Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာ စပါး/ ဆန် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

               မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းတွင် တည်ရှိပြီး ဆီထွက်သီးနှံ အများအပြား စိုက်ပျိုးထွက်ရှိသော်လည်း ရေ၊ မြေ၊ ရာသီဥတု အခြေအနေအရ စပါးစိုက်ဧကနည်းသဖြင့် ဒေသတွင်း ဆန်စားသုံးမှုကို ဖူလုံအောင် စိုက်ပျိုးနိုင်မှုမရှိခြင်းကြောင့် ဆန်လို တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း ဒေသဖြစ်သော မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဆည်ရေသောက်ဧရိယာရှိခြင်း၊ စပါးစိုက်ရန် မြေဆီမြေနှစ်ရှိသော လယ်မြေများ အသင့်အတင့်ရှိခြင်းကြောင့် အရည်အသွေးကောင်းမွန်သော ဧရာပဒေသာစပါးများ စိုက်ပျိုးလျှက်ရှိပါသည်။ အဆိုပါ ဒေသမှ ထွက်ရှိသော ဧရာပဒေသာ ဆန်အမျိုးအစားမှာ အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်း စားသုံးမှုတွင် လူကြိုက်များသဖြင့် ဒေသတွင်း စားသုံးမှုအပြင် မန္တလေးတိုင်းနှင့် နေပြည်တော်၊ တပ်ကုန်းဒေသများအထိပါ ဈေးကွက်ရောက်ရှိပြီး လူအများ နှစ်သက်သော ဆန်အဖြစ် ဈေးကောင်း ရရှိလျှက်ရှိပါသည်။

              မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဧရာပဒေသာ စပါးစိုက်ဧက (၁၈၆၀၅၁) ဧက စိုက်ပျိုးလျှက်ရှိရာ မကွေးခရိုင်၊ မြို့သစ်၊ တောင်တွင်းကြီးမြို့နယ်၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) ၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များတွင် အဓိကစိုက်ပျိုးလျှက်ရှိပါသည်။ ဧရာပဒေသာစပါးကို ဆည်ရေရရှိသည့် ဒေသများ၌သာ စိုက်ပျိုးနိုင်ခြင်းဖြစ်ပြီး ဧရာပဒေသာ စိုက်ဧကမှာ ဆည်ရေသောက်ဧရိယာများအားလုံး စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း၊ ဧရာပဒေသာစပါး၏ သက်တမ်း မှာ ရက် (၁၄၀) မှ (၁၅၀) အထိရှိပြီး ရာသီစပါးဖြစ်သောကြောင့် ဇူလိုင်လတွင် ပျိုးထောင်ပြီး နိုဝင်ဘာလတွင် ပန်းပွင့်ရကြောင်း၊ သက်တမ်းရှည်စပါးဖြစ်၍ မိုးတွင်း၌သာ စိုက်ပျိုးနိုင်ပြီး နွေစပါးအဖြစ် စိုက်ပျိုး၍ မရကြောင်း၊ မိုးတွင်း၌ပင် ဆည်ရေပေးသွင်း၍ စိုက်ပျိုးရကြောင်း သိရှိရ ပါသည်။

              ဧရာပဒေသာဆန်သည် ၂၀၁၁ ခုနှစ်မှစ၍ ဈေးကွက်ထိုးဖောက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အရည်အသွေးကောင်းမွန်လာသည့်အတွက် စပါး/ ဆန်ဈေးနှုန်းမှာလည်း မြင့်တက်လာပြီး ဆီးချို/ သွေးချိုရှိသူများမှလည်း ပေါ်ဆန်းနေရာတွင် အစားထိုး စားသုံးလာသည့်အတွက် စားသုံးမှုမြင့်တက် လာကြောင်း၊ လက်ရှိ ဧရာပဒေသာ မိုးစပါး (အဟောင်း ) (၁) တင်းလျှင် (၁၂၀၀၀) ကျပ်၊ မိုးစပါး (အသစ်) (၁) တင်းလျှင် (၁၀၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (အဟောင်း) (၁) အိတ်လျှင် (၅၁၀၀၀) ကျပ်၊ (အသစ်) (၁) အိတ်လျှင် (၄၁၀၀၀) ကျပ် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

