Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရိုးရာမပျက်ဝင်ငွေတက် ကြိမ်ခြင်းလုံးဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          ရှေးမြန်မာမင်းများလက်ထက်ကပင် မြန်မာတို့၏ရိုးရာပြိုင်ပွဲများတွင် ခြင်းလုံးခတ်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထိုးကွင်းမှင်ကြောင်ထိုးထားသော လုလင်ပျိုများသည် ခါးတောင်းကျိုက်ကာ ခြင်းလုံးခတ်နေကြပုံများကို မြန်မာမှာသာမက ကမ္ဘာကပါသိရှိကြသော ပုံရိပ် များပင်ဖြစ်ပါသည်။စက်ဝိုင်းပုံသဏ္ဌာန်ဝိုင်း၍ စုစုစည်းစည်းဖြင့် ကစားရသောအားကစားတစ်ခု လည်းဖြစ်၍ အချင်းချင်းစည်းလုံးညီညွတ်မှုကို  ပြသသောကစားနည်းတစ်ရပ်ဖြစ်သည်။ ထိုကစားနည်း ကို ရှေးယခင်မှစ၍ ရိုးရာမပျက်ဆက်လက်ထိန်းသိမ်းခဲ့သည်မှာ ယခုထက်တိုင်ဖြစ်ပါသည်။ ခြင်းလုံးခတ်ခြင်းကို စိတ်ဝင်စားကြသလို ခြင်းလုံးထိုးခြင်းအနုပညာ ကိုလည်းသိရှိလို၍ သွားရောက် လေ့လာစုံစမ်းခဲ့ပါသည်။

         ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၏ ဒေသထွက်ကုန်များထဲမှ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိသော ကြိမ်ခြင်းလုံး လုပ်ငန်းကလည်း အသေးစားအိမ်တွင်းလက်မှု လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကုန်ကြမ်းအနေနဲ့ ယမထာကြိမ်ကိုအဓိကအသုံးပြုပြီး ငွေဆောင်မြို့နှင့် အနောက်သဲဖြူစသည့်ကျေးရွာများမှ အဓိက ကုန်ကြမ်းကိုရရှိပါသည်။ ယမထာကြိမ်တစ်လုံးကို ယခင်နှစ်က(၅၀၀)မှ(၆၀၀)ကျပ် ဝယ်ယူ အသုံးပြုခဲ့ရပြီး ယခုနှစ်တွင် (၈၀၀)မှ(၉၀၀)ကျပ်အထိ ဝယ်ယူအသုံးပြုရပါသည်။ ကြိမ်ခြင်းလုံး တစ်လုံး၏ ကုန်ကျစရိတ်မှာ ပျမ်းမျှ(၂၃၀၀)ကျပ် အထိကုန်ကျပြီး တစ်လုံးရောင်းရငွေ (၂၅၀၀)ကျပ် အထိရောင်းရ၍ တစ်လုံးပျမ်းမျှ(၂၀၀)ကျပ် အကျိုးအမြတ် ရရှိပါသည်။ တစ်ရက်ကို ကြိမ်ခြင်းလုံး (၄၀)လုံးခန့် ရက်လုပ်နိုင်ပြီး၊ တစ်လကို(၁၂၀၀)လုံးခန့် ရက်လုပ်နိုင်ပြီး တစ်နှစ် ပျမ်းမျှ(၁၄၄၀၀)လုံး ခန့်ထွက်ရှိပါသည်။ ကြိမ်ခြင်းလုံးကို ရန်ကုန်မြို့ အဝယ်ဒိုင်သို့အဓိကတင်ပို့ပြီး ရန်ကုန်မှ မြန်မာနိုင်ငံအနှံအပြားကို ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ တစ်နှစ်ပါတ်လုံးလုပ်ကိုင်ရသော လုပ်ငန်းဖြစ်၍ အရင်ကမိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်သောလုပ်ငန်း ဖြစ်သော်လည်းယခုအခါ လုပ်သားဦးရေ(၂၀)ဦးခန့်ဖြစ်တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ရှေးအစဉ်အလာမပျက်ဝင်ငွေတိုးတက်စေမည့် ကြိမ်ခြင်းလုံး ဈေးကွက်ဝင်လာကြောင်းနှင့်အနီးပတ်ဝန်းကျင်ရှိသူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိသော အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ကုန်စည်ဒိုင် ပဲဈေးပြန်မြင့်လာ

      ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲသစ်များဝင်ရောက်လျှက်ရှိပြီး တစ်ရက်လျှင် အိတ် ၁၅၀/၂၀၀ခန့် ပန်းတောင်း၊ ကံမ၊ မင်းတုန်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း မြို့ဘက်မှ ဝင်ရောက်မှုရှိပါသည်။ ဇန်နဝါရီလကုန်ပိုင်းတွင် ပဲတစ်တင်းလျှင် (၄၂၅၀၀-၄၂၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဖေဖော်ဝါရီပထမပတ်မှစ၍ မတ်ပဲဈေး တဖြည်းဖြည်းပြန်ကျလာခဲ့ရာ တစ်တင်းကို ၃၈၀၀၀- ၃၉၅၀၀- ၄၀၀၀၀ ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ ပဲဈေးကျသော်လည်း ရန်ကုန်ဝယ်လက် ပုံမှန်ရှိ၍ တနေ့လျှင် အိတ် ၂၀၀-၂၅၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုအခါ ဖေဖော်ဝါရီလ တတိယပတ်တွင် ဈေးပြန်တက်လာပြီး ၄၁၀၀၀-၄၂၀၀၀ ကျပ်ထိ ဈေးတက်လာခဲ့ ပါသည်။

         ပဲစင်းငုံသီးနှံမှာ ဇန်နဝါရီလ ဒုတိယပတတွင် ပဲဈေးကျပြီး ပဲတစ်တင်းလျှင် ၄၀၅၀၀ကျပ်ထိ  ဈေးကျ၍ တတိယပတ်တွင် တစ်တင်းလျှင် ၄၂၀၀၀ကျပ်ထိ ဈေးပြန်တက်လာခဲ့ပါသည်။ ရန်ကုန် ဝယ်လက် နှင့် လှောင်လက်သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်သို့ တင်ပို့မှုရှိခဲ့ပါသည်။

         ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကုလားပဲတစ်တင်းလျှင် ၄၆၅၀၀ကျပ် ထိဈေးတက်ခဲ့ပြီး ဖေဖော်ဝါရီ ပထမပတ်တွင် ၄၄၅၀၀ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၃၀၀၀ကျပ်၊ တတိယပတ်တွင် ၄၀၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် တစ်ရက်ကို ကုလားပဲအိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားများ၊ မြို့တွင်းရောင်းချမှု လှောင်သမား များ၊ ရန်ကုန်ဝယ်လက်နှင့် နယ်စုံတင်ပို့ရောင်းချလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စွန့်ပစ်ပစ္စည်း (Recycle)ဈေးနှုန်းဈေးကွက်

          မိသားစုတစ်စု၊ အိမ်ထောင်စုတစ်စုအနေဖြင့် နေ့စဉ် Recycle အဖြစ်အသုံးပြုရန် ပြန်လည် ရောင်းချနိုင်သော စွန်ပစ်ပစ္စည်းများရှိနေပြီး ၎င်းစွန့်ပစ်ပစ္စည်းများကိုလည်း ပြန်လည်ဝယ်ယူသည့် ဆိုင်များမှာလည်း ဈေးကွက်အတွင်း ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိနေကြောင်း သိရှိရပါသည်။

           ပြည်ခရိုင်အတွင်း Recycle ပစ္စည်းများအား ပြန်လည်ဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချ နေသော ပစ္စည်းဟောင်းဝယ်ယူသည့်ဆိုင် များစွာရှိနေပြီး ၎င်းဆိုင်များအနေဖြင့် ဝယ်ယူရရှိသည့် Recycle ပစ္စည်းများအား ရန်ကုန်မြို့ရှိ မြောင်းတကာ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တို့ရှိ Recycle ပစ္စည်းများပြန်လည်ပြုပြင်၍ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများသို့ ပြန်လည် တင်ပို့ရောင်းချလျက်ရှိပါသည်။ ဆိုင်များမှဝယ်ယူသည့် တစ်ပိဿာ ဈေးနှုန်းများအနေဖြင့် ပလပ်စတစ်(ပျော့) ၅၀၀ကျပ်၊ ပလပ်စတစ် (အကြွပ်) ၂၀၀ကျပ်၊ ရေသန့်ဘူးခွံ ၅၀၀-၇၀၀ကျပ်၊ ပုံး၊ ဇလုံ၊ ခုံကျိုး ၇၀၀ကျပ် နှင့် သံ(ပါး) ၆၅၀ကျပ်၊ သံ (အထူ) ၁၁၀၀-၁၂၀၀ ကျပ်အထိ ဝယ်ယူလျှက်ရှိပါသည်။

           ဝယ်ယူရရှိသည့် ပစ္စည်းများအား ရန်ကုန်မြို့ရှိ Recycle ပစ္စည်းများ ပြန်လည်ပြုပြင် ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ တစ်ဆင့်တင်ပို့ ရောင်းချရာတွင်လည်း ဈေးကောင်း ရရှိ လျှက်ရှိပါသည်။

