စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ ဖွံဖြိုးတိုးတက်လာရေး

Powered by Drupal
Mon, 05/29/2023 - 11:10 -- consumer_admin

 ယနေ့ကမ္ဘာပေါ်တွင် လူသားအားလုံးအတွက် လွန်စွာအရေးထားရမည့် ထိပ်တန်းအကြောင်းအရာတစ်ခုမှာ အစားအစာနှင့် သောက်သုံးရေ ဖူလုံရေးတို့ဖြစ်ပါသည်။ ယခု ဆယ်စုနှစ်အတွင်း ရာသီဥတုအပြင်းအထန်ပြောင်းလဲခြင်းဖြစ်ရပ်များ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ရာမှ အပူရှိန်လွန်ကဲ၍ စိုက်ပျိုးသီးနှံများပျက်ဆီးရခြင်း၊ ဒေသခံလူနေနယ်မြေပျက်ဆီး၍ မြေဆီလွှာခန်းခြောက်ခြင်း၊ မြစ်ကြောင်းများပြောင်းလဲစီးဆင်းခြင်း၊ ရေအိုင်နှင့် ချောင်းမြောင်းများခန်းခြောက်တိမ်ကောခြင်းနှင့် သဘာဝမုန်တိုင်းဘေးအန္တရာယ်များဖြစ်ပေါ်ခြင်းတို့ကြောင့် လူအမြောက်အမြားသေကြေပျက်ဆီး၍ နေရပ်မှစွန့်ခွာရကာ အတိဒုက္ခရောက်ခြင်း၊ ရောဂါပိုးမွှားမျိုးစိတ်သစ်များပေါက်ဖွားလာ၍ လူများ၊ လယ်ယာချောင်းမြောင်းများမှ မွေးမြူရေး တိရစ္ဆာန်များသေကြေ၍ သားငါးထွက်ကုန်များလျော့နည်းလာခြင်းတို့အပြင် အဆိုးရွားဆုံးမှာ ရေအောက်အရင်းအမြစ်များ ကွယ်ပျောက်ကုန်ခန်းခြင်း စသည့်ဖြစ်ရပ်များသည် ယနေ့ ကမ္ဘာပေါ်တွင် နေထိုင်လျက်ရှိသော လူသားများအားလုံးကို ရောဂါ၊ အနာနှင့် မွတ်သိပ်ခြင်းကပ်သုံးပါးကို ခံစားရအောင် ဆွဲနေသောအခြေအနေများပင်ဖြစ်ပါသည်။

 မြန်မာနိုင်ငံတွင် လယ်ယာသားငါးနှင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် တစ်နိုင်ငံလုံးထုတ်လုပ်မှု၏ GDP တွင် အများဆုံးရပ်တည်လျက် ရှိပါသည်။ သဘာဝသယံဇာတများဖြစ်သော သစ်လုံး၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်နှင့် သတ္တုသိုက်များထုတ်လုပ်ခြင်းသည် သဘာဝ မူလအကြမ်းထည်အတိုင်း ဖော်ယူရောင်းချခြင်းသာဖြစ်သောကြာင့် ထုတ်လုပ်ခြင်းမဟုတ်ကြပါ။ မိမိ၏အကျိုးစီးပွားနှင့် အကျိုးအမြတ်ဖြစ်ထွန်းမှု တစ်ခုတည်းကိုကြည့်ပြီး စည်းကမ်းမဲ့ထုတ်ယူသုံးစွဲရောင်းချခြင်း၊ စက်မှုလုပ်ငန်းများနှင့် ယာဉ်ယန္တရားများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ (လေအေးပေးစက်၊ ရုပ်မြင်သံကြားစက်၊ မီးချောင်းမီးသီးများ)ကို အတိုင်းအဆမရှိအသုံးပြုနေထိုင်ခြင်းအပြင် တာဝန်သိစိတ်နှင့် အသိတရားမရှိဘဲ အဆင်ခြင်မဲ့ သတိလက်လွတ်ပြုမူခြင်း၏ ရလဒ်များပင်ဖြစ်ပါသည်။

