Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်း(တောင်) ပဲလိပ်ပြာ(ခ) ထောပတ်ပဲ များ ဝယ်လိုအား မြင့်တက်လျက်ရှိ

         ယခုအချိန်၌ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီး ၊ ဟဲဟိုး နှင့် အောင်ပန်းဒေသများတွင် ပဲလိပ်ပြာများ အများအပြားထွက်ရှိလျက်ရှိပါသည်။ ပဲလိပ်ပြာကို ထောပတ်ပဲ၊  မောင်မခေါ်ပဲ၊ ပဲဆိတ်တိုစသဖြင့်လည်းအမျိုးမျိုးခေါ်ဝေါ်ကြပြီး အရသာမှာ စိမ့်သောအရသာရှိသောကြောင့် လူကြိုက်များသောပဲတစ်မျိုးဖြစ်သည်။ ရှမ်း(တောင်) တွင် ပဲလိပ်ပြာကို မေလ နှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဇူလိုင်၊ ဩဂုတ်လများတွင် စတင်ထွက်ပေါ်ကာ ဖေဖော်ဝါရီ လအထိ ထွက်ရှိကြောင်းသိရှိရသည်။

       ပဲလိပ်ပြာသည် အရသာကောင်းမွန်ရုံသာမက ဈေးနှုန်းအနေဖြင့်လည်း လက်လီ တစ်ဗူးလျှင် ရာသီပေါ်ဈေး (ကျပ် ၂၀၀မှ ၃၀၀ခန့်အတွင်း) မျှသာရှိပါသည်။ ပဲလိပ်ပြာ အများအပြားထွက်ရှိချိန်၌ အခြောက်ခံထားပြီး  ရာသီကုန်ဆုံးချိန်ရောက်လျှင် (ပဲလိပ်ပြာ ခြောက်)အဖြစ် တစ်ဗူးလျှင် (ကျပ်၈၀၀ မှ ၁၀၀၀ခန့်အထိ) ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ ပဲလိပ်ပြာကို  ကြော်ခြင်း၊ နှပ်ခြင်း၊ ဟင်းရည်သောက်ချက်စားခြင်းများ အမျိုးမျိုးပြုလုပ်စားသုံးကြပြီး ယခုရာသီအချိန်၌ ပဲလိပ်ပြာဝယ်လိုအားမြင့်တက်လျက်ရှိကြောင်း သတင်းရရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ဆေးဖက်ဝင်တဲ့ ကွမ်းရွက်ပင်

      ကွမ်းရွက်ပင်သည် မြန်မာနိုင်ငံတွင် တကောင်းခေတ်၊ ပုဂံခေတ်များကပင်ရှိခဲ့သော အပင်တစ်မျိုး ဖြစ်သည်။ ကွမ်းရွက်ပင်သည် နွယ်ပင်အမျိုးအစား တစ်မျိုးဖြစ်ပြီး သစ်တောကြီးများတွင် သဘာဝ အလျောက်ပေါက်ရောက်ရှင်သန်ကြသည်။ ရှေးမြန်မာ လူမျိုးများ အထွတ်အမြတ်ထား အသုံးပြုသော အပင်နှစ်မျိုးတွင် ကွမ်းရွက်ပင်သည် တစ်ပင်အပါအဝင်ဖြစ်သည်။ “မြန်မာအစ တကောင်းက”ဟုဆို သကဲ့သို့ ကွမ်းရွက်အစသည်လည်း တကောင်းက ဟုဆိုနိုင်သည်။ မြန်မာလူမျိုးများမှာ ကွမ်းစားခြင်း ဓလေ့ရှိခြင်းကြောင့် ကွမ်းရွက်ပင်များစိုက်ပျိုးခြင်းသည်လည်း ရှေးယခင်များကပင် ရှိခဲ့ကြသည်။ ရှေးယခင်အခါများက ကွမ်းစိုက်ပျိုးခြင်းအား မိုးခြံ၊ နွေခြံ ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးခဲ့ကြ သည်။ ကွမ်းရွက်ပင်နှင့် ကွမ်းစားခြင်း ဓလေ့များသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆင်းသက်လာဟန် တူသည်။ ကွမ်းပင်၏ မူလဒေသသည် မလေးရှားနိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများဖြစ်ကြောင်း ပညာရှင်များအဆိုအရ သိရှိရသည်။ ထိုဒေသမှ စတင်၍ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တစ်ခြားသော အာရှနိုင်ငံများအထိ ပြန့်နှံခဲ့သည်။

