ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ ဒေါ်ဝင်းဌေး၏ တံမြက်စည်းလုပ်ငန်းသည် အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုင်းတံမြက်စည်းပင်ကို ဝါးလက်ကိုင်ရိုးတပ်၍ ပြုလုပ်ရောင်းချခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းများသည် ပဲခူးရိုးမတောင်တန်း တောင်စောင်းများတွင် ပေါက်ရောက်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၄၈၀-၁၄၉၅)ကျပ်ဖြင့် ဈေးရှိနေပြီးဧရာဝတီ၊ မြစ်ကြီးနား၊ မြင်းခြံ နှင့် တပ်ကုန်း ဒေသများဘက်မှ ပြောင်းထွက်ရှိမှုကောင်းလာ၍ ရပ်စောက် နှင့် အေးသာယာဒေသတို့မှ ပြောင်းလက် ကျန်နည်းပါးလာကာ ဝယ်လက်ပါး၍ စီးဆင်းမှုနည်းပါးလာပါသည်။

ကျိုင်းတုံမြို့နယ်သည် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ မတ်လအတွင်း သဘာဝက ပေးသော သီးနှံတစ်မျိုးဖြစ်သည့် မန်ကျည်းသီးဈေးကွက်အခြေအနေမှာ ကျိုင်းတုံမြို့ရှိ နေအိမ်များ၊ ဥယျာဉ်ခြံများ၌ ပေါက်ရောက်လျက်ရှိသော မန်ကျည်းပင်များကို အပင်ချုပ်စနစ်ဖြင့် ဝယ်ယူပြီး အစေ့ထုတ်ကာ ကျိုင်းတုံမြို့ရှိ ဈေးများ၌ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံပြည်သူများ သည် အပိုဝင်ငွေရရှိနိုင်ရန် မိမိတို့၏နေအိမ်ခြံဝန်းများတွင် ပိန္နဲပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား လျက်ရှိကြောင်းသိရှိရပါသည်။ ယခုလိုနွေရာသီအချိန်အခါတွင် ပိန္နဲသီးအနုများလှိုင်လှိုင်ပေါ်ထွက် လျက်ရှိနေပြီဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့ပေါ်တွင် ကြံရည်များ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ကုန်ကြမ်းဖြစ်သည့် ကြံပင်များကို မကွေးမြို့နှင့် မင်းဘူးမြို့တို့မှ မှာယူပြီး ရိုးရိုးကြံရည်အဖြစ်ရောင်းချသည့်အပြင် ဇီးဖျော်ရည်နှင့် တွဲစပ်၍ ဇီးကြံအဖြစ်လည်း ရောင်းချကြောင်း သိရသည်။
