စေတနာထား၍ အလုပ်လုပ်ပါ

Powered by Drupal
Fri, 08/18/2023 - 12:01 -- consumer_admin

     အလုပ်သည်လောက၏ အဆင်တန်ဆာ၊ လောက၏ရတနာဖြစ်၏။ အလုပ်ကြောင့် လောကကြီး သာယာဝပြောစည်ပင်တိုးတက်၏။ အလုပ်မရှိက လောကကြီးခြောက် သွေ့ဆိတ်သုဉ်း ပေတော့မည်။ အလုပ်တွင် စေတနာပါသောအလုပ်နှင့် စေတနာမပါသောအလုပ်ဟူ၍ နှစ်မျိုးရှိပေ သည်။ စေတနာပါသောအလုပ်သည် လူဘောင်လောကကို ထိထိရောက်ရောက် အကျိုးပြု၍ စေတနာမဲ့သောအလုပ်သည် အကျိုးပြုမှုနည်းပေသည်။ အဆိုးဘက်ကိုပင်ဦးတည် သွားတတ်၏။ ကာယကံ၊ ဝစီကံ၊ မနောကံ စသည့်ကံ(၃)ပါးဖြင့် အလုပ်ကိုလုပ်ရာတွင် စေတနာထား၍ လုပ်ဆောင် ရန် အထူးