မဲပြာပုဆိုးမဟုတ် ဆန်းသစ်တီထွင် ပြည်တွင်းဖြစ်ပုဆိုး တန်ဖိုးထားဝတ်ဆင်

Powered by Drupal
Tue, 06/20/2023 - 15:52 -- consumer_admin

       အဝတ်အထည်ကဏ္ဍသည် ဝါစိုက်ပျိုးထုတ်လုပ်သည်မှ အထည်ရက်လုပ်ရောင်းချသည့် ကွင်းဆက်တစ်လျှောက် ကျယ်ပြန့်သည့် စီးပွားရေးအတွက်အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းများစွာပေးနိုင်ပါသည်။ ပြည်တွင်းဝတ်ဆင်ရေးအတွက်အရေးပါသလို ပြည်ပသွင်းကုန် အစားထိုးအဖြစ်ထုတ်လုပ်မှု တိုးတက်ရန်လိုအပ်ပါသည်။ ထို့ပြင် အထည်အချုပ် လုပ်ငန်းများမှ ပြည်ပတင်ပို့ရောင်းချခြင်းဖြင့် ပြည်ပဝင်ငွေရှာဖွေပေးနိုင်သည်ဖြစ်၍ အလေး ထားရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

       မြန်မာနိုင်ငံတွင် ဗမာပုဆိုးဟူ၍ ၁၈၀၀ ခုနှစ်ဝန်းကျင်ခန့် တောင်ရှည်ပုဆိုးဝတ်ဆင်မှုမှ စတင်ခဲ့ပါသည်။  ပုဆိုးသည်အမျိုးသားများ၏ ရိုးရာဝတ်စုံပင်ဖြစ်ပြီး မြန်မာလူမျိုးတို့ နေ့စဉ် ဝတ်ဆင် ကြသည်။  အထူးပွဲတက်အခမ်းအနားများတွင် ပုဆိုးနှင့်တိုက်ပုံကို ဂုဏ်ယူစွာ ဝတ်ဆင်ကြပါသည်။ ပုဆိုး အဝတ်အထည်များကို  အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မလေးရှားနိုင်ငံတို့တွင်လည်း ထုတ်လုပ်ရောင်းချခြင်း ဝတ်ဆင်အသုံးပြုခြင်းတွေ့ရပြီး လန်ချည်၊ လုံချည်၊ ကိုင်လီ၊ ဆာရမ် ဟု အမည်အမျိုးမျိုးခေါ်ဝေါ်ကြောင်း သိရသည်။

        ဝါပွင့်ကိုခူးဆွတ် နေလှန်းပြီး ဝါဖန့်၊ ဝါကြိတ်၊ ဝါဖတ်၊ ဝါဂွမ်းနုကို ဗိုင်းလိပ်ပြီး ချည်ခင်ရအောင် ဗိုင်းငင်ကြသည်မှာ ရှေးခေတ်ကတည်းကဆောင်ရွက်ခဲ့ကြသည်။ ယခုလက်ရှိ ချည်မျှင်မှ အထည် ထုတ်လုပ်ပုံအဆင့်ဆင့်မှာ ကုန်ကြမ်းချည်အား အဖြူချွတ်၍ ဆေးဆိုးခြင်း၊ ကော်တင်ခြင်း၊ ချားဆွဲ အတိုင်ချည်ရှည်ခြင်း၊ နှပ်ကော်ခြင်း၊ ယဉ်သွားသွင်းခြင်း၊ ရက်ဖောက်ယောက်ခြင်းဟုခေါ်သည့် တိုင်ချည်ဆင်ပြီးနောက် ဖောက်ချည်အတွက် တညင်းလုံး (ယောက်လုံး)တွင် ချည်များရစ်ပတ်ခြင်း ပြီးနောက် စင်တင်အထည်ရက်ခတ်ခြင်းအဆင့်မှ အထည်ကုန်ချောထွက်ရှိလာခြင်းပင်ဖြစ်ပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးတွင် ရက်ကန်းလုပ်ငန်းပေါင်း(၃၁၀)ခုရှိရာ မုံရွာခရိုင်တွင်(၁၁၀)ခု၊ စစ်ကိုင်းခရိုင်တွင်(၆၁)ခု၊ ရွှေဘိုခရိုင်တွင်(၅၃)ခု၊ ကလေးခရိုင်တွင်(၈၁)ခု၊ ယင်းမာပင်ခရိုင် တွင်(၄)ခုနှင့် ကန့်ဘလူခရိုင်တွင်(၁)ခုဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဝတ်ဆင်ရေးဆိုင်ရာ လုပ်ငန်းများ မှတ်ပုံတင်ထားကြောင်းသိရသည်။ ရက်ကန်းနှင့် သက်မွေး ပညာသင်တန်းကျောင်း(မုံရွာ)မှ ရက်ကန်းမျိုးဆက်များမွေးထုတ်ပေးလျက်ရှိပြီး နည်းပညာပေး သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။ သင်တန်းပြီးမြောက်ပြီးလုပ်ငန်းလုပ်ကိုင်မည့်သူများအတွက် ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ စက်ပစ္စည်းမတည်ပေးခြင်းများ ပံ့ပိုးသည့်အစီအစဉ်များလည်းရှိကြောင်းသိရပါသည်။

