Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထူးဈေးနှုန်းဖြင့်ရောင်းချနေသော စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဉီးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ထန်းတပင်မြို့နယ်ရှိ စက်သုံးဆီဆိုင်များမှ နေ့စဉ်စက်သုံးဆီဈေးနှုန်းများကို ကောက်ယူလျက်ရှိရာ နံနက်(၁၀:၃၀)အချိန်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ရွှေဗျိုင်းဖြူ(ထန်းတပင်)စက်သုံးဆီဆိုင်သို့ ကွင်းဆင်းလေ့လာ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ်အတွင်းရှိ ဈေးနှုန်းတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသည် ၁၇.၂.၂၀၂၂ နေ့ နံနက်(၁၀:၃၀) အချိန်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ရွှေဗျိုင်းဖြူ(ထန်းတပင်)စက်သုံးဆီဆိုင်သို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် (92)အား ပြင်ပဈေးဖြစ်သော (၁)လီတာ (၁၆၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ဒီဇယ်ကို (၁)လီတာ (၁၅၄၇)ကျပ်နှုန်းနှင့် ပရီမီယံဒီဇယ် (၁)လီတာ (၁၅၅၅)ကျပ်နှုန်းဖြင့် အသီးသီးရောင်းချလျက်ရှိပါကြောင်း၊ နေ့စဉ်ရောင်းချခဲ့သော လီတာများနှင့်ဈေးနှုန်းများကိုလည်း စနစ်တကျမှတ်တမ်း များ ရေးသွင်းထားခြင်းနှင့် နေ့စဉ်မိမိတို့ဌာနသို့ ပေးပို့လျက်ရှိပါကြောင်း၊ အထူးဈေးနှုန်းဖြင့် ရောင်းချသောကာလများတွင်လည်း နိုင်ငံတော်မှသတ်မှတ်ထားသော ဈေးနှုန်းများဖြင့်သာ ရောင်းပါကြောင်း၊ မိမိတို့ဌာနမှ လိုအပ်သောအချက်အလက်များနှင့်ဓါတ်ပုံများကိုလည်း လိုအပ်သည့်အချိန်တိုင်း ပူးပေါင်းဆောင်ရွက်ပါကြောင်းနှင့် လိုအပ်သည်များရှိခဲ့ပါလျှင်လည်း နားလည်မှုများ ပေးစေလိုပါကြောင်း မြေပြင်သို့ကွင်းဆင်းလေ့လာချက်များအရ သိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)

         

တညင်းကုန်းလက်ကားဈေးကြီးရှိ ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၉၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၉၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၇၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၁၅၀ မှ ၁၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၉၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၁၃၅၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၆၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၈၀၀ မှ ၁၃၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၉၅၀ မှ ၁၄၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၀၀၀ မှ ၃၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၈၀၀ မှ ၃၆၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၉၀၀ မှ ၁၅၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ်၁၀၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၀၀ မှ ၂၅၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၇၀၀ မှ ၁၁၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၄၂၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း (၂၈၂၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၁၉၀၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၄၅၉၀၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၁၁၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၅၄၀၀)ကျော်၊ ပန်းဂေါ် ဖီထုပ်ပေါင်း (၂၂၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၆၅၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၆၃၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

 

“ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပဲတီစိမ်းလှိုင်လှိုင်ပေါ်ပြီ ”

သန်လျင်မြို့၊ ဖေဖော်ဝါရီလ ( ၁၇ ) ရက်

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရမ်း၊ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖေဖော်ဝါရီလ တတိယပတ်မှစ၍ ပဲတီစိမ်းများလှိုင်လှိုင်ပေါ်ထွက်လာပြီဖြစ်ကြောင်း ပဲတီစိမ်းစိုက်တောင်သူများ ထံမှ သိရှိရသည်။

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ဇန်နဝါရီလကုန်အထိ ပဲတီစိမ်း (၂၅၃၀၂၂) ဧက စိုက်ပျိုးထားရှိပြီး ဖေဖော်ဝါရီလ တတိယပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် (၄၆၀၀ဝိ/-) ကျပ်ဈေးဖြင့် ရောင်းချရလျက်ရှိကြောင်း ပဲစိုက်တောင်သူများထံမှ စုံစမ်းသိရသည်။

          ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်း၊ သုံးခွမြို့နယ်များတွင် ပဲတီစိမ်းများပေါ်ထွက်လာပြီဖြစ်ရာ ခရမ်းမြို့နယ်၌ မောင်းမ၊ ပိန်းကန်၊ ကမာမတ်၊ ဂျုံးဂျုံးကျ၊ အုတ်ဖိုကျေးရွာများ၌လည်းကောင်း၊ သုံးခွ မြို့နယ်၌ ရေပေါ်ကန်၊ ရှမ်းစု၊ သခွတ်ကုန်း၊ နံယော၊ ဘုရားကြီး၊ ထုံးကြီး၊ ကတုံးပေါ်၊ ကုန်းခလာ၊ ရဲနွဲ့၊ သိုက်တူးကန်၊ ကံမြင့်၊ ပုလဲ၊ ပျဉ်းမကန်၊ အနောက်ကျေးရွာစသည့်ကျေးရွာများဖြစ်ပြီး သုံးခွမြို့ပေါ်ရှိ (Bright Light) ကုမ္ပဏီသို့ လာရောက်ရောင်းချလျက်ရှိရာ ယနေ့ထိပဲအိတ်ပေါင်း (၂၀၀၀၀) ကျော်ဝယ်ယူရရှိပြီးဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာဦးမောင်မြင့်ထံမှ သိရှိရသည်။

DOCA(ရန်ကုန်)

ပဲခူးခရိုင် သပြုကျေးရွာတွင် သတ္တုရည်ကျို ပုံလောင်းလုပ်ငန်းတွင်ကျယ်လျက်ရှိ

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သပြုကျေးရွာအတွင်း၌ သတ္တုရေကြိုပုံလောင်း လုပ်ငန်းများကို ဂျပန်ခေတ်ကျော်ထဲက လုပ်သားဦးရေထောင်နှင့်ချီ၍ စတင်ထုတ်လုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ သတ္တုကို သန့်စင်၍ ထုတ်လုပ်ရာတွင် ဒယ်အိုးဆိုဒ်စုံ၊ မိုးဗြဲဒယ်၊ ပန်ကာဆိုဒ်စုံ၊ ငရုတ်စုံဆိုဒ်စုံ၊ လျှပ်စစ်မီးကလစ်၊ အသံချဲ့စက်ဟွန်း၊ အလှဆင်အိုး၊ ရေနွေးအိုးများ စသည်ဖြင့် ထုတ်လုပ်လျှက် ရှိကြောင်းသိရပြီး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအား  စော်ဘွားကြီးကုန်း၊ တောင်ဒဂုံတို့မှ ဒါန်သတ္တု အကြမ်းတစ်ပိဿာ ၅၅၀၀ ကျပ်၊ သန့်စင်ပြီးအချော တစ်ပိဿာ ၇၅၀၀ ကျပ်ဝယ်ယူရကြောင်း၊ ကုန်ကြမ်း ဝယ်ယူရာတွင် ကား၊ ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ဒယ်နီ ထုတ်လုပ်သည့် နည်းပညာမြင့် ကုမ္ပဏီများနှင့် ပြိုင်ဆိုင်ဝယ်ယူရသောကြောင့် ကုန်ကြမ်းရရှိမှု အခက်အခဲရှိကြောင်း သိရှိရသည်။ စက်လှေပန်ကာများကို ထားဝယ်၊ ဘိတ်၊ တောင်ကြီး နှင့် နယ်စုံများသို့ ပို့ဆောင်ပြီး မိုးဗြဲဒယ်နှင့် အခြားပစ္စည်းများကို စစ်တွေ၊ မောင်းတောနယ်စပ်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။  ပြုလုပ်ပြီးအိုး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ ရောင်းချရကြောင်း သိရှိရပြီး ထုတ်လုပ်မှုအင်အား အနေဖြင့် တစ်ရက် ကို တစ်ရွာလုံး အနေဖြင့် ဆယ်ပေကားတစ်စီးတိုက်စာ ကျပ်သိန်း  ၃၀၀မှ ၅၀၀ ထိ ထုတ်လုပ်လျက် ရှိကြောင်းသိရှိရပါသည်။

