Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

" စွန့်ပစ်ပစ္စည်းတာယာအဟောင်းများမှသည် တန်ဘိုးမြှင့်ထုတ်ကုန်များ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ"

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဒေါ်စန်းမြင့်ရီသည် တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်  နိုင်ငံခြားသုံးငွေလျှော့ချရေး ပြည်တွင်းထုတ်ကုန်ကဏ္ဍတိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဒေသတွင်း လုပ်ငန်းတစ်ခုဖြစ်သည့် စွန့်ပစ်ပစ္စည်း တာယာအဟောင်းမှ အိမ်အသုံးအဆောင်နှင့် ပရိဘောဂပစ္စည်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် (၁၀.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်တွေ့ဆုံမေးမြန်းခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းရှင်ဦးဝင်းညွှန့်၏ ပြောကြားချက်အရ ကားတာယာအဟောင်းများ ရောင်းဝယ်ခြင်းလုပ်ငန်းအား (၁၉၈၈-၁၉၈၉)ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး လက်မှုပညာ ကျွမ်းကျင်သော အလုပ်သမား(၂)ယောက်ရှိကြောင်း (၁၉၉၀) နှစ်ဆန်းပိုင်းလောက်မှစ၍ မိမိကိုယ်တိုင် အပါအဝင် အလုပ်သမား(၂)ယောက်နှင့် တာယာအဟောင်းများမှ ရေပုံး၊ ရေဇလား အရွယ်အစားအမျိုးမျိုး ကားနှင့်ပါတ်သက်၍လည်း ကားလေးရှော့ဘွတ်၊ ခါးဘောတိုင်၊ ဖရိန်ခင်းပြား၊ လေးရှော့ ပြား၊ ဒန်ခဲတုံးနှင့် ကားပစ္စည်းအမျိုးမျိုး၊ ဆီစက်များနှင့်ပါတ်သက်၍လည်း မြေပဲခွဲခုံ၊ ကြိတ်ပြား/ လုံး၊ ပတ္တာကြိုးအမျိုးမျိုးများလည်း ထုတ်လုပ်နေကြောင်း၊ ဇာတိမြေဖြစ်သော ပခုက္ကူမြို့နယ်၊ ကန်တော်ရွာရှိ အိမ်ထောင်စုအများစုမှာ တာယာအဟောင်းများမှ ရေပုံး၊ ရေအိုး၊ ဇလား၊ ယောကျ်ားစီး/ မိန်းမစီးဖိနပ်များ ထုတ်လုပ်ခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကြကြောင်းသိရှိရပါသည်။

          ရေပုံး၊ ရေဇလားများ ပြုလုပ်ရာတွင် တာယာများကို အလွှာလိုက်ခွာရပြီး တာယာတစ်လုံးခွာ လျှင် ခွာခ(၃၀၀၀)ကျပ်ပေးရပြီး တာယာတစ်လုံးခွာါလျှင် ရေပုံး(၆)ပုံး၊ ဇလားပြုလုပ်မည်ဆိုပါက (၃)လုံး ထွက်ရှိကြောင်း၊ အလုပ်သမားများအား တစ်နေ့(၈၀၀၀-၁၀၀၀၀)ကျပ်ပေးရ၍ ရေပုံးတစ်ပုံးလျှင် အရင်း(၁၂၀၀)ကျပ်၊ ဇလားတစ်ခုလျှင် (၁၄၀၀)ကျပ်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ယောမြို့နယ်သို့ အများဆုံးတင်ပို့ရောင်းချရပြီး ပခုက္ကူမြို့မဈေးနှင့် မြိုင်မြို့နယ်များသို့လည်း ရောင်းချရကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် ရေပုံးတစ်လုံး(၁၄၀၀)ကျပ် နှင့်ဇလားတစ်လုံး(၁၆၀၀)ရရှိ၍ အမြတ်(၂၀၀)ကျပ်ကျန်ရှိကြောင်း သိရှိရပါသည်။

         ယခုနောက်ပိုင်းကာလများတွင် စားပွဲ၊ ကုလားထိုင်များ ပြောင်းလဲလုပ်ဆောင်လာခဲ့ကြောင်း၊ ပြုလုပ်ရာတွင် (၁၆)တာယာခွေကို အဓိကထား၍ပြုလုပ်ပြီး တာယာအသေးလေးများ ဖြတ်တောက်ကာ ကျားကွက်ပုံယက်လုပ်၍ ကုလားထိုင်ကြမ်းခင်း၊ စားပွဲကြမ်းခင်းအဖြစ် အသုံးပြုပြီး တာယာခွေအဝိုင်းများအား ဒေါက်တိုင်အဖြစ်အသုံးပြုကြောင်း၊ ပြုလုပ်ပြီးစားပွဲ၊ ကုလားထိုင်များကို တစ်လုံးလျှင် ဆေးမသုတ်ခင်(၈၀၀၀)ကျပ်နှင့် ဆေးသုတ်ပြီးပါက(၉၀၀၀-၁၀၀၀၀)ကျပ် ဈေးနှုန်းသတ်မှတ် ရောင်းချကြောင်း၊ ကားတာယာ၊ စားပွဲ၊ ကုလားထိုင်များမှာ ပလပ်စတစ်/ ထန်း/ ဝါးတို့ဖြင့် ပြုလုပ်သည့် ပစ္စည်းများထက် ကြာရှည်ခိုင်ခံ့ကြောင်းလည်း သိရပါသည်။

          ယခုအချိန်တွင် သစ်သား/ ကြိမ်များ ရှားပါးလာသည့်အတွက် သစ်သားဆက်တီခုံများနေရာတွင် တာယာဆက်တီခုံများ အစားထိုးသုံးစွဲလာသည်ကိုလည်း တွေ့ရှိရပါသည်။ ကုလားထိုင်နှင့် စားပွဲပြုလုပ်ရာတွင် (၂၅)တာယာခွေကို အလွှာလေးများဖြတ်ပြီး  ကျားကွက်ပုံယက်လုပ်၍ ဆိုင်ကယ်တာယာနှင့် အဝိုင်းပတ်ခွေပြုလုပ်ကြောင်း၊ ဒေါက်တိုင်အတွက် (၂၀)တာယာခွေကို တစ်ဝက်ဖြတ်ပြီး အသုံးပြုရကြောင်း၊ ကုလားထိုင်အတွက်အမှီကို ဆိုင်ကယ်တာယာ(သို့မဟုတ်) စက်ဘီးတာယာကို ခွေ၍ အနားကွပ်ကြောင်း၊ ဒေါက်တိုင်ကို စားပွဲတွင်အသုံးပြုသည့် (၂၀) တာယာကိုပင်အသုံးပြုကြောင်း၊ စားပွဲတစ်လုံးနှင့် ဆက်တီတစ်စုံစာအတွက် (၂၀)တာယာခွေ အခွေ (၂၀)နှင့် (၂၅)တာယာခွေ (၄)ခွေကုန်ကျကြောင်း၊ စားပွဲ/ ကုလားထိုင်ပြုလုပ်ရန်အတွက် စိတ်ရှည်၍ အနုပညာမျက်စိရှိရန်လည်း လိုအပ်သည့်အတွက် လုပ်သားခကို တစ်ဦးတစ်ရက်လျှင် (၁၀၀၀၀)ကျပ် နှုန်းဖြင့် (၃)ရက်ကြာအောင်ပြုလုပ်ရကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ယခုမှစတင်ထိုး ဖောက်ရမည်ဖြစ်ပြီး တာယာဆက်တီတစ်စုံလျှင် (၁၂၀၀၀၀)ကျပ်ကျော်ကုန်ကျ၍ (၁၅၀၀၀၀)ကျပ် နှုန်းဖြင့်ပြန်ရောင်းရန် လျာထားသည့်အတွက် အမြတ်ငွေ(၃၀၀၀၀)ကျပ်သာ ကျန်ရှိမည်ဖြစ်သည့် အတွက် ငွေကြေးအရင်းအနှီးလိုအပ်ကြောင်း သိရှိရပါသည်။

          ယခုအခါ ကျွန်းသစ်တစ်တန်လျှင် သိန်း(၂၀)ခန့်ပေါက်ဈေးရှိရာ သစ်သားဆက်တီတစ်စုံလျှင် (၄သိန်းမှ ၁၀သိန်းအထိ) ရှိလာသည့်အတွက် လူလတ်တန်းစားများအနေဖြင့် ကျွန်းဆက်တီများ နေရာတွင် စွန့်ပစ်ပစ္စည်း တာယာများမှပြုလုပ်သည့် တာယာဆက်တီများကို အစားထိုးသုံးစွဲလာရသည့်အတွက် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရာရောက်သည့်အပြင် ပြည်တွင်းဖြစ် စွန့်ပစ်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများကို တန်ဘိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်လာသည့် ကားတာယာလုပ်ငန်းများ ပိုမိုတိုးတက်လာရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေများပံ့ပိုး ပေးနိုင်မည်ဆိုပါက ပိုမိုဆန်းသစ်တီထွင်ကာ လုပ်ငန်းများလည်း ပိုမိုးတိုးတက် အောင်မြင်လာမည် ဖြစ်သည့်အပြင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်၍ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများလျော့ကျကာ လူ့စွမ်းအားအရင်းအမြစ် များလည်း တိုးပွားလာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်ရပါသည်။

DOCA(မကွေး)

                   

စမုံနက်(နှမ်း) စိုက်ပျိုးသူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးကွင်းဆင်းလေ့လာ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေးဒေါ်ဝါဝါကြည်သည် တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၁၃.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ၊ထန်းတပင်ကျေးရွာရှိ နှမ်းစိုက်တောင်သူဦးဖိုးပြားအား သွားရောက်၍ ယခုနှစ်စိုက်ပျိုးသော နှမ်းများ၏ စိုက်ပျိုးထွက်ရှိမှု အခြေအနေအား လေ့လာမေးမြန်းခဲ့ပါသည်။

