ်သည့် စက္ကူအိတ်များကို အသုံးပြုရန် လှုံ့ဆော်လျက်ရှိကြပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ “ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြပါစို့” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာနိုင်ငံမှာ နှစ်စဉ်မြစ်ချောင်းပင်လယ်ထဲကို စီးဝင်နေတဲ့ ပလပ်စတစ် အမှိုက်တန်ချိန် ၂၀၀ ခန့် ရှိကြောင်း၊ ယခင်တုန်းကထက် ပလပ်စတစ်သုံးစွဲမှု (၃)ဆခန့် မြင့်မားလာကြောင်း၊ မြို့ပြမြေ နေရာတွင် အမှိုက်ပုံအတွက် နေရာမရှိတော့ကြောင်း၊ အဆိုပါ ပလပ်စတစ်များမှာ နှစ်များစွာ မဆွေးမြေ့သည့်အတွက် လျှော့မသုံးစွဲလျှင် နောင်အနာဂတ် မျိုးဆက်များအနေဖြင့် ကိုယ်ပိုင်မြေပေါ်တွင် ပလပ်စတစ်အမှိုက်ကို နေရာပေးနေရ၍ ကျဉ်းမြောင်းလာမည်ဖြစ်ကြောင်း၊ အမှိုက်ကနေ လျှပ်စစ်ထုတ်ဖို့ကြိုးစားကြပေမယ့် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအခက်အခဲများရှိနေသောကြောင့်၊ နေ့စဉ်လျှော့ချသုံးစွဲခြင်း၊ ပြောင်းလဲသုံးစွဲခြင်းတို့ ဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပင်လယ်သမုဒ္ဒရာများနေ့ အထိမ်းအမှတ်အဖြစ် အသုံးပြုထားသော ပလပ်စတစ်အိတ်အဟောင်း (၁၀)လုံးကို အဝတ်စဖြင့်ချုပ်ထားသော ဈေးဝယ်အိတ်ဖြင့် လဲလှယ်ပေးသည့် အစီအစဉ်များ၊ သင်တန်းများ၊ ကမ်ပိန်းများပြုလုပ်ပြီး “သန့်မြန်မာ”အမည်ရှိ အဖွဲ့ကနေ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ ပလပ်စတစ် ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ ပလပ်စတစ်ကိုခြေဖျက်တဲ့ ရောနှောဘက်တီးရီးယားများကို ဟန်ဂေရီမှ ဇီဝဓာတုပညာရှင်များက သုတေသနပြုတီထွင်နေလျက်ရှိကြောင်းသိရှိရရာ သိပ္ပံနှင့်နည်းပညာကဏ္ဍမှလည်း နည်းမျိုးစုံ ရှာဖွေဆောင်ရွက်ရလျက်ရှိပါတယ်။
ပလပ်စတစ်ထုတ်လုပ်သူများသည် ပမာဏများများထုတ်လေ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာလေဖြစ်သောကြောင့် များများမသုံးစွဲသင့်မှန်းသိသော်လည်း ဈေးကွက်ကို ချဲ့ထွင်ဆောင် ရွက်မှုများရှိနေပါတယ်။
စားသုံးသူတို့၏ အသံကို ထုတ်ဖော်ဖို့ အခွင့်အရေးရရှိသည့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့မှာ နှစ်အလိုက် ခေါင်းစဉ်သတ်မှတ်ပြီး လှုပ်ရှားမှုများ ဆောင်ရွက်ကြပါတယ်။ နိုင်ငံတကာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ညီလာခံ၊ ဆွေးနွေးပွဲ၊ စကားရည်လုပွဲ၊ အမေးအဖြေ၊ စာစီစာကုံးပြိုင်ပွဲများပြုလုပ်ခြင်း၊ ပိုစတာ၊ ဆိုင်းဘုတ်၊ လက်ကမ်းစာစောင်ဖြန့်ဝေအသိပေးခြင်းများ ဆောင်ရွက်ကြပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ် မတ်လ(၁၅)ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ စားသုံးသူအခွင့်အရေးများရရှိရေး၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီနှင့် နိုင်ငံတကာစားသုံးသူအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်(NCPP) တွင် မူဝါဒ၊ အသိပညာပေး၊ ပြန်ကြားဆက်သွယ်ရေး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးနှင့် အရေးယူ ဆောင်ရွက်ခြင်းကဏ္ဍများပါဝင်ပြီး စားသုံးသူပြည်သူများအရေးကို ပိုမိုဆောင်ရွက်ပေးသွားနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ်အတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်နှင့်အညီ ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးကိုလည်း စားသုံးသူများနားလည် လက်ခံမှု၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှု၊ အစိုးရဌာနများ၏ ထိန်းကျောင်းဆောင်ရွက်မှုများဖြင့် ရေရှည်အစဉ် ဂရုပြုဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် တင်ပြလိုက်ရပါတယ်။

ရီလင်းထွဋ် (မုံရွာ)

စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများ၊ ပြောင်း တို့ကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ဆီထွက်သီးနှံစိုက်ပျိုးမှု သည် စုစုပေါင်းစိုက်ပျိုးဧရိယာ၏ ၁၆ ရာခိုင်နှုန်း (စိုက်ဧက ၈.၁ သန်းကျော်)ရှိပြီး ပြည်တွင်းစိုက် ပျိုးသီးနှံများအနက် တတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ဆီထွက်သီးနှံများကို ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းတို့ရှိရာ ဈေးကွက်ရရှိမှုအရ မြေပဲ၊ နှမ်းအမျိုးမျိးတို့ကို ပြည်ပသို့ တင်ပို့ပြီး စားအုန်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ စသည့် စားသုံးဆီအမျိုးမျိုးကို ပြည်ပမှ တင်သွင်းလျက်ရှိပါသည်။
စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်း ဆီများဟူ၍ (၃) မျိုးရှိပါသည်။ မပြည့်ဝဆီအုပ်စုတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ ပါဝင်ပါသည်။ ပြည့်ဝဆီအုပ်စုတွင် စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှ ရသော အဆီများ ပါဝင်ပါသည်။ အသွင်ပြောင်းဆီအုပ်စုတွင် အသင့်စားအစားအစာ များဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့် စသည်တို့တွင်ပါဝင်သည့်ဆီများ ဖြစ်ပါသည်။
    ကမ္ဘာပေါ်တွင် စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ အုန်းဆီ၊ သံလွင်ဆီနှင့် မုန်ညင်းဆီ စသည့်စားသုံးဆီအမျိုးမျိုးကို သုံးစွဲလျက်ရှိသည့်အနက် အများဆုံးစားသုံးသည့်ဆီအမျိုးအစားမှာ စားအုန်းဆီ (Palm Oil) ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၆၆.၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇၂.၄၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၇၁.၉ သန်းရှိကြောင်းနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆီထုတ်လုပ်တင်ပို့မှုကဏ္ဍ၌ ပိုမိုများပြားပြီး၊ ဒေသတွင်း စားသုံးမှုမှာ ထုတ်လုပ်တင်ပို့မှုထက်လျော့နည်းကြောင်း စာရင်းအင်းဆိုင်ရာ သုတေသနကုမ္ပဏီ ဖြစ်သည့် ဂျာမဏီနိုင်ငံအခြေစိုက် Statista ၏ ကိန်းဂဏန်းအချက်အလက်များအရသိရှိရပါသည်။
    ဆီစားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန် လူတစ်ဦးအတွက် တစ်နေ့လျှင် လ္ဘက်ရည်ဇွန်း (၆) ဇွန်းခန့် (၁.၈ ကျပ်သား)၊ တစ်လလျှင် ၅၄ ကျပ်သားသာ စားသုံးသင့်ကြောင်း The Health Site.com မှ သိရှိရပါသည်။ မြန်မာနိုင်ငံတွင် လူတစ်ဦးအတွက် စားသုံးဆီ စားသုံးမှုနှုန်းမှာ တစ်နေ့လျှင် ၂.၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သား စားသုံးနေကြောင်း သိရှိရကာ ပုံမှန်သုံးစွဲ သင့်သည့်ပမာဏထက် ပိုမိုသုံးစွဲနေသည်ကို လေ့လာတွေ့ရှိရပါသည်။
ဆီကိုစားသုံးသင့်သည့် ပမာဏထက် ကျော်လွန်စားသုံးခြင်းနှင့် အရည်အသွေးမပြည့်မီသည့် ဆီများ စားသုံးခြင်းတို့ဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ခံစားရစေပါသည်။ ထိုသို့ကျန်းမာရေးဆိုင်ရာဆိုးကျိုးများစွာ ခံစားလာရသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများကိုပါ တွေ့ကြုံစေနိုင်သောကြောင့် ဆီစားသုံးမှုကို အတတ်နိုင်ဆုံး လျော့ချစားသုံးသင့်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးပြည့်မီသည့်ဆီနှင့် ၎င်းဆီဖြင့်ပြုလုပ်ထားသည့် အစားအစာများကိုသာ ချင့်ချိန်စားသုံးသင့်ပါသည်။
    ဆီစားသုံးမှု လျှော့ချနိုင်ရေးအတွက် စားသုံးမှုပုံစံကို ပြောင်းလဲရန် လွန်စွာအရေးကြီးလှပါသည်။ ဆီကို လူတစ်ဦးစားသုံးသင့်သည့်ပမာဏသာ အသုံးပြုခြင်း၊ ဆီကုန်သက်သာစေသည့် ဟင်းလျာများချက်ပြုတ်စားသုံးခြင်း၊ အကြွပ်ကြော်အစားအစာများ ချက်ပြုတ်စားသုံးမှုမှ ရှောင်ကြဉ် ခြင်းတို့အပြင် ပြန်ကြော်ဆီကိုထပ်ခါထပ်ခါအသုံးပြုခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေသည့်အတွက် ဆီကုန်သက်သာစေရန်ရည်ရွယ်ချက်ဖြင့် ဆီကိုထပ်ခါထပ်ခါအသုံးပြု၍ ကြော်ချက်ခြင်း မပြုလုပ်သင့်ပေ။ ဆီကိုဝယ်ယူသုံးစွဲရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံပြီး ဆီထုပ်ပိုးမှုစနစ်မှန်ကန်သည့် Consumer Pack စနစ်ဖြင့် ထုပ်ပိုးရောင်းချသည့် စားသုံးဆီများကိုသာ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။
ITQM (DOCA H.O)
ရင်းမြစ်: မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုဆရာဝန်မကြီးနှင့်အဖွဲ့ဝင်နှစ်ဦး တို့၏သုတေသနစာတမ်း(https://myanmar.mmtimes.com/news/119601.html)
https://www.statista.com/statistics/263937/vegetable-oils-global-consump...
https://www.thehealthsite.com/

စားသုံးဆီကိုတတ်နိုင်သမျှ လျှော့စားဖို့ ဘာကြောင့်လိုအပ်တာလဲ?

• စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ (၃)မျိုးရှိသည်။
• မပြည့်ဝဆီသင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓာတ်တို့ကို မြင့်တက်စေပြီး မကောင်းသောအဆီဓာတ်များအား လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါစသည့် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့နည်းစေပါသည်။ (ဥပမာ – မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော ဆီများ)
• ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသောသွေးတွင်းအဆီဓာတ်များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ (ဥပမာ – စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ)
• အသွင်ပြောင်းဆီသည် အစားအသောက်များ ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ်ထည့်ပေါင်းထားသော ဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီများကို ပိုမို၍တက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီ ဓာတ်ကိုကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများ ဖြစ်စေခြင်းတို့ကြောင့် အထက်ဖော်ပြပါ ရောဂါများအပြင် အမျိုးအစား (၂) ဆီးချိုရောဂါကိုပို၍ ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။ (ဥပမာ – အသင့်စား အစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်ပေါင်မုန့် စသည်တို့တွင် ပါဝင်သည့်ဆီ)
******ပြည့်ဝဆီများကို တတ်နိုင်သမျှလျှော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပါသည်*****
ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

ပြည်တွင်းဆန်စပါး ဝယ်ယူမှု၊ ဈေးကွက် အခြေအနေနှင့် မြန်မာ့ဆန် ပြည်ပတင်ပို့နိုင်မှု ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် ၂၂
ပြည်တွင်း ဆန်စပါးဈေးကွက် အခြေအနေနှင့် ဝယ်ယူမှု အခြေအနေများ၊ မြန်မာ့ဆန် ပြည်ပတင်ပို့နေမှု အခြေအနေများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂-၃ -၂၀၂၁) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ဆန်စပါးကဏ္ဍတွင် ပါဝင်ဆောင်ရွက် နေကြ သည့် Stakeholder များ တက်ရောက်ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ တိုးတက်အောင် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဆန်စပါးကဏ္ဍ Supply Chain တလျောက် စဉ်ဆက်မပြတ်တိုးတက်မှုများ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိသူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်း၌ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေများ၊ ရိတ်သိမ်းမှု အခြေအနေများနှင့် သယ်ယူပို့ဆောင်မှု အခြေအနေများ၊ စပါးအထွက်နှုန်း တိုးတက်လာစေရေး အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေ ပိုမိုရရှိစေရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြည်တွင်း ဆန်စပါး ဈေးကွက် ဖြစ်ပေါ်နေမှု အခြေအနေများနှင့် ဆန် ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် အပင်ပိုးမွှား ရောဂါ ကာကွယ်ရေးဆိုင်ရာ ထောက်ခံချက်များ ထုတ်ပေးနေသည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တန်ချိန် (၁) သိန်း တင်ပို့ရောင်းချရေးနှင့် ပတ်သက်၍ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေ ရေးအတွက် Export Financing အနေဖြင့် ကျပ်ငွေ (၃၀) ဘီလီယံကို ချေးပေးခဲ့ပါကြောင်း၊ မြန်မာ Exporter များအနေဖြင့် နိုင်ငံတကာဆန်ဈေးကွက်ပြောင်းလဲမှု များကို မျက်ခြေမပြတ် လေ့လာကာ ကြိုတင်ပြင်ဆင်ထားရှိမှုများ ဆောင်ရွက်သင့်ပါကြောင်း၊ မြန်မာ့ဆန် ပြည်ပသို့ အရှိန်အဟုန်မပျက် တင်ပို့နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့တာဝန်ရှိသူများ၊ Exporter များနှင့် လုပ်ငန်းရှင်များမှ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်တွင်း