        မိသားစုတစ်စု၏ နေ့စဉ် Recycle စွန့်ပစ်ပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည် ရောင်းချသောကြောင့် မိသားစုအတွက် စွန်ပစ်ပစ္စည်းများမှ ဝင်ငွေရရှိခြင်း၊ တစ်ဆင့် ပြန်လည် ရောင်းချသည့် ဆိုင်များအနေဖြင့်လည်း အကျိုးအမြတ်ရရှိခြင်း၊ စက်ရုံအလုပ်ရုံများမှ အိမ်သုံးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ရာတွင်လည်း အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများအား လွယ်ကူ သက်သာစွာ ရရှိလျှက်ရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဉ် တွင်လည်း များစွာအကျိုး ဖြစ်ထွန်းမှုရှိပါသောကြောင့် စွန့်ပစ်ပစ္စည်း Recycle ဈေးကွက်အနေဖြင့် ခိုင်မာစွာ ရပ်တည်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြောင်းမြမြို့နယ်၊ စက်မှုဇုံရှိ စက်မှုလက်မှုလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်နှင့် မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးတို့သည့် (၂၁.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီတွင် မြောင်းမြမြို့၊ စက်မှုဇုံရှိ စက်မှုလုပ်မှုလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူးဦးထွန်းထွန်းဦး(ထိပ်တန်း)စက်မှုလက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကွင်း ဆင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် လက်ရှိ ဆောင်ရွက်နေသည့်အခြေအနေများ၊‌ ရှေဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ တွေ့ကြုံရ သည့်အခက် အခဲစိန်ခေါ်မှုများအား တွေ့ဆုံဆွေးနွေးမေးမြန်းဆောင်ရွက်ခဲ့ပြီး၊ ထိပ်တန်းစက်မှုလုပ်မှု လုပ်ငန်းမှထုတ်လုပ်လျှက်ရှိသော ချွေလှေ့စက်၊ ရေတင်စက်၊ သမန်းလှေ၊ လယ်ယာသုံးစက်ကိရိယာ၊ အမျိုးမျိုးနှင့် သံဇကာချိန်းလိပ်များထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဈေးကွက်ဈေးနှုန်း အခြေအနေများအား ဆွေးနွေးမေးမြန်းကာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမှ ဟင်းသီးဟင်းရွက်နှင့် ပြောင်းသီးနှံ စိုက်ပျိုး ရောင်းဝယ်မှုကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ညောင်တုန်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၂.၂.၂၀၂၂)နေ့ နံနက်(၀၉:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ်၊ ကျွန်းသာဝ ကျေးရွာမှ တောင်သူဦးသုခနှင့် ဦးကျော်သိန်းတို့၏ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ရန်ကုန်သီရိ       မင်္ဂလာဈေးကွက်တွင်း ဈေးကောင်းရနေသော ဟင်းသီးဟင်းရွက်၊ ပဲတိုင်ထောင်၊ ဘူးသီး၊ ခရမ်းသီး၊ ဖူးစားပြောင်းသီးနှံတို့၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် တောင်သူဦးသုခ၏တင်ပြချက်များမှာ ယခုနှစ် တွင်ရာသီဥတုကောင်းမွန်၍ စိုက်ပျိုးရလွယ်ကူသော်လည်း သွင်းအားစုဈေးနှုန်းများကြီးခြင်းနှင့် စိုက်ပျိုးနည်းပညာများရရှိရေးကို အလေးပေးတင်ပြခဲ့ပြီး ရန်ကုန်သီရိမင်္ဂလာဈေးကွက်၏ ဈေးကောင်းရရှိမှုနှင့် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို တင်ပြခဲ့ပါသည်။

       ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် မြို့နယ်ဦးစီးမှူးတို့မှ သွင်းအားစုဈေးနှုန်းမြင့်မားမှုကို ကုစားရန် အတွက် သဘာဝမြေဩဇာများကို အစားထိုးအသုံးပြုပြီး နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ကုမ္ပဏီများသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးမြှင့်စိုက်ပျိုးရေး၊ ထွက်ကုန်များထွက်ရှိပြီး ဈေးကောင်းရရှိနိုင်ရေးနှင့်ဈေးကွက်ဝင်နိုင်ရေးကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လွိုင်ကော်မြို့၊ စားသုံးဆီဈေးကွက်အခြေအနေ ကွင်းဆင်းစုံစမ်း

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်၍ စက်သုံးဆီ အရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်ရိုးရိုးတစ် လီတာကို (၁၈၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၈၆၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၁၈၃၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၉၅၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းကို မြို့တွင်းစက်သုံးဆီဆိုင်အချို့မှ စုံစမ်းသိရှိရပါတယ်။

        ယခင် ဇန်နဝါရီလအတွင်း ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၄၈၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၁၅၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၅၁၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၆၃၀) ကျပ်သာရှိခဲ့ပြီး ယခုဖေဖော်ဝါရီလ နှင့် ယခင်ဇန်နဝါရီလအတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုးတစ်လီတာကို (၃၅၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၃၅၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို(၃၂၀)ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၃၂၅)ကျပ် ကွာဟ လျက်ရှိပြီး ဈေးနှုန်းမြှင့်တက်လျှက်ရှိပါကြောင်း တွေ့ရပါတယ်။

          ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယခင် ဇန်နဝါရီလထက် ဈေးနှုန်းမြင့်တက်နေခြင်းမှာ ဒေါ်လာဈေးအနည်းငယ် တက်လာသဖြင့် တင်သွင်းလာသည့် မူရင်းဈေးနှုန်း မြှင့်တက်လာမှုကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ သယ်ယူပို့ဆောင်ရေးအခက်အခဲများ ကြောင့်လည်းကောင်း ဈေးနှုန်းအနည်းငယ် မြှင့်တက်ရခြင်းဖြစ်သည်ဟု သိရှိရပါတယ်။

DOCA(ကယား)

မိတ္ထီလာခရိုင်အတွင်းရှိ စူပါပန်းမုံလာ (ပန်းဂေါ်ဖီ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် သာစည်မြို့နယ်၊နှောပင်ကျေးရွာ နှင့် ဆယ်ကြီးကျေးရွာတွင် စိုက်ပျိုးဖြစ်ထွန်းနေသော ပန်းမုံလာ(ပန်းဂေါ်ဖီ) စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

          ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်သော်လည်း ဂေါ်ဖီထုပ်ထက် အပူဒဏ်ခံနိုင်ကြောင်း၊ အေး ပြီးအစိုဓါတ် အမြဲရရန်လိုအပ်ပါကြောင်း၊ တောင်ပေါ်‌ဒေသတွင် ဧပြီလ၊ မေလ၊ စက်တင်ဘာလတို့တွင် စိုက်ပျိုး၍ မြေ ပြန့်ဒေသတွင် စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြောင်း၊ ပန်းဂေါ် ဖီတွင် သက်လျင်မျိုးနှင့် သက်ကြီးမျိုးဟူ၍ ၂ မျိုးရှိရာ သက်လျင်မျိုးကို မြေပြန့်ဒေသတွင် အစိုက်များ၍ သက် ကြီးမျိုးကို တောင်ပေါ်ဒေသတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။

          မြေပြန့်ဒေသတွင်အများဆုံးစိုက်ပျိုးသော ပန်းမုံလာ(ပန်းဂေါ်ဖီ)မျိုးများမှာ ဂျေ-၂၀၂၀၊ ဂိုလ်း(၄၅)၊ အိုးရှင်း (၅၅)၊ စူပါ (၆၅)၊ စပါးဘစ် (၇၀)၊ ဂျန်ဘို (၆၅) တို့ဖြစ်ပြီး၊ စူပါ (၆၅)နှင့် စပါးဘစ် (၇၀)ကို တောင်သူ များ ပိုမိုစိုက်ပျိုးသည်ကို တွေ့ရှိရပြီး၊ ၎င်းမျိုးများမှာ သက်တမ်း ရက် (၇၀) သာရှိ၍ မြေပြန့်‌ဒေသ ရာသီဥတုနှင့် ကိုက်ညီ၍ ပိုမို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ပန်းဂေါ်ဖီပျိုးထောင်ရာတွင် ၁၀ ပေ ၂ ပေခွဲ ရှိသောဘောင်ပြုပြင်၍ ပျိုးဘောင်ပေါ်တွင် မျိုးစေ့ညီညာစွာ ကြဲပြီးအပေါ်မှ နွားချေးမြေဆွေးများ ဖုံးအုပ်ပြီး ရေရွှဲရွှဲလောင်းပေးရကြောင်း၊ (၃-၄) ရက်ကြာလျှင် အညှောင့် ပေါက်လာပြီး ၁၂ ရက်ကြာသော် မြေဆွပေါင်းရှင်း၍ (၂၀) ရက်ကြာလျှင် ယူရီးယားမြေသြဇာ တပေါင် (၁၆ အောင်စ)  ရေဖျော်ပြီး ရေဝသည့်တိုင်အောင် လောင်းပေးရပါသည်။