          နှမ်းစိုက်တောင်သူ ဦးဖိုးပြားသည် စိုက်ဧက(၃)ဧကတွင် နှမ်းနက်(စမုံ)အားစိုက်ပျိုးကြောင်း၊ နှစ်စဉ်ပုံမှန် စက်တင်ဘာလလယ်လောက်တွင် စိုက်ပျိုးသော်လည်း မိုးရွာသွန်းမှု အခြေအနေကို လိုက်၍ စိုက်ပျိုးမှုမှာ ရက်အနည်းငယ် ကွာဟမှုရှိကြောင်း၊ ယခုနှစ်တွင် နှမ်းနက်(စမုံ)အား စက်တင်ဘာလ (၁၉)ရက်နေ့တွင် စတင်စိုက်ပျိုးကြောင်း၊ ပေါင်းထိုးခ သက်သာစေရန်အတွက်  စိုက်ပျိုးမြေအား (၇)ဗန်းပါစက်ကြီးဖြင့် ထယ်ထိုးရာတွင် တစ်နာရီ(၁၈၀၀၀)ကျပ်နှုန်းနှင့် (၃)နာရီ ကြာထိုးရကြောင်း တစ်ပတ်အကြာတွင် (၁၈)သွားပါထွန်ဖြင့် တစ်နာရီ(၂၀၀၀၀)ကျပ်နှုန်းဖြင့် (၃) နာရီခွဲကြာ မြေညှိခြင်းအပါအဝင် ဆောင်ရွက်ရကြောင်း၊ နောက်တစ်ပတ်အကြာတွင် တစ်ရှဉ်းလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် နွားရှဉ်းဖြင့် တန်းကြား(၂၂)လက်မ အကွာအဝေးရှိသော မြောင်းများဆွဲကာ စိုက်ပျိုးရကြောင်း၊ ဆွဲထားသောမြောင်းထဲသို့ ပိုးဝင်ရောက်မှုမရှိစေရန်နှင့် အပင်အားကောင်းစေရန် တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ပေးရသော သွင်းအားစုအာမိုအပြာနှင့် ပိုးသတ်ဆေးအား ရှေးဦးစွာဖြူး၍ နောက်မှ နှမ်းနက်(စမုံ)အားဖြူးပြီး စိုက်ပျိုးကြောင်း၊ စိုက်ဧက(၃)ဧကအတွက် နှမ်းနက်(စမုံ) (၅)ပြည်သုံးစွဲကြောင်း၊ နှမ်းမျိုးမှာ (၁)ပြည်လျှင် (၅၀၀၀)ကျပ် ဈေးနှုန်းရှိသော်လည်း မိမိမှာ ယခင်နှစ်မှ သိုလှောင်ထားသော နှမ်းမျိုးများကိုသာ  အသုံးပြုစိုက်ပျိုးခဲ့သည့်အတွက် မျိုးစေ့ဖိုး ကုန်ကျစရိတ်မရှိကြောင်း သိရှိရပါသည်။

          စတင်စိုက်ပျိုးပြီး(၁၅)ရက်အကြာတွင် နှမ်းပင်ခြေအား တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ပေးရသော ရွှေတောင်ပုလဲအဖြူအားဖြူးပေးပြီး နွားဖြင့်ကြားတိုက် ဆောင်ရွက်ကြောင်း၊ အသီးအပွင့်အားဆေးနှင့် ပိုးသတ်ဆေးများကိုလည်း အပင်(၁)လခွဲသားအရွယ်တွင် တစ်ကြိမ်နှင့် (၂)လသား အရွယ်တွင် တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြန်းရကြောင်း၊ နှမ်းများကိုစိုက်ပျိုးပြီး ရက်ပေါင်း(၇၀)ပြည့်သည့်အချိန်တွင် အလုပ်သမားဦး(၂၀)ဖြင့် ရိတ်သိမ်းကြောင်း၊ နှမ်းတွင် အက်စစ်မကျန်စေရန် ရိတ်သိမ်းပြီးချက်ချင်း နှမ်းပင်များကို ထန်းရွက်ဖြင့်စည်းပြီး နှမ်းစည်းများအား တလင်းပြင်တွင် အလုပ်သမား(၅)ဦးအသုံးပြု၍ နှမ်းထောင်ကြောင်း၊ နှမ်းထောင်ပြီး(၃)ရက်အကြာတွင် တလင်းပြင်၌ မိုးကာခင်းကာ နှမ်းစည်းများကို တုတ်ဖြင့်ရိုက်၍ အလုပ်သမား(၈)ဦးဖြင့် ဇကော/ ဇကာများကို အသုံးပြုပြီး သန့်စင်ပြီး နှမ်းစေ့ရရှိရန်  အစေ့ထုတ်ရကြောင်း၊ နှမ်းတစ်ရာသီအတွက် အလုပ်သမား(၃၃)ဦးကို တစ်ဦးလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ငှားရမ်းရကြောင်း၊ ယခုနှစ်တွင် ရာသီဥတုအခြေအနေကောင်းမွန်မှုကြောင့် (၃)ဧကမှ နှမ်းနက်(စမုံ) (၂၅)တင်းထွက်ရှိ ပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရပါသည်။

           နှမ်းနက်(စမုံ)(၃)ဧကအတွက် စိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြုပြင်ရန်စက်ဖိုး၊ ထွန်ရှဉ်းခ၊ သွင်းအားစု အာမိုနှင့် ရွှေတောင်ပုလဲအဖြူ၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားငှားရမ်းခစသည့် စုစုပေါင်း ကုန်ကျစရိတ်မှာ ခန့်မှန်း(၆)သိန်းဝန်းကျင်ခန့်ရှိပြီး နှမ်းနက်(စမုံ)၏ ယခုပေါက်ဈေးမှာ တစ်တင်းလျှင် (၆၈၀၀၀)ကျပ်ခန့်ဈေးရသဖြင့် ထွက်ရှိသည့်နှမ်းနက်(စမုံ) (၂၅)တင်းအတွက် စုစုပေါင်းဝင်ငွေမှာ ကျပ်(၁၇)သိန်းဝန်းကျင်ခန့်ရှိသောကြောင့် အကျိုးအမြတ်အားဖြင့်ကျပ်(၁၀/၁၁) သိန်းဝန်းကျင်ခန့်ရှိပြီး းတစ်ဧကအကျိုးအမြတ်အနေဖြင့် (၃/၄)သိန်းကျပ်ခန့်ရရှိကြောင်း၊ မိမိအနေဖြင့် ချက်ချင်းရောင်းချခြင်းမပြုသေးဘဲ ဈေးထပ်မံတက်မည်ဟု မျှော်မှန်း၍ ထွက်ရှိလာသည့် နှမ်းနက်(စမုံ)များအား ဆာလာအိတ်ဖြင့်ထည့်ချုပ်ပြီး ပိုးမထိုးအောင် မိုးလုံ၊ လေလုံ အလုံခန်းတွင် အိတ်များထပ်၍ အပေါ်မှ မိုးကာအုပ်၍ သိုလှောင်ထားကြောင်း စိုက်ပျိုးသူတောင်သူဦးဖိုးပြား၏ ပြောကြားချက်အရ သိရှိရပါသည်။

          ယခုကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သည့် ပြည်တွင်းထွက် ပဲဆီ/ နှမ်းဆီများ ပိုမိုစားသုံးလာရေး၊ ပြည်တွင်းဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ တာဝန်ရှိသူ လူကြီးများမှ ပြည်ပမှ စားအုန်းဆီများကို လျှော့ချ၍ တင်သွင်းလာသည့်အတွက် စားအုန်းဆီ ဈေးနှုန်း မြင့်တက်လာသော်လည်း မြန်မာပြည်နေရာအနှံ့အပြားမှ ဆီထွက်သီးနှံများ အချိန်မရွေးထွက်ရှိနေသည့်အတွက် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နေသကဲ့သို့ ထန်းတပင်ကျေးရွာမှ တောင်သူများမှလည်း နှမ်းသီးနှံစိုက်ပျိုးခြင်းဖြင့် ဈေးကောင်းရ တွက်ခြေကိုက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

ရှမ်းပြည်ရိုးရာစားစရာ ဝက်ခေါက်ကြော်လုပ်ငန်းရှင်များ အဆင်ပြေ

          ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားပေါင်းများစွာ စုပေါင်းနေထိုင်ကြပြီး ကိုယ်ပိုင်ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာများရှိကြသည်။ ရှမ်းပြည်နယ်ရှိ ရိုးရာအစားအစာများတွင် ရှမ်းလူမျိုးများ နှစ်သက်စွာ စားသုံးနေသော ဝက်ခေါက်ကြော်(သရေပွကြော်) သည်လဲ တစ်ခုအပါအဝင်ဖြစ်သည်။ ရှမ်းဘာသာဖြင့် ဝက်ခေါက်ကြော်ကို နမ်ပေါင်း (နမ်=သရေ၊ ပေါင်း=အပွ) ဟုခေါ်သည်။

        ဝက်ခေါက်ကြော်ကို ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ကောက်ညှင်းပေါင်းတို့နှင့် တွဲဖက်စားသုံးသကဲ့သို့ သရေစာအဖြစ်လဲ စားသုံးကြသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အသေးစား စက်မှုလက်မှုဦးစီးဌာန၏ ထောက်ခံချက်ရရှိထားသော ဝက်ခေါက်ကြော်လုပ်ငန်းပေါင်း(၁၅)ခု ရှိပါသည်။ ဝက်ခေါက်ကြော်ပြုလုပ်ရာတွင် အဓိကအသုံးပြုသော ကုန်ကြမ်းပစ္စည်းများမှာ ဝက်သရေ ခေါက်အစိုနှင့်စားသုံးဆီတို့ပင်ဖြစ်သည်။ ဝက်ခေါက်ကြော်ပြုလုပ်ရာတွင်  ဝက်သရေခေါက်အစိုကို ဦးစွာနူးအောင်ပြုတ်ကာ ပါးပါးလှီးပြီးခြောက်အောင် နှစ်ရက်ခန့်နေလှန်းရပါသည်။ ခြောက်အောင် နေလှန်းထားသော ဝက်ခေါက်များကို ဆီစိမ်ပြီးမီးအေးအေးနှင့် အပူပေးရသည်။ ထို့နောက် ဆီစစ်ပြီးအအေးခံကာ နေတစ်ရက်ခန့်ပြန်လှန်းရပါသည်။ အအေးခံကာနေလှန်းထားသော ဝက်ခေါက် အခြောက်များကို ပလပ်စတစ်အိတ်များနှင့် လေလုံအောင်ထုတ်ပိုးခြင်းဖြင့် သိုလှောင်ထားရန်အတွက် သော်လည်းကောင်း၊ ရောင်းချရန် ဝက်ခေါက်ပွကြော်ပြုလုပ်ရန်အတွက်သော်လည်းကောင်း အသင့် အနေအထားသို့ ရောက်ရှိပြီဖြစ်ပါသည်။

         ဝက်သရေခေါက်အစို(၁၀)ပိဿာကို ဝက်ခေါက်အခြောက်ပြုလုပ်ရာတွင်(၃)ပိဿာခန့်သာ ရရှိပါသည်။ ပြုပြင်ထားသောဝက်ခေါက်အခြောက်ကို ဆီပူပူဖြစ်ကြော်လိုက်ခြင်းဖြင့် ဝက်ခေါက်ပွကြော်ရရှိပြီး အထုတ်ငယ်လေးများထုတ်ကာ ဈေးကွက်သို့ပို့ဆောင်ရောင်းချကြသည်။ ဈေးနှုန်းအနေဖြင့် အထုတ်သေး တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ (၁၀)ထုတ် တစ်တွဲလျှင်(၄၀၀၀)ကျပ်ဖြင့် ဈေးကွက်တွင်း ရောင်းချပါသည်။ ဝက်ခေါက်အခြောက်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသများဖြစ်သော မိုင်းပျဉ်းမြို့၊ မိုင်းခတ်မြို့၊ မိုင်းဖြတ်မြို့၊ မိုင်းယန်းမြို့နှင့်မိုင်းယောင်းမြို့များသို့ အဓိကတင်ပို့ရောင်းချကြသည်။