       သတ္တုရေကျိုပုံလောင်းလုပ်ငန်းကို သပြုကျေးရွာအတွင်း လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်လုပ်ကိုင် လျက်ရှိကြောင်း သိရပြီး အသေးစားမှ အကြီးစားလုပ်ငန်းရှင်အလိုက် လုပ်သားဦးရေ ၁၅ယောက်မှ အယောက် ၄၀ကျော်ထိ အသုံးပြုကြကြောင်းသိရှိရသည်။ ထိုသို့ လုပ်ငန်းတွင်ကျယ်လာသည်နှင့် အမျှ နေ့စဉ်ပုံမှန် ဝင်ငွေရရှိ၍ ရွာနီးပတ်ဝန်းကျင်ရွာများမှ လာရောက်လုပ်ကိုင်ကြသူများလည်း ရှိကြကြောင်း     သတင်းရရှိပါသည်။     

DOCA(ပဲခူး) 

ဖြူးမြို့ ဒေသထွက် နှစ်ပြန်ကြော်နှင့် ပဲချောင်းလုပ်ငန်း ဈေးကွက်အခြေအနေ

          တောင်ငူခရိုင်၊ ဖြူးမြို့မှ အေးအေးခိုင်အမှတ်တံဆိပ် နှစ်ပြန်ကြော်နှင့် ပဲချောင်းလုပ်ငန်းသည် ဖြူးမြို့နယ်မှ ဈေးကွက်ဝင်ပြီး စားသုံးသူများသည့် ဒေသထွက်လက်ဆောင်များ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် မိသားစု တပိုင်တနိုင် နှစ်ပြန်ကြော်လုပ်ငန်းဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ဆီဈေးတက် လာသဖြင့် ပဲချောင်းလုပ်ငန်းကို တွဲဖက်လုပ်ကိုင်လာရာမှ အောင်မြင်လာသည့် လုပ်ငန်းဖြစ်ပါသည်။ ပဲချောင်းလုပ်ငန်းမှာ အထက်အညာ ပုဂံညောင်းဦးမြို့ စက်စက်ယိုဒေသမှ နည်းပညာများနှင့် ပေါင်း စပ်ပြီး ပဲချောင်းအပြင် မုန့်ကြိုးလိမ်နှင့် ခေါင်းအုံးမုန့်များကိုပါ တွဲဖက်ထုတ်လုပ်ပါသည်။ လုပ်ငန်း ရှင်များမှာ အညာဒေသမှ ဖြူးမြို့တွင် လာရောက်အခြေချ၍ ထုတ်လုပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ မိရိုးဖလာ လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

          ပဲချောင်းထုတ်လုပ်ရာတွင် အရွယ်အစားသည် အဓိကကျကြောင်း၊ ဆီသန့်နှင့်ကြော်ရ ကြောင်း၊ ယခင်က ပဲချောင်း တစ်ထုပ်လျှင် ၃၅၀ ကျပ် ရောင်းရကြောင်း၊ ယခုဆီဈေးတက်လာသဖြင့် တစ်ထုပ် ၄၅၀ ကျပ်ရောင်းပါကြောင်း၊ စတင်ထုတ်လုပ်ခါစက ဖြူးအဝေးပြေးယာဉ်ဝင်းအတွင်း စတင် ရောင်းချရာမှ နောက်ပိုင်းတွင် ဖြူးမြို့နယ် အနီးအနားရှိ ကျောက်ကြီးမြို့နယ်နှင့် ကျောက်တံခါး မြို့နယ်ရှိ မြို့များသို့ တင်ပို့ရောင်းချနေရပါကြောင်း၊ ယခုအခါ ကရင်ပြည်နယ် မြဝတီ မြို့အထိ သယ်ဆောင်၍ ဖြန့်ဖြူးရောင်းချနေသည်ဟု သိရပါကြောင်း၊ စားကောင်းသဖြင့် တိုးချဲ့ ရောင်းရင်းနှင့် ဈေးကွက်ကျယ်ပြန့်လာသည် ဖြစ်ပါကြောင်း လုပ်ငန်းရှင် ကိုမင်းခန့်၏ ပြောပြချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူး)