     ဆိပ်ခွန်လုံချည်ဟုထင်ရှားသည့်အထည်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဆိပ်ခွန်ကျေးရွာ မှထုတ်လုပ်ခြင်းဖြစ်သည်။ ဆိပ်ခွန်ကျေးရွာတွင်ရက်ကန်းလုပ်ငန်းရှင် (၈၀)ဦး ခန့်ရှိပြီး ဝင်းမော်ဦး၊ ဆင်နှစ်ကောင်၊ ဆင်မင်း၊ တက်နေဝင်း၊ ဘရဏီ၊ ရွှေသစ္စာ လုပ်ငန်းရှင် (၆)ဦးမှာ မိမိတို့ကိုယ်ပိုင်တံဆိပ်တပ်၍ ဈေးကွက်သို့တင်ပို့ရောင်းချကြပြီး ကျန်လုပ်ငန်းရှင်များ၏ ရက်ကန်းစင်များမှ ထုတ်လုပ်သောအထည်များကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားနှင့် အခြားမှာကြားသည့် မြို့များသို့ တင်ပို့ရောင်းချကြသည်။ စက်ရက်ကန်းများကို ဂျပန်နိုင်ငံမှ မိုပုံစံဖြင့် ဝမ်းတွင်းမြို့နယ်တွင် သံရည်ကျိုပုံလောင်း၍ တပ်ဆင်ထုတ်လုပ်သည်ကို မှာယူအသုံး ပြုခြင်းဖြစ်ကြောင်းသိရပါသည်။

      ပုဆိုးတစ်ကွင်းရက်လုပ်ရာတွင် အနက်ရောင်နှင့် အခြားအရောင်(၃)မျိုး ခန့်ရော၍ အဆင်ဖော် ရက်လုပ်ကြပါသည်။ ချည်များကိုဆေးဆိုးဒယ်များတွင်ဆေးဆိုးရာတွင် ဆေးဆိုးနည်း များမှာ ဆာလ်ဖာဖြင့် အမဲရောင် ဆိုးနည်း၊ ဓာတ်ဆေးဆိုးနည်း၊ ဆေးမှုန်များဖြင့်ဆိုးနည်း၊ ဘရန်ဇိုဆိုးနည်း၊ ရီအက်တစ်နည်းဖြင့်ဆိုးနည်း၊ သဘာဝဆေးဆိုးနည်း တို့ဖြစ်သည်။ ထို့နောက် စက်ရက်ကန်းတွင် အတိုင်ချည်အတွက် ယောက်လုံးဖြင့် ချည်ချ၍ အသင့်ပြုလုပ်သည့် ရဟတ်ပုတ်စက်ဖြင့် အတိုင်အဆင်ပြုလုပ်ပြီးနောက် အဖောက်ချည်အတွက် ချားတွင်တပ်ကာ ယက်ဖောက်ဖြင့် သွတ်သွင်းထားသော ယက်ဖောက်ကို လွန်းတွင်တပ်ဆင်ကာ အတိုင်ချည် များကြားတွင် လွန်းပြေးစေခြင်းဖြင့် အထည်များရက်လုပ်ပါသည်။ လျှပ်စစ်မီးမရသည့် အချိန် တွင်လည်းဆိုလာများ၊မီးစက်များအသုံးပြု၍စက်ရက်ကန်းများလည်ပတ်နေရကြောင်းသိရသည်။