သံချောင်းဈေးနှုန်း အခြေအနေ

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း ရွှေပြည်သာမြို့နယ်၊ မိဘမေတ္တာအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သံချောင်းဈေးနှုန်းစာရင်းကို နေ့စဉ် နံနက်(၁၀)နာရီတွင် ကောက်ယူလျက်ရှိပါသည်။ ထိုသို့ကောက်ယူရာတွင် သံချောင်းအမျိုးအစားမှာ (၅)မျိုးရှိပြီး ၎င်း(၅)မျိုးမှာ HRB 400, HRB 500, H-Beam, I-Beam, Hollow များဖြစ်ပါသည်။

          HRB 400 နှင့် HRB 500 တို့တွင် 10M, 16M, 16M, 20M, 25M စုစုပေါင်း(၆)မျိုးရှိကာ (10M) မှာ  တစ်တန် (၁၃၅)ချောင်း၊ (12M) (၈၈)ချောင်း၊ (16M) (၅၃)ချောင်း၊(18 M) (၄၁)ချောင်း၊(20 M) (၃၃)ချောင်း၊(25M) (၂၃)ချောင်း အသီးသီးပါရှိ၍ (၁)တန်လျှင်တန်ဖိုး(၁၀)သိန်းနှင့် အထက်တွင်ရှိပြီး H-Beam ဈေးနှုန်း (၁)တန်လျှင် (၁၅)သိန်း (၈)သောင်း အနည်းဆုံးဖြစ်၍ အများဆုံး (၁၇) သိန်း(၅)သောင်းဖြစ်ကြောင်းနှင့် I-Beam ဈေးနှုန်းမှာလည်း အနည်းဆုံး(၁)တန်လျှင် (၁၅)သိန်း (၂)သောင်းကျော်ဖြစ်၍ အများဆုံး(၁၇)သိန်း (၉)သောင်းကျော်ဖြစ်ကြောင်း သိရှိရပါသည်။ အိမ်ဆောက်ပစ္စည်းတစ်ခုဖြစ်သည့် Hollow ဆိုဒ်စုံမှာလည်း (၁)တန်လျှင် အနည်းဆုံး (၁၉)သိန်း (၇)သောင်းကျော်ရှိပြီး အများဆုံးမှာ (၁၉)သိန်း (၉)သောင်းကျော်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

 

တညင်းကုန်း လက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

 

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖော်ဝါရီလ (၃)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၀၀၀ မှ ၂၄၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၆၀၀ မှ ၂၀၀၀အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၂၁၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၂၅၀ မှ ၂၃၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၇၀၀ မှ ၂၀၀၀အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၁၃၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၉၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ) ကျပ် ၁၀၀၀ မှ ၁၂၀၀အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၉၀၀ မှ ၁၂၀၀အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၄၀၀ မှ ၃၆၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက်(စီး) ကျပ် ၂၀၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၀၀ မှ ၁၂၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၉၀၀ မှ ၁၁၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး) ကျပ် ၁၇၀၀ မှ ၅၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကား ဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၇၁၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၅၆၀၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၁၄၃၀၀)ကျော်၊ရွှေဖရုံသီးအလုံးပေါင်း (၁၁၂၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၅၆၀၀)ကျော်၊ပန်းဂေါ်ဖီထုပ်ပေါင်း (၁၅၃၅၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၁၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၂၃၂၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

 

“သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ”

           ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖော်ဝါရီလ (၂)ရက်နေ့မှ (၇)ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေတာရှည်၊ ဒိုက်ဦးမှ ဖရဲ(855)အကြီး တစ်လုံး ကျပ်(၄၀၀၀)၊ အလတ် ကျပ် (၃၅၀၀)မှ (၁၀၀၀)နှင့် မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် (၄၀၀)၊ အလတ် ကျပ် (၃၀၀)၊ အသေး ကျပ် (၂၀၀)တို့ရှိကြောင်း သိရှိရသည်။

              ကျိုက်လတ်၊ ဖျာပုံမှ နှင်းသီးတစ်ခြင်း (၈၀၀၀)ကျပ် (အလုံး ၁၆၀ မှ ၂၀၀ ထိပါ)၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီးတစ်တွဲ ကျပ် (၄၀၀)၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ (၅)ပိဿာ တစ်ခြင်း ကျပ် (၃၀၀၀၀) နှင့် (၁၈)ကျပ်သားဗူး ကျပ်(၁၁၀၀) ဈေးတို့ရှိကြောင်း၊ စလေ (ဆင်ဖြူကျွန်း) မှ ဇီးသီး (အစေ့လွတ်) ရှစ်ပြည်တစ်ခြင်း အလုံးကြီး ကျပ် (၆၀၀၀)၊ အလတ် ကျပ် (၅၅၀၀)၊ တွံတေးမှ သခွားမွှေး (သခမသီး) တစ်ခြင်းအလုံးကြီး (၁၇)လုံးပါ ကျပ်(၁၃၀၀၀)၊ အလတ် (၂၅)လုံးပါ ကျပ်(၁၂၀၀၀)၊ အသေး အလုံး(၄၀)ပါ ကျပ် (၁၀၀၀၀)ဈေးတို့ရှိကြောင်း သီရီမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