       ကျိုင်းတုံမြို့မှပြုလုပ်သော ဝက်ခေါက်ကြော်(သရေပွကြော်)သည် စားသုံးရာ၌အရသာရှိပြီး ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက်ရရှိထားသောကြောင့် လူအများနှစ်သက်စွာစားသုံး ကြသော ရိုးရာအစားအစာတစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ထုတ်လုပ် သော ဝက်ခေါက်ကြော်သည် ဒေသခံတိုင်းရင်းသားများ နှစ်သက်စွာစားသုံးကြသော ရိုးရာအစား အစာတစ်ခုဖြစ်သကဲ့သို့ ဝက်ခေါက်ကြော်လုပ်ငန်းပိုင်ရှင်များသည်လဲ မိသားစုဝင်ငွေရရှိနေသော တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများအဖြစ် အဆင်ပြေနေပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

           စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်း ရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ကြောင်းကို သုံးစွဲသူက သိရှိလာခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်များပိုမိုရရှိပြီး စားသုံးသူရော ထုတ်လုပ်သူပါ(Win … Win)ဖြစ်လာစေရန် ရည်ရွယ်၍ ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် တိုင်းဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍  ဒု-ခရိုင် ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့်ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများ အားကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထို့နောက် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ သောက်ရေသန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက် များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းသိရှိလိုက်နာ စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါသည်။

         သောက်ရေသန့်လုပ်ငန်းများ၏ ကုန်အမှတ်တံဆိပ်များအား လေ့လာရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ ကြောင်း၊ " K-2 " သောက်ရေသန့်လုပ်ငန်းမှ ရေသန့်ဗူးများကို (၁)လီတာ၊ (၀.၆)လီတာ၊ (၀.၃)လီတာဗူးများ ထုတ်လုပ်နေသည်ကို တွေ့ရှိရကြောင်း၊ တစ်ရက်လျှင် ဗူးအရေအတွက် (၁၀၀၀ မှ ၁၅၀၀)ဗူးထိ ထုတ်လုပ်ကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် (၁)လီတာ (၆)ဗူး တစ်ကဒ်လျှင် (၁၀၀၀)ကျပ်၊ (၀.၆)လီတာ (၁၂)ဗူး တစ်ကဒ်လျှင်(၁၄၀၀)ကျပ်၊ (၀.၃)လီတာ (၂၀)ဗူး တစ်ကဒ်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်းနှင့်ဂန့်ဂေါ၊ ကျောက်ထု၊ ပုလဲ၊ မင်းတိုင်ပင် ဒေသများသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ လုပ်သားဦးရေ(၃၀)ဦးခန့်ရှိပြီး လုပ်အား ခအနေဖြင့် (၄၀၀၀ မှ ၈၀၀၀)ကျပ်ထိ ပေးရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နွေစပါးစိုက်ပျိုးနေမှုအား ကွင်းဆင်းလေ့လာ

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဗမာ၊ ရှမ်း၊ လားဟူ၊ အာခါလူမျိုးများ အများဆုံးနေထိုင်ပြီး ဗမာလူမျိုးများသည် အနယ်နယ်အရပ်ရပ်မှ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် လာရောက်အလုပ်လုပ်ကိုင်နေထိုင်သူများဖြစ်ကာ ရှမ်း၊ လားဟူ၊ အာခါလူမျိုးများနှင့် အခြားလူမျိုးစုအနည်းငယ်မှာ ဒေသခံတိုင်းရင်းသားများဖြစ်ကြပါသည်။ အဓိကအစားအစာ စားသုံးမှုအနေဖြင့် ကျိုင်းတုံမြို့ရှိ ဒေသခံအနည်းငယ်နှင့်ဗမာလူမျိုးအများစုသည် ပြည်မမှတင်ပို့ ရောင်းချသော ပေါ်ဆန်းမွှေး၊ မနောသုခ၊ ဇီယာဆန်များကို အများဆုံး စားသုံးကြပြီး ရှမ်း၊ လားဟူ၊ အာခါနှင့် ဒေသခံလူမျိုးအများစုသည် ကောက်ညှင်း၊ မှော်ဘီ(၃)၊ ရွှေရင်အေးစပါးမျိုးနှင့် ခေါက်ဆွဲနှင့်မုန့်အမျိုးမျိုးပြုလုပ်ရန် ဒေသခေါ်(ခေါက်ကျောက်နွဲ့စပါး)များကိုသာ အများဆုံးစားသုံး ကြပါသည်။

          စိုက်ပျိုးရေးအနေဖြင့်လည်း ဒေသခံတိုင်းရင်းသားများသည် ဆန်စပါးကိုသာ အဓိကထား စိုက်ပျိုးကြပါသည်။ ယခုရာသီသည် နွေစပါးစိုက်ပျိုးသည့်ရာသီဖြစ်သည့်အတွက် နွေစပါးစိုက်ပျိုး သည့်တောင်သူတစ်ဦးနှင့်တွေ့ဆုံကာ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။ နွေစပါးကို နှစ်စဉ် ဒီဇင်ဘာလတွင်စတင်ပျိုးကြဲပြီး၊ ပျိုးသက်တမ်း ရက်(၃၀ မှ ၄၀) ရက်တွင် ပျိုးနုတ်၍ ပြန်လည်စိုက်ပျိုးကာ ဧပြီ၊ မေလများတွင် ရိတ်သိမ်းကြပါသည်။ စပါးစိုက်ပြီး (၁၀) ရက်ခန့်နှင့် (၄၅) ရက်ခန့်တွင် မြေဩဇာနှစ်ကြိမ်ကျွေးရပါသည်။