          ပန်းမုံလာ (ပန်းဂေါ်ဖီ) စိုက်ပျိုးရန် တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ် လိုအပ်ကြောင်း၊ ပျိုးသက် (၃၅-၄၀) ရက်ရောက်လျှင် ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီး ညနေ (၃) နာရီ နောက်ပိုင်းမှ ပြောင်းရွှေ့စိုက်ပျိုးခြင်းပြု လုပ်သင့်ကြောင်း၊ သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်လည် ဖြည့်စိုက်ပေးရကြောင်း၊ ထိုရက်ထက် နောက်ကျလျှင် မူလအပင်ကို မမီတော့ကြောင်း၊ ရွှေ့ပြောင်းစိုက်ပြီး (၁၀-၁၅) ရက်လျှင် အပင်ခါးဆွခြင်းကို ပြု လုပ်ပေးရ၍ စုစုပေါင်း မြေသြဇာ (၃) ကြိမ်ကျွေးရကြောင်း သိရပါသည်။

          ပထမအကြိမ် ရွှေ့ပြောင်းစိုက်ပျိုးပြီး ၇ရက်မှ ၁၀     ရက်ခန့်အကြာတွင် (၁) ကြိမ် မြေသြဇာ ကျွေးရပြီး နောက်(၁၀)ရက်ခန့်အကြာတွင် ဒုတိယအကြိမ် ကျွေးပြီး စိုက်ပြီး (၁) လအကြာတွင် တတိယအကြိမ် မြေသြဇာကျွေး ကြောင်း သိရှိရပါသည်။ ရေကို တစ်ပတ် (သို့မဟုတ်) ၁၀ ရက်လျှင် တစ်ကြိမ်ကျ သွင်းပေးရပါကြောင်း သိရှိရပါ သည်။

          အပွင့်ကောင်းစွာ ပွင့်ချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင်ပြောင်းလဲသွားတတ် ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာကြောင်း၊ အပွင့်အချင်း (၂-၃)လက်မအရွယ် ရောက်သောအခါ အပြင်အရွက်များကို စည်းပေးရကြောင်း၊ ပန်းဂေါ်ဖီတွင် စိန်ကွက်ဖလံ၊ ပိုးနဂါးများဆိုးရွားစွာ ကျရောက်တက်၍ တမာ ပိုးသတ်ဆေးပက်ဖျန်းရကြောင်း သိရှိရပါသည်။

          ပန်းမုံလာ(ပန်းဂေါ်ဖီ)ပင်ကို ပင်ခြား (၁) ပေခွဲနှင့် တန်းခြား (၂) ပေခွဲ စိုက်ပျိုး၍တစ်ဧကအပင် (၅၀၀၀) ခန့် ဝင်ဆံစိုက်ပျိုးနိုင်ကြောင်း၊ ပန်းမုံလာ(ပန်းဂေါ်ဖီ)သည် အပင်သက်တမ်းကို လိုက်၍ (၂)လခွဲအကြာတွင် ပန်း ပွင့်ကိုစတင်ခုတ်နိုင်ကြောင်း၊ အဝေးသို့တင်ပို့ပါက အရွက် (၃-၄)ရွက် ချန်၍ ခုတ်ယူရကြောင်း၊ တစ်ဧကလျှင် ပန်းမုံလာ (ပန်းဂေါ်ဖီ) အပွင့် (၅၀၀၀)ခန့် ထွက်ရှိ၍ ခြံတွင်းစျေးနှုန်း (၁) ပွင့်လျှင် (၃၀၀) ကျပ်ရှိကြောင်းနှင့် ပန်းမုံလာ (ပန်း‌‌ဂေါ်ဖီ)များအား မိတ္ထီလာ၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

          ပန်းမုံလာ(ပန်းဂေါ်ဖီ) (၁) ဧက အပွင့် (၅၀၀၀) တွင် (၃၀၀) ကျပ်ဖြင့် (၁၅) သိန်း ရရှိပြီး တစ်ဧက ကုန်ကျစရိတ်မှာ (၇) သိန်းကျော်ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် (၈) သိန်းခန့် အကျိုးအမြတ်ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် ယခုကဲ့သို့ အကျိုးအမြတ်ရှိသော ရာသီသီးနှံများကို ရွေးချယ်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)

ဇီးသီး (အချဉ်မျိုး) ဈေးကွက်အခြေအနေအား ကွင်းဆင်းလေ့လာခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ၏ ကြီး ကြပ်မှုဖြင့် ဦးစီးအရာရှိ နှင့် ဝန်ထမ်းများသည် (၁၆.၂.၂၀၂၂)ရက်နေ့ ( ၁၀:၀၀  ) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်အတွင်း ဇီးသီး (အချဉ်မျိုး) ထွက်ရှိရာ တောင်သူများထံနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းဘေး၊ ဂွေ့ကြီးကျေးရွာရှိ ဦးခင်မောင်ချို၏ ဇီးသီးပွဲရုံသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