တောင်ငူမြို့မှ စားပြောင်းဖူး ဈေးကွက်အခြေအနေ

          တောင်ငူမြို့နယ် ရှမ်းဝတီးကျေးရွာမှ ထွက်ရှိသော စားပြောင်းဖူးများကို တောင်ငူမြို့ ညောင် ပင်ဈေးတွင် ၁၀ ဖူးလျှင် ၂၆၀၀ ကျပ်ဖြင့် အရောင်းသွက်နေသည်ကို တွေ့ရှိရပါသည်။ ရှမ်းဝတီးရွာမှ တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်များဖြင့် စုပ်တင်၍ ရှူးဂါးကင်း စားပြောင်းဖူး များနှင့် ပါပယ်ဝွိုက်စားပြောင်းဖူးများကို စိုက်ပျိုးကြပါသည်။ ပြောင်းဖူးများသည် ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရနေပြီး မြို့ပေါ်ရှိ ပြောင်းဖူးပွဲစားများ ဆင်းဝယ်နေကြရာတွင် အထိုင်ဈေး တစ်ဖူး ၂၃၀ ကျပ် ရောင်းချရကြောင်း သိရပါသည်။

          ယခင်နှစ်က အထိုင်ဈေး ၈၅ ကျပ်သာ ရောင်းရကြောင်း၊ ယခုနှစ် စိုက်ပျိုးရာတွင် ရှူးဂါးကင်း မျိုး တစ်ထုပ်လျှင် ၁၉၅၀၀ ကျပ်၊ ပါပယ်ဝွိုက် မျိုးတစ်ထုပ်လျှင် ၂၁၅၀၀ ကျပ် ဝယ်ယူရကြောင်း၊ တစ်ဧက စိုက်ပျိုးမှုအတွက် မျိုး ၄ ထုပ်ဝယ်ရသဖြင့် တစ်ဧက မျိုးဖိုးအနေဖြင့် ရှူးဂါးကင်း ၇၈၀၀၀ ကျပ်၊ ပါပယ်ဝွိုက် ၈၆၀၀၀ ကျပ် ကုန်ကျပါကြောင်း၊ မြေဩဇာဈေးနှုန်းလည်း တက်လာကြောင်း၊ ပုလဲ ဓါတ်မြေဩဇာ တစ်အိတ် ၇၄၀၀၀ ကျပ်၊ အာမို (၁၅:၁၅)ပတ်လည် တစ်အိတ် ၈၃၀၀၀ ကျပ်၊ အပင် ရွက်ဖျန်းအားဆေး တစ်ထုပ် ၂၃၀၀၀ ကျပ် ကုန်ကျပါကြောင်း၊ မြေပြုပြင်ခြင်းအတွက် ထယ်ထိုးခ တစ်ဧက ၂၀၀၀၀ ကျပ်၊ ပေါင်းမြက်ကောက်ခြင်းလုပ်သား ၂ ဦး ၁၂၀၀၀ ကျပ်၊ ဘောင်ဆွဲရာတွင် လုပ်သား ၈ ဦးအတွက် ၄၈၀၀၀ ကျပ်၊ ပြောင်းစိုက်လုပ်သား ၅ ယောက်အတွက် ၃၀၀၀၀ ကျပ်၊ ဆောင်းပြောင်းစိုက်ပျိုးရာတွင် ရေနှစ်ကြိမ်သွင်းရသောကြောင့် ဒီဇယ်ဆီဖိုး ၂၅၀၀၀ ကျပ်၊ ပြောင်းဖူး ချိုး၊ ပင်ခုတ်သယ်ယူခြင်း လုပ်သားခ ၆၀၀၀၀ ကျပ်၊ ရှမ်းဝတီးရွာမှ တောင်ငူမြို့သို့ သယ်ယူရာတွင် ပြောင်းဖူးတစ်ဧကလျှင် ၃ ခေါက် သယ်ယူရသဖြင့် တစ်ခေါက်လျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် သယ်ယူခ ၄၅၀၀၀ ကျပ် ကုန်ကျပါကြောင်း၊ စားပြောင်းဖူးမျိုး တစ်ထုပ်လျှင် မျိုးစေ့ ၄၀၀၀ ခန့် ပါဝင်ကြောင်း၊ တစ်ဧကလျှင် ၄ ထုပ်စိုက်ပျိုးရ၍ ခုနစ်ဆယ်ရာခိုင်နှုန်း အပင်ပေါက်ကြောင်း၊ ကြွက်ဖျက်ဆီးမှုမရှိလျှင် ပြောင်းဖူး ၁၁၂၀၀ ဖူး ထွက်ရှိကြောင်း၊ အထိုင်ဈေး တစ်ဖူး ၂၂၀ ကျပ်ရောင်းရလျှင် ၂၄၆၄၀၀၀ ကျပ် ရရှိကြောင်း၊ စိုက်ပျိုးစရိတ် ကုန်ကျငွေ စုစုပေါင်း ၄၉၃၀၀၀ ကျပ်နုတ်လျှင် ပြောင်းဖူးတစ်ဧက အတွက် အကျိုးအမြတ် ၁၉၇၁၀၀၀ ကျပ် ရရှိကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးအောင်မြိုင်၏ ပြောပြချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူး)

