Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“အကျိုးဖြစ်ထွန်းနေသော နွားမွေးမြူရေးလုပ်ငန်း”

            မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည်ပြည်တွင်းကုန်သွယ်မှု့ဖွံ့ဖြိုးတိုးတက်ရေးအတွက်မိတ္ထီလာ မြို့တောမကျေးရွာတွင် အောင်မြင်ဖြစ် ထွန်းနေသော “Hibird” နွားမွေးမြူရေးနှင့်နို့ထွက်ပစ္စည်းလုပ်ငန်းပိုင်ရှင် ဦးခင်မောင်ဝင်းနှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

            “Hibird” နွားမွေးမြူရေးနှင့်နို့ထွက်ပစ္စည်းလုပ်ငန်းတွင် အမေရိကန်၊ နယူးဇီလန်မှ နွားအမျိုးအစားများဖြစ်သော ဖရစ်ရှန်၊ ဂျာစီနွားများ မွေးမြူထားကြောင်း၊ နွားအကောင်‌ရေပေါင်း (၂၄၀) ကောင် မွေးမြူထားပြီး နွားစာအတွက် (ဂျပန်မြက်) နေဗီယာမြက်များ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထားကြောင်း၊ (ဂျပန်မြက်) နေဗီ ယာမြက် ဧက (၃၀) ကျော် စိုက်ပျိုးထားရှိကြောင်း သိရပါသည်။ အခြားဖြည့်စွက်နွားစာများအဖြစ် ပြောင်းဖူးစေ့၊ ဝါကြိတ်ဖက်တို့ကိုလည်း ကျွေးကြောင်းသိရှိရပါသည်။

            ဦးခင်မောင်ဝင်းတွင် (ဖရစ်ရှန်၊ဂျာစီ)နွားအကောင်(၂၄၀) ကျော်မွေးမြူထားပြီး မွေးမြူထားသော နွားများမှာ နွားမများသာဖြစ်၍ တစ်လလျှင် နွားသားပေါက် (၆) ကောင် ရရှိကြောင်း နွားသားပေါက်များမှာ (၆) လ (၇) လသား တစ်ကောင်လျှင် (၆) သိန်းနှုန်းရရှိကြောင်း၊ နွားမများကို သားစပ်ရာတွင် ဖန်ပြွန်ဖြင့်သားစပ်ကြောင်း၊ နွားမအကောင်ရေ (၂၄၀)တွင် (၁၂၀)မှာ နို့ညှစ်၍ရပြီး ကျန် (၁၂၀) မှာ ကိုယ်ဝန်ဆောင်လျက်ရှိကြောင်း၊ နယူးဇီလန်မှ မှာယူတင်သွင်းသောစက်များဖြင့်သာ နို့ညှစ်ကြောင်း၊ တစ်ခါညှစ်လျှင် (၁၂) ကောင်ညစ်နိုင်ပြီး နွားအကောင် (၁၂၀) ကို တစ်နာရီကျော်ကြာကြောင်း၊ နွားမ တစ်ကောင်လျှင် ပျမ်းမျှ (၇) ပိဿာ နို့ထွက်ရှိကြောင်းနှင့် နေ့စဉ်နို့ပိဿာ (၈၅၀) ကျော်ထွက် ရှိကြောင်း ၊ ထွက်ရှိလာသော နွားနို့များဖြင့် ဝင်းဝင်းအမည်ရှိ နို့ချက်လုပ်ငန်း၊ Ta Ma အမည်ရှိ ဒိန်ချဉ်လုပ်ငန်းတို့ကို တွဲဖက်လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။

            “Hibird” နို့စားနွားမွေးမြူရေးခြံမှ ထွက်ရှိသော နွားနို့များကို နို့ချက်လုပ်ငန်း၊ မခမ်း၊ထောပတ် ဒိန်ချဉ် လုပ်ငန်းနှင့် နို့စိမ်းရောင်းချခြင်းတို့အတွက်အသုံးပြုကြောင်းသိရှိရပါသည်။ စျေးကွက်တင်ပို့မှုအနေဖြင့် ကုန်ချော များဖြစ်သော ဝင်းဝင်းနို့ဆီအား ရန်ကုန်၊ တောင်ကြီး၊ နေပြည်တော်မြို့များသို့လည်းကောင်း၊ Ta Ma ဒိန်ချဉ်အား နီးစပ်ရာမြို့များသို့လည်းကောင်း၊ နို့စိမ်းအား မြို့ပေါ်ရှိဆိုင်များသို့လည်းကောင်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ စျေးနှုန်းအနေဖြင့် နို့ဆီ (၁၄) ပိဿာ ၁ ပုံးလျှင် (၄၂၅၀၀) ကျပ်နှုန်း၊ ဒိန်ချဉ်တစ်ဘူးလျှင် (၄၀၀) ကျပ်၊ နို့စိမ်း ၁ ပိဿာလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း လက်လီ/ လက်ကားရောင်းချပေးကြောင်း သိရှိ ရပါသည်။