ဂျုံရိုးခမောက်(ခေါ်)ဂျုံရိုးဦးထုပ်လုပ်ငန်း (Wheat Straw Hats)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာရှိ ဂျုံရိုးခမောက်(ခေါ်)ဂျုံရိုးဦးထုပ်လုပ်ငန်းမှ တာဝန်ရှိသူအချို့ထံမှ လုပ်ငန်းလုပ်ငန်းမှုအခြေအနေများကို လေ့လာ၍ သုံးသပ်တင်ပြလိုက်ရပါသည်။ ဂျုံရိုးခမောက်လုပ်ငန်းသည် မြန်မာ့လက်မှုပညာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် မိရိုးဖလာလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မြန်မာလူမျိုးများ နှစ်သက်စွာ အသုံးပြုခဲ့သော ဦးထုပ်တစ်မျိုးဖြစ်ပါသည်။ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စုရှိ ငါးလုံးတင်ကျေးရွာ၊ မထိသာကျေးရွာနှင့် ဆင်မြေကျေးရွာများတွင် ဂျုံစိုက်ဧက (၂၀၀၀)ကျော်မှ ရရှိသော ဂျုံရိုးများကိုစုဆောင်း၍ ကြိုးကျစ်ခြင်းလုပ်ငန်းများကို ကျေးရွာသူ/သားများ အားလုံး လုပ်ကိုင်ကြပါသည်။ ငါးလုံးတင်ကျေးရွာတွင် ဂျုံရိုးခမောက် ထုတ်လုပ်သည့် လုပ်ငန်းရှင် (၇)ဦးခန့် ရှိပါသည်။
ဂျုံရိုးအဆစ်ချိုးခြင်းနှင့် အဆစ်ခွဲခြားခြင်း
ကုန်ကြမ်းဂျုံရိုးများကို အခြောက်လှန်း၍ သန့်စင်ပြီးပါက ဂျုံရိုးများကို သုံးဆစ်ချိုးယူ၍ အဆင့်အတန်း(၃)မျိုးခွဲခြားပါသည်။ ဂျုံရိုးတစ်ရိုး၏ အပေါ်ဆုံးအဆစ်သည် နူးညံ့သည့်အတွက် ဂျုံရိုး ဦးထုပ်အချောအတွက်လည်းကောင်း၊ အလယ်အဆစ်မှာ ဦးထုပ်ကြမ်းချောအတွက်လည်းကောင်း၊ နောက်ဆုံးအဆစ်မှာ ဦးထုပ်အကြမ်းအတွက်လည်းကောင်း အဆင့်ခွဲခြား၍ ဦးထုပ်(၃)မျိုး(၃)စား ထုတ်လုပ်ပါသည်။ ဂျုံရိုးအဆစ်များကို ကောင်း၊ သင့်၊ ညံ့ (၃)စားခွဲ၍ တစ်ပိဿာစည်းများ စည်းထားပါသည်။
ကြိုးကျစ်ခြင်း နှင့် ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်
ဂျုံရိုး ဦးထုပ်တစ်လုံး ဖြစ်ပေါ်စေရန်အတွက် ပထမအဆင့်အနေဖြင့် ကုန်ကြမ်း ဂျုံရိုးကို ကျစ်ပင်စပိုင်းဖြစ်သော အပေါ်နှံကို ချိုးယူကြရပါသည်။ ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ -
ချိုးပြီးသော ဂျုံရိုးများကို (၁၀)မိနစ်ခန့် ရေစိမ်ပြီးပါက ကြိုးကျစ်နိုင်ပါသည်။ (ရေစိမ်မှသာ ဂျုံရိုးများ ပျော့ပြောင်းသွားသည့်အတွက် ကြိုးကျစ်ရန် အဆင်ပြေမည်ဖြစ်ပါသည်) ဂျုံရိုးဦးထုပ် တစ်လုံးစာ အတွက် ကျစ်ကြိုးအရှည် အတောင်(၄၀)ခန့် လိုအပ်သည်။ (ဂျုံရိုး တစ်ပိဿာစည်း တစ်စည်းလျှင် ကျစ်ကြိုးအခွေ(၁၂)ခွေ ရရှိပါသည်) ကြိုးကျစ်ပြီးပါက ဆက်ထားသည့်ဂျုံရိုးတွင် ထွက်နေသည့် အစလေးများကို ကပ်ကြေးနှင့်ညှပ်ထုတ်ရပါသည်။ ဂျုံကျစ်ကြိုးကို ရေအနည်းငယ်စွတ်ပြီး အပ်ချုပ်စက် နှင့်ဂျုံရိုးဦးထုပ်များ ချုပ်ကြပါသည်။ (ကျား၊ မ၊ လူကြီး၊ လူငယ် မရွေး အသုံးပြုနိုင်သည့် ဒီဇိုင်း ပုံစံ (၇) မျိုးခန့် ချုပ်လုပ်ကြပါသည်) ချုပ်ပြီးဦးထုပ်များကို နေရောင်တွင် အချိန်အနည်းငယ် လှန်းပါသည်။ ဂျုံရိုး၏သဘာဝအရောင်သည် ညိုဝါရောင်ဖြစ်၍ ကန့်မှုန့်ကိုမီးရှို့ပြီး ပေါင်းခံအိုးနှင့် တစ်ည ပေါင်းခံကာ အရောင်ချွတ်လိုက်ပါက အဖြူရောင်သမ်းလာပါသည်။ အဖြူရောင်သမ်းနေသော ဦးထုပ်များကို နေရောင်ခြည်အောက်တွင် တစ်ရက်လှန်းပါသည်။ အချို့ဦးထုပ်များပေါ်ကို ဆေးရောင်စုံဖြင့် ပန်းအလှရေးဆွဲကြပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဦးထုပ်မေးသိုင်းကြိုးတပ်ရန် ရိုက်သီးကွင်း ကလေးနှစ်ခု ရိုက်တပ်ပြီးပါက ဈေးကွက်သို့ တင်ပို့ရောင်းချရန် အသင့်ဖြစ်ပြီးဖြစ်ပါသည်။
