Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဗန်းမော်မြို့နယ်ရှိ အမှတ်(၁)ဈေးနှင့် ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

       ၁.၁၀.၂၀၂၀ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ ပူးပေါင်းအဖွဲ့သည် ၂၀၂၀ပြည့်နှစ် ဇူလှိုင်လအတွင်း Mobile Lab  Van ဖြင့် ဈေးကွက်နမူနာ ကောက်ယူခဲ့သော လှည်းယဉ်အမှတ်တံဆိပ် တော်ဖီ (mfg date-May 2020 to Exp date April 2021)တွင် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း ဓါတ်ခွဲ စစ်ဆေးတွေ့ရှိချက်အဖြေ အကြောင်းပြန်ကြားလာသည့်အတွက် ဗန်းမော်မြို့ဈေးကွက်အတွင်း အဆိုပါ ကုန်ပစ္စည်းများအား ရောင်းချနေမှု ရှိ/မရှိ စိစစ်သိမ်းဆည်းခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်၍ Online Shopping Page အချို့ လိမ်လည် ဆောင်ရွက်နေခြင်းအား စားသုံးသူပြည်သူများသို့ အသိပေးခြင်း

  • Online Shopping လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ စားသုံးသူတို့သည်လည်း Online မှတစ်ဆင့် ကုန်စည် နှင့် ဝန်ဆောင်မှုများကို နည်းပညာ အကူအညီဖြင့် အလွယ်တကူ ဝယ်ယူမှု ပြုနိုင်လျက်ရှိပါသည်။
  • သို့ရာတွင် စားသုံးသူ၏ အင်တာနက် အခြေခံ ဝယ်ယူမှုစနစ် (Online Shopping Technique) ဆိုင်ရာ အသိပညာ ဗဟုသုတ အားနည်းမှုတို့ကို အခွင့်ကောင်းယူ၍ သော်လည်းကောင်း၊ မမှန်ကန်သော ရောင်းချခြင်း နည်းလမ်းများ အသုံးပြု၍သော် လည်းကောင်း Online Shopping လုပ်ငန်းများက စားသုံးသူများကို လိမ်လည်မှုများ ပြုလုပ်လျက် ရှိပါသည်။
  • Online Shopping Page များသည် ကုန်ပစ္စည်းများ ရောင်းချရာတွင် အများယုံကြည်စိတ်ချမှု ရရှိနေသည့် အစိုးရ နှင့် ပုဂ္ဂလိက ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ ကုန်ပစ္စည်းလက်ခံပြေစာကို အတုပြုလုပ်ခြင်း၊ ပြေစာ အတုပုံ ပေးပို့၍ မှာယူထားသည့်ပစ္စည်း ပေးပို့လိုက်ပြီ ဖြစ်ကြောင်း စားသုံးသူ၏ ယုံကြည်မှု ရရှိစေခြင်းဖြင့် ဝယ်ယူထားသည့် ကုန်ပစ္စည်းအတွက် ငွေကြိုတင် လွှဲခိုင်းခြင်း၊ ငွေလွှဲခိုင်းပြီးနောက် ကုန်ပစ္စည်းများ ပေးပို့ခြင်း မပြုဘဲ လိမ်လည်မှု ပြုကြ ကြောင်း စိစစ်တွေ့ရှိရပါသည်။
  • သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ပစ္စည်း လက်ခံ ပြေစာများကို အတုပြုလုပ်၍ လိမ်လည်မှုပြုနေသည့် Online Shopping လုပ်ငန်းများကို အထူးသတိထား ဂရုပြုနိုင်ပါရန် အသိပေး တင်ပြအပ် ပါသည်။

ကုန်စည်စီးဆင်းမှုနှင့်အခြေခံစားကုန်ဈေးနှုန်းအခြေအနေများအား ညှိနှိုင်းဆွေးနွေး

           Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလနှင့်အညီ  ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ရောဂါပိုမိုဖြစ်ပွားမှုများပြားလာခြင်းကြောင့် မြို့နယ်အချို့တွင် Stay At Home သတ်မှတ်ထား ရှိြခင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ကုန်တင်ကားများ ဝင်ရောက်မှု အခြေအနေများကို စိစစ်ဆောင်ရွက်နေသည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် အခြေခံစားကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးညွန့်ရွှေ မှဦးဆောင်၍ ၂၉.၉.၂၀၂၀ရက်နေ့တွင် Online Meeting ဖြင့်ဆွေးနွေး ဆောင်ရွက်ခဲ့သည်။

     အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှုး ဦးကျော်စွာဝင်းနှင့်အတူ ဆန်စက်လုပ်ငန်းရှင်အသင်း ၊ ဆန်ကုန်သည် အသင်း၊ ကုန်စည်ဒိုင်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊လက်လီရောင်းဝယ်ရေး လုပ်ငန်းရှင် များမှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း၁၅ဦးခန့် တတ်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အရေးကြီးကုန်စည်များစီးဆင်းမှုအဆင်ပြေချောမွေ့စေရန်၊ ကုန်တင်ကားမောင်းသူနှင့်ယာဉ်နောက်လိုက်တို့အား Covid-19 ရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးရန်၊ ယခုကာလသည်မိုးစပါးကာလဖြစ် သည့်အတွက် စပါးတင်ဆောင်သည့် ကားများ တစ်မြို့နယ်နှင့်တစ်မြို့နယ် ဖြတ်သန်းရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် (၂၀၂၀-၂၀၂၁) မိုးစပါးအခြေခံဈေးနှုန်းအောက်ရောက်ရှိပါက    အခြေခံဈေးနှုန်းနှင့်အညီ ဝယ်ယူနိုင်ရေး စသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးနှီးနှောဖလှယ်ပွဲကို Online စနစ် ဖြင့် ကျင်းပပြုလုပ်