         ကျားဝတ်လုံချည်များကို အလျား ၈၀လက်မ၊ အနံ ၄၄ လက်မ အရွယ်ရက်လုပ်ပြီး ၁လက်မပတ်လည်တွင် အတိုင် ၅၆ ပင်၊ အဖောက် ၆၀ ပင်ဖြင့် ရက်လုပ်ပါသည်။ ဆိပ်ခွန်မှ အဓိကထုတ်လုပ်သည့် အမျိုးအစား(၄)မျိုးမှာ ၁/၂၁၊ ၂/၈၀၊ ၁/၄၀ နှင့် ပိုးတွဲ ဟူ၍ဖြစ်ပါသည်။ ၁/၂၁ ဆိုသည်မှာ  ဝါချည်(၁)ပေါင်လျှင် အရှည်ကိုက် ၈၄၀ ရှိသောချည်လိမ် (၂၁)လိမ်ရရှိ သောချည်ကိုဆိုလိုပြီး ၁/၂၁ ချည်ထုပ်တစ်ထုပ်တွင် (၁)ပင်ချည် (၂၁)လိမ်ပါရှိကာ ချည်(၁) လိမ်တွင် (၅)ခင်ပါရှိသဖြင့် ချည်ခင် (၁၀၅)ခင်ပါရှိပါသည်။ ၂/၈၀ ဆိုသည်မှာ ဝါချည် (၁)ပေါင်လျှင် အရှည်ကိုက် ၈၄၀ ရှိသောချည်လိမ် (၄၀)လိမ် ရရှိသောချည်ကို ၂/၈၀ ချည်ဟုခေါ်ပြီး ၂/၈၀ ချည်ထုပ်တစ်ထုပ်တွင် (၂)ပင်ချည်(၄၀)လိမ် ပါရှိကာ ချည်(၁)လိမ်တွင် (၅)ခင်ပါရှိသဖြင့် ချည်ခင်(၂၀၀)ခင် ပါရှိပါသည်။ ၁/၄၀ ဆိုသည်မှာ ဝါချည်(၁)ပေါင်လျှင် အရှည်ကိုက် ၈၄၀ ရှိသောချည်လိမ် (၄၀)လိမ်ရရှိသော ချည်ကို ၁/၄၀ ချည်ဟုခေါ်ပြီး ၁/၄၀ ချည်ထုပ်တစ်ထုပ်တွင် (၁)ပင်ချည်(၄၀)လိမ်ပါရှိကာ ချည်(၁)လိမ် တွင် (၅)ခင်ပါရှိသဖြင့် ချည်ခင်(၂၀၀)ခင် ပါရှိပါသည်။ ချည်ထုတ်(၁)ထုပ် ရက်လုပ်ပါက ပုဆိုးကွင်းရရှိမှုမှာ ၁/၂၁ ချည် ဖြင့် (၁၃.၃)ကွင်း၊ ၁/၄၀ ချည်ဖြင့်(၁၆.၅)ကွင်း၊ ၂/၈၀ ချည်ဖြင့် (၁၅)ကွင်းရရှိပါသည်။ ၁/၂၀ နှင့် ၁/၄၀ မှာ ရောင်းရသည့် ဈေးနှုန်းအတူတူခန့်ပင်ဖြစ်ရာ ၁/၄၀ မှာ ကုန်ကျစရိတ်လျော့နည်းသဖြင့် အကျိုးအမြတ် ပိုများကြောင်းတွေ့ရသည်။