ဈေးကွက်၊ ဈေးနှုန်းအခြေအနေ
ဂျုံရိုးဦးထုပ်တစ်လုံးလျှင် ဖောက်သည်ဈေးမှာ အရွယ်အစားအမျိုးမျိုးပေါ်မူတည်၍ ကျပ် (၁ဝဝဝ/- မှ ၂ဝဝဝ/- ကြား)ရရှိပြီး ဈေးဆိုင်များတွင် လက်လီရောင်းဈေးနှုန်းများမှာ ကျပ် (၁၅ဝဝ/-မှ ၄ဝဝဝ/-) ဈေးအသီးသီးဖြင့်ရောင်းချကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့၊ ပခုက္ကူမြို့၊ မြင်းခြံမြို့များသို့ အများဆုံးတင်ပို့ခြင်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ တစ်နှစ်ပတ်လုံးတင်ပို့ရောင်းချရာ လုပ်ငန်းရှင်တစ်ဦးလျှင် အလုံးရေ(၁)သိန်းကျော် ရောင်းချနိုင်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်သားခပေးချေရမှု အခြေအနေ
ဂျုံရိုးကျစ်ခြင်းလုပ်ငန်းသည် လွယ်ကူပြီး ကျွမ်းကျင်စွာရက်လုပ်ပါက လူတစ်ဦးလျှင် တစ်ရက် ဦးထုပ်(၃/၄)လုံးစာ ရက်လုပ်နိုင်ပါသည်။ ကျစ်ကြိုးဈေးနှုန်းမှာ ဦးထုပ်တစ်လုံးစာ အတောင်(၄၀)ကို ကျပ်(၈၀၀ မှ ၁၀၀၀ ကြား) ပေးချေရပါသည်။ စက်ချုပ်ရာတွင် လှပသေသပ်သည့် ဦးထုပ်များရရှိရန် အမျိုးသမီးတစ်ဦး၏ ကျွမ်းကျင်မှုအရ တစ်ရက်လျှင် ဦးထုပ်လုံးရေ(၄၀/၅၀)ခန့် ချုပ်လုပ်နိုင်ပြီး စက်ချုပ်အလုပ်သမားတစ်ဦး တစ်ရက်လုပ်ခမှာ ကျပ်(၄၀၀၀/- မှ ၅၀၀၀/- ကြား) ရရှိပါသည်။ ဂျုံရိုးဦးထုပ် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးသည် အလုပ်သမား (၁၅ဦး မှ ၂၀ဦးထိ) ငှားရမ်းလုပ်ကိုင်ပါသည်။
သုံးသပ်ချက်
ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်၏ အားသာချက်များမှာ ထုတ်လုပ်မှုစရိတ် သက်သာသော လက်မှုလုပ်ငန်းတစ်ခုဖြစ်ခြင်း၊ ရိုးရှင်းလှပပြီး ပေါ့ပါးခြင်း၊ အများပြည်သူဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်ခြင်း၊ လူသုံးများသည့် ဈေးကွက်ဝင် ထုတ်ကုန်တစ်မျိုးဖြစ်ခြင်း၊ နေပူဒဏ်ကာကွယ်ပေးသော ပြည်တွင်းဖြစ် အသုံးအဆောင်တစ်မျိုးဖြစ်ခြင်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင်ခြင်းတို့ကြောင့် အရင်းအနှီး၊ နည်းပညာနှင့်ဈေးကွက်စသည့် အထောက်အပံ့ကောင်းများပံ့ပိုးပေးနိုင်ပါက ကျေးလက်ဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်စပါးဝယ်ယူခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် ၈
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်စပါး ဝယ်ယူခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို (၈-၃-၂၀၂၁) ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၌ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိုင်ငံတော်အနေနဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ နှစ်စဉ် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပြီး၊ စပါးများ ထွက်ပေါ်ချိန်၌ အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက် ကျရောက်သည့်ဒေသများတွင် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ယခုနှစ် အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် စပါးဝယ်ယူမှု အခြေအနေများနှင့် ဆန်အိတ်များ ပြန်လည်လက်ခံရရှိမှု အခြေအနေများ၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် စပါး၊ ဆန် ဝယ်ယူရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်စပါးဝယ်ယူခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် ၅