          ကွမ်းရွက်ပင်သည် ပင်ပျော့အမျိုးအစားဖြစ်သည့်အားလျော်စွာ သစ်ပင်ကြီးများအားအမှီပြု၍ ပေါက်ရောက်ကြသည်။ ပူအိုက်စွတ်စိုသော ရာသီဉတုတွင်ကောင်းစွာရှင်သန်ကြသည်။ ပရဆေးများ၏ သဘောအရ သဘာဝမှရသော အပင်များဖြင့်ဖော်စပ်ကြသည့် အားလျော်စွာ ကွမ်းရွက်ပင်သည်လည်း တစ်ပင်အပါအဝင်ဖြစ်သည်။ ယခုမျက်မောက်ကာလတွင် ကွမ်းရွက်ဖြင့် သက်သာစေသောရောဂါများ အများအပြား ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။ ကွမ်းရွက်တွင် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သော ဓာတ်များစွာလည်း ပါဝင်သည်။  ဗီတာမင် B ၊ ဗီတာမင် C ဓာတ်များအပြင် အမျှင်ဓာတ်၊ သတ္တုဓာတ်များလည်းပါဝင်ကြောင်း ဓာတ်ခွဲခန်းအဖြေများအရသိရသည်။ ကွမ်းရွက်တွင် ပါဝင်သော ဒြပ်ပေါင်းသည် လူ၏ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်အားကျဆင်းစေပြီး ဆီးချိုသမားများအတွက် အထောက်အကူဖြစ်သည်။ ကွမ်းရွက်ပမာဏ ၁၀ရွက်လောက်အား ရေနွေးဆူဆူတွင်ထည့်ပြုတ်ပြီး ပျားရည်အနည်းငယ်ထည့်သောက်ခြင်းဖြင့် ကင်ဆာရောဂါ ကာကွယ်နိုင်သည်။ ကွမ်းရွက်ပြုတ်ရည်အား အအေးခံပြီး မျက်နှာသစ်ခြင်းဖြင့်လည်း မျက်နှာပေါ်ရှိ ဘက်တီရီးယားများကိုတိုက်ဖျက်ပေးပြီး ဝက်ခြံများကိုလည်း သက်သာစေကြောင်း ဆရာဝန်များ၏ အဆိုများအရသိရသည်။ ကွမ်းရွက်အား ရေဖြင့် သေချာစွာဆေးကြောပြီး ဝါးစားခြင်းဖြင့် ခံတွင်းကျန်းမာစေပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှလည်း ကာကွယ်နိုင်သည်။ ပွန်းပဲ့ရှနာဒဏ်ရာများကြုံတွေ့လျှင်လည်း ကွမ်းရွက်ကို ရေဖြင့်သန့်စင် အောင်ဆေးကြော၍ အနာပေါ်တွင် အုပ်ထားပေးပြီး ပတ်တီးစည်းထားပေးခြင်းဖြင့် အနာကျက်စေ သည်။

          ကွမ်းရွက်သည် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသောအရွက်ဖြစ်သဖြင့် လူ့ခန္ဓာကိုယ်အတွင်းရှိ ဓာတ်တိုးပစ္စည်းများအား ဖယ်ရှားပေးပြီး၊ ဝမ်းမှန်စေသည်။ သွေးတွင်းကိုလက်စရောကိုပါ ကျစေနိုင်၍ နှလုံးရောဂါဖြစ်နိုင်ခြေအားလည်း လျော့နည်းစေသည်။ ကွမ်းရွက်အား ဝါးစားခြင်းဖြင့် ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပေါက်ဖွားပေးမှုကို ဟန့်တားပေးခြင်းကြောင့် ခံတွင်းအနံ့ဆိုးများထွက်ခြင်းမှ ကင်းဝေးစေနိုင်သည်။ ခေါင်းကိုက်သူများအနေဖြင့်လည်း ကွမ်းရွက်အား နှာဖူး၊ နားထင်နှင့်နှာနုရိုးများတွင် ကပ်ခြင်းဖြင့်လည်း သက်သာစေသည်။ မြန်မာ့တိုင်းရင်းဆေးများတွင် ကွမ်းရွက်ကို ချောင်းဆိုးပျောက်ဆေးများတွင် အများဆုံးအသုံးပြုသည်။ ဥပမာအားဖြင့် ကွမ်းရွက်ပုံလျှက်ဆား။ ဆရာသင်၏ ရှုတော်မူဆေးကျမ်းတွင် ကွမ်းရွက်သည် ပူစပ်သော အရသာရှိသည်၊ သလိပ်ကို ကျေစေ၊ လေကို နှိမ်နင်း၏ ဟုဆိုထားသည်။