            “Hibird” နွားမွေးမြူရေး လုပ်ငန်းပိုင်ရှင် ဦးခင်မောင်ဝင်းသည် နွားများအား ၁ လ တစ်ကြိမ် ကျန်းမာရေး စစ်ဆေးခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများအား သန့်ရှင်းလက်ဆက်အောင် နေ့စဉ်ကြီးကြပ်ခြင်း၊ နိုင်ငံတော်မှချမှတ်သော မွေးမြူရေးကဏ္ဍမူဝါဒများအား လိုက်နာကျင့်သုံး၍ အကျိုးဖြစ်ထွန်းနေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

“ရေချိုစာလေးခွေကြွပ်ကြွပ်လေး”

             မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ရေချိုကျေးရွာသည် မိတ္ထီလာမြို့မှ ၁၀ မိုင်ခန့်ကွာဝေးသောရွာလေးတစ်ရွာ ဖြစ်ပါသည်။ရေချိုကျေးရွာသည် မိတ္ထီလာ-မြင်းခြံကားလမ်း ပေါ်တွင် တည်ရှိပါသည်။ရေချိုကျေးရွာသည် ဒေသထွက်ကုန်တမျိုးဖြစ်သည့် စာလေးခွေလုပ်ငန်းကို One Village One Product အဖြစ် တစ်ရွာလုံးနီးပါးထုတ်လုပ်လျက်ရှိရာ(၄.၂.၂၀၂၂) ရက်နေ့တွင် မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ‌ရေချိုကျေးရွာရှိ စာလေးခွေလုပ်ငန်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ‌ရေချိုစာလေးခွေလုပ်ငန်းမှာ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် စာလေးခွေ(၅) ခုပါ တစ်ထုပ်လျှင် (၅၀၀)ကျပ်ဖြင့်တစ်ရက်လျှင် အထုပ် (၂၀၀)ခန့်  ထုတ်လုပ်နေကြောင်းသိရပါသည်။ ထွက်ရှိသော စာလေးခွေများကို မိတ္ထီလာ၊ မလှိုင် မြို့များနှင့် ကျေးရွာများသို့လည်း သွားရောက်ရောင်းချကြောင်းနှင့် ခရီးသွားပြည်သူများကလည်း အိမ်အပြန် လက်ဆောင်အဖြစ်ဝယ်ယူကြကြောင်း သိရှိရပါသည်။ စာလေးခွေပြုလုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော ကုလားပဲမှုန့်ကို မလှိုင်မြို့မှ ဝယ်ယူပြီး စားသုံးဆီကို မိတ္ထီလာမြို့မှ ဝယ်ယူရကြောင်း တစ်ရက် အမြတ်ငွေ(၁၀၀၀၀)ကျပ် နီးပါးခန့်ရရှိကြောင်းသိရပြီး စာလေးခွေအပြင် တို့ဟူးခြောက်ကြော်၊ ငါးမုန့်ကြော်များလည်း ရောင်းချကြောင်း သိရှိရ ပါသည်။

          ရေချိုကျေးရွာနေပြည်သူများသည် စာလေးခွေလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် အသက်မွေးလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှလည်း တောင်သူလုပ်ငန်းနှင့် ဆိတ်၊သိုး မွေးမြူးရေး လုပ်ငန်းကိုလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြကြောင်းသိရှိရပါသည်။ ရေချိုစာလေးခွေကို ယခုထက်ပိုမို စျေးကွက်ရရှိနိုင်ရေးအတွက် ခေတ်မှီထုပ်ပိုးမှုပုံစံများဖြင့် ပိုမိုသပ်ရပ်စွာထုပ်ပိုးပြီး နယ်ကိုယ်စားလှယ်များကို ဖြန့်ဝေနိုင်မည်ဆိုပါက ယခုထက်ပိုမို၍ ဈေးကွက်ဝယ်လိုအား ရရှိလာသကဲ့သို့ ထုတ်လုပ်မှုများပြားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

“မိတ္ထီလာမြို့၊ ကုန်တင်ယာဉ်များကားခစျေးနှုန်း’’