          မိတ္ထီလာမြို့နယ်သည် အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းတွင်တည်ရှိပြီး ဆူးခြုံတောများပေါက် ရောက်ရာ‌ဒေသဖြစ်သည့်အတွက် ဆူးပင်အမျိုးအစားဖြစ်သည့် ဇီးပင်(အချဉ်မျိုး)များ သဘာဝအလျောက် အများအပြားပေါက်နေသည်ကို တွေ့ရှိရသည်။ ဇီးပင် (အချဉ်မျိုး)များသည် နှစ်ရှည်ပင်အမျိုး အစားဖြစ််ပြီး တောင်သူများ၏ လယ်ကန်သင်း၊ ယာကန်သင်းများနှင့် မြေလွတ်နေရာများတွင် သဘာဝ ပေါက်ပင်အဖြစ် အလေ့ကျပေါက်‌ရောက်ကြပြီး အပင်များကြီးထွားလာရာမှ အသီးများခူးဆွတ်ရ၍ ‌ရောင်းချရပြီး အပိုဝင်ငွေအဖြစ်ရရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။

          ဒီဇင်ဘာလတွင် ဇီးသီးများစတင်ခူးဆွတ်ရပြီး ဖေဖော်ဝါရီလထိ (၃)လခန့် ခူးဆွတ်ရကြောင်း၊ အရွယ်ရောက်ပြီး ဇီးပင် (၁) ပင်လျှင် စတင်ခူးဆွတ်ချိန်မှ ပြီးဆုံးချိန်ထိ ဇီးသီးခြောက် (၁၅) တင်းမှ (၂၀) တင်းအထိထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်က ဇီးသီးခြောက် (၁)တင်း အမြင့်ဆုံးစျေးနှုန်း အဖြစ် (၂၉၀၀ မှ ၃၂၀၀ ကျပ်ထိ) သာရရှိခဲ့ပြီး ယခုနှစ်တွင်မှု လက်ရှိပေါက်စျေး (၁) တင်းလျှင် (၄၅၀၀) ကျပ် စျေးထိရရှိနေသည့်အတွက် အကျိုးအမြတ်ဝင်ငွေ ပိုမိုရရှိကြောင်း သိရှိရပါသည်။

          ခူးဆွတ်ရရှိသော ဇီးသီးများကို နေပူလှမ်းအခြောက်ခံပြီး ရွာအရောက်လာဝယ်သော ပွဲစားများ ထံသို့လည်းကောင်း၊ ဇီးသီးပွဲရုံများသို့ သွားရောက်၍လည်းကောင်း ရောင်းချကြကြောင်း၊ ဇီးသီးပွဲရုံများ မှ ဝယ်ယူရရှိသော ဇီးသီးခြောက်များကို မိတ္ထီလာစက်မှုဇုံရှိ ဇီးခွဲစက်များသို့ တင်ပို့ပြီး ရောင်းချကြကြောင်း ပွဲရုံများမှ သိရှိရပါသည်။

          ဇီးခွဲစက်များမှလည်း ဝယ်ယူရရှိသော ဇီးသီးခြောက်များကို ကြိတ်ခွဲရာ ဇီးစေ့၊ အဆံ၊ ဇီးကြိတ်ဖတ်၊ ဇီးစေ့ခွဲခြမ်းဟူ၍ ထွက်ရှိကြောင်း၊ ဇီးစေ့အဆံ (၁) ပြည်လျှင် (၂၀၀၀၀) ကျပ် စျေးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း၊ ဇီးကြိတ်ဖက် (၁) အိတ်လျှင်(၁၅၀၀) ကျပ်စျေးဖြင့် တိရိစ္ဆာန်စာအဖြစ် လည်းကောင်း၊ ဇီးစေ့ခွဲခြမ်း (၁) အိတ်လျှင် (၅၀၀) ကျပ် စျေးနှုန်းဖြင့် မီးသွေးလောင်စာအဖြစ် အသုံးပြု ကြကြောင်း၊ ဒေသတွင်း ဇီးပင်အကြီး (၁) ပင်လျှင် ဇီးသီးခြောက်ရောင်းချရမှုမှ ခန့်မှန်းဝင်ငွေ (၆၀၀၀၀)ကျပ်မှ (၇၀၀၀၀) ကျပ်ခန့် အထိရရှိကြောင်း သိရှိရပါသည်။