            မြန်မာ့သဘာဝရော်ဘာထုတ်ကုန် အရည်အသွေးပိုမိုကောင်းမွန်ရေးနှင့် နိုင်ငံတကာဈေးကွက် နှင့် ဈေးနှုန်းရရှိစေရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက် ရေးနှီးနှောဖလှယ်ပွဲကို ၃၀.၉.၂၀၂၀ ရက်နေ့တွင် Online စနစ် ဖြင့် ကျင်းပခဲ့ပါသည်။

            မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ရုံပိုင်ရှင်များ စသည်ဖြင့် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံး ကဏ္ဍအလိုက် ပူးပေါင်း အဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု မြင့်မားလာစေရေးအတွက် အမျိုးသား အဆင့် ပို့ကုန်မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက်ကို ဦးစားပေးကဏ္ဍ ကုန်စည် (၁၁) ခု၊ ဝန်ဆောင်မှု (၂)ခုနဲ့ အထောက်အကူပြုကဏ္ဍ (၅) ခု စုစုပေါင်း (၁၈) ခု သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာမှာ ရော်ဘာကဏ္ဍဟာလည်း ဦးစားပေးကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါကြောင်း၊ မြန်မာ့ ရော်ဘာစံအရည်အသွေး သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်မှသာ ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင် ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊  မြန်မာ့ရော်ဘာ ထုတ်လုပ်တင်ပို့ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ အတားအဆီးများကို Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူ များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေး နိုင်မည်ဖြစ်ပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဘဏ္ဍာနှစ်အလိုက် ရော်ဘာတင်ပို့နိုင်မှု၊ နိုင်ငံအလိုက်ဈေးကွက်ရရှိမှုနှင့် ရော်ဘာကဏ္ဍ တိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

            ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် ပညာရှင်များက စာတမ်းဖတ်ကြားခြင်း၊ ရော်ဘာ စိုက်ပျိုးတောင်သူများ၊ စက်ရုံပိုင်ရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် ရေတိုရေရှည် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါ သည်။

ITQM

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက နေ့စဉ်တွက်ချက်ရမည့် ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့် ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အား သက်တမ်းတိုးမြှင့်ခြင်းညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အောက်ပါ file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်ကြီးနားခရိုင်ခရိုင်ရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ်(ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း

         ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂) ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ)(Apron& Drain)အပါ  အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း အား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ ၁၁.၉.၂၀၂၀ ရက်နေ့တွင် အဆောက်အအုံ တခါးပေါက်များ သံပန်းတပ်ဆင်ခြင်းနှင့် ရုံးဝင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းပမာဏ၏ ၁၀၀% ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ရေဦးမြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၁၁.၉.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေဦးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့စသည့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ အလှကုန် အရောင်းဆိုင်များတွင် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ကုန်စည်များနှင့် မိခင်နို့အစားထိုးကုန်စည်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ မှတ်တမ်းတင်ထားသော အမှတ်တံဆိပ်များအား sticker ကပ်ပြီးမှသာ ရောင်းချရန်ဆိုသည့် ညွှန်ကြားချက်အတိုင်း လိုက်နာမှု ရှိ/ မရှိနှင့်  စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ပြည်မြို့ ၊ နဝဒေးတံတား COVID-19 စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ၁၉.၉.၂၀၂၀ ရက်နေ့ တွင် ပြည်မြို့၊ နဝဒေးတံတားစစ်ဆေးရေးဂိတ်တွင် မြို့နယ် Coronaviurs Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း  စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ငူခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show များပြုလုပ်

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပါဝင်သည့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်ငူခရိုင်၌ ၁၆.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင်လည်းကောင်း၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ၁၈.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်လည်းကောင်း၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ၂၁.၉.၂၀၂၀ ရက်နေ့ နေ့လယ် (၂းဝဝ)နာရီတွင်လည်းကောင်း သက်ဆိုင်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၏ လူထုအခြေပြုဗဟိုခန်းမများတွင် အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။ 

အဆိုပါ မိနစ်(၂၀)စာ Talk Show  အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားရန် CICC ဖွင့်လှစ်ထားရှိမှုများ၊ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားကြပါသည်။

Online ဖြင့် အသိပညာပေးခြင်းသည် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ကြောင်းနှင့် အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်များကို သက်ဆိုင်ရာ မြို့နယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ IPRD Page များတွင် လွှင့်တင်ပေးထားကြောင်း သိရှိရပါသည်။

 

DOCA Myanmar mobile application နှင့်ပတ်သက်၍စားသုံးသူပြည်သူများသို့ အသိပေးကြေညာခြင်း

       စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင် ပါဝင်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ် (upgrade consumer complaint system) အား ၂၀၂၀ပြည့်နှစ်စက်တင်ဘာလ ၁ရက်နေ့မှ စတင်၍ အသုံးပြုလျက်ရှိပါသည်။

     ဌာန၏mobile application ဖြစ်သော DOCA Myanmar mobile application ကိုလည်း ဖော်ပြပါစနစ်အသစ်ဖြင့် အသုံးပြုနိုင်ရေး version အသစ်ရေးဆွဲထားရှိပါသည်။ သို့ပါ၍ စားသုံးသူပြည်သူများအနေဖြင့် version အသစ်ရေးဆွဲထားသော DOCA Myanmar mobile application ကို အသုံးပြုကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအသိပေး အပ်ပါသည်။

          version အသစ်ဖြင့်ရေးဆွဲထားသော DOCA Myanmar mobile application အား https://www.doca.gov.mm/ Website တွင် လည်းကောင်း၊ google play store တွင် လည်းကောင်း အခမဲ့ download ရယူနိုင်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