၁။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်စပါးဝယ်ယူခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို (၅-၃-၂၀၂၁) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၌ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ၊ အဖွဲ့ဝင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဧရာဝတီတိုင်းဒေသကြီးစပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဆန်စက်လုပ်ငန်းရှင်များအသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြပါသည်။
၂။ အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အနေနဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ နှစ်စဉ် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပြီး စပါးပေါ်ချိန်တွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် ကျရောက်သည့် ဒေသများတွင် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို စပါးတင်း (၁၀၀) လျှင် (၅၂၀၀၀၀) ကျပ် ကြေညာခဲ့ပြီး မိုးစပါးစတင်ထွက်ပေါ်လာသည့် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက် လျော့နည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် စပါးတင်း နှစ်သိန်းကိုးသောင်းကျော်ကို အခြေခံရည်ညွှန်းစပါး ဈေးနှုန်း ဖြင့် တောင်သူများထံမှ ဝယ်ယူပေးခဲ့ပါကြောင်း၊ ထို့အပြင် မကြာမီကာလအတွင်း နွေစပါးများ ထွက်ပေါ်လာတော့မည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ် စပါး၊ ဆန် ဝယ်ယူရေး ကြီးကြပ်မှု လုပ်ငန်းအဖွဲ့များအနေဖြင့် လိုအပ်ပါက စပါးဝယ်ယူပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထား ကြရန် လမ်းညွှန်မှာကြားပါသည်။
၃။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဆောင်ရွက်သည့် စပါး၊ ဆန် ဝယ်ယူရေး လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးနှင့် မကြာမီကာလအတွင်း နွေစပါးများ ထွက်ပေါ်လာတော့မည်ဖြစ်၍ တောင်သူများစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ကာမိစေရေးနှင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိစေရေး ကြိုတင်မျှော်မှန်း၍ အစီအမံများ ရေးဆွဲ ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

စားသုံးသူကာကွယ်ရေးအသိပညာပေးရေးဆိုင်ရာ Online (Talk Show) ကျင်းပမှု

Covid-19 ကူးစက်ရောဂါကာလအတွင်း၌ စားသုံးသူတို့၏ အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အကျိုးစီးပွားများကို ကာကွယ်ရန် စားသုံးသူအသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online Media မှတစ်ဆင့် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲများကို ကျင်းပခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲများတွင် စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဋ္ဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများနှင့်ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ Digital Online စနစ်ဖြင့် ဆောင်ရွက်နေသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန်အချက်များ၊ Online Shopping လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ စားသုံးသူများ၏ လေ့လာမှုအားနည်းချက်အပေါ် အခွင့်ကောင်းယူ၍ Online မှတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်အချို့၏ လိမ်လည်မှုများကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အချို့ Online Shopping Page များသည် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများကို အတုအပပြုလုပ်၍ မမှန်မကန်ဆောင်ရွက်နေသည့်အတွက် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန်အချက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ သတိပြုရမည့်တားမြစ်ချက်များ

စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချရာတွင် မှားယွင်းသည့် တင်ပြမှုများ၊ အလွန်အမင်းချဲ့ကားညွှန်းဆိုထားသော ကြော်ငြာများကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့်ဖော်ပြသော သတင်းအချက်အလက်များမှာ စားသုံးသူများအပေါ် ရိုးသားမှု၊ မှန်ကန်မှုမရှိသော လိမ်လည်လှည့်ဖြားသည့်ကြော်ငြာများဖြစ်ပါသည်။
သို့ပါ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၂၃)၊ ပုဒ်မ(၆၃)အရ စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ အောက်ပါတားမြစ်ထားသော ကြော်ငြာအမျိုးအစားများကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုလုပ်ရပါ-
(က) ကုန်စည်၏အရည်အေသွး၊ အေရအတွက်၊ ပါဝင်သောပစည်းများ၊ အသုံးပြုပုံ၊ ဈေးန်း၊ ဝန်ဆောင်မန်းထားနှင့် ကုန်စည် သိုမဟုတ် ဝန်ဆောင်မကို ပေးအပ်နိုင်သည့် အချိန်တိုနှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊
(ခ) ကုန်စည် သိုမဟုတ် ဝန်ဆောင်မ၏ အာမခံပေးထားမှုနှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်း ပြုထားသော ကြော်ငြာများ၊
(ဂ) ကုန်စည် သိုမဟုတ် ဝန်ေဆာင်မနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များ ပါဝင်သည့် ကြော်ငြာများ၊
(ဃ) ကုန်စည် သိုမဟုတ် ဝန်ေဆာင်မကို အသုံးပြုခြင်းဖြင့် အရာယ်ရှိမကို အသိပေးခြင်းမရှိသော ကြော်ငြာများ၊
(င) သက်ဆိုင်သူ၏ ခွင့်ပြုချက်မရရှိဘဲ တစ်စုံတစ်ဦး သိုမဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြုထားသော ကြော်ငြာများ၊
(စ) တည်ဆဲဥပေဒများ၊ လူမကျင့်ဝတ်များနှင့် ကိုက်ညီမမရှိသည့် ကြော်ငြာများ။
စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူကာကွယ်ရေးဥပဒေပါ ကြော်ငြာလုပ်ငန်းများအပေါ် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်၍ ကြော်ငြာခြင်းပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၇၀)၊ ပုဒ်မခွဲ(က)အရ ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ပြီး အဆိုပါပြစ်မှုကို ထပ်မံ ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၇၀)၊ ပုဒ်မခွဲ(ခ)အရ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ပါသည်။

ကုန်စည်များ စိစစ်မှုနှင့် ခွင့်ပြုပေးခဲ့မှုအခြေအနေ

စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်းသည့် အချက်များကို ပြဌာန်းထားပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုအပ်သည့် အသေးစိတ်အချက်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာနိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန် ထားပြီးဖြစ်ပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းအား ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တိုင်းဒေသ ကြီး/ပြည်နယ်များမှ တင်ပြလာသည့် ကုန်စည်များကို တင်ပြပါပုံအတိုင်း စိစစ်ဆောင်ရွက်ပေးခဲ့ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