            မိတ္ထီလာမြို့သည် ရန်ကုန်-မန္တလေး၊ အဝေးပြေးကားလမ်းကြီး၊ ပုဂံ-တောင်ကြီးလမ်းနှင့် မိတ္ထီလာ-မြင်းခြံလမ်းတို့ဆုံရာ လမ်းဆုံတွင် တည်ရှိ၍အချက်အချာကျသော မြို့တစ်မြို့ဖြစ်ပါသည်။ ကုန်တင် ယာဉ်ကြီးများဖြင့် မိတ္ထီလာမြို့မှ အခြားမြို့အသီးသီးသို့ ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိရာ ကားခစျေးနှုန်းများမှာ ကုန်ကျစ် ၁ ပိဿာလျှင် ၁၂ဘီးကား (အဆင်း) မိတ္ထီလာမှ ရန်ကုန်သို့ ၇၀ ကျပ်၊ မိတ္ထီလာမှ တောင်ကြီးသို့ ၅၀ ကျပ်၊ မိတ္ထီလာမှ မန္တလေးသို့ ၄၀ ကျပ်၊ ၆ ဘီးကား (အဆင်း) မိတ္ထီလာမှ ရန်ကုန်သို့ ၁၀၀ ကျပ်၊ မိတ္ထီလာမှ ပဲခူးသို့ ၈၀ ကျပ်၊ မိတ္ထီလာမှ မော်လမြိုင်သို့ ၁၀၀ ကျပ်၊ ၂၂ဘီးကား (အဆင်း) မိတ္ထီလာမှ ရန်ကုန်သို့ ၉၀ ကျပ်၊ မိတ္ထီလာမှ မြဝတီသို့ ၉၀ ကျပ်ရှိပြီး ကုန်ကျစ် ၁ ပိဿာလျင် ၁၂ဘီးကား (အတက်) ရန်ကုန်မှ မိတ္ထီလာသို့ ၄၀ ကျပ်၊ တောင်ကြီးမှ မိတ္ထီလာသို့ ၆၀ ကျပ်၊ မန္တလေးမှ မိတ္ထီလာသို့ ၆၀ ကျပ်၊ ၆ ဘီးကား (အတက်)  ရန်ကုန်မှ မိတ္ထီလာသို့ ၄၅ ကျပ်၊ ပဲခူးမှ မိတ္ထီလာသို့ ၃၀ ကျပ်၊ မော်လမြိုင်မှမိတ္ထီလာသို့ ၅၀ ကျပ်၊ ၂၂ဘီးကား (အတက်) ရန်ကုန် မှ မိတ္ထီလာသို့ ၃၀ ကျပ်၊ မြဝတီမှ မိတ္ထီလာသို့ ၉၀ ကျပ် စျေးနှုန်း ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“နွေစပါးပျိုးထောင်မူ လျှော့နည်းသော်လည်း နှမ်းနှင့်ပဲတီစိမ်းစိုက်ပျိုး”

            ဝမ်းတွင်းမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး မြောက်လတ္တီတွဒ် ၂၁ ဒီဂရီမှ ၂၁ ဒီဂရီ ၂၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅ မိနစ်မှ ၉၆ ဒီဂရီ ၁၆ မိနစ်ကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းအားဖြင့် အရှေ့မှ အနောက်သို့ ၂၆ မိုင်နှင့် တောင်မှမြောက် (၂၈.၅) မိုင် ရှည်လျားပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၅၄၃.၅၈ မိုင် ကျယ်ဝန်းပါသည်။

            ဝမ်းတွင်းမြို့တွင် အမြဲစီးဆင်းနေသော ချောင်းနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ချောင်းများမှာ တောင် မှ မြောက်စီးဆင်းကြပါသည်။ ဒေသတွင်း ချောင်းများသည် မိုးရွာသည့်အချိန်မှသာ ရေဝေရေလဲ တောင်ကုန်များမှ တောင်ကျရေများဖြင့် စီးဆင်းရသောချောင်းများဖြစ်ပါသည်။ ထင်ရှားသော ချောင်းများမှာ စမုံချောင်း၊ သင်ပုန်းချောင်း တို့ဖြစ်ပါသည်။

            ဝမ်းတွင်းမြို့တွင် အဓိကစိုက်ပျိုးရေကို ကင်းတားဆည်ရေကို အဓိကအားထားပြီး စိုက်ပျိုးနိုင်သော လယ် မြေဧက ၈၁၇၅၄ ရှိပြီး ယာမြေဧက ၈၄၀၈၆ ဧက ရှိပါသည်။ အဓိကစိုက်ပျိုးသော သီးနှံများမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် ဝါသီးနှံများ အဓိကထား စိုက်ပျိုးပါသည်။

            ယခုအခါတွင် ဆည်ရေလုံ‌လောက်စွာ မပေးနိုင်ခြင်းတို့ကြောင့် နွေစပါးပျိုးထောင်မှု လျှော့နည်း လျက်ရှိပါသည်။ တောင်သူများအနေနှင့်လည်း သွင်းအားစုစျေးနှုန်းမြင့်တက်မှု၊ လုပ်သားရှားပါမှု ကုန်ကျ စရိတ်များပြီး အကျိုးအမြတ်နည်းခြင်းတို့ကြောင့် ဝမ်းတွင်းမြို့နယ်သည် နွေစပါးစိုက်ပျိုးမူ့ လျှော့နည်းလာ ပါသည်။ သို့သော် တောင်သူများအနေလည်း ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရသော နှမ်းနှင့် ပဲတီစိမ်းအား စိုက်ကြကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“စျေးကောင်းစောင့်မျှော်နေသော ဝမ်းတွင်းလျှော်ဖြူ”

            မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင် လျှော်ဖြူ (ခေါ်) ဆေးကုလားမစိုက်ဧကစုစုပေါင်း (၂၄၁၉) ဧက စိုက်ပျိုးထားရှိပြီး ရိုးစုံကျေးရွာတွင် သစ်တောဦးစီးဌာနပိုင်မြေ၌ CF စနစ်ဖြင့် ငှားရမ်း၍ လျှော်ဖြူစိုက်တောင်သူအစုအဖွဲ့ဝင် (၁၂၁) ဦးမှ စိုက်ဧက (၄၈၀) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်၊၊ လျှော်ဖြူတစ်ဧကလျှင် ၁၅ ပေခြားဖြင့် (၁၉၄) ပင် ဝင်စိုက်ပျိုးလေ့ရှိသည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်စိုက်ပျိုးခဲ့ပြီး ယခုအခါ (၄၈၀) ဧက အားလုံးအစေး ထုတ်ယူနိုင်ပြီဖြစ်ပါသည်။ လျှော်ဖြူပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အစေးထုတ်ယူနိုင်သည့် ကာလမှာ ဇူလိုင်လမှ ဖေဖော်ဝါရီလ(၈)လဖြစ်သော်လည်း အစေးအထွက် ကောင်းသည့်ကာလမှာ စက်တင်ဘာလမှ ဒီဇင်ဘာထိ (၄) လဖြစ်ကြောင်းနှင့် အထွက်ကောင်းသည့်ကာလတွင် တစ်ရက်လျှင် တစ်ဧက (၂) ပိဿာမှ (၃) ပိဿာအထိ ထွက်ရှိကြောင်း၊ ကျန် (၄)လတွင် တစ်ရက်လျှင် တစ်ဧက (၂၅) ကျပ်သားမှ ၅၀ ကျပ်သားခန့်သာထွက်ရှိပြီး တစ်နှစ်လျှင် တစ်ဧကပျမ်းမျှ (၂၅၀) ပိဿာခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ လျှော်ဖြူစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပထမနှစ်တွင် တစ်ဧက ၅ သိန်းကျပ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှစ်များတွင် ကျပ် (၃) သိန်းစီဖြင့် စုစုပေါင်းကျပ်(၁၇) သိန်း ကျော်ကုန်ကျခဲ့ကြောင်း၊ ၅နှစ်တာကာလကျော်၍ အပင်များအစေး ထုတ်ယူချိန်တွင် တစ်ဧကအတွက် တစ်နှစ်ပျှမ်းမျှ ကျပ် (၂၀) သိန်းကျော် ကုန်ကျကြောင်းသိရှိရပါသည်။ အကျိုးအမြတ်အနေဖြင့် ယခင်နှစ်များတွင်တစ်ဧကပျမ်း မျှ (၂၅/၃၀) သိန်းခန့် အသားတင်အမြတ် ရရှိခဲ့သော်လည်း ယခုနှစ်တွင် လျှော်ဖြူ ၁ ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်သာရှိ၍ အကြောင်းအမျိုးမျိုးကြောင့် ကျပ် (၁၀)သိန်းခန့်သာ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

 

“ဆောင်းကြက်သွန်စိုက်တောင်သူနှင့်တွေ့ဆုံခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ၊ ဦးသန်းစိုး နှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊   ၂    ရက်နေ့ နေလည် ၁၂:၀၀နာရီအချိန်တွင် မိတ္ထီလာမြို့ နယ်၊ ညောင်ကိုင်းအုပ်စု ၊ ဥယျာဉ်ကျေးရွာရှိ ဆောင်းကြက်သွန်စိုက်တောင်သူနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            ထိုသို့တွေ့ဆုံခဲ့ရာ ဥယျာဉ်ကျေးရွာသည် ကြက်သွန်နီသီးနှံအား စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရာတွင် စက်တင်ဘာလများတွင် စိုက်ပျိုး၍ ဖေဖော်ဝါရီလ၊ မတ်လများတွင် ထွက်ရှိကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရာတွင် ဥစိုက်နှင့် ပျိုးထောင်စိုက်ဟု စိုက်ပျိုးမှု ပုံစံ (၂) မျိုးရှိကြောင်း၊ ယခုတွင် ပျိုးထောင် စိုက်ပျိုးမှုဖြစ်ပြီး၊ (၁)ဧကလျှင် (၃)ပြည် ကုန်ကြ၍ (၄၅) ရက်ကြာ ပျိုးထောင်ရကြောင်း၊ ပျိုးထောင်ချိန်တွင် ထယ်ထိုး၊ ထွန်ထောင်လိပ်၊ အောက်ခံစွမ်းအားနှင့် မြေသြဇာတို့ကို အသုံးပြုရကြောင်း၊ မျိုး(၃) ပြည် (၆၀၀၀၀)ကျပ်၊ (၁)ဧက ထယ်ထိုးလျှင် (၃)ချိန်ထိုးရ၍ (၅၄၀၀၀) ကျပ်၊ ထွန်ထောင်လိပ်ရာတွင် (၃၅၀၀၀) ကျပ်၊ အောက်ခံစွမ်းအား (၁) အိတ်အသုံးပြုရပြီး (၁၀၀၀၀၀)ကျပ်၊ မြေသြဇာ (၁)ဧက လျှင် (၂) အိတ်အသုံးပြုရ၍ (၁၅၀၀၀၀)ကျပ်၊စိုက်ပျိုးရာတွင် အလုပ်သမားဌာရမ်းခ (၁)ဧကလျှင် (၃၃) ယောက် အတွက် (၁၃၂၀၀၀) ကျပ်၊ ဘောင်ခက်ချိန်တွင် (၁)ဧက အလုပ်သမား(၈)ယောက်အတွက် (၅၆၀၀၀) ကျပ်ကျသင့်ကြောင်း၊ ပေါင်းသတ် ဆေးဖြန်းရာတွင် (၁) ဗူးအသုံးပြုရပြီး (၃၈၀၀၀) ကျပ်၊ ပိုးသတ်ဆေးအားကျရောက်သည့် ပိုး အမျိုးအစားပေါ်မူတည်၍ပတ်ဖြန်းရကြောင်း၊ အပင်အားဆေးပတ်ဖြန်းချိန်တွင် (၁)ဧကလျှင် အလုပ်သမားငှားရမ်းခ (၈၀၀၀)ကျပ်နှုန်းဖြင့် (၇)ကြိမ် ပတ်ဖြန်းရပြီး(၅၆၀၀၀)ကျပ် ၁ ဧက စုစုပေါင်း ကုန်ကျစရိတ်မှာ (၆၈၁၀၀၀) ကျပ်ရှိကြောင်း၊ ၁ ဧကလျှင် အထွက်နှုန်း (၅၀၀၀) ပိဿာခန့်ထွက်ရှိကြောင်း  ကြက်သွန်စိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဆိပ်ဖြူကုန်စည်ဒိုင်၌ ဇန်နဝါရီလအတွင်း ကြက်သွန်နီ စီးဆင်းမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပြည်တွင်းကုန်သွယ်မှုနှင့် ပြည်ပပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် (၆.၂.၂၀၂၂)ရက်နေ့၊  နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားလုပ်ငန်းရှင် နှင့်တွေ့ဆုံပြီး ဇန်နဝါရီလအတွင်း ကုန်စည်ဒိုင်တွင် မိုးစိုက်(ဥစိုက်) ကြက်သွန်နီ(အသစ်)များ ဝင်ရောက်လာမှုနှင့် ပြန်လည်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေအား ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။