         ချည်အမျိုးအစား ၁/၄၀၊ ၂/၈၀၊ ၂/၁၀၀ ဟုခေါ်ဆိုခြင်းမှာ ချည်အရွယ်အစား လုံးပတ်များကို နံပါတ်သတ်မှတ်ခြင်းဖြစ်ပြီး နံပါတ်ငယ်လျှင် ချည်အလုံးတုတ်ပြီး ဈေးနှုန်းနိမ့်သည်။ အထည်ထူသည်။ ၂/၁၀၀ ချည်သည် လုံးပတ်အသေးငယ်ဆုံး အမျှင်ဆုံးဖြစ်ပြီး ထိုချည်ရရှိရန် အရည်အသွေးကောင်းသော ဝါချည်ကို အသုံးပြုရသဖြင့် ဈေးနှုန်းမြင့်မားသည်။ အထည်အသား မှာ ပါးလွှာညက်ညောသည်။ ထိုချည်အသုံးပြုမှု ပေါ်မူတည်၍ ပုဆိုးဈေးနှုန်းများ ကွာခြားသွား ရခြင်းဖြစ်သည်။ ပုဆိုးဈေးနှုန်း များအနေဖြင့် ၁/၄၀ချည်ပုဆိုးမှာ (၄၅၀၀-၈၅၀၀)ကျပ်၊ ၂/၈၀ ချည်ပုဆိုးမှာ (၁၈၀၀၀-၂၂၀၀၀)ကျပ်၊ ၂/၁၀၀ ချည်ပုဆိုးမှာ (၂၅၀၀၀-၂၈၀၀၀)ကျပ်၊ ချည်ပိုးရော မှာ(၁၅၀၀၀-၃၀၀၀၀)၊ ပိုးစစ်ချိတ် ပုဆိုးမှာ(၅၀၀၀၀-၉၀၀၀၀)ကျပ် ဈေးကွက် ဈေးနှုန်းရှိ ကြောင်းသိရပါသည်။ ပုဆိုးကို အထည်ဆိုင် အားလုံးတွင်ဝယ်ယူရရှိနိုင်ပြီး Online ဈေးကွက်မှ လက်လီ လက်ကားဖြန့်ဖြူးသည့်ဈေးကွက် ကျယ်ပြန့်ကြောင်းသိရသည်။ ချည်(၁၀)ပေါင် ဈေးနှုန်း များမှာ ၁/၂၁ အကျစ်ချည်မှာ(၅၅၀၀၀)ကျပ်၊ ၁/၄၀ချည်မှာ(၅၀၀၀၀) ကျပ်၊ ၂/၈၀ ချည်မှာ (၈၀၀၀၀)ကျပ်၊ ၂/၁၀၀ ချည်ဈေးနှုန်းမှာ(၁၄၀၀၀၀)ကျပ်၊ စီလွန်ခေါ်သည့် ယုံဟာလီချည်မှာ (၆၅၀၀၀)ကျပ်အသီးသီးရှိပြီး မန္တလေးအမရပူရဘက်မှ ဝယ်ယူရရှိကြောင်းသိရပါသည်။