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းကုန်ထုတ်လုပ်မှုစွမ်းအားမြှင့်တင်စို့

         မြန်မာနိုင်ငံ၏စီးပွားရေးဦးတည်ချက်များတွင် ပါဝင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများစွာဆောင်ရွက်ဖော်ဆောင်နိုင်ရေးဆောင်ရွက်ရန်ဟူသော  ရည်မှန်းချက်အောင်မြင်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။

          မြန်မာနိုင်ငံကို သဘာဝသယံဇာတပေါများသည့် တိုင်းပြည်ဟူ၍ ကမ္ဘာက သိရှိကြ သည်။ သယံဇာတဟူဆိုရာတွင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်နိုင်သည့် ရေနှင့်မြေ လည်းပါဝင်ပါသည်။ အခြားသော သဘာဝသယံဇာတများမှာ ကုန်ခမ်းသွားနိုင်သော်လည်း ရေနှင့် မြေတို့မှုမူ ခိုင်မာသော မူဝါဒများချမှတ်၍ စနစ်တကျထိန်းသိမ်းကာ အကျိုးရှိရှိ ထိထိရောက်ရောက်အသုံးချနိုင်ပါက စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များဖြင့် အစားအစာများဖူလုံအောင် ထာဝရထုတ်ပေးနိုင်သည့်အရင်းအမြစ်များပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နောက်ထပ်အရင်းမြစ်မှာ လူ့စွမ်းအားအရင်းမြစ်ပင်ဖြစ်ပါသည်။ အလုပ်လုပ်နိုင်သည့်အရွယ် လူ့စွမ်းအားအရင်းအမြစ်ကောင်းစွာ ပြုစုပျိုးထောင်ပြီး နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။

       ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးရာတွင် ရင်းနှီးမြှုပ်နှံသူတို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများစသည့် ကုန်ထုတ်လုပ်မှုများကို ပြည်တွင်း၌ ဆောင်ရွက်ပါက အလုပ်အကိုင် အခွင့်အလမ်းများပေါများပြီး ပြည်တွင်းစားသုံးနိုင်မှုကိုလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။       

    လက်ရှိတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုအစား ပြည်ပသွင်းကုန်များကို ဆောင်ရွက်နေသည့်အတွက် ပြည်တွင်းမှကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်နစ်နာ ဆုံးရှုံးနေမှုတို့ဖြစ်ပေါ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ မိမိနိုင်ငံတို့နိုင်ငံတွင် ထုတ်လုပ်လျက်ရှိသောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများမှ ထုတ်ကုန်များကို ပြည်ပမှတင်သွင်းလာသော အလားတူ ကုန်ပစ္စည်းများက ပြည်တွင်းဈေးကွက်တွင် အနိုင်ယူလိုက်ခြင်းအားဖြင့် ကုန်ထုတ်လုပ်သူ ပြည်တွင်းမှ လုပ်ငန်းရှင်များကိုသာမက ထိုလုပ်ငန်းကို အမှီပြု လုပ်ကိုင်နေကြသည့် ကွင်းဆက်တစ်လျှောက်လုံးမှအလုပ်လုပ်နေသူများကိုပါဘဝပျက်သည်အထိထိခိုက်ဆုံးရှုံး နစ်နာစေပါသည်။