“အိမ်တွင်းအသေးစား SMEs လုပ်ငန်းဖြစ်သည့် ဆန်ခေါက်ဆွဲ ထုတ်လုပ်မှု အောင်မြင်လျက်ရှိ’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးသန်းစိုး နှင့်ဝန်ထမ်းများသည် မလှိုင်မြို့နယ်၊ ရပ်ကွက်ကြီး(၂)၊မြို့ဦးကွက်သစ်ရှိ ရွှေပြည်သစ် ဆန်ခေါက်ဆွဲလုပ်ငန်းသို့ ၂၇.၁.၂၀၂၂ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုအရ ရွှေပြည်သစ် ခေါက်ဆွဲလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှ စတင်၍ ရှမ်းအဖွယ်နှင့် ရှမ်းအစီးဟူ၍ ဆန်ခေါက်ဆွဲ (၂) မျိုး ထုတ်လုပ်ရောင်းချခဲ့ကြောင်း၊ ဆန်စျေးနှုန်းသည် ယခင်က (၂၅၀၀၀)ကျပ်ခန့်ရှိပြီး ၊ ယခုတွင် (၃၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ တစ်ရက်ကို လုပ်သား (၅)ဦးဖြင့် လုပ်ကိုင်လျက် ရှိပြီး ဆန်တစ်အိတ်လျှင် ပျမ်းမျှ ခေါက်ဆွဲအစို (၃၈) ပိဿာနှင့် အခြောက်ဆိုလျှင် (၁၅) ပိဿာခန့်ထွက်ရှိ ကြောင်း၊ ယခင်ကတစ်ရက် ဆန် ၃ အိတ်မှ ၄ အိတ် အထိ ကြိတ်ခွဲ ထုတ်လုပ် ရောင်းချလျက်ရှိပြီး ယခုအခါ ဆန် ၁ အိတ်သာ ကြိတ်ခွဲထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။ ခေါက်ဆွဲအစိုများကို မလှိုင်မြို့နယ်အတွင်းရှိ ဆိုင်များသာမက မြင်းခြံ၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးစသည့် မြို့များကို ဖြန့်ဖြူးရောင်းချနေကြောင်း၊ ခေါက်ဆွဲအခြောက်အား ချောက်နှင့် ကျောက်ပန်းတောင်းမြို့များသို့ ရောင်းချလျက်ရှိနေပြီး ထပ်မံတိုးချဲ့ လုပ် ကိုင်သွားမည်ဖြစ်ကြောင်းနှင့် ခေါက်ဆွဲအစို ၁ ပိဿာ ၁၂၀၀ ကျပ်၊ ခေါက်ဆွဲအခြောက် ၁ ပိဿာ ၂၅၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး၊ စျေးကွက်ထိုးဖောက်မှုတွင်လည်း အားကောင်းနေသော အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

            ယခင်က နံနက်စာကို လက်ဖက်ရည်၊ပလာတာ၊ အီကြာ‌ကွေး၊ နံပြားစသည့် အစားအစာများကို စားသုံး ခဲ့ရာမှ ယခုဆိုရင် ရှမ်းခေါက်ဆွဲသည်လည်း မပါမဖြစ် ပူးတွဲကပ်ပါလာသည့်အတွက် ရှမ်းအဖွယ်၊ ရှမ်းအစီးလုပ် ငန်းသည်လည်း အောင်မြင်မှုရရှိနေသော လုပ်ငန်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

DOCA(မန္တလေး)

“ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရာဘာအရောင်းအဝယ်ဖြစ်”

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိကျေးရွာများတွင် ရာဘာ (၅၆၇၀)ဧကခန့် စိုက်ပျိုးထားရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာဘာစိုက်တောင်သူများထံမှ သိရသည်။