                ကုန်စည်ဒိုင်အသင်းဝင်မှ ကြက်သွန်နီကို မြန်မာ နိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အဓိကထားပြီး စိုက်ပျိုးကြောင်း ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်တွင် ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်တို့တွင် စိုက်ပျိုးကြောင်း၊ ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြောင်း၊ မိမိတို့ဒေသထွက် ကြက်သွန်နီနှင့် အခြားသီးနှံမျိုးစုံ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် လွယ်ကူစေရန်အတွက် ဆိပ်ဖြူမြို့တွင် ကုန်စည်ဒိုင်ကို(၂၀၁၁)ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် အသင်းဝင်(၇၀)ဦးခန့်ဖြင့် ဖွဲ့စည်း ထားကြောင်း၊ ဆိပ်ဖြူကုန်စည်ဒိုင်သည် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် ပြည်တွင်းသာမက ပြည်ပအထိ အရောင်းအဝယ်ပြုလုပ်သော ကုန်စည်ဒိုင်ဖြစ်ကြောင်း၊ ကြက်သွန်နီသီးနှံတစ်မျိုးတည်း သာအရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူကြက်သွန်နီသည် မြန်မာ့ကြက်သွန်နီဈေးကွက်တွင် ထုတ်ကုန်အရည်အသွေးအနေဖြင့် ဒုတိယအဆင့်တွင်ရှိကြောင်း၊ ဆိပ်ဖြူကြက်သွန်နီဟုဆိုလျှင် စားသုံးသူတိုင်းသိရှိပြီး ဈေးကွက်တွင် အခိုင်အမာရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

          ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ကြက်သွန်နီ မိုးစိုက်(ဥစိုက်)အသစ်များ သီးနှံပေါ်စ ဇန်နဝါရီလဆန်းပိုင်းမှစ၍ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီအသစ်ပိဿာ(၅၀၀၀၀)ခန့် စီးဝင်လျက်ရှိကြောင်း၊ တစ်လအတွင်း ပိဿာ(၁၅) သိန်း ဝန်းကျင်ခန့် စီးဝင်ကြောင်း၊ ဆိပ်ဖြူမြို့နယ် ကြက်သွန်နီစိုက် တောင်သူအချို့သည် ကုန်စည်ဒိုင်သို့ လာရောက်ရောင်းချခြင်းမရှိဘဲ တောင်သူ(၅)ဦးခန့်စုပြီး ရန်ကုန်(ဘုရင့်နောင်)ပွဲရုံသို့ တိုက်ရိုက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