        ‘စာမဖတ်တတ်တဲ့ယောက်ျားဟာ အကန်းနဲ့တူပြီး ရက်ကန်းမရက်တတ်တဲ့မိန်းမဟာ အကျိုးနဲ့ တူတယ်’ဟူသော ဗမာစကားပုံသည်နေအိမ်တိုင်းတွင် လက်ရက်ကန်းစင်များထားရှိပြီး အမျိုးသမီးများက မိသားစုအတွက် လုံချည်ရက်လုပ်ကြသော တစ်ချိန်တစ်ခါက ဗမာစကား ပုံတစ်ခုဖြစ်သည်။ ရွှေချည် ငွေချည်တန်းပါလို့ ရက်ကန်းကိုယ်စီတန်းကိုယ်စီ၊ ရက်ကန်းစင် အကွက်ဆန်းထွင် ပျို့မောင်ကြီး ရွှေသျှောင်ပွနှင့်တော်ပါ့မလားရှင်၊ လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား၊ ရွှေလွန်းပျံရပ်မနား ဘယ်ညာခုန်လို့သွား၊ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုး လို့ကြိုပါ့မယ် ဟူသောသီချင်းများ စာသားများက ရက်ကန်းကို အလေးထားရေးဖွဲ့ခဲ့ကြသည်။ ဆောင်ရန်ရှောင်ရန်ဂရုပြုရန် သတိထားစရာအဖြစ် မြန်မာစကားပုံများ ခိုင်းနှိုင်းပုံပြုကြရာ  ပုဆိုးနှင့် ပတ်သက်သည့်စကားပုံများအဖြစ် ချည်ပုဆိုးက ပိုးပေါင်းချင်၊ ပုဆိုးခြုံထဲကလက်သီးပြ၊ ပုဆိုးတန်းတင်၊ မဲပြာပုဆိုးကိုပင် ချုပ်ရိုးတင် စသည့်တို့ကို တွေ့ရပါသည်။ ပုဆိုးခါးတောင်းကျိုက် လုပ်အားတန်ဖိုးထားသော မြန်မာတို့သည် ရိုးရာပုဆိုးကို ထိန်းသိမ်းသုံးစွဲကြပါသည်။ ဗမာလူမျိုးစုနှင့် ဒေသအလိုက် ရက်လုပ်သော အထည်များနှင့် အဆင်များမှာ အမျိုးအစား စုံလင်လှရာ ရခိုင်လုံချည်၊ မွန်လုံချည်၊ ကချင်လုံချည်၊ အင်းလေးလုံချည်၊ ဇင်းမယ် (ချင်းမိုင်) လုံချည်၊ ယောလုံချည်၊ ဆိပ်ခွန်လုံချည်၊ ထားဝယ်လုံချည်စသည်ဖြင့် နာမည်ကျော်ကြားမှုမှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ပွဲတိုးပွဲတက်ဝတ်ဆင်သော ပိုးဖဲပုဆိုး များသည် နူးညံ့သော ဖဲပိုးသားနှင့် လှပသောချည်တို့ကို အနုစိတ်လှပစွာ ရက်လုပ်ထားသောကြောင့် ရေလျှော်လျှင် အနည်းငယ်ရုန်းနိုင် ကြေသွားနိုင်သဖြင့် ရေမလျှော်ဘဲ နေလှန်း၍ပြန်သိမ်းခြင်း အခြောက် လျှော်ခြင်းဖြင့်သာ သုံးစွဲရန် အကြံပြုထားသည်။

      အိန္ဒိယပုဆိုးမှာ အမည်းရောင်၊ အညိုရောင်နှင့် အဖြူရောင်၊ အပြာရောင် တို့ဖြင့် လေးထောင့် ကွက်ကြီးကြီးအဆင်များရော အကွက်စိပ်စိပ်အဆင်များပါတွေ့ရသည်။ မြန်မာဈေး ကွက်တွင် ဈေးကွက်ဝင်သုံးစွဲကြပြီး အိန္ဒိယမှတင်သွင်းကြသည်။ ပြည်ပမှ ချည်များဆိုးဆေး များလည်း တင်သွင်း အသုံးပြုကြရာ ကုန်ကြမ်းတင်သွင်းမှုကို လျော့ချမရသော်လည်း ကုန်ချော တင်သွင်းမှုကို လျော့ချ နိုင်ပါသည်။ ယခင်ကပုဆိုးဝယ်ပါက စက်ဆိုင်သို့ အချုပ်အပ်ရ သော်လည်း ယခုအခါ ပုဆိုးအသစ်များကို ချုပ်ပြီးအသင့်ဝတ်၊ ရေချပြီးမှ ရောင်းချသော ပေါင်းပုဆိုး၊ အဆင်ဆန်း၊ အနံကြီးကွင်းကျယ် စသည်ဖြင့် သုံးစွဲသူပိုမိုအဆင်ပြေရေး တီထွင်ရောင်း ချလျက်ရှိကြသည်။ ရက်ကန်းလုပ်ငန်းရှင်များသည် ကုန်ကြမ်း ပစ္စည်းများ ဈေးတက်သဖြင့် အရင်းအနှီးအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲ၊ လုပ်သားအခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ ဈေးကွက်ဈေးနှုန်းယှဉ်ပြိုင်ရသည့်အခက်အခဲများကြားက ထုတ်လုပ် လျက်ရှိခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မဲပြာပုဆိုးမဟုတ် ဆန်းသစ်တီထွင်ထားသော ပြည်တွင်းဖြစ် ပုဆိုးများကို တန်ဖိုးထားဝတ်ဆင်သင့်ပါကြောင်း အကြံပြုလိုက်ပါသည်။

ရီလင်းထွဋ်(မုံရွာ)