 ထိုကဲ့သို့ ဖြစ်ပေါ်ခြင်းသည် လူသားများကိုယ်တိုင် ဖန်တီးလုပ်ဆောင်နေခြင်းကြောင့်ဖြစ်ပါသည်။ တစ်ကိုယ်ကောင်းဆန်သော စီးပွားရေး ဝိသမလောဘဖြင့် သစ်ပင်များခုတ်လှဲထုတ်ယူခြင်း၊ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ်ရေပြင်တွင် အလွန်အကျွံငါးဖမ်းခြင်း စသောရေထွက်ကုန် လွန်ကဲစွာထုတ်လုပ်ခြင်းနှင့်  သတ္တုသိုက်များ၊ သဘာဝသယံဇာတများ စည်းကမ်းမဲ့ထုတ်ယူသုံးစွဲမှု များကိုလည်း‌လျှော့ချနိုင်ရန် လွန်စွာ အရေးကြီးလှပါသည်။ ထိုကဲ့သို့မဖြစ်ပွားမီ အပြင်းအထန်ကြိုတင်ဆောင်ရွက်ပြင်ဆင်ကာကွယ်ရမည့်လုပ်ငန်းများမှာ အစာရေစာဖူလုံမှုရရှိစေရေးနှင့် အစားအစာနှင့်  ရေများစုဆောင်းထိန်းသိမ်းထားရန်တို့ဖြစ်ပါသည်။ အစားအစာဖြုန်းတီးလေလွင့်မှုသည် လူသားတို့၏အဆင်ခြင်မဲ့မှုကြောင့် ဆိုးဝါးစွာဖြစ်ပေါ်လျက်ရှိပါသည်။ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိအောင်စီမံခြင်းသည်လည်း ထိရောက်မှုရှိသောအစီအမံတစ်ရပ်ဖြစ်ပါသည်။

   အစားအစာလုံခြုံစိတ်ချရမှုသည် လုံလောက်သောအစားအစာ ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးမှုကို တည်ငြိမ်သောဈေးနှုန်းဖြင့်ရရှိရေးအပြင် ကျန်းမာရေးနှင့်ညီညွတ်၍ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုမြှင့်တင်ခြင်း၊ စားသုံးသူ များရရှိသင့်သော မူလအခြေခံအခွင့်အရေးများကိုရရှိစေခြင်း စသောအချက်များပါဝင်ပါသည်။ တစ်ချိန်ထဲတွင်လည်း နည်းပညာဆန်းသစ်တီထွင်မှု၊ ထုတ်ကုန်အရည်အသွေးနှင့် ကုန်အမှတ်တံဆိပ်ကို  ထိန်းသိမ်းကာကွယ်ကာ မြတ်နိုးတန်ဖိုးထားမှုလိုအပ်လှပါသည်။

 ကုန်ကြမ်းအသုံးပြုမှု၊ ထုတ်လုပ်မှုအဆင့်ဆင့်၏ ဂရုစိုက်စေတနာထားမှု၊ ထုပ်ပိုးခွံပေါ်တွင် လိမ်ညာဖော်ပြခြင်းမပြုဘဲ အမှန်တကယ်ဖြစ်သော အချက်အလက်များကိုသာ စားသုံးသူများအား အသိပေးမှုနှင့် လိုက်နာရမည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို လေးစားလိုက်နာမှုသည် နိုင်ငံတကာနှင့် ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်ရေးကိုပါ သက်ရောက်မှုဖြစ်စေသောကြောင့် အစားရေစာဖူလုံမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။

  အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာထုတ်လုပ်စီမံရန်အတွက် ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြု နိုင်ငံတကာ အဆင့် စံချိန်စံညွှန်းမှာ  HACCP Hazard Analysis Critical Control Points ဖြစ်ပါသည်။ ထိုသတ်မှတ်ချက်ကို ဖော်ဆောင်ရာတွင် အစားအသောက်တိုင်းသည် ရုပ်ဝတ္ထုဘေးအန္တရာယ်၊ ဓာတုဘေးအန္တရာယ်၊ ဇီဝဘေးအန္တရာယ်တို့မှကင်းရှင်းအောင် စီမံထုတ်လုပ်ရမည်ဟု သတ်မှတ်ထားပါသည်။

     နိဂုံးချုပ်အားဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော အစားအသောက်ကို စိုက်ပျိူး၊  မွေးမြူ၊ ထုတ်လုပ်စီမံ၍ စားသုံးစေခြင်းတို့အတွက် အစားရေစာဖူလုံမှုရရှိစေရေးနှင့် ရေများစုဆောင်းထိန်းသိမ်းထားရေး စသည့်အချက်များကို တစ်နိုင်ငံလုံးက အလေးထားဆောင်ရွက်လိုက်နာပါက မြန်မာနိုင်ငံ၏စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ ဘေးကင်းကာ စားသောက်ကုန်အရည်အသွေးထိန်းသိန်းမှုကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)