        ပြည်ပမှကုန်စည်များကိုတင်သွင်းရာတွင် ပြည်တွင်းမှ ထုတ်လုပ်သူများနှင့် မှီခိုသူအလုပ်သမားများ ထိခိုက်နစ်နာမှု မရှိစေရန်မူဝါဒချမှတ်ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ အကောက်ခွန်မဲ့၊ တရားမဝင်လမ်းကြောင်းများ ပိတ်ဆို့တားဆီးရေး၊ အကျင့်ပျက်ဝန်ထမ်းများအား ဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူနိုင်ရေးတို့ဆောင်ရွက်ခြင်းနှင့်အတူ ပြည်တွင်းထုတ်ကုန်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများထူထောင်နိုင်ရန် အားပေးဖို့လည်း လိုအပ်မည်ဖြစ်ပါသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အတွက် လုပ်သာကိုင်သာရှိသော စီးပွားရေးပတ်ဝန်းကျင်ကောင်းများဖန်တီးပေးခြင်း၊ ဘဏ္ဍာရေး အခက်အခဲ၊ နည်းပညာအခက်အခဲများ ဖြေရှင်းပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်ပေးခြင်း၊ အခွန်သက်သာခွင့် များဆောင်ရွက်ပေးခြင်း၊ ဈေးကွက်များ ထူထောင်ပေးခြင်း၊ အင်တာနက်ကွန်ယက်များအသုံးပြု၍ရောင်းဝယ်နိုင်ရေး ဖန်တီးပေးခြင်းတို့ကို တက်တက်ကြွကြွ ဆောင်ရွက်ပေးရန်လိုပါသည်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်သွားရန်ပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် အရင်းအမြစ်များပါလျက် မိမိတို့၏ သဘာဝအရင်းအမြစ် လူသားအရင်းအမြစ်များကို အားပြုကာကုန်ထုတ်လုပ်ငန်းများအနေဖြင့်နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)

တောင်ငူမြို့ ကြက်ဥဈေးကွက် အခြေအနေ

          မိသားစုစားဖိုဆောင်များတွင် ဟင်းလျာအတွက် ကြက်ဥသည် မရှိမဖြစ်နေရာယူထားပါ သည်။ ဟင်းချက်ရလွယ်ကူ အာဟာရဓါတ်လည်းပြည့်ဝသည့်အတွက် စားသောက်ဆိုင်များ၊ စားဖိုဆောင်များ၊ မုန့်လုပ်ငန်းများတွင် ကြက်ဥသည် မရှိမဖြစ် နေရာယူထားပါသည်။

          တောင်ငူမြို့တွင် ငါးသုံးလုံး (555)  ကြက်ဥဒိုင်၊ သုံးသုံးလုံး (333) ကြက်ဥဒိုင်နှင့် ကြယ်နီ ကြက်ဥဒိုင်ဟူ၍ ကြက်ဥဒိုင်ကြီး သုံးဒိုင်ရှိပါသည်။ တောင်ငူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ စာရင်းများအရ တောင်ငူမြို့နယ်တွင် ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်(၆)ဦး မွေးမြူထားသည့် လသားကြက်၊ ကြက်မဒန်းနှင့် ဥကြက်စုစုပေါင်း အကောင်ရေ ၁၂၃၀၀၀ ရှိကြောင်းသိရှိရပါသည်။ ဒိုင် များသို့ နေ့စဉ်ကြက်ဥဝင်ရောက်မှုမှာ ငါးသုံးလုံး ကြက်ဥဒိုင်သို့ အလုံးရေ ၁၀၀၀၀ ခန့်၊ သုံးသုံးလုံး ကြက်ဥဒိုင်သို့ အလုံးရေ ၁၀၀၀၀ ခန့်နှင့် ကြယ်နီကြက်ဥဒိုင်သို့ အလုံးရေ ၁၂၀၀၀ ခန့်ရှိကြောင်း သိရှိ ရပါသည်။ ကြက်ဥဈေးနှုန်းအနေဖြင့် လက်လီဈေး အသေး ၁၀ လုံးလျှင် ၁၃၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၄၀၀ ကျပ်နှင့် အကြီး ၁၀ လုံးလျှင် ၁၅၀၀ ကျပ် ရောင်းချရကြောင်း သိရှိရပြီး ကြက်ဥ ဒိုင်များမှ အများဈေးဖောက်သည်ပေးရာတွင် လက်လီဈေးရောင်းသည့်နှုန်းမရကြောင်း၊ ကြက်ဥဈေး တက်လာရသည်မှာ ကြက်စာ၊ အစာထဲသို့ထည့်ရသည့်ဆေးနှင့် လုပ်သားခများ ဈေးတက်လာခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

          ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ကြက်ဥဈေးတက်လာသည်ဟု ဆိုသော်လည်း ပွဲရုံသို့ အလုံးဈေး လာသွင်းသည့်အခါ ကြက်ဥအလုံး ၃၀ ပါ ကတ်များဖြင့် ပေးပို့လျှက်ရှိပြီး ကြက်ဥအကွဲရွေး၍ ဥကွဲ ဈေးဖြင့်ပြန်ရောင်းရသောကြောင့် အမြတ်နည်းပါးပါကြောင်း၊ ဥစားကြက်မွေးသူများအနေဖြင့် ဥကြက်အားလုံး၏ ၈၀ ရာခိုင်နှုန်းအထက် အမြဲဥနေလျှင် အမြတ်ရရှိနိုင်ပါကြောင်း၊ ကြက်မွေးမြူသူ များသည် မိမိတို့ကြက် ဥနှုန်းမကျအောင် စနစ်တကျမွေးမြူသော်လည်း အစာဈေးနှုန်း (ကုန်ကြမ်း အပါအဝင်) ၊ ကြက်ဥဈေးနှုန်းတို့မှာ ဈေးကွက်လိုအပ်ချက်အရ အတက်အကျရှိသောကြောင့် ဥစား ကြက်မွေးမြူရေးလုပ်ငန်းသည် နိမ့်တစ်ခါ မြင့်တစ်လှည့်ဖြင့်သာ လုပ်ကိုင်နေရကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

                                                                         

ပြည်ခရိုင်ရှိ ပဲမျိုးစုံဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒီဇင်ဘာပထမပတ်တွင်  မတ်ပဲတစ်တင်းလျှင် ၄၆၀၀၀ကျပ် ဈေးအထိ ဈေးမြင့်ခဲ့ပြီး လကုန်ပိုင်းတွင် ၃၈၀၀၀ ကျပ်ထိဈေးကျခဲ့ပါသည်။ ဇန်နဝါရီလ တတိယ ပတ်တွင် မတ်ပဲ တစ်တင်းလျှင် ၄၅၅၀၀ကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး လကုန်ပိုင်းတွင် ၄၂၈၀၀ ကျပ်ထိ ဈေးကျခဲ့ပါသည်။ ဇန်နဝါရီလ စတုတ္တပတတွင် မတ်ပဲသစ်များလည်း ပေါ်စပြုနေပြီး ယခုနှစ် ပဲတစ်တင်းကို ၄၅၅၀၀ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ ခန့် အဝင်ရှိပြီး ဝင်သလောက် လှောင်သမားများနှင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိခဲ့ပါသည်။

       ပဲတီစိမ်းသီးနှံဈေးမှာ ဇန်နဝါရီလတွင် ဈေးငြိမ်နေခဲ့ပြီး ပဲတစ်တင်းကို ပုံမှန် ၃၉၀၀၀/၄၀၀၀၀ ကျပ်၊ ထိပ်စပဲတစ်တင်းကို ၄၁၀၀၀/၄၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်ကို အိတ် ၃၀၀/၄၀၀ ကျပ်ဖြင့် ရန်ကုန်၊ မန္တလေးဝယ်လက်များ အရောင်းအဝယ်ရှိခဲ့ပါသည်။

          ပဲစင်းငုံသီးနှံမှာ ဇန်နဝါရီပထမပတ်တွင် ပဲသစ်များစတင်ဝင်ရောက်ခဲ့ပြီး ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဖြင့် ဈေးဖွင့်ပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ ခန့် ပန်းတောင်း၊ ကံမ၊ မင်းတုန်းမြို့များမှ အဝင်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၂၅၀၀ ကျပ်ထိ ဈေးတက်ခဲ့ပြီး နောက်ဆုံး ပတ်တွင် ၄၅၅၀၀ကျပ်ထိ ဈေးတက်ခဲ့ပါသည်။ ဖေဖော်ဝါရီလပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို ၄၂၂၀၀ကျပ်ထိ ဈေးကျခဲ့ရာ တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ ခန့် အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်နှင့် လှောင်သမားများ အဝယ်ရှိခဲ့ပါသည်။