          ကွမ်းရွက်ပင် စိုက်ပျိုးမှုတွင် ပြည်နယ်/တိုင်း ဒေသအများစုတွင် စိုက်ပျိုးကြသည်။ ကွမ်းရွက်ပင် အားအပူချိန်နိမ့်သော ဒေသများမှလွဲ၍ ကျန်နေရာများတွင် စိုက်ပျိုးနိုင်သည်။ ကွမ်းပင်သည် ပင်ပျော့ဖြစ်သည့်အလျောက် ကွမ်းစင်ဆောက်၍ စိုက်ပျိုးကြရသည်။ ကွမ်းပင်သည် စိုစွတ်ခြင်းအား နှစ်သက်သော်လည်း ရေဝတ်ခြင်းအားမနှစ်သက်ခြေ။ ထို့ကြောင့် ကွမ်းစိုက်တောင်သူများသည် မြောင်းတူးစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြသည်။ ကွင်းစင်းအား အများအားဖြင့် ဝါးများ၊ ဝါးခြမ်းများ ဖြင့်တည်ဆောက်ကြသည်။ ဝါးတိုင်များအား(၆)ပေ၊ (၇)ပေ အမြင့်တိုင်များ ပြုလုပ်ပြီး စကာအမိုး၊ အကာအရံများဖြင့် တည်ဆောက်ကြသည်။ ကွမ်းပင်စိုက်ပျိုးရာတွင် ကွမ်းတစ်မျိုးကိုသာ စိုက်ပျိုးသူ တောင်သူနှင့် တစ်ခြားသီးနှံကို အဓိကထားစိုက်ပျိုးပြီး ကွမ်းအားအပိုဝင်ငွေရရှိရေး စိုက်ပျိုးသူဟူ၍ ကွဲပြားကြသည်။ ရှေးယခင်ကမူ ကွမ်းပင်များအား ရေလောင်းစိုက်ပျိုးကြသော်လည်း ယခုအခါတွင် ရေအစက်ချနည်းများအသုံးပြု၍ စိုက်ပျိုးလာကြသည်။ အစက်ချရေသွင်းနည်းစနစ်ကို နွေရာသီနှင့် ဆောင်းရာသီတို့တွင် အကျိုးရှိစွာအသုံးချနိုင်သည်။ တောင်သူများပြောပြချက်အရ ရေအစက်ချစိုက်ပျိုးနည်းအသုံးပြုခြင်းဖြင့် ရေများအလေအလွင့်နည်းခြင်း၊ လုပ်အားသက်သာစေခြင်း၊ စိုက်ပင်များားအစိုဓာတ်အမြဲရှိစေခြင်း၊ ကွမ်းခြံအတွင်းလူအဝင်အထွက်နည်းစေခြင်း၊ အကျိုးအမြတ်ပိုမိုရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရှိပေသည်။

          ကွမ်းရွက်သည်ဒေသကိုလိုက်၍ အနု၊ အလတ်၊ အကြမ်းများရှိသည်။ "တံတားဦးကကွမ်းနုဝါ" ဆိုသကဲ့သို့ တံတားဦးမြို့တွင် စိုက်ပျိုးသောကွမ်းနုဝါသည်နာမည်ကြီးသည်။ ကွမ်းများအား စိုက်ပျိုးရာဒေသကိုလိုက်၍ အမည်များလည်းကွဲပြားကြသည်။ ဥပမာဆိုလျှင် ရန်ကုန်မှာစိုက်၍ ရန်ကုန်ကွမ်း၊ မုံရွာမှာစိုက်၍ မုံရွာကွမ်း၊ ရေဦးကွမ်း၊ မတ္တရာကွမ်း၊ ရွှေဘိုကွမ်း၊ ခင်သာကွမ်း၊ ကျောက်ဆည်ကွမ်း၊ မန္တလေးကွမ်း၊ အင်းကွမ်း စသည့်ဖြင့် စိုက်ပျိုးရာဒေသများ မတူကြ၍ အမည်များလည်းကွဲပြားကြသည်။ ရှမ်းပြည်နယ်တွင် မတ္တရာကွမ်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ပေါက်ဈေးရှိပြီး၊ မန္တလေးကွမ်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်တွင် ကွမ်း ဈေးကောင်းရရှိတတ်ပြီး ဝယ်လိုအားကောင်း၍ ယခုထက်ပို ဈေးကောင်းရရှိလာမည်ဖြစ်သည်။ ကွမ်းရွက်ပင်အား စိုက်ပျိုးကြသည်မှာ တိုင်းရင်းဆေးဝါးများဖော်စပ်ရန်အတွက် စိုက်ပျိုးကြခြင်းမျိုး မဟုတ်ဘဲ ကွမ်းယာစားသုံးသူများအားအဓိကထားစိုက်ပျိုးကြခြင်းဖြစ်သည်။ ကွမ်းရွက်၏ ဆေးဖက်ဝင် ပုံနှင့် ကွမ်းယာမှာ မတူပေ။ ကွမ်းယာတွင်ပါဝင်သော ထုံးသည် ကျန်းမာရေးအတွက် အထောက်အကူ မဖြစ်ပေ။ ကွမ်းယာစားခြင်းကြောင့် ပါးစပ်ကင်ဆာ၊ လျှာကင်ဆာများအပြင် တစ်ခြားသောရောဂါများလည်းဖြစ်စေသည်။ "ကွမ်းတစ်ယာနှင့်ရေတစ်မှုတ်" ဟူသောစကားများအရ ကွမ်းယာသည့် ရှေးဘုရင်မင်းများ လက်ထက်က မေတ္တာတရားနှင့်သစ္စာတရားကိုဖော်ကြူးသော ပန်းတစ်မျိုးဖြစ်သည်ဟု သမိုင်းစာအုပ်များအရသိရသည်။ မြန်မာ့သမိုင်းရာဇဝင်များနှင့်ပင်အတူရှိခဲ့သော ကွမ်းပင်သည် ယနေ့ခေတ် မျက်မောက်ကာလတွင်လည်း စိုက်ပျိုးသူများသော၊ ရောင်းအားကောင်းသော၊ ဈေးကောင်းရနေသော လူ့အကျိုးပြုအပင်တစ်မျိုးဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