                 ကုန်စည်ဒိုင်သို့ ကြက်သွန်နီ(အသစ်)များ အဓိကစီးဝင်လာသည့်ဒေသများမှာ စိုက်ဧကများသော ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ ဇီးကပ်၊ ရွာသာအေး၊ ချင်းတောင်၊ အောက်ဆိပ်၊ ဂွေးပင်ချောင်း၊ ဆူးလေကုန်းစသည့် ကျေးရွာများနှင့် ချောက်မြို့နယ်၊ ပဒေသာကျွန်း ကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ဇန်နဝါရီလအတွင်း ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်း ဈေးကွက်များမှာ သီးနှံအရည်အသွေးလိုက်၍ ဈေးနှုန်းမှာမတူညီကြောင်း၊ သီးနှံပေါ်စ ဇန်နဝါရီလ ပထမပတ်တွင် ထိပ်စအမြင့်ဈေး (၆၅၀)ကျပ်၊ အနိမ့်ဈေး(၁၀၀)ကျပ်၊ တတိယပတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ(၅၀၀)ကျပ်၊ အနိမ့်စ(၁၀၀)ကျပ် ဈေးနှုန်းများရှိကြောင်း၊ ဇန်နဝါရီလအတွင်း ပျမ်းမျှကြက်သွန်နီ(အသစ်) တစ်ပိဿာရောင်းဈေးမှာ ထိပ်စအမြင့်ဈေး(၅၅၀)ကျပ်နှင့် အနိမ့်ဈေး (၁၀၀)ကျပ်ဖြင့် ဆိပ်ဖြူမြို့နယ် ကြက်သွန်နီရောင်းဝယ်ရေး ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

                ယခင်နှစ် ဇန်နဝါရီလအတွင်း ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းဈေးကွက်မှာ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ထိပ်စအမြင့်ဈေးမှာ (၂၀၀)ကျပ်မှ အသေးနုပ်အနိမ့်စ (၅၀)ကျပ်ဈေးနှုန်းဖြစ်ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီ(အသစ်) ပိဿာ(၁၀၀၀၀၀) ခန့် စီးဝင်လျက်ရှိရာ ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်လျှင် ဝယ်လိုအားနည်း၍ ဈေးကွက်ကောင်းမွန်မှု မရှိခြင်းကြောင့် ယခင်နှစ်ထက် စီးဝင်ရောက်မှုထက်ဝက်နီးပါး ခန့်လျော့နည်းသွားကြောင်း လေ့လာသုံးသပ်ရပါသည်။

             ကုန်စည်ဒိုင်သို့ ဇန်နဝါရီလအတွင်း စီးဝင်လျက်ရှိသော မိုးစိုက်(ဥစိုက်) ကြက်သွန်နီ(အသစ်) များကို တင်ပို့ဖြန့်ဖြူးရာတွင် ရန်ကုန်(ဘုရင့်နောင်)ပွဲရုံ၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်၊ မြဝတီ၊ စစ်တွေ မြို့များသို့ တင်ပို့လျက်ရှိပြီး ပို့ကုန်အများဆုံးအနေဖြင့် ရန်ကုန်(ဘုရင့်နောင်)ပွဲရုံသို့ တင်ပို့လျက်ရှိကြောင်း၊ ဇန်နဝါရီလအတွင်း ဆိပ်ဖြူကုန်စည်ဒိုင်မှ ဈေးဖြတ်ပြီး ကုန်သည်ပွဲစားများမှ ဝယ်ယူ၍ ထိုမှတစ်ဆင့် ပြည်တွင်းနေရာအနှံ့အပြားသို့ (၃၅)ပိဿာဝင်အိတ် (၄၂၈၁၇)အိတ်၊ (၂၄၄၉)တန်ခန့် ကို (၁၂)ဘီး/(၆)ဘီး မော်တော်ယာဉ်များဖြင့် စီးထွက်လျက်ရှိကြောင်း သိရှိရပါသည်။

                ယခုနှစ်ကြက်သွန်နီ  (အသစ်)ဈေးနှုန်းမှာ သင့်တင့်မှုရှိသော်လည်း စိုက်ပျိုးရာတွင် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းတို့ ကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း၊ ရောင်းလိုအားကောင်းသော်လည်း ဝယ်လိုအားနည်း၍ ဈေးကွက်နည်းကြောင်း၊ တောင်သူလယ်သမားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ခြင်းဖြင့် ကြက်သွန်နီ အခြေခံရည်ညွှန်းဈေးနှုန်းကို အမြန်ဆုံးသတ်မှတ်ပေးနိုင်ပါက စိုက်ဧကရာခိုင်နှုန်းများလာပြီး ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးတောင်သူ၏ ပြောကြားချက်အရသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

မိတ္ထီလာမြို့နယ်တွင် (ထိုင်ဝမ်) ပြောင်းဖူးစိုက်ပျိုးရန် မြေယာပြုပြင်နေ

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများသည် (၂.၂.၂၀၂၂)ရက်နေ့ (၁၂:၀၀) နာရီအချိန်ခန့်တွင် မိတ္ထီလာမြို့နယ်၊ ပြည်တော်သာကျေးရွာရှိ (ထိုင်ဝမ်)ပြောင်းဖူးစိုက်ပျိုးရန်အတွက် မြေယာပြုပြင်နေသော တောင်သူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          (ထိုင်ဝမ်)ပြောင်းဖူးစိုက်ပျိုးရန် မြေယာပြုပြင်နေသော တောင်သူများဖြစ်သည့် ဦးကျော်စွာ (၃)ဧက၊ ဦးဘိုတင်(၂)ဧကတို့၏ စိုက်ပျိုးရန်ပြုပြင်နေသော မြေဧကများတွင် တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ရာ တောင်သူများမှ ယခင်နှစ်ကတည်းက (ထိုင်ဝမ်)ပြောင်းဖူးစိုက်ပျိုးခဲ့ကြကြောင်း၊ ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးပြီး ဧပြီလကုန်ပိုင်းတွင် ထွက်ရှိကြောင်းနှင့် အကျိုးအမြတ် များလည်း ရရှိခဲ့ကြကြောင်း စုံစမ်းသိရှိရပါသည်။