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း းရာဘာအများဆုံးစိုက်ပျိုးထွက်ရှိသောကျေးရွာများမှာ-တွံတေးမြို့နယ်တွင် တလုတ္ထော်၊ပန်းပင်စမ်း၊ မရမ်းတပင်၊ မာလာကာရာဘာခြံ၊ ရန်ကြီးအောင်၊ အရိုးတောင်ကျေးရွာများ၌လည်းကောင်း၊ ကော့မှူးမြို့နယ်တွင်-ကော်ခြံ၊ မြောက်ချောင်၊ ငှက်အော်စမ်း၊ နတ်ရေတွင်း၊ ညောင်ထောက်ကျေးရွာများ၌လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် မန်းကလိပ်ကျေးရွာ၌လည်းကောင်း အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

      ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ရှိကျေးရွာများမှ ထွက်ရှိလာသောရာဘာများကို ကော့မှူးမြို့ နယ်၊ ငှက်အော်စမ်းကျေးရွာရှိ ဓနထွန်းနှင့်ဒို့တောင်သူရာဘာရောင်းဝယ်ရေးသို့ တစ်ပေါင်လျှင် ၁၀၀၀ ကျပ်မှ ၁၁၅၀ ကျပ်ဖြင့်လည်းကောင်း၊ တွံတေးမြို့နယ်တွင် ကြယ်ပွင့်ရာဘာနှင့်ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေးသို့ တစ်ပေါင်လျှင် ၁၀၅၀ ကျပ် မှ ၁၀၈၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ရာဘာရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

ရွှေဘိုခရိုင် မိုးစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်းအခြေအနေ

          ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးစပါး ၆၇၂၇၇၃ဧက စိုက်ပျိုးပြီး ရာသီကုန် ရိတ်ဧက ၆၇၀၁၃၃ဧကရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင်  ၈၂.၂၃တင်းနှုန်း ထွက်ရှိသဖြင့် စုစုပေါင်း ၅၅၁၀၇၂၈၉တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

          ရွှေဘိုခရိုင်အတွင်း ၂၀၂၁-၂၀၂၂မိုးစပါး ပေါ်ချိန် ပေါက်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျှင် ၁၂၀၀၀၀၀ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ်ရှိပြီး ယခု ဖေဖော်ဝါရီ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျှင် ၁၂၅၀၀၀၀ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ် ဈေးနှုန်းပေါက်လျက်ရှိရာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၅၀၀၀၀ခန့် မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

၁၁.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၁.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဝါစေ့ဆီနှင့်ကျန်းမာရေး

           မြန်မာနိုင်ငံတွင် ၁၉၉၅-၁၉၉၆ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း နှစ်စဉ်ဝါသီးနှံစိုက်ဧက (၇)သိန်းမှ (၈)သိန်းကျော်ထိ စိုက်ပျိုးခဲ့ကြပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှစပြီး ဝါစိုက်ပျိုးဧကလျော့ကျလာကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဝါစိုက်ပျိုးဧက (၄)သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ဝါသီးနှံအနေဖြင့် တစ်ဧကအထွက်နှုန်းနှစ်ဆကျော် တိုးတက်လာသော်လည်း ဝါစိုက်ပျိုးမှုတိုးတက်လာစေရေးနှင့် ရေရှည် တည်တံ့ခိုင်မာသော ဝါစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးစေရေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိနေပါသည်။

         ဝါသီးနှံသည် အဝတ်အထည်ပစ္စည်းထုတ်လုပ်မှုအတွက် အရေးပါရုံသာမက ဝါစေ့မှလည်း ဝါစေ့ဆီထုတ်ယူ၍ စက်မှုလုပ်ငန်းသုံးဆီနှင့် စားသုံးဆီထုတ်ယူနိုင်ပြီး ဝါစေ့ကြိတ်ဖက်ကိုလည်း တိရိစ္ဆာန် အစားအစာအဖြစ် အသုံးပြုနိုင်ပါသည်။ ဝါပိဿာ(၁၀၀)ကို ကြိတ်ခွဲပါက ဝါဂွမ်း(၃၆)ပိဿာနှင့် ဝါစေ့(၆၄) ပိဿာခန့် ရရှိကြောင်းသိရသည်။ ဝါစေ့တွင် ဆီပမာဏ၁၅% မှ ၂၀%ခန့်ပါဝင်သည်။ ဝါစေ့ပိဿာ(၁၀၀) အား ကြိတ်ခွဲပါက ဝါစေ့ဆီ (၈)ပိဿာခန့် ရရှိကြောင်းသိရသည်။