မုန့်လုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံခြင်း

        စာသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၆.၁.၂၀၂၂ရက်နေ့တွင် မုံရွာမြို့နယ်၊ ရွာတုံရပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင်များအသင်းမှ ဦးစီးတည်ထောင်သည့် မုန့်လုပ်ငန်းဇုန်သို့သွားရောက်၍ အသင်း၏ ဒုတိယဥက္ကဌနှင့်တွေ့ဆုံ၍ မုန့်လုပ်ငန်းဇုန်နှင့်သက်ဆိုင်သော အချက်အလက်များအား တွေ့ဆုံမေးမြန်းရာ ဒုတိယဥက္ကဌက မိမိတို့၏ မုန့်လုပ်ငန်းဇုန်ကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်(၅၀) ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် ခွင့်ပြုစာရရှိခဲ့ကြောင်း၊ မြေဧက(၇၀)ကျော်ဖြင့် ကွက်စိပ်ရိုက်ထားပြီး လုပ်ငန်းရှင်ပေါင်း(၃၀၀)‌ကျော်အထိ လုပ်ကိုင်နိုင်ကြောင်း၊ လက်ရှိတွင် လုပ်ငန်းရှင်(၂၀၀)ကျော်ရှိပြီးဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်လည် မုန့်လုပ်နည်းပညာသင်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ သင်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဟူ၍ အဆင့်(၃)မျိုးခွဲပြီးဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်း သားလက်ခံရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ပေးထားသော ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ သင်တန်းသားဦးရေကို ကန့်သတ်လက်ခံမည်ဖြစ်ကြောင်း၊ လက်ရှိ မုံရွာမြို့ပေါ်အနေဖြင့် မုန့်လုပ်ငန်းရှင် (၈၀)ကျော်ထိရှိကြောင်း၊ မိမိတို့အနေဖြင့် မုန့်လုပ်ငန်းရှင်အသင်းနှင့် မုန့်လုပ်ငန်းဇုန်ကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အနာဂတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ ဆောင်ရွက်နေပါကြောင်း တင်ပြခဲ့ရာ ဌာနမှ တာဝန်ရှိသူများက မုန့်လုပ်ငန်း ဇုန်တည်ထောင်မှုနှင့် မုန့်လုပ်ငန်းရှင်အသင်း စတင်ဖွဲ့စည်းမှု အခြေအနေများနှင့်ပတ်သက်၍ သိလိုသည့်အချက်အလက်များအား မေးမြန်းပြီးနောက် ခရိုင်ဦးစီးမှူးက ဇုန်အတွင်းလုပ်ကိုင်ကြသော အသင်းဝင်လုပ်ငန်းရှင် တစ်ဦးချင်းတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ရမည့်အချက်များကို ဌာနအနေဖြင့်ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေကို ပို၍လွှမ်းခြုံမှုရှိစေရန် အသင်းဒု-ဥက္ကဌအနေဖြင့် မိမိ၏အသင်းသားလုပ်ငန်းရှင်များကို ထပ်မံဖြည့်စွက်၍ လက်ဆင့်ကမ်း အသိပညာပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံအတွင်းပိတ်မိနေသော မြန်မာနိုင်ငံဘက်မှ ကုန်တင်ယာဉ်များ ပြန်လည်ထွက်ခွာခွင့်ရပြီဖြစ်

         မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများ Online မှဆွေးနွေးခဲ့ပြီးနောက် လွယ်ဂျယ်နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါသည်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားပိုင် ကုန်တင်ယာဉ်အစီးရေ(၃၆၀)ကျော်ကို ၂၅.၁.၂၀၂၂ရက်နေ့တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့သဖြင့် ၎င်းကုန်တင်ယာဉ်များကို တရုတ်ယာဉ်မောင်းများမှ လွယ်ဂျယ်မြို့အထိလာ ရောက်ပို့ဆောင် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်        