          ဇီးသီး(အချဉ်မျိုး)များကို ဇီးပင်မှ ခူးဆွတ်ပြီး ဇီးခွဲစက်များသို့ ကြိတ်ခွဲပြီးချိန်ထိ ဖြစ်စဉ်တစ်လျှောက် တောင်သူ၊ ကုန်သည်၊ စက်ပိုင်အားလုံး အကျိုးအမြတ်များရရှိကြပြီး အလေ့ကျပေါက်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးမှု ကုန်ကျစရိတ်မရှိခြင်း၊ ဂရုစိုက်ပြုစုပေးရန် မလိုအပ်ခြင်း၊ အပိုဝင်ငွေအဖြစ်ရရှိကြခြင်း၊ အပင်များများရှိလျှင် ရှိသလောက်ဝင်ငွေရခြင်း စသည့်ဖြင့် အကျိုးပြုသော အပင်အမျိုးအစားဖြစ်ပါသည်။ ထိုကဲ့သို့ တန်ဖိုးရှိသော ဇီးပင်(အချဉ်မျိုး)များကို စနစ်တကျ စိုက်ပျိုးပြီး သေချာပြုစု ပျိုးထောင်ပေးမည်ဆိုလျှင် ယခုထက်မကသော ဝင်ငွေများရရှိနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်၏ ထန်းလက်ကုလားထိုင် လုပ်ငန်းများအား ကွင်းဆင်းလေ့လာ

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ၊ ဦးသန်းစိုးနှင့် မလှိုင် မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းတို့သည် (၁၃-၂-၂၀၂၂) ရက်နေ့ နေ့လယ် ( ၁၄:၀၀ ) နာရီ အချိန်တွင် One Villaeg One Product ထုတ်လုပ်မှုဖြစ်သော သိမ်ကုန်းကျေးရွာ ထန်းလက်ကုလားထိုင် ထုတ်လုပ်ရောင်းချသူများအား လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပါသည်။

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်၊ သိမ်ကုန်းကျေးရွာသည် မိတ္ထီလာ-မလှိုင်ကားလမ်း ဘေးတွင်တည်ရှိပြီး One Villaeg One Product ထုတ်ကုန်တစ်မျိုးနှင့်အညီ ထန်းလက်ကုလားထိုင်လုပ်ငန်းကို ရှေးယခင်ကပင် ဆွေစဉ်မျိုးဆက် မိရိုးဖလာ အိမ်တွင်းမှုလုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းဖြစ်ပါသည်။ ထန်းပင် မှ ထန်းလက်နှင့် ဝါး၊ ပလစ်စတစ်ကြိုး၊ သံတို့ဖြင့် ရိုးရိုးကုလားထိုင်၊ စောင်းကောက် ကုလားထိုင်၊ ပတ်တလား ကုလားထိုင်၊ အိပ်စင်၊ စားပွဲစသည့် ပုံစံမျိုးမျိုးဖြင့် ထုတ်လုပ်‌‌ရောင်းချလျက်ရှိကြောင်း၊ ရိုးရိုးကုလားထိုင် (၁)လုံး လျှင် ထန်းလက် အချောင်း ၂၀ ( တစ်ချောင်းလျှင် ၃၅ ကျပ်)၊ ပလစ်စတစ်ကြိုး ၁၀၀ ကျပ်တန် (၁)ခွေ၊ ငါးမတ်သံ (၁၅) ချောင်း၊ ဝါး (၁၀၀) ဖိုးကုန်ကျပြီး ထန်းလက်ပေါက်ဖောက်ခ အချောင်း ၂၀ (တစ်လုံး)လျှင် (၁၅၀) ကျပ်စုစုပေါင်း ကုန်ကျစရိတ် ၁၁၀၀ ကျပ်ခန့်ရှိပြီး၊  ပုံစံအမျိုးမျိုးပေါ်မူတည်ပြီး ထန်းလက်ချောင်း အနည်းငယ် ပိုမိုသုံးစွဲရကြောင်း၊ တစ်နေ့ လူတစ်ဦး ပျမ်းမျှ ကုလားထိုင် (၂) လုံးမှ (၃) လုံးထိ ပြုလုပ်နိုင်ကြောင်း သိရှိရပါသည်။ ကုန်ကြမ်းအဖြစ် ထန်းလက် အစိုကို မလှိုင်မြို့နယ်အတွင်းတွင် ဝယ်ယူရရှိပြီး ရရှိသော အစိုကို နေလှမ်းကာ အပေါက်ဖောက်ရ‌‌ကြောင်း၊ အပေါက်ဖောက်ရာတွင် ယခင်က သံအခွန်ကို မီးဖုတ်၍ အသုံးပြုခဲ့ပြီး ယခုအခါတွင် ခေတ်မှီအပေါက်ဖောက်စက်ဖြင့် အပေါက်ဖောက်ပြီး ကုလားထိုင်ကိုယ်ထည်ကိုပြုလုပ်၍ အခင်းကိုလည်း ထန်းလက်လျှော်ကို ပြုလုပ်ပြီး ထုတ်လုပ်ရကြောင်း၊ ထုတ်လုပ်ပြီး ကုလားထိုင်အမျိုးမျိုး၊ စားပွဲများကို ကျေးရွာအထိ၊ အိမ်အ‌‌ရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ ရိုးရိုးကုလားထိုင်တစ်လုံးလျှင် ၂၅၀၀ ကျပ်၊ အိပ်စင်တစ်လုံးလျှင် ၅၀၀၀ ကျပ်ဖြင့် မတ်၊ ဧပြီလ များတွင် ပိုမို‌ရောင်းချရပြီး တစ်နှစ်ပတ်လုံး ထုတ်လုပ်ထားသော ကုလားထိုင်၊ စားပွဲ၊ အိပ်စင်များ ယင်းလများတွင် မကုန်မရှိရောင်းချရကြောင်း ထန်းလက်ကုလားထိုင် ထုတ်လုပ်သော လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။