          ကျိုင်းတုံမြို့နယ်တွင် နွေစပါးအဖြစ် ရွှေရင်အေးစပါးမျိုးကို ဆည်ရေသောက်အဖြစ် စိုက်ပျိုးကာ နမ့်ခင်ချောင်း(ခေါ်) ကျိုင်းဖောင်းချောင်းမှရေကို လက်ယက်ဆည်၊ မြောင်းများပြုလုပ်ရေသွင်း စိုက်ပျိုးကြပါသည်။ နွေစပါးတစ် ဧကလျှင် (၇၅) တင်းခန့်ထွက်ရှိကာ တစ်ဧကကုန်ကျစရိတ်အဖြစ် ကျပ် (၄) သိန်းခွဲခန့်ရှိပြီး ပြန်လည်ရရှိငွေ ကျပ် (၆) သိန်းခန့်သာရရှိ၍ အကျိုးအမြတ် နည်းပါးပါသည်။ ယခုနှစ်စပါးတစ်တင်းလျှင် (၈၀၀၀) ကျပ်ဈေးရရှိပါသည်။ ယခင်နှစ်ကနွေစပါး စိုက်ပျိုးမှုအဖြစ် ဧက (၆၂၅၀) စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိကာလတွင် မြေဩဇာဈေးကြီးခြင်း၊ လုပ်သားခဈေးများခြင်းတို့ကြောင့် ယခင်နှစ်စိုက်ဧကထက်လျှော့နည်းနိုင်ကြောင်း သိရှိရပါသည်။

          ကျိုင်းတုံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် စပါးစိုက်ဧကပေါင်း (၅၃၈၀၅) ဧက စိုက်ပျိုးနိုင်ပြီး စပါးတင်း (၄၅၃၇၈၇၉) တင်း ထွက်ရှိပါသည်။ ထို့အတူ ၂၀၂၀-၂၀၂၁  ခုနှစ်တွင်    စိုက်ဧက(၅၄၁၇၃) ဧက ရှိပြီး စပါးတင်း (၄၅၇၃၃၀၆) တင်းထွက်ရှိပါသည်။  မြို့နယ်လူဦးရေသည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်သိန်းကိုးသောင်းကျော်ခန့် ရှိသည်ဟုသိရှိရပြီး လူတစ်ဦးစားသုံးမှုသည် တစ်နှစ်လျှင် ပျမ်းမျှ (၁၂) တင်းခန့်ဖြင့်စားသုံးလျှင် စပါးတင်း (၂၂၈၀၀၀၀) ခန့် ကုန်မည်ဖြစ်သည့်အတွက် နှစ်စဉ်စပါးထွက်ရှိမှုသည် မြို့နယ်ရှိလူဦးရေစားသုံးမှုထက် ပိုလျှံလျက်ရှိကြောင်း သိရှိရပါသည်။

          DOCA(ရှမ်း)

 

နွာထိုးကြီးမြို့နယ်တွင် ယခုနှစ်ပျားဖွတ်သူနည်း၍ ပျားရည်ရှားပြီး ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်

          မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်သည် သဘာဝပေါက်ပင်နှင့် တောတောင်များ ပေါများသဖြင့် ဒေသခံပြည်သူများသည် မိမိတို့၏ လယ်ယာလုပ်ငန်းများအပြင် သဘာဝပျားရည်ဖွတ်သည့်လုပ်ငန်းများကိုလည်း ရာသီအလိုက် လုပ်ကိုင်ဆောင်ရွက်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေကို ရှာဖွေပေးလျက်ရှိကြောင်း သိရပါသည်။

          ပျားရည်တွင် သဘာဝပျားရည်နှင့်မွေးမြူရေးပျားရည်ဟူ၍ (၂)မျိုးရှိပါသည်။ သဘာဝပျား ရည်သည် မွေးမြူရေးပျားရည်ထက် ဆေးဖက်ပိုဝင်၍ လူသုံးများပြီး ဈေးနှုန်းမှာလည်း မွေးမြူရေး ပျားရည်ထက် ပိုများကြောင်းသိရပါသည်။ နွားထိုးကြီးမြို့နယ်ရှိ သဘာဝပျားရည်ရောင်းချသူများသည် ပျားမုဆိုးများထံမှ ပျားရည်ဘို့များအတိုင်း ဝယ်ယူကြပြီး ဒန်အိုးများနှင့်ထည့်ကာ မြို့တွင်းသို့ လှည့်လည်၍ ဝယ်ယူသူရှေ့မှသာ ပျားရည်ဘို့များကိုညှစ်ပြီး အရောင်းအဝယ်ပြုလုပ်ကြပါသည်။ တစ်ချို့မှာလည်း ညှစ်ပြီးပျားရည်များကို ပုလင်းများဖြင့်ထည့်၍ ရောင်းချကြသော်လည်း  ဝယ်ယူသူများအနေဖြင့် ပျားရည် စစ်/မစစ်ကို စိုးရိမ်ကြသည့်အတွက် ဝယ်ယူသုံးစွဲမှုနည်းကြောင်း သိရပါသည်။ ဆေးအဖြစ် သုံးစွဲရန် ဝယ်ယူသူများအနေဖြင့် နှစ်စဉ် မိုးအကုန်ဆောင်းအကူး ပန်းပေါင်းစုံပွင့်သော တန်ဆောင်မုန်းလတွင်ရရှိသော ပျားရည်များကို အများဆုံး ဝယ်ယူလေ့ရှိကြပြီး၊ ထိုအချိန်တွင် ရရှိသောပျားရည်များသည် ဆေးဖက်ပိုဝင်ကြောင်း သိရပါသည်။ ရောင်းဝယ်မှုအနေဖြင့် မြို့နယ်တွင်းသာမက အခြားဒေသများမှလည်း မှာယူ၍ ဝယ်ယူသုံးစွဲကြကြောင်း သိရပါသည်။