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှ ဇန်နဝါရီလ (၂၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ) ကျပ် (၁၄၀၀) မှ (၂၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် (၁၂၀၀) မှ (၂၀၀၀)အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် (၈၀၀) မှ (၁၉၀၀)အတွင်း၊ အာလူး(ပိဿာ) ကျပ်(၁၈၀၀) မှ (၂၃၀၀)အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ်(၁၇၀၀) မှ (၂၂၀၀)အတွင်း၊ ရွှေဖရုံသီး(လုံး) ကျပ်(၁၀၀၀) မှ (၁၅၀၀)အတွင်း၊ ဗူးသီး(လုံး) ကျပ် (၈၀၀) မှ (၁၅၀၀)အတွင်း၊ မုန်ညှင်း(ထုပ်) (ပိဿာ)ကျပ်(၁၀၀၀) မှ (၁၂၀၀)အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ်(၆၀၀) မှ (၁၂၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) (၂၅၀၀) မှ (၃၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ်(၂၄၀၀) မှ (၃၀၀၀)အတွင်း၊ ချင်း(ပိဿာ) ကျပ်(၁၅၀၀) မှ (၁၈၀၀)အတွင်း၊ ဆလပ်ရွက်(စီး) ကျပ်(၂၀၀) မှ (၃၅၀)အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ်(၆၀) မှ (၁၂၀)အတွင်း၊ ခရမ်းသီး(ရှည်)(လုံး) ကျပ်(၇၀) မှ (၁၅၀)အတွင်း၊ သံပရာသီး(လုံး) ကျပ်(၇၀) မှ (၁၅၀)အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) (၉၀၀) မှ (၁၂၀၀)အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊အသေး) ကျပ်(၁၅၀၀) မှ (၄၅၀၀)အတွင်း ဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၂၁၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၉၈၀၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၈၁၅၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၄၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၈၆၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၆၉၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း(၆၈၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၂၃၅၀၀)ကျော် အသီးသီးကုန်အဝင်ရှိ ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စပါး ဈေးနှုန်းများတည်ငြိမ်နေပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၈၅၀၀၊ တန်အားဖြင့် ၄၄၂၅တန် စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၉၀၅၀၀၊ တန်အားဖြင့် ၄၅၂၅တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၂၀၀၀၊ တန်အားဖြင့် တန် ၁၀၀ ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး (အဟောင်း) တင်း၁၀၀လျင် ကျပ်၁,၆၅၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ်၅၅,၀၀၀၊ ဧရာမင်းစပါး (အဟောင်း) တင်း၁၀၀လျင် ကျပ်၁,၂၀၀,၀၀၀၊ ဧရာမင်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၅၃,၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး (အသစ်) တင်း၁၀၀လျင် ကျပ်၁,၁၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ်၄၄,၀၀၀၊ ဧရာမင်းစပါး (အသစ်) တင်း၁၀၀လျင် ကျပ်၉၀၀,၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးနှုန်း အခြေအနေ

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေဈေးနှုန်းနှင့် ဓါတ်မြေဩဇာ ဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နေ့စဉ်ဈေးနှုန်းကောက်ယူလျက်ရှိပြီး ထိုသို့ ကောက်ယူရာတွင် ဘိလပ်မြေဈေးနှုန်းအား အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်းရှိ Pro-1 အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် စုံစမ်းကောက်ယူ၍ ဓါတ်မြေဩဇာဈေးနှုန်းကို တိုက်ကြီးမြို့နယ်၊ တစ်သုံးလုံးစိုက်ပျိုးရေးအရောင်းဆိုင်တွင် စုံစမ်းမေးမြန်းခဲ့ရပါတယ်။

          ဆင်၊ ကြံ့၊ Alpha၊ Crown၊ Apache ဘိလပ်မြေတံဆိပ်(၅)မျိုး ဈေးနှုန်းကောက်ယူလျက်ရှိရာ ယခုအခါ ဆင်၊ ကြံ့၊ Alpha တံဆိပ်များမှာ ပစ္စည်းပြတ်လပ်နေပြီး Blue Diamond အမှတ်တံဆိပ် ဘိလပ်မြေအမျိုးအစားသစ်တစ်မျိုး ထပ်မံဝင်ရောက်လာခဲ့ပြီး Blue Diamond အမှတ်တံဆိပ် ဈေးနှုန်းမှာ ယခင်အပတ် (၉၀၀၀) မှ ယခုအပတ် (၉၁၀၀)၊  Crown အမှတ်တံဆိပ်ဈေးနှုန်းမှာ ယခင်အပတ် (၈၈၀၀) မှ ယခုအပတ် (၉၁၀၀) နှင့် Apache အမှတ်တံဆိပ်ဈေးနှုန်းမှာ ယခင်အပတ် ၈၄၀၀ မှ ယခုအပတ် (၉၁၀၀) ဈေးအနည်းငယ်မြင့်တက်နေပါတယ်။