            သိုဖြစ်ပါ၍ နွေရာသီအပူဒဏ်ခံ အသုံးပြုနိုင်သော ထန်းလက်ကုလားထိုင် ထုတ်လုပ်နေမှုအား သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

            DOCA(မန္တလေး)

ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီ စီးဆင်းမှုအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလ(၁)ရက်မှ (၁၄)ရက်အတွင်း ကြက်သွန်နီအသစ် မိုးစိုက်(ဥစိုက်)များသော ဆိပ်ဖြူမြို့ ဧရာဝတီမြေနုကျွန်းပေါ်ဒေသများနှင့် ကုန်းတွင်းပိုင်းဒေသများအပြင် ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်များမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး (၁)ရက်လျှင် ပျမ်းမျှပိဿာ(၇)သောင်းခွဲခန့် (၂)ပတ် အတွင်း စုစုပေါင်းပိဿာချိန် (၁၀)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          ဖေဖော်ဝါရီလ ပထမပတ်နှင့်ဒုတိယပတ် (၂)ပတ်အတွင်း ကြက်သွန်နီ(အသစ်)(၁)ပိဿာ ဈေးနှုန်းမှာ ထိပ်စ(ရှယ်) အမြင့်ဆုံးဈေးနှုန်းမှာ (၅၂၅)ကျပ်မှ (၄၇၅)ကျပ်အထိ ကုန်စည်ဒိုင်ဖြတ် ဈေးနှုန်းဖြစ်ခဲ့ပြီး အသေးအနုပ် အနိမ့်ဆုံးဈေးနှုန်းမှာ (၁၅၀)ကျပ်မှ (၁၀၀)ကျပ်အထိ ဈေးနှုန်းရှိခဲ့ကြောင်း၊ ယခင်တစ်ပတ်ဈေးနှုန်းထက် ကြက်သွန်နီ အမြင့်ဆုံးထိပ်စ ဈေးနှုန်းမှာ (၂၅)ကျပ်ခန့် ကျဆင်းခဲ့ကြောင်း၊ ကြက်သွန်နီ(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ (ရှယ်) (၈၀၀) ကျပ်နှင့်အလတ်စ(ကြီး) (၆၅၀)ကျပ်၊ အလတ်စ(သေး) (၅၀၀)ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါ သည်။

          ယခင်(၁)ပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားရခြင်းမှာ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ မြဝတီ သို့ တင်ပို့လျက်ရှိသော ဝယ်လက်များမှ ဝယ်လိုအားနည်း၍ ဈေးကွက်နည်းသွားခြင်းကြောင့် ဈေး အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူကုန်စည်ဒိုင်မှ ဖေဖော်ဝါရီလ(၁)ရက်မှ(၁၄)ရက်အထိ ပထမ(၂)ပတ်အတွင်းတွင် (၆/၁၂)ဘီးမော်တော်ယာဉ်များ ဖြင့် ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)သို့ ကားစီးရေ (၆၅)စီး၊ ပြည်မြို့(၇)စီး၊ စစ်တွေမြို့(၁၇)စီး၊ မြဝတီမြို့ (၁၁)စီး၊ ပုသိမ်မြို့(၁)စီး စုစုပေါင်း(၁၀၁)စီးခန့်၊ ကြက်သွန်နီ(အသစ်) တန်ချိန် (၅၈၀၆၇)တန်ခန့်  စီးဆင်းခဲ့ပါကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။       

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း