       ကုလားပဲသီးနှံအနေဖြင့် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၄၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီလတွင် ပဲတစ်တင်းကို ၄၆၀၀၀/၄၇၀၀၀ကျပ်ထိ ဈေးတက် ခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ပဲသစ်များဝင်စပြုနေပြီး ပဲတစ်တင်းကို ၄၆၀၀၀ကျပ်ဈေးဖြင့် ဈေးဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီလပထမပတ်တွင် ဈေးအနည်းငယ်ကျခဲ့ပြီး ပဲတစ်တင်းကို ၄၄၅၀၀ ကျပ်ထိ ဈေးကျခဲ့ပါသည်။ ကုလားပဲသီးနှံများကို ခွဲစက်သမားများ၊ လှောင်သမားများနှင့် ရန်ကုန်သို့ တင်ပို့မှု့များရှိပါသည်။ ပဲခွဲကြမ်းကို ရန်ကုန်နှင့် နယ်စုံသို့ တင်ပို့ရောင်းချမှုရှိပြီး တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ ခန့်အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပြည်ခရိုင်အတွင်း ပဲမျိုးစုံ ဈေးနှုန်းများမှာ ဆက်လက် ဈေးကျဆင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျိုက်ထိုမြို့နယ်ရှိ ရာဘာစက်ရုံသို့ ကွင်းဆင်းလေ့လာ

          မွန်ပြည်နယ်၊ သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံဦးဇော်ဦးတို့သည် (၁၆.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀ )နာရီတွင် ကျိုက်ထိုမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးအမှတ်(၁၃၈-က) အင်းတရော် အရှေ့မြောက်ရပ်ကွက်ရှိ ဦးစိုးသီဟ၏ ခရမ့်ရာဘာစက်ရုံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

         အဆိုပါကွင်းဆင်းလေ့လာမှုတွင် ခရမ့်ရာဘာထုတ်လုပ်ပုံအဆင့်ဆင့်ကို မေးမြန်းဆွေးနွေးခဲ့ပြီး ခရမ့်ရာဘာကို ပြည်တွင်းသုံးရန်နှင့် ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ခရမ်းရာဘာများထုတ်လုပ်ရာတွင် အညိုရောင်နှင့် အဝါရောင်တုံးများ ပြုလုပ်၍ အညိုရောင်ခရမ့်ရာဘာကို ဆွဲဖတ်၊ ခွက်ကပ် (၅၀%) နှင့်နေလှန်းရာဘာပြား (၅၀%)စီ‌ရောနှော၍ ပြုလုပ်ပြီး အဝါရောင်ခရမ့်ရာဘာတုံးများကို ရာဘာအစေးရည်ကို အသုံးပြု ထုတ်လုပ်ထားကြောင်းသိရှိရပါသည်။

          ခရမ့်ရာဘာတစ်တုံးလျှင် (၇၇)ပေါင် ရှိပြီး အညိုရောင်ခရမ့်ရာဘာတစ်ပေါင်လျှင် (၁၃၀ဝိ/-) နှုန်းနှင့် အဝါရောင်ခရမ့်ရာဘာတစ်ပေါင်လျှင် (၁၄၅ဝိ/-)နှုန်းရောင်းချရကြောင်း၊ ခရမ့် ရာဘာထုတ်လုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် ဆွဲဖတ်၊ ခွက်ကပ်(အခြောက်) တစ်ပေါင်လျှင် (၅၀ဝိ/-) ကျပ်နှုန်းနှင့် နေလှန်းပြားအခြောက် တစ်ပေါင်လျှင် (၁၁၀ဝိ/-)နှုန်း၊ အစေးရည် တစ်ပိဿာလျှင် (၃၈၀ဝိ/-)နှုန်းဖြင့် ဝယ်ယူရကြောင်းသိရှိရပါသည်။

           အညိုရောင်ခရမ့်ရာဘာများကို ပြည်တွင်းစက်မှုကုန်ကြမ်းအဖြစ် အဓိကထားသုံးစွဲလျက်ရှိပြီး အဝါရောင်ခရမ့်ရာဘာတုံးများကို ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း လေ့လာတင်ပြလိုက်ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း