          ယူရီယား(ရွှေတောင်)၊ တီစူပါ(သံကွင်း)၊ ပိုတက်၊ အာမို၊ ဩဘာ(သီးစုံ)အမှတ်တံဆိပ်(၅)မျိုး ဈေးနှုန်းကောက်ယူခဲ့ရာ ဓါတ်မြေဩဇာဈေးနှုန်းများမှ အမှတ်တံဆိပ်(၄)မျိုး ဈေးနှုန်းတည်ငြိမ်နေပြီး ဩဘာ(သီးစုံ)အမှတ်တံဆိပ်တစ်မျိုးမှာ ယခင်အပတ် (၅၉၀၀၀) ယခုအပတ် (၆၀၀၀၀)ကျပ် ဈေးနှုန်း အနည်းငယ်တက်နေကြောင်း တိုက်ကြီးမြို့နယ် ဓါတ်မြေဩဇာဈေးကွက်မှ စုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

 

ပန်းဂေါ်ဖီစိုက်သူတောင်သူများနှင့်တွေ့ဆုံခြင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ရေအလွယ်တကူရရှိသော ချောင်းကမ်းနားနှင့်နီးစပ်သည့် ကျေးရွာများတွင် ပန်းဂေါ်ဖီများ စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု ၊ အနောက်ချောင်းနားကျေးရွာတွင် စိုက်ပျိုးနေသော ဂေါ်ဖီစိုက် တောင်သူတစ်ဦးအား (၂၄.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်နှင့် ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးတို့မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          တွေ့ဆုံမေးမြန်းခဲ့မှုအရ တောင်သူတစ်ဦးလျှင် အနည်းဆုံး (၀.၁)ဧကမှ တစ်ဧကထိ စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ရေကြီးနစ်မြှပ်မှုမရှိခြင်း မိုးလေဝသအဖျက်အဆီးနည်းပါးခြင်းတို့ကြောင့် ပန်းဂေါ်ဖီစိုက် တောင်သူများ အဆင်ပြေကြပြီး  ပန်းဂေါ်ဖီ(၀.၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မိသားစု လုပ်အားခအပါအဝင် ကုန်ကျစရိတ် (၁၉၉၄၀၀/-) ကုန်ကျကြောင်း၊ (၀.၁)ဧက ဂေါ်ဖီထွက်ရှိမှုအနေဖြင့် အပွင့် (၄၀၀၀) ပွင့်ခန့်ထွက်ရှိပြီး တစ်ပွင့်လျှင် ကျပ်( ၁၀၀၀/-)မှ (၁၅၀၀/-) ထိရောင်းချရ၍  ဝင်ငွေ ကျပ် (၈၂၅၀၀၀/-) ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ် (၆၂၅၆၀၀/-) ရရှိကြောင်း၊  မိသားစုလုပ်အားမရှိသော ပြင်ပလုပ်သားဌားရမ်းသုံးစွဲရသော တောင်သူများမှာ ကုန်ကျစရိတ် ကျပ် (၂၈၅၉၀၀/-)  ကုန်ကျပြီး အကျိူးအမြတ်မှာ (၅၃၉၁၀၀/-) ရရှိကြောင်း သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်း‌ဒေသကြီး

အရှေ့ပိုင်းခရိုင်အတွင်းရှိ စက်သုံးဆီဈေးနှုန်းများဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအခြေအနေ

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်အတွင်းရှိ စက်သုံးဆီရောင်းချသည့်ဆိုင်များအား နေ့စဉ်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရာတွင် (၁၅.၁.၂၀၂၂ မှ ၁၇.၁.၂၀၂၂ ထိ) စက်သုံးဆီပုံမှန်ဈေးနှုန်းများမှာ ဓါတ်ဆီ (95) တစ်လီတာ (၁၅၅၅) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာ (၁၅၂၅) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၁၅၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ (၁၅၅၀) ကျပ်ဖြင့်လည်းကောင်း၊ အထူးဈေးနှုန်းအနေဖြင့် ဓါတ်ဆီ (92) တစ်လီတာ (၁၄၁၂) ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ (၁၃၉၅) ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၄၂၀) ကျပ်တို့ဖြင့် အသီးသီးရောင်းချ လျက်ရှိပြီး၊ (၁၈.၁.၂၀၂၂ မှ ၂၃.၁.၂၀၂၂ ထိ) ပုံမှန်ဈေးနှုန်းများမှာ ဓါတ်ဆီ (95) တစ်လီတာ (၁၆၁၀) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာ (၁၅၄၅) ကျပ်၊ရိုးရိုးဒီဇယ်တစ်လီတာ (၁၅၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၅၈၀) ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပြီး အထူးဈေးနှုန်းများအနေဖြင့် ဓါတ်ဆီ (92) တစ်လီတာ (၁၃၆၉) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၁၃၈၇)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ (၁၄၀၈) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          အထူးဈေးနှုန်းများဖြစ်သော ရိုးရိုးဒီဇယ်တစ်လီတာလျှင် (၁၃၉၅)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၄၂၀) ကျပ်တို့မှာ ကုန်တင်ယာဉ်နှင့် အဝေးပြေးယာဉ်များအတွက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သော်လည်း လက်ရှိအထူးဈေးဖြင့် ရောင်းချနေသော ရိုးရိုးဒီဇယ်တစ်လီတာ (၁၃၈၇)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၄၀၈) ကျပ်တို့မှာ မည်သည့်မော်တော်ယာဉ်မဆို ရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။ အထူးဈေးနှုန်းများဖြင့် မကြာခဏရောင်းချပေးနိုင်ရေးအတွက် နိုင်ငံတော်မှ ပြည်တွင်းစက်သုံးဆီအသင်းသို့ နိုင်ငံခြားငွေဖြင့် လဲလှယ်ဆောင်ရွက်ပေး လျက်ရှိသဖြင့် စက်သုံးဆီများကို အမေရိကန်ဒေါ်လာနှင့် ကမ္ဘာ့ရေနံဈေး အနည်းငယ်မြင့်တက်လာမှုအပေါ် တစ်ဖက်တစ်လမ်းမှ စက်သုံးဆီဈေးအကန့်အသတ် ထိန်းကျောင်း၍ ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

