“တောင်သူအများပြုံးရွှင်ဖို့ ချည်မျှင်ရှည်ဝါစိုက်ကြစို့”

Powered by Drupal
Tue, 06/27/2023 - 16:20 -- consumer_admin

   မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး စိုက်ပျိုးသီးနှံအများစုကိုလည်း ပြည်တွင်းတွင် ပိုလျှံရုံသာမက ပြည်ပနိုင်ငံများအထိပါ တင်ပို့ရောင်းချနေခြင်းများပြုလုပ်ကာ ဈေးကွက်စီးပွားရေးစနစ်ချဲ့ထွင်ပြီး နိုင်ငံခြားဝင်ငွေရရှိလျက်ရှိပါသည်။ ၎င်းတို့အနက်မှ မြန်မာ့ချည်မျှင်ရှည်ဝါကိုလည်း တိုးမြှင့်စိုက်ပျိုးခြင်းများပြုလုပ်လာကြပြီး အထွက်နှုန်းအပေါ်မူတည်ကာ ပြည်ပတင်ပို့နိုင်ရန် ရည်ရွယ်လာကြပေသည်။

  ဝါပင်သည် ပူနွေးသောရာသီဥတုကိုနှစ်သက်သည်။ ရာသီဥတုအုံမှိုင်းလျှင် ဝါပင်၌ ဝါပိုးများကျရောက်တတ်သည်။ အများဆုံးဖျက်ဆီးတတ်သည့်ပိုးများမှာ ရွက်စုတ်ဖြုတ်စိမ်းများနှင့် သီးလုံးဖောက်ပိုးများဖြစ်သည်။ သမပိုင်းဒေသပေါက် ဝါပင်တို့သည် တစ်နှစ်တစ်ခါစိုက်ပျိုးရသော ဝါပင်မျိုးတို့ဖြစ်ကြပြီး အပူပိုင်းဒေသပေါက် ဝါပင်မျိုးတို့သည် နှစ်ရှည်ခံသည်။ အနောက်နိုင်ငံများတွင် ဝါထွက်လည်း ကောင်း၍ မြေဩဇာဖြစ်ထွန်းရန် ဝါတစ်လှည့်၊ ပြောင်းတစ်လှည့် စိုက်ပျိုးကြသည်။ ဝါပင်များကိုစိုက်ပျိုးကြရာတွင် အပင်ငယ်များကို ကောင်းစွာပြုစုနိုင်ရန် အတန်းလိုက်စိုက်နည်းသည် အကောင်းဆုံးဖြစ်သည်။ ဝါသည် မျိုးစိတ်အများအပြားရှိရာ မျိုးစိတ်ကိုလိုက်၍ အပင်အနေအထား၊ အကိုင်းအခက်၊ အနိမ့်အမြင့်၊ အရွက်အပွင့်၊ အသီးအရွယ်အစားပုံသဏ္ဌာန်၊ ဝါပေါက်ချိန်၊ ဂွမ်းအဆင့်အတန်း စသည်တို့မှာ ကွာခြားသည်။ ဝါပင်သည် ယေဘုယျအားဖြင့်  လေးပေမှ ခြောက်ပေအထိမြင့်သည်။ ပင်စည်နှင့် အကိုင်းအခက်တို့မာကြောသော အပင်ငယ်မျိုးဖြစ်သည်။ အပွင့်သည် ပွင့်ကိုင်းမှ ထွက်၍ ခေါင်းလောင်းပုံသဏ္ဌာန်ရှိပြီးလျှင် ချဉ်ပေါင်ပွင့်နှင့်ဆင်တူသည်။ အပွင့်ကြီး၍ ပွင့်ဖတ်ငါးခုပါရှိသည်။ ဝါပင်၏ အကိုင်းအခက်ထွက်ပုံသည် အခြေကား၍ အပေါ်သို့ရှူးသွားသည်။ အောက်ပိုင်းအကိုင်းအခက်များမှ အပေါ်ကိုင်းများသို့ တစ်ဆင့်ပြီးတစ်ဆင့် အပွင့်များပွင့်သွားသည်။ အောက်ကိုင်းများတွင် အသီးသီးနေစဉ် အပေါ်ကိုင်းများတွင် ဖူးဆဲ၊ ပွင့်ဆဲရှိတတ်သည်။ ထို့ကြောင့် ဝါပင်ကို စပါးကဲ့သို့ တစ်ချိန်တစ်ခါတည်း ကောက်သိမ်း၍မရပေ။ ဝါပင်တို့၏ အောက်ခြေအကိုင်းအခက်များရှိ ဝါသီးများမှစ၍ရင့်ပြီးလျှင် အက်ကွဲကြသောကြောင့် အောက်ပိုင်းမှ ဝါများကို စတင်ကောက်သိမ်းရပြီးနောက်မှသာ အလယ်ကိုင်းမှ ဝါ၊ အထက်ကိုင်းမှ ဝါ စသည်ဖြင့် အဆင့်ဆင့်ကောက်သိမ်းကြရသဖြင့် ဝါတစ်ပင်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိဝါကောက်ရသည်။ ဝါသီးများသည် အက်ကွဲတတ်သောအသီးတောင့်မျိုးဖြစ်သည်။ အသီးရင့်လာသောအခါ အစိမ်းရောင်မှ အညိုရောင်သို့ပြောင်းလာသည်။ ရင့်သည်ထက်ရင့်လာလျှင် အက်ကွဲစပြုလာ၍ အတွင်းမှဝါပေါက်များပြူထွက်လာသည်။ အသီးများခြောက်လိမ်လာ၍ ပွင့်အာကာ ကွဲထွက်လျှင် ဝါများကို ကောက်သိမ်းနိုင်ပြီဖြစ်သည်။ ဝါ (သို့) ဝါပေါက်၏အရောင်သည် ယေဘုယျအားဖြင့် ဖြူသော်လည်း ရံဖန်ရံခါ ဝါသည် နီကြန့်ကြန့်လည်းရှိသည်။ သို့သော် အဖြူရောင်သည်သာဈေးကောင်းရသည်။

     ဝါသီးများရင့်ခြောက်လာလျှင် ဝါပေါက်များကို လက်ဖြင့်ပင် ကောက်သိမ်းကြသဖြင့် ဝါကောက်အလုပ်သမားအများအပြားလိုအပ်သောကြောင့် ကျေးရွာနေပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိစေသည်။ ကောက်သိမ်းပြီးသောဝါပေါက်များကို ဝါကြိတ်စက်များသို့ပို့၍ ဝါမှ အစေ့များကိုဖယ်ရှားကာ ဂွမ်းထုတ်ယူရသည်။ ဝါ၏ဈေးကို ဂွမ်းအဆင့်အတန်းပေါ်လိုက်၍ သတ်မှတ်ကြသည်။ ဂွမ်းမွေးအဆင့်အတန်းမှာ ဂွမ်းမွေးအရှည်အတို၊ ဂွမ်းမွေးခိုင်ခံ့ခြင်း၊ ညီညာခြင်း၊ အရောင်အဆင်းကောင်းခြင်းနှင့် အမှိုက်သရိုက်ကင်းစင်းတို့ဖြစ်၍ အရေးအကြီးဆုံးမှာ ဂွမ်းမွေး၏အတိုအရှည်ဖြစ်ပြီး ဂွမ်းမွေးရှည်လျှင် ချည်ချောဆွဲနိုင်၍ ဂွမ်းမွှေးတိုလျှင် ချည်ကြမ်းသာဆွဲနိုင်သည်။ ဝါ၏ဂွမ်းမွှေးကို တိုင်းတာနည်းမှာ ဝါစေ့ကိုအလယ်ဗဟိုတွင်ထား၍ ဖွာထွက်နေသည့်အမျှင်များကို တိုင်းတာရသည်။ စိုက်ပျိုးရန် ဝါအမျိုးအစားရွေးချယ်ရာတွင် ထွက်ရှိလာသည့်ဂွမ်းမွေးအဆင့်အတန်းများမှာ အရေးကြီးသည့်အပြင် ဝါပင်သည် ရေငတ်ခံနိုင်ခြင်း၊ ရေဝပ်ခံနိုင်ခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်း၊ ဝါကောက်ရန်လွယ်ကူခြင်း၊ ဝါထွက်ကောင်းခြင်း စသည်တို့ရှိသည့် ဝါမျိုးဖြစ်ရန်လည်းလိုအပ်သည်။ ဂွမ်းထွက်ကောင်းသည့် ဝါပိဿာတစ်ရာကြိတ်လျှင် ဂွမ်းပိဿာလေးဆယ်ခန့်ရ၍ ညံ့သည့်ဝါပိဿာတစ်ရာကြိတ်လျှင် ဂွမ်းပိဿာသုံးဆယ်ခန့်သာရသည်။ ဝါစေ့ပိဿာတစ်ရာကြိတ်လျှင် ပျမ်းမျှအားဖြင့် ဝါစေ့ဆီရှစ်ပိဿာခန့်ရရှိသည်။

