မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကိုအဓိကဦးစားပေး၍ စိုက်ပျိုးကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ဆောင်ရွက်ကြကြောင်းသိရပါသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စသည့်သီးနှံများကိုစိုက်ပျိုးကြသည့်အပြင် ကြက်၊ ဝက်၊ ဘဲ၊ ကျွဲ၊ နွား၊ ဆိတ် စသည့်တိရိစ္ဆာန်များကိုလည်း စီးပွားဖြစ်မွေးမြူကြပါသည်။ ထိုတိရိစ္ဆာန်များထဲတွင် နွားမွေးမြူရေးကိုလည်း စီးပွားဖြစ်မွေးမြူကြကြောင်းသိရပါသည်။ ထိုသို့ စီးပွားဖြစ်နွားမွေးမြူရာတွင် အဓိကမှာ နွားစာဖြစ်ပါသည်။ ထိုကြောင့် နွားစာအတွက် ကုန်ကျစရိတ်သက်သာစေရန် နေဗီယာမြက်ကိုစိုက်ပျိုးသင့်ကြောင်း လေ့လာသိရှိသမျှ တင်ပြလိုက်ရပါသည်။
တိရိစ္ဆာန်အစားအစာဖြစ်သောနေဗီယာမြက်ကို တစ်ဧကစိုက်ပျိုးမည်ဆိုပါက နို့စားနွားမ (၁၀) ကောင်မွေးမြူနိုင်ကြောင်းသိရပါသည်။ နေဗီယာမြက်သည် အပင်မြင့်မျိုးဖြစ်ပြီး အုံလိုက်ပေါက်သောမြက်ဖြစ်၍ စိုက်ခင်းတွင် (၅) နှစ်မှ (၆) နှစ်အထိ နှစ်ရှည်ခံသောအပင်တစ်မျိုးဖြစ်ပါသည်။ အပင်မြင့်၍ ကြီးထွားနှုန်းမြန်သဖြင့် အင်မြက်ဟူ၍လည်းခေါ်ဆိုကြပါသည်။ နေဗီယာမြက်၏အားသာချက်မှာ အရွက်ကြီး၍ အရွက်များခြင်း၊ အရွက်များနူးညံ့ခြင်း၊ အမွေးပါးခြင်းနှင့် အရွက်မရှိခြင်း စသည့်အရည်အချင်းများရှိပါသည်။ နေဗီယာမြက်၏ အသားဓာတ်အမြင့်ဆုံးအချိန်မှာ စိုက်ပျိုးပြီး (၄၅) ရက်သားတွင် ကျွဲနွားများကိုခုတ်ယူ၍ကျွေးမွေးခြင်း၊ မြက်ချဉ်ဖတ်ပြုလုပ်၍လည်းကျွေးမွေးနိုင်ပါသည်။ ထိုသို့ကျွေးခြင်းဖြင့် ကျွဲ၊ နွားများနှစ်ခြိုက်စွာစားသုံးကြသဖြင့် အရသာကောင်းမွန်မှုရှိသည်ဟု ခန့်မှန်းသိရှိရပါသည်။ အပင်ရှည်၊ အပင်မြင့်မျိုးဖြစ်၍ အစာစိမ်းအဖြစ်ခုတ်စင်းကျွေးရန် သင့်တော်သောမြက်ဖြစ်ပါသည်။
နေဗီယာမြက်ကိုစိုက်ပျိုးရာတွင် မျိုးစေ့ချ၍စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်၍စိုက်ပျိုးခြင်း စသည်ဖြင့်စိုက်ပျိုးကြပါသည်။ ကိုင်းဖြတ်၍စိုက်ပျိုးရာတွင် အဆစ် (၂) ခုကို စောင်းလျက်အနေအထားဖြင့် တစ်ခုနှင့်တစ်ခုကို ကြက်ခြေခတ်ပုံထား၍စိုက်ပျိုးကြကာ အဆစ် (၂) ခုအနက် အဆစ်တစ်ခုကို မြေကြီးတွင်မြုပ်အောင်သွင်းပြီး ကျန်တစ်ဆစ်ကို မြေမျက်နှာပြင်နှင့်ထိအောင်စိုက်ပျိုးရပါသည်။ မြက်ပင်အတန်း တစ်တန်းနှင့်တစ်တန်း (၈၀)စင်တီမီတာမှ (၁၂၀) စင်တီမီတာအထိခြား၍စိုက်ပျိုးရပြီး တစ်ပင်နှင့်တစ်ပင်အကြား (၄၀) စင်တီမီတာမှ (၆၀) စင်တီမီတာခြား၍ စိုက်ပျိုးကြောင်းသိရပါသည်။ နေဗီယာမြက်ပင်သည် အမြစ်ရှည်ပြီး ဖြန့်ကားသဖြင့် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပါသည်။ ကြံပင်ကဲ့သို့ ပင်စည်များမှာ တုတ်သဖြင့် မရိတ်မဖြတ်ဘဲထားလျှင် (၁၃) ပေခန့်မြင့်သည်ဟုသိရပါသည်။ နေဗီယာမြက်သည် မိုးများပြီး နုန်းဆန်သောမြေကိုကြိုက်နှစ်သက်သဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ နေဗီယာမြက်၏ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုအပါအဝင် ကျပ် (၁) သိန်းမှ (၂) သိန်းကျပ်အထိကုန်ကျကြောင်းသိရပါသည်။ အထွက်နှုန်းမှာ တစ်နှစ်လျှင် မြက်ပိဿာချိန် (၁၆၀၀၀) ခန့်အထွက်ရှိ၍ တစ်ဧကဝင်ငွေမှာ (၇) သိန်းကျပ်မှ (၈) သိန်းကျပ်အထိရရှိကြောင်းသိရပါသည်။ ထိုကြောင့် နေဗီယာမြက်စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် နှစ်စဉ်ဝင်ငွေများရရှိသဖြင့် ထပ်မံ၍ တိုးချဲ့စိုက်ပျိုးသွားမည်ဟုလည်းသိရပါသည်။
သို့ဖြစ်ပါ၍ နေဗီယာမြက်သည် နေရာဒေသမရွေးစိုက်ပျိုးနိုင်သည့်မြက်ဖြစ်ပါသည်။ ပြည်ခရိုင်အတွင်းရှိမြို့နယ်များတွင် နေဗီယာမြက်ကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိသေးဘဲ အနည်းငယ်သာစိုက်ပျိုးနိုင်ပါသည်။ ကုန်ကျစရိတ်လည်းသက်သာသည့်အပြင် စိုက်ပျိုးရလည်းလွယ်ကူသဖြင့် တိရိစ္ဆာန်အစာအဖြစ် စိုက်ပျိုးနိုင်မည်ဆိုလျှင် တိရိစ္ဆာန်များအတွက် အစာများလုံလောက်နိုင်မည်ဖြစ်ပြီး အကျိုးအမြတ်လည်းရရှိနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးသင့်ပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)