ဈေးမာလျှက်ရှိသည့် အောင်လံဒေသပဲစဉ်းငုံဈေးကွက်

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့သည် ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး တောင်တွင်းကြီးမြို့၊ ဆင်ပေါင်ဝဲမြို့၊ ကိုးပင်စသည့် ပတ်ဝန်းကျင်ကျေးရွာများ၊ ပဲခူးတိုင်း အနောက်ခြမ်း ဝက်ထီးကန်၊ ပေါက်ခေါင်းတို့မှထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများ လာရောက်ရောင်းဝယ်ဖောက်ကားရာ အချက်အချာကြသည့်မြို့ဖြစ်ပါသည်။အောင်လံမြို့သည် စပါး၊ ပဲမျိုးစုံ ဆီထွက်သီးနှံ၊ ဝါစသည့် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိရာ အောင်လံကုန်စည်ဒိုင်မှလည်း အထူးသက်ဝင်လျှက်ရှိပြီး ဒေသခံတောင်သူပွဲစားကုန်သည်များဖြင့် နေ့စဉ်ရောင်းဝယ်ဖောက်ကားစည်ပင်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

          ယခုဇန်နဝါရီ တတိယပတ်အတွင်း အောင်လံကုန်စည်ဒိုင်တွင် အရောင်းအဝယ်အများဆုံးဖြစ်သည့် သီးနှံမှာ ပဲစဉ်းငုံသီးနှံဖြစ်ပြီး နေ့စဉ်ပိဿာ(၃၀)ဝင်အိတ် (၃၀၀)မှ(၅၀၀)ကြား အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ပဲစဉ်းငုံကိုနှမ်း၊ မြေပဲ၊ ဝါသီးနှံများကြားတွင် မိုးလယ်ဇွန်၊ ဇူလိုင်လများကပင် သီးညှပ်စိုက်ပျိုးခဲ့ကြောင်၊ စိုက်ဧက ၃၄၇၃ ဧကခန့်စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ ယခင်နှစ်ကထက် စိုက်ဧက(၁၁၀၀)ခန့် ပိုမိုစိုက်ပျိုးခဲ့သော်လည်း ယခင်နှစ်အထွက်နှုန်း ၁၆ တင်း ရရှိခဲ့ပြီး ယခုနှစ်၁၃တင်းခန့်သာ ထွက်ရှိကြောင်း သိရှိရပါသည်။ ပဲအရည်အသွေးမှာလည်း ဒီဇင်ဘာလအတွင်းရွာသွန်းခဲ့သည့်မိုးကြောင့် မနှစ်ကအရည်အသွေးကိုမမှီခဲ့ကြောင်း၊ သို့ရာတွင် ပဲစဉ်းငုံဈေးမှာ ယခင်နှစ်ကဈေးထက် ပိုခဲ့သည့်အတွက် ဈေးပိုမိုရရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက် ကျေးရွာနေ တောင်သူဦးမြင့်ငွေ၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