  ဝါဂွမ်းသည် လူသုံးပစ္စည်းအမြောက်အများပြုလုပ်ရန် အသုံးဝင်ရုံသာမက ဝါစေ့များကိုလည်းဆီကြိတ်၍ ဝါစေ့ဆီထုတ်ယူနိုင်ပါသည်။ ဆီကြိတ်၍ကျန်ရှိသော ဝါစေ့ဖတ်နှင့် ဝါစေ့ခွံတို့သည်လည်း လူသုံးပစ္စည်းအသုံးပြုရာ၌ အသုံးဝင်ကြသည့်အပြင် ဒေသတွင်း အလုပ်လက်မဲ့မရှိစေခြင်း၊ နိုင်ငံခြားငွေရရှိစေခြင်း းစသည်တို့ကြောင့် ဝါပင်များကိုစိုက်ပျိုးသင့်ပေသည်။ ဝါစေ့ဆီ၊ ဝါစေ့ဖက်၊ ဝါစေ့ခွံတို့နှင့်ပြုလုပ်နိုင်သော လူသုံးကုန်ပစ္စည်းများမှာ မာဂျရင်း၊ ထောပတ်မျိုး၊ ထောပတ်တုများ၊ ဝက်ဆီတု၊ ဆပ်ပြာ၊ စက္ကူ၊ ဖယောင်းပုဆိုးအပါးစား၊ ဖယောင်းတိုင်၊ နှုတ်ခမ်းဆိုးဆေး၊ အလှရည်၊ ရေခံစက္ကူ၊ လျှပ်ကာပစ္စည်း၊ ချောဆီ၊ ပေါက်ကွဲစေတတ်သောပစ္စည်း၊ ကျွဲစာ၊ နွားစာ၊ ဓာတ်ပြား၊ သုတ်ဆေး စသည်တို့ဖြစ်ကြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည့်ဝါများမှထွက်ရှိသော ဂွမ်းများအား ပြည်တွင်းချည်ထည်စက်ရုံများတွင်သာမက နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချလျက်ရှိသောကြောင့် အရည်အသွေးကောင်းသော၊ အထွက်နှုန်းကောင်းသော၊ စိုက်ပျိုးစရိတ်သက်သာသော ဝါမျိုးကောင်းမျိုးသန့်ဖြစ်သည့် ချည်မျှင်ရှည်ဝါအား ရွေးချယ်စိုက်ပျိုးသင့်ပေသည်။ မြန်မာ့ရိုးရာလက်ငင်ချည်အား မြန်မာ့မျိုးရင်းဖြစ်သော ဝါကြီးမှရရှိပြီး ချည်မျှင်တိုသည်နှင့် ဝါမျှင်ကြမ်းသောကြောင့် လက်ဖြင့်ဗိုင်းငင်ရ၍ လုပ်ငန်းတွင် ကျယ်မှုမရှိပေ။ ယနေ့ခေတ်တွင် စက်ပစ္စည်းများထွန်းကားလာသည်နှင့်အမျှ လူအား၊ အချိန်အားစိုက်ထုတ်ရသော လက်ဖြင့်ဗိုင်းငင်ခြင်းထက် စက်နဲ့ဗိုင်းငင်လာကြရာတွင် နူးညံ့ပြီးချောသည့် ချည်မျှင်မှာ စက်မှုချည်ထည်များအတွက် အသင့်တော်ဆုံးဖြစ်၍ ယင်းချည်မျှင်မျိုးကို ထုတ်ယူရရှိနိုင်သောချည်မျှင်ရှည်ဝါမျိုးကို အသုံးပြုရပေသည်။ ဖြစ်ထွန်းမှုနှုန်းမှာလည်း အများအပြားကွာဟသည်။ ထို့ကြောင့် အထွက်နှုန်းနည်းသည့်အပြင် အရည်အသွေးညံ့ဖျင်းသောချည်မျှင်တိုဝါများအစား အထွက်နှုန်းအလွန်ကောင်းမွန်သော ချည်မျှင်ရှည်ဝါများကိုပြောင်းလဲ၍ ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပေသည်။ ချည်မျှင်ရှည်ဝါမှ ထွက်ရှိသည့်ကုန်ကြမ်းများကို အထက်အညာဒေသ၊ မန္တလေး၊ ရန်ကုန်အစရှိသောဒေသများမှ တစ်နိုင်တစ်ပိုင်ရက်ကန်းယက်လုပ်သူများ၊ နိုင်ငံပိုင်ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများ၊ ပြည်တွင်းအသေးစားပုဂ္ဂလိကအထည်အလိပ်လုပ်ငန်းတို့တွင် အများဆုံးအသုံးပြုလာကြသည်။ အထက်အညာဒေသနှင့် အင်းလေးဒေသထွက် ချည်ထည်များသည် ဈေးကွက်အတွင်း အတော်အသင့်ရောင်းအားရှိနေကြသည်။ ထို့ကြောင့် ဝါစိုက်တောင်သူများအတွက် ကုန်ကျစရိတ်လျော့နည်းပြီး အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သောချည်မျှင်ရှည်ဝါများကို ရေမြေဒေသနှင့်ကိုက်ညီစွာစိုက်ပျိုးနိုင်ရန်အတွက်လည်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနများအနေဖြင့် ဒေသအလိုက် နည်းပညာအကူအညီများ ကွင်းဆင်းဆောင်ရွက်ကူညီပေး‌လျက်ရှိသည်။

   မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဝါမျိုးတို့မှာ ဝါကြီး၊ ဝါကလေးနှင့် ချည်မျှင်ရှည်ဝါဟူ၍ မျိုးကွဲများစွာရှိသည့်အနက် အထွက်နှုန်းကောင်းသောဝါမျိုးများရရှိစေပြီး ဝါစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေရန်အတွက် ချည်မျှင်ရှည်ဝါကို ရွေးချယ်စိုက်ပျိုးသင့်သည်။ ဝါကြီးကို ပြည်နှင့် သရက်ခရိုင်တို့တွင် မိုးဉီး၌စိုက်ပျိုး၍ ပြာသို၊ တပို့တွဲလများတွင် ဝါပေါက်သည်။ ဝါကလေးမျိုးကို မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပခုက္ကူ၊ မင်းဘူး၊ မြို့သစ်စသော မိုးရေရှားပါးသည့် အပူပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။ ချည်မျှင်ရှည်ဝါကို ရေသွင်းစိုက်ပျိုးနိုင်သော ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ မင်းဘူးခရိုင်နှင့် မြို့သစ်မြို့တို့တွင် ကောင်းစွာအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရသည်။ ချည်မျှင်ရှည်ဝါမျိုးသည် ဂရုတစိုက်စိုက်ပျိုးနိုင်သည်နှင့်အမျှ ဝါထွက်ကောင်း၍ တောင်သူများအကျိုးအမြတ်များစွာရရှိနိုင်သည့် ဝါအမျိုးအစားတစ်မျိုးဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံအနေဖြင့် အဆင့်မြင့်သောချည်မျှင်ရှည်ဝါကို တိုးမြှင့်စိုက်ပျိုးရန် လိုအပ်လျက်ရှိပါသည်။ ချည်မျှင်ရှည်ဝါသီးနှံအထွက်မြင့်မားစေရန် နုန်းမြေ၊ နုန်းစနယ်မြေနှင့် သဲနုန်းမြေများတွင် စိုက်ပျိုးသင့်သည်။ ဒေသအလိုက် စိုက်ချိန်မှန်ရန်လည်းလိုသည်။ ယခုအခါတွင် စိုက်ပျိုးကုန်ကျစရိတ်နည်းသော အိန္ဒိယနိုင်ငံမှတင်သွင်းသည့် ရာဘာချည်မျှင်ရှည်ဝါမျိုးကို ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်သက်သာကာ ဝင်ငွေရရှိမှုတိုးစေပါသည်။ ရာကာချည်မျှင်ရှည်ဝါစိုက်ပျိုးမှုကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့တွင် ပြောင်းလဲစိုက်ပျိုးလာကြပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံ၊ တောင်တွင်း၊ မြို့သစ်မြို့နယ်များရှိ တောင်သူများအနေဖြင့်လည်း ရာဘာစပ်မျိုးချည်မျှင်ရှည်ဝါကို ပြောင်းလဲစိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည်။

    ၂၀၂၂ခုနှစ်တွင် ဝါ(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၃၀၀)၊ ဂွမ်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀)ခန့်ရှိခဲ့ပြီး ယခု ၂၀၂၃ခုနှစ်တွင် ဝါ(၁)ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)၊ ဂွမ်း(၁)ပိဿာလျှင် ကျပ်(၈၀၀၀)ခန့်ရောင်းချရပြီး အထွက်နှုန်းမှာလည်း (၁)ဧကလျှင် ပိဿာ(၄၀၀)ခန့်ရရှိ၍ ဈေးကွက်ခိုင်မာပြီး အထွက်နှုန်းကောင်းမွန်သည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများက မိုးနှောင်းချည်မျှင်ရှည်ဝါများကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း လေ့လာသိရှိရပါသည်။ ပြည်တွင်းနိုင်ငံပိုင်စက်ရုံးများက ဝါဂွမ်းအဆင့်(A)နှင့် (B)ကိုသာသုံးစွဲပြီး (C)နှင့် (D)တို့ကို ပြည်ပသို့တင်ပို့ရောင်းချရ၍ ဝါသီးနှံသည် နိုင်ငံခြားငွေရှာဖွေပေးသည့်သီးနှံတစ်ခုလည်းဖြစ်ပါသည်။

  ဝါချည်မျှင်ဖြင့် ရက်လုပ်သောအထည်အလိပ်သည် ယနေ့ခေတ်အထိ မတိမ်ကောသေးပါ။ ချည်ထည်တို့မှာ ကြာရှည်ခိုင်ခံ့ခြင်း၊ ဝတ်ဆင်ရာ၌ သက်တောင့်သက်သာရှိခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ငွေကြေးသင့်တင့်သောကြောင့် လူတန်းစားအလွှာမရွေး လက်လှမ်းမီသောအထည်အလိပ်ဖြစ်၍ လူသုံးများလျက်ရှိပါသည်။ ထို့ကြောင့် ဝါစိုက်ပျိုးရေးအခြေအနေမှာ ရှည်ကြာစွာတည်တံ့ခိုင်မြဲလျက်ရှိသင့်သကဲ့သို့ မြန်မာ့ချည်မျှင်ရှည်ဝါတိုးချဲ့စိုက်ပျိုးကာ နိုင်ငံခြားငွေရရှိရေး တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရည်ရွယ်ကာ ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)