ကုန်သွယ်မှုသတင်းများ
Powered by Drupal
28 Oct 2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် ဒေသန္တရအရတောင်ကျချောင်းကြီး(၃)ခုစီးဝင်လျက်ရှိပြီး ကျေးရွာအုပ်စု(၅၄)အုပ်စုတွင် စိုက်ပျိုးရေးသည် အဓိကအသက်မွေးလုပ်ငန်း ဖြစ်ပါသည်။ ရာသီအလိုက်စိုက်ပျိုးနိုင်သော ဧကပေါင်း(၆၆၅၉)ဧကခန့်ရှိပြီး ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ချဉ်ပေါင်၊ ရုံးပတီတို့ကို အဓိကထား၍စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

28 Oct 2024
တောင်ငူမြို့ ညောင်ပင်ဈေးသို့ နေရာဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက် ခေါပုတ်များလည်း လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။
ခေါပုတ်ကို ကောက်ညှင်းဖြင့်ပြုလုပ်ပြီး မီးကင်၍သော်လည်းကောင်း၊ ဆီဖြင့်ကြော်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ခေါပုတ်ကို ထန်းလျက်၊ ဆား၊ သကြား၊ ဆီတို့ဟူး၊ ငါးခြောက် စသည်တို့နှင့် မိမိတို့ကြိုက်နှစ်သက်ရာ အဆာပြေစားသုံးနိုင်ပါသည်။

28 Oct 2024
မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိပါသည်။
သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စကသည်လည်း အနည်းဆုံးဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ်အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်းသိရပါသည်။

28 Oct 2024
တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများတွင် မိုးရာသီသီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသောအသီးအနှံများကို ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးသို့ လာရောက်ရောင်းချလျက်ရှိကြပါသည်။
ယခုအခါတွင် ရုံးပတီသီးများပေါ်နေပြီဖြစ်ရာ ရုံးပတီသီး ၃တောင့်ပါ အစည်းသေး ၁၀စည်းလျှင် အစည်းကြီးတစ်စည်းစည်းပြီးလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ပဲဇောင်းလျားသီးများလည်းပေါ်နေပြီဖြစ်ရာ ၂၅ကျပ်သားလျှင် ၈၀၀ကျပ်၊ တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။