          (ထိုင်ဝမ်)ပြောင်းဖူးစိုက်ပျိုးရာတွင် တန်းဆွဲစနစ်ဖြင့်(၁)ဧကလျှင် အပင်ရေ (၅၀၀၀)ခန့် အထိ စိုက်ပျိုးကြပြီး (၁)ပင်လျှင် (၁)ဖူးမှ (၂)ဖူးထိ ထွက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်က (၁)ဧကလျှင် မြေယာပြုပြင်ခြင်း၊ လုပ်သားခ၊ သွင်းအားစု၊ မျိုးစေ့တန်ဖိုးအပါအဝင် စုစုပေါင်းကုန်ကျ စရိတ်အနေဖြင့် (၃)သိန်း ကျော်ကုန်ကျခဲ့ကြောင်း၊ တောင်သူများထံမှ သိရှိရပါသည်။ (၁)ဧကလျှင် (ထိုင်ဝမ်) ပြောင်းဖူး (၇၅၀၀) ဖူးခန့်ထွက်ရှိပြီး၊ ထွက်ရှိလာသော ပြောင်းဖူးများကို ပွဲစားများမှ စိုက်ခင်းသို့လာရောက်၍ ထိပ်စ (၁)ဖူးလျှင်(၁၀၀)ကျပ်၊အလတ်စ(၁)ဖူးလျှင် (၈၅)ကျပ်၊ အောက်စ (၁)ဖူးလျှင် (၅၀) ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူကြပြီး ဝင်ငွေအနေဖြင့် တစ်ဧကလျှင်(၇)သိန်း ဝန်းကျင် ရရှိခဲ့သည့် အတွက် အကျိုးအမြတ်အနေဖြင့် (၄)သိန်း နီးပါး ရရှိခဲ့ကြောင်းသိရှိရပါသည်။

          ယခုနှစ်တွင် သွင်းအားစုအပါအဝင် ကုန်ကျစရိတ်များ မြင့်မားလာပြီး (၁)ဧက(၄)သိန်း ကျော် အထိကုန်ကျနိုင်သော်လည်း လက်ရှိ(ထိုင်ဝမ်)ပြောင်းဖူး ထိပ်စ(၁)ဖူးလျှင် (၁၅၀)ကျပ်၊ အလတ် စ(၁) ဖူးလျှင် (၁၀၀)ကျပ်၊ အောက်စ(၁)ဖူးလျှင် (၇၅)ကျပ် ဈေးကောင်းရရှိနေသည့်အတွက် ပြောင်းဖူးအထွက်နှုန်း ယခင်နှစ်များကဲ့သို့ အထွက်နှုန်းကောင်းလျှင် အကျိုးအမြတ်အနေဖြင့် လျော့ကျမသွားနိုင်ကြောင်း လေ့လာသုံးသပ်၍ (ထိုင်ဝမ်)ပြောင်းဖူး စိုက်ပျိုးခြင်းသည် စိုက်ပျိုးချိန် တိုတောင်းပြီး အကျိုးအမြတ်များလည်း အမှန်တကယ်ရရှိသည့်အတွက် အခြားတောင်သူ များလည်း စိုက်ပျိုးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)

မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်မှု အခြေအနေကွင်းဆင်းလေ့လာ

        မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးနှုန်းမှာ ယခင်အပတ်(၂.၂.၂၀၂၂)နေ့နှင့် ယခုအပတ် (၉.၂.၂၀၂၂)နေ့ ဈေးနှုန်းများနှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်များမှာ နှမ်းနက်(စမုံ)တစ်တင်းခွဲအိတ်(၁၁၅၀)အိတ်၊ နှမ်းပြာ(၃၅၀)အိတ်၊ နှမ်းနီ(၂၇၀) အိတ်တို့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲစဉ်းငုံမှာ ယခင်အပတ်(၄၂၅၀ဝိ/-)မှ ယခုအပတ် (၄၀၃၀ဝိ/-)ဖြစ်သည့်အတွက် (၂၂၀ဝိ/-)လျော့၊ မတ်ပဲတွင်လည်း ယခင်(၄၀၅၀ဝိ/-)မှ ယခု (၃၇၀၀ဝိ/-) ဖြစ်သည့်အတွက် (၃၅၀ဝိ/-)လျော့၊ ကုလားပဲ(H.L) ယခင်(၄၂၅၀ဝိ/-) ယခု(၄၁၀ဝိ/-) ဖြစ်သည့်အတွက် (၁၅၀ဝိ/-)လျော့၊ ဘိုကိတ်အပြာ ယခင်(၃၄၀၀ဝိ/-) ယခု(၃၀၀၀ဝိ/-) ဖြစ်သည့်အတွက် (၄၀၀ဝိ/-)လျော့ကျခဲ့ပြီး ကျန်ပဲအမျိုးအစားများမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပုံမှန်အရောင်းအဝယ်ရှိလျက်ရှိကြောင်း သိရပါသည်။