          နွားထိုးကြီးမြို့နယ် ဒေသထွက် သဘာဝပျားရည်ဈေးအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ လျှင် (၈၀၀၀၊၁၀၀၀၀) ကျပ် နှင့် မွေးမြူရေးပျားရည် တစ်ပိဿာလျှင် (၃၀၀၀၊၄၀၀၀)ကျပ်များသာ ရှိခဲ့ပြီး ယခုနှစ်တွင် သဘာဝပျားရည် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဝန်းကျင်၊ မွေးမြူရေး ပျားရည် တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ထိ ဈေးနှုန်းများမြင့်တက်လာကြောင်းနှင့် ယခုလို ပျားရည်ဈေးနှုန်း များ မြင့်တက်မှုမှာ ဒေသခံပျားမုဆိုးများ ယခင်နှစ်ထက်နည်းပါးသွား၍ဖြစ်ကြောင်း ပျားရည်ရောင်းချသူတစ်ဦး ထံမှသိရှိရပါသည်။                                                              

DOCA(မန္တလေး)

ပြည်တွင်းဈေးကွက်ရှိ ပရဆေးကုန်ကြမ်း မာလာဥများအရောင်းအဝယ်ဖြစ်

               ပဲခူးတိုင်းဒေသကြီး (အနောက်) ၊သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုန်ကြမ်းဖြစ်သော မာလာဥများအရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရသည်။ ဒေသခံကုန်သည်များထံသို့ ဇီးကုန်းမြို့နယ် အရှေ့ဘက် တောင်ခြေတဝိုက်နှင့် မြို့နယ်ဆက်စပ်ဒေသများမှ လာရောက်ရောင်းချနေကြောင်း ၊  တစ်နေ့လျှင် ပိဿာချိန် ၆၀၀မှ ၂၀၀၀ခန့်ရောင်းဝယ်လျှက်ရှိရာ အောက်တိုဘာလမှ ဇန်နဝါရီလအထိ လှိုင်လှိုင်ရရှိနေပြီး ဇီးကုန်းမြို့နယ်အရှေ့ဘက် ကြိုးဝိုင်းတောနှင့် တောင်ခြေအင်းတိုင်း တောများမှ အများဆုံးထွက်ရှိကြောင်း သိရှိရပါသည်။

          ဈေးနှုန်းအနေဖြင့် ထွက်ရှိရာဒေသမှ ဒေသခံကုန်သည်ထံအရောက် အနီးအဝေးအလိုက် တစ်ပိဿာလျှင် ၅၀၀-၆၀၀-၈၀၀ ကျပ်အထိ ‌ဈေးပေးဝယ်ယူနေကြောင်း သိရှိရပြီး ဒေသမှထွက်ရှိသော မာလာဥများသည် မြေစေးဥများဖြစ်၍ မာလာဉတွင် မြေစေးဥနှင့် ဘဲဥဟူ၍ နှစ်မျိုးရှိသည့်အတွက် အခြားဒေသများမှ ဘဲဥများထွက်ရှိကြောင်းကို လုပ်ငန်းဦးဆောင်နေသူ လုပ်သားတစ်ဦးထံမှ သိရှိရသည်။ မာလာဥများအား ပရဆေးကုန်ကြမ်းရရှိစေရန် အရင်ပြုတ်ရပြီး  ခြောက်သွေ့ရန် ငါးရက်ခန့် နေလှန်းရပါသည်။ အခြောက်လှန်းရာတွင် ပြုတ်ပြီးမာလာဥ များအား မိုးမကုန်မီကာလနှင့် ဆောင်းနှင်းများ ကျသောအခါများတွင် ရုတ်သိမ်းဖုံးအုပ်ရန်မလိုပဲ နေရောင်ခြည်အရှိန်ဖြင့် ခြောက်သွေ့အောင် လှန်းထားကြောင်း သိရှိရပါသည်။ မာလာဥအစို ၊မြေစေးဥ လေးပိဿာ လှန်းလျှင် အခြောက်တစ်ပိဿာတင်၍ ဘဲဥခြောက်ပိဿာလှန်းလျှင် အခြောက်တစ်ပိဿာတင်ရှိပါသည်။ ယခုကာလရောင်းဈေးမှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဈေးနှင့် အရောင်းအဝယ်ဖြစ်နေ၍ ဈေးနှုန်းအတက်အကျရှိပြီး ပြည်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့နေကြောင်း သိရှိရသည်။

           ဈေးကွက်သို့ အရောက်မာလာဥကုန်ကြမ်း ရရှိရန် လုပ်သားလေးဦး အသုံးပြုရပြီး တစ်နေ့လျှင် ပိဿာချိန် (၈၀၀မှ ၁၀၀၀) အစိုဥအားပြုတ်ခြင်း၊ သယ်ခြင်း၊ နေလှန်းခြင်း၊ ရွေးခြင်း၊ မွှေခြင်း၊ အခြောက်ရွေးပြာလှေ့ခြင်းများအတွက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးငှားရမ်းရပြီး အမျိုးသားတစ်ဦး တစ်နေ့လုပ်သားခ (၇၀၀၀) ကျပ်၊ အမျိုးသမီးတစ်ဦး တစ်နေ့လုပ်အားခ (၄၀၀၀) ပေးချေသုံးစွဲရကြောင်း၊ မာလာဥပြုတ်ရန် ထင်းမီးများအသုံးပြုရခြင်း၊ လုပ်သားခ၊ သယ်ယူစရိတ်များ နှုတ်ပြီး ဈေးကွက်အရောက် အမြတ်အစွန်းရှိသော ပြည်တွင်းဈေးကွက်ရှိ မာလာဥတိုင်းရင်းဆေး ကုန်ကြမ်းများ အရောင်းအဝယ် ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့ရှိ မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာဆောင်ရွက်

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊  ပန်းတောင်မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၈.၂.၂၀၂၂) နေ့ နံနက် (၁၀:၃၀) အချိန်တွင်  မင်းရပ်ရပ်ကွက်ရှိ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးထားသော မြေပဲစိုက်တောင်သူနှင့်တွေ့ဆုံ၍ မြေပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