      ဝါစေ့ဆီကို စားသုံးဆီအဖြစ်သာမက စက်မှုကုန်ကြမ်းအဖြစ်လည်းကောင်း၊ အခြားရည်ရွယ်ချက် များဖြင့်လည်းကောင်း သုံးစွဲမှုများရှိကြသည်။ ၁၈၈၀ ခုနှစ် ဝန်းကျင်တွင် ဝါစေ့ဆီကို ဆီမီးထွန်းညှိရန်သာ သုံးစွဲခဲ့ကြပါသည်။ ယခုအခါ ဝါစေ့ဆီကို စားသုံးရန်အဖြစ်လည်းကောင်း၊ ပိုးသတ်ဆေးအဖြစ်လည်း ကောင်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်ရာတွင်လည်းကောင်း၊ အသားအရည်ထိန်းသိမ်းရန် သုံးစွဲရသည့် အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊ ဗောက်ပျောက်ခေါင်းလျှော်ရည်နှင့် နေလောင်ခံခရင်များတွင် လည်းကောင်း သုံးစွဲကြသည်ကို တွေ့ရသည်။

          ဝါစေ့ဆီတွင် ကျန်းမာရေးအတွက် ကောင်းကျိုးအများအပြားရှိပါသည်။ ဝါစေ့ဆီတွင် ဗီတာမင် -E ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြားကို အာဟာရဖြည့်တင်းပေးနိုင်သည့်အတွက် အလှကုန် ပစ္စည်းများတွင် အသုံးပြုလာသည်ကို တွေ့ရပါသည်။ အသားအရည်စိုပြေမှုကို ထိန်းသိမ်းပေးနိုင်ပြီး antioxidant ကြွယ်ဝစွာ ပါဝင်သောကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်း များဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။ အနာကျက်မြန်စေသောကြောင့် ဒဏ်ရာများမှာ လိမ်းပေးနိုင် ပါသည်။ အရည်ပြားဆဲလ်အသစ်များ ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်ပြီး ရောဂါပိုးမဝင်နိုင်အောင်လည်း အကာအကွယ်ပေးနိုင်ပါသည်။

          ဝါစေ့ဆီတွင်ပါဝင်သော Monounsaturated Fatနှင့် Polyunsaturated Fat နှစ်မျိုးသည် မှတ်ဉာဏ်တိုးမြှင့်လာစေခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါကို လျှော့ချနိုင်စေခြင်းတို့ကို အထောက် အကူပြုနိုင်ပါသည်။ အာရုံကြောရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်သကဲ့သို့ အသက်အရွယ်ကြောင့် မှတ်ဉာဏ်အားနည်းလာခြင်းကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါသည်။ နာကျင်ရောင်ရမ်းမှုကို သက်သာ စေနိုင်သောကြောင့် ဝါစေ့ဆီကို စားပေးခြင်း၊ လိမ်းပေးခြင်းဖြင့် အဆစ်ရောင်ခြင်း၊ အဆစ်လွဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်းတို့အတွက် သုံးစွဲနိုင်ပါသည်။

          ဝါစေ့ဆီသည် သွေးအတွင်း ကိုလက်စတောကို လျော့ချပေးနိုင်သောကြောင့် နှလုံးကျန်းမာရေးကို ထိထိရောက်ရောက် အထောက်အကူဖြစ်စေနိုင်ပါသည်။ သွေးပေါင်ချိန်ကို ကျဆင်းစေပြီး သွေးကြော ဆိုင်ရာရောဂါ၊ နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်ပြီး လေဖြတ်နိုင်ခြေကိုလည်းလျော့ချပေးနိုင်ပါသည်။ သို့သော် နှလုံးရောဂါကို လက်ရှိခံစားနေရသူများကတော့ နားလည်တတ်ကျွမ်းသော ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင်း သိရှိရသည်။

          ဝါစေ့ဆီတွင် သဘာဝအလျှောက်ပါဝင်နေသည့် Gossypolသည် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်သည်ကို စမ်းသပ်တွေ့ရှိမှုများရှိကြောင်း သိရှိရသည်။ ဆေးဝါးအများအပြားကို ခံနိုင်ရည် ရှိသော ကင်ဆာဆဲလ်များကို နှိမ်နင်းနိုင်သည်ဟု သိရှိရသည်။ အကျိတ်ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ပျံ့နှံ့မှုကို တားဆီးနိုင်ကြောင်းသိရသည်။ ထို့အပြင် ဆီကျိတ်ကင်ဆာဆဲလ်များအပေါ် ဓာက်ရောင်ခြည်သက်ရောက်မှုကို ပိုမိုကောင်းမွန်စေကြောင်း သိရှိရ သည်။