        ပဲကြီးအသစ်များ စတင်ပေါ်လာပြီး ရွှေကျွန်းအသန့်(အသစ်)ဈေး (၈၅၀၀ဝိ/-)ဈေးဖြင့် စတင်ဝယ်ယူနေပြီး ပဲကြီးအဟောင်းဈေးမှာ (၈၀၀၀ဝိ/-)ခန့်ရှိပါသည်။ အရောင်းအဝယ်ဖြစ်သည့် ပမာဏအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းခွဲအိတ် (၇၉၀)အိတ်၊ ပဲတီစိမ်း(၉၀၀)အိတ်၊ ဘိုကိတ်ပြာ(၅၃၀) အိတ်နှင့် ပဲကြီး(၁၅၀)အိတ်တို့ဖြစ်ပါ သည်။ မြေပဲဆံအနေဖြင့် ယခင်အပတ် လုံးဆံ(အနီ) (၂၉၀ဝိ/-) ဈေးရှိခဲ့ပြီး ယခုအပတ် (၂၉၇၅/-) ဖြစ်သည့်အတွက်(၇၅/-)ဈေးမြင့်ခဲ့ပြီး လုံးဆံ(အဖြူ)မှာ ယခင် အပတ် (၃၂၅ဝိ/-)ရှိခဲ့ပြီး ယခုအပတ်(၃၂၀ဝိ/-) ဖြစ်၍ (၅ဝိ/-)ဈေးကျခဲ့ပါသည်။ (၂၅)ပိဿာဝင် လုံးဆံ (အနီ)အိတ် (၄၅၀)အိတ်၊ လုံးဆံ(အဖြူ) (၇၀၀)အိတ် အရောင်းအဝယ်ဖြစ်ပြီး ဝါသီးနှံမှာ ယခင်အပတ်(၁၈၀ဝိ/-)မှ (၁၈၅ဝိ/-)ဈေးရှိပြီး ယခုအပတ်(၁၇၀ဝိ/-) (၁၈၀ဝိ/-)ရှိသည့်အတွက် (၁၀ဝိ/-) ဈေးလျော့ကာ ပိဿာချိန်(၃၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးကွက်

            မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီ သီးနှံကို ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၃၀၃၇၅) ဧက စိုက်ပျိုးခဲ့ပြီး ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ မကွေးမြို့နယ်၊ ရေနံချောင်း မြို့နယ်၊ စလင်း (ဆင်ဖြူကျွန်း) မြို့နယ်နှင့် မြို့သစ်မြို့နယ်များတွင် ကုန်းကြက်သွန်နီ၊ ချောင်းကြက်သွန်နီဟူ၍ စိုက်ပျိုးကြပါသည်။ ကုန်းကြက်သွန်နီများကို နုန်းဆန်မြေ၊ သဲနုန်းမြေများရှိသည့် လယ်ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် စိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် တူးဖော်ရောင်းချကြပါသည်။ ချောင်းကြက်သွန်နီများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ယင်းချောင်း၊ ပင်းချောင်း၊ ယောချောင်းများ၏ လွင်ပြင်သဲ‌သောင်များတွင် စိုက်ပျိုးကြခြင်းဖြစ်ပြီး ရွှေဖလားထိပ်မောက် (ဒေသမျိုး) ကိုသာ အများဆုံးစိုက်ပျိုးကြရာ ကြက်သွန်နီသီးနှံ၏ စုစုပေါင်း တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ( ၁၂၁၉၂၅၀ ) ကျပ် ကုန်ကျပြီး တစ်ဧကပျမ်းမျှ ပိဿာ (၄၀၀၀) ထွက်ရှိကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကားဈေး အနိမ့်ဈေး ( ၂၀၀ ) ကျပ်မှ အမြင့်ဈေး ( ၅၀၀ ) ကျပ်အထိရှိပြီး လက်လီဈေး အနိမ့်ဈေး  ( ၅၀၀ ) ကျပ်မှ အမြင့်ဈေး ( ၈၀၀ ) ကျပ်အထိရှိကြောင်း သိရှိရပါသည်။ ဆိပ်ဖြူကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်နီ ဝင်ရောက်မှုမှာ ပိဿာချိန် (၁၀၀၀၀၀) နီးပါးခန့် ဝင်ရောက်လျှက်ရှိပြီး မကွေးတိုင်းမှ ထွက်ရှိသော ကြက်သွန်နီများကို ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ ပြည်၊ စစ်တွေ၊ မြဝတီ၊ မော်လမြိုင် စသည့်ဒေသများသို့ ဈေးကွက်အခြေအနေအပေါ် မူတည်ပြီး တင်ပို့ကြောင်းနှင့် ဈေးကွက်သို့ တင်ပို့ရာတွင်လည်း ကြက်သွန်နီ အရွယ်အစားအပေါ် မူတည်၍ အလတ်စ၊ ထိပ်စ ဟူ၍ ခွဲခြားပြီး တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း