          မြေပဲစိုက်တောင်သူ ဦးသန်းဇော်နှင့်တွေ့ဆုံ၍ မြေနုကျွန်းများတွင် မြေပဲ (၂)ဧက စိုက်ပျိုးထားပါကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးမြေပဲဆန် (၂၅)ပြည်ဖြစ်ပြီး မျိုးမှာ မချောလေးမျိုး (အဖြူ) ဖြစ်ပါကြောင်း၊ တစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ၄၂၉၀၀၀ကျပ် ကုန်ကျပါကြောင်း၊ အထွက်နှုန်းအားဖြင့်  တစ်ဧကလျှင် (၅၅)တင်းခန့်ထွက်ရှိပြီး ရွာရှိမြေပဲ ဝယ်လက်များအပြင် ပန်းတောင်းမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျှက်ရှိပြီး မြေပဲတောင့် တစ်တင်းလျှင် ၁၂၀၀၀ကျပ်ဖြင့် ရောင်းချပါကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ၂၃၀၀၀၀ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ (၂)ဧက စိုက်ပျိုးထားရှိသဖြင့် အကျိုးအမြတ်မှာ ၄၆၀၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

          မြေပဲစိုက်ပျိုးသောတောင်သူများအနေဖြင့် ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်းလည်းတိုးလာသဖြင့် တွက်ချေကိုက်သည့်နှစ်ဖြစ်ပြီး မြေပဲစိုက်ဧကများထပ်မံတိုးချဲ့ စိုက်ပျိုးလျှင် ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ စိုက်ပျိုးရေး ဆေးဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံ

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ၊ သာယာဝတီခရိုင်ဦးစီးမှူး၊ ဒုခရိုင် ဦးစီးမှူး ၊ သတင်းနည်းဌာနခွဲတာဝန်ခံ ၊ ပြည်တွင်းဌာနခွဲတာဝန်ခံ ၊ စားသုံးဌာနခွဲတာဝန်ခံများနှင့် အဖွဲ့သည် (၂.၂.၂၀၂၂) ရက်နေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့ စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင်  ဦးမြင့်နိုင်နှင့်တွေ့ဆုံ၍ တောင်သူများ ဓာတ်မြေသြဇာ၊ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး ဝယ်ယူသုံးစွဲမှု အခြေအနေများအား သွားရောက်တွေ့ဆုံ၍ ဆိုင်ရှင်အား ဓာတ်မြေသြဇာစျေးနှုန်းအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ယခင်နှစ် ပုလဲမြေဆီ တစ်အိတ်လျှင် (၂၆၀၀၀/၂၇၀၀၀) ကျပ်ပေါက်ဈေးသာရှိခဲ့ပြီး ယခုနှစ် ပုလဲမြေဆီ တစ်အိတ်လျှင် (၈၈၀၀၀/၉၀၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်နှစ်ထက် သုံးဆလေးဆနီးပါး မြင့်တက်လျက်ရှိကြောင်း၊ တောင်သူများ၏ ငွေကြေးလည်ပတ်မှုနှင့် သီးနှံပေါ်အခြေခံ၍ သွင်းအားစုများအား သုံးစွဲလျက်ရှိကြောင်း ၊ လက်ပံတန်းမြို့ပေါ်တွင် စိုက်ပျိုးရေးဆေးဆိုင် (၃၀) ခန့် ရောင်းချနေပြီး ကျေးရွာများတွင်လည်း းဆေးဆိုင်လက်ခွဲများ ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်ဆည်ခရိုင်တွင်ဆောင်းကုလားပဲများစတင်ရိတ်သိမ်း

      မန္တလေးတိုင်း‌‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ(ဆောင်း)စိုက်ပျိုးမှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် (၈၆၉၆၈)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၂၉၄၁၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၅၀၁၂)ဧက၊ မြစ်သားမြို့နယ်တွင်(၃၁၅၅၆)ဧက၊ တံတားဦးမြို့နယ်တွင် (၁၁၆၀၁)ဧက၊ စုစုပေါင်း(၈၇၅၈၃)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက်(၆၁၅)ဧကပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ကုလားပဲကို မျိုးအနေဖြင့် (V2)မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုးရှိပြီး (V2)ကုလားပဲမျိုးကိုသာအများဆုံး စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ (၁)ဧကလျှင် မျိုးစေ့(၁.၅-၂)တင်းနှုန်း ခန့်ကုန်ကျပြီး တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြပြီး အချို့မှာစိုက်ပျိုးချိန်ရောက်မှ စျေးကွက်အတွင်း မှ ဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ကုလားပဲမျိုးတစ်တင်းလျှင် (၄၂၅၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပါသည်။ နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ယခုအချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကုလားပဲ(ဆောင်း)စိုက်ဧကများမှာ စတင်ရိတ်သိမ်းလျက်ရှိပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း(၁၈၀၀၀၀/-) ကျပ်ဝန်းကျင် ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်(၁၀-၁၂)တင်းခန့် ထွက်ရှိကြောင်း ၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲ(V2)တစ်တင်းလျှင်(၂၇၀၀၀/-)ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်းလျှင် (၂၄၀၀၀/-)ကျပ် စျေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင်ကုလားပဲ(V2) တစ်တင်းလျှင်(၃၇၀၀၀/-)ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်းလျှင် (၃၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  ယခင်နှစ်ထက် တောင်သူများအနေဖြင့် စျေးနှုန်းပိုမိုရရှိခဲ့ပြီး (၁)ဧက အကျိုးအမြတ်အနေဖြင့် (၂၂၇၀၀၀/-)ကျပ် ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း