          ဝါစေ့ဆီသည် ဆံပင်သန်စွမ်းကျန်းမာမှုကို အထောက်အကူပြုနိုင်သည်ဟု ဆိုကြပါသည်။ ဆံသားအစိုဓာတ်ထိန်းသိမ်းပေးနိုင်ခြင်း၊ ဆံသားတွင် ပရိုတင်းဓာတ်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဆံသားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခြင်း စသည့်ဂုဏ်သတ္တိများ ရှိပါသည်။

          ဝါစေ့ဆီသည် အစားအသောက်များကို တာရှည်အထားခံစေသည့်အတွက် အစားအသောက်များ ပြုလုပ်ရာတွင်လည်း သုံးစွဲကြပါသည်။ အကြော်များပြုလုပ်ရာတွင် ဝါစေ့ဆီကို အသုံးများကြသည်။ ထို့အပြင် မုန့်ဖုတ်လုပ်ငန်း Margarine ၊ Mayonnaise  နှင့် Fast Foodများတွင်လည်း သုံးစွဲကြပါသည်။ ဝါစေ့ဆီသည် အခြားဟင်းသီးဟင်းရွက်ဆီများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာသည့်အတွက် စီးပွားရေးအရ တွက်ချေကိုက်သော်လည်း ပြည့်ဝဆီပါဝင်မှုများခြင်းနှင့် သဘာဝအဆိပ်တစ်မျိုးဖြစ်သည့် Gossypol ပါဝင်နေခြင်းကြောင့် ကျန်းမာရေးနှင့် မညီညွတ်သောရွေးချယ်မှု တစ်ခုဖြစ်ကြောင်း  ပညာရှင်အချို့က ဆိုကြသည်။ သို့ပါ၍ ဝါစေ့ဆီကို စားသောက်ကုန်များတွင် အသုံးပြုမည်ဆိုပါက Gossypol ကို ဖယ်ရှားရန်လိုအပ်ပါသည်။ စနစ်တကျသန့်စင်ပြီး ဝါစေ့ဆီသည် စားသုံးရန်သင့်လျှော် ပါသည်။ သို့သော် သန့်စင်ထားခြင်းမရှိသည့် ဝါစေ့ဆီတွင် Gossypol ပါဝင်နေသည့်အတွက် အဆိပ် အတောက်ဖြစ်စေနိုင်ခြင်း၊ မျိုးပွားမှုဆိုင်ရာ ပြဿနာများဖြစ်စေနိုင်ခြင်းစသည့် ဆိုးကျိုးများရှိစေနိုင် ကြောင်းသိရသည်။ သို့ပါ၍ ကမ္ဘာ့နိုင်ငံအချို့တွင် စနစ်တကျသန့်စင်ထားခြင်းမရှိသည့် ဝါစေ့ဆီကို ဈေးကွက်တွင် ရောင်းချခြင်းမှ တားမြစ်ထားသည်ကို သိရပါသည်။

          သန့်စင်ပြီးဝါစေ့ဆီသည် သွေးအတွင်း ကိုလက်စတောကို လျှော့ချပေးနိုင်သော်လည်း ဝါစေ့ဆီ ကြမ်းတွင် ပြည့်ဝဆီပါဝင်မှုများနေသည့်အတွက် အသဲအဆီဖုံးခြင်းနှင့် နှလုံးရောဂါဖြစ်ပွားမှုုကို မြင့်တက်စေနိုင်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဝါစေ့ဆီကို သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် Gossypol ဖယ်ထုတ်ခြင်းသာမက ဟိုက်ဒရိုဂျင်ဖယ်ထုတ်ခြင်းကိုပါ ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

ရွှေဘိုခရိုင်၌ ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ အသိပညာပေးခြင်းဆောင်ရွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဉဒေါင်းမင်းဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးဆီများ ထုတ်လုပ်ရောင်းချရောင်းချရာတွင် စားသုံးဆီအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပုဒ်မ၂(ဇ)အရ ထုတ်လုပ်မှုဖြစ်စဉ်၊ အရည်အသွေး၊ စံချိန်စံညွှန်း၊ အသားတင်ပမာဏတို့အား အလေးထားထုတ်လုပ်ရောင်းချရန်၊ အခြားသက်ဆိုင် ရာဌာနများမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်များအား အများမြင်သာသည့် နေရာတွင်ချိတ်ဆွဲ ထား ရန်၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက ရွှေဘိုခရိုင်စားသုံးရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာ ကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း