      ပဲစဉ်းငုံပေါ်စတွင် ပိဿာ (၂၀ )တစ်တင်း ၃၃၀၀၀-၃၅၀၀၀ဈေးရှိခဲ့သော်လည်း ၂၀၂၂ ဇန်နဝါရီ ဒုတိယပတ်တွင် ၄၅၃၀၀အထိ ဈေးမြင့်ခဲ့ကြောင်း၊ ယနေ့ ၂၅.၁.၂၀၂၂ နေ့ဈေးမှာ ၄၃၀၀၀ ရှိကြောင်း စုံစမ်းသိရှိရပါသည်။အောင်လံကုန်စည်ဒိုင်တွင် ယခင်နှစ်များတွင် ရန်ကုန်ကုမ္ပဏီများက ဦးဆောင်၍ ပဲစဉ်းငုံဈေးဖွင့်ခဲ့သော်လည်း ယခုနှစ်တွင် နယ်အဝယ်လှောင်လက်သမားများမှ ဦးဆောင်နေကြောင်း ကုမ္ပဏီများမှသတ်မှတ်ဈေးထက်ကျော်လွန်သွားပါက ဈေးပေးမဝယ်တော့ဘဲ လှောင်လက်သမားများမှ ပိဿာ ၂၀ တစ်တင်းလျှင် ၅၀၀မှ၁၀၀၀ထိဈေးပိုပေး၍ ဝယ်ယူနေသည့်အတွက် ပဲစဉ်းငုံဈေးမှာ ယခုနှစ်တွင် ရောင်းသူဈေးကွက်ဖြစ်နေ၍ စိုက်ပျိုးသူတောင်သူများ ပြုံးပျော်ရသည့် နှစ်လည်းဖြစ်ကြောင်း ကုန်သည် ဦးဉာဏ်လွင်၏ပြောကြားချက်အရသိရှိရပါသည်။

        ၂၀၁၇-၂၀၁၈တွင် အိန္ဒိယသည်မြန်မာပြည်မှထွက်ရှိသည့် ပဲတီစိမ်းနှင့်ပဲစဉ်းငုံသီးနှံများကို တန်ချိန်လျော့၍ ကိုတာသတ်မှတ်ဝယ်ယူခဲ့ရာ ပြည်တွင်းထွက်ပဲစဉ်းငုံသီးနှံမှာလည်း ပြည်ပတင်ပို့နိုင်မှု ပမာဏလျော့နည်းခဲ့၍ ပဲစဉ်းငုံအစားအခြားတွက်ချေကိုက်သည့် သီးနှံများပြောင်းလဲစိုက်ပျိုးရေး ပဲစားပွဲတော်များကျင်းပ၍ ပြည်တွင်းပဲစားသုံးမှုပမာဏတိုးပွားရေးတို့ကို မိမိတို့ဌာနမှ အသိပညာပေး ခဲ့ရသော်လည်း နောက်နှစ်များတွင် အိန္ဒိယမှပဲတင်သွင်းမှုပမာဏများလာခဲ့၍ ပဲစဉ်းငုံသီးနှံစိုက်ဧကမှာလည်း လျော့ကျသွားခြင်းမရှိဘဲ ယခုနှစ်တွင်ပိုမိုစိုက်ပျိုးလာသည်ကိုသိရှိရပါသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ရာသီဥတုဆိုးရွားမှုကြောင့်လည်းကောင်း၊ စီးပွားကူးသန်းမှ တာဝန်ရှိလူကြီးများ၏ ညှိနှိုင်းကြိုးစားမှုအရ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအဖြစ် မြန်မာနိုင်ငံမှ ပဲစဉ်းငုံနှင့် ပဲတီစိမ်းကို တန်ချိန်တိုး၍ ဝယ်ယူသွားမည်ဖြစ်ရာ ပဲစဉ်းငုံဈေးမှာ ပေါ်စ ၃၅၀၀၀မှ တဖြည်းဖြည်းဈေးမြင့်ဝယ်ယူခဲ့ရာ ယခုအချိန် ၄၅၀၀၀အထိဖြစ်နေရာ တောင်သူများပြုံးပျော်နေရပြီဖြစ်ပါသည်။ ယခုနှစ်တွင်ပွဲစားလှောင်လက်များမှ ပဲစဉ်းငုံတစ်တင်း ၅၀၀၀၀ခန့်အထိမျှော်မှန်း၍ ဝယ်ယူသိုလှောင်မှုများလည်းရှိလာသည်ကို သိရှိရပါသည်။ ရန်ကုန် Export ကုမ္ပဏီများမှလည်း နှစ်ဟောင်းပဲစဉ်းငုံများကိုပင် ဈေးကောင်းပေးကာ ဝယ်ယူမှုများရှိနေ သည့်အတွက် နယ်လှောင်လက်များခန့်မှန်းသည့်ဈေးမရောက်နိုင်ဟု မပြောနိုင်ကြောင်း၊ သို့ဖြစ်ရာ အောင်လံဒေသထွက်ပဲစဉ်းငုံများမှ ပေါ်စမှယခုချိန်ထိ အမာဈေးတန်းဖြင့်သာ ဈေးကွက်တွင်နေရာယူလျက်ရှိပါကြောင်း၊ ဒီနှစ်အတွက်တောင်သူအဖို့ မာငုံနီဟုတင်စားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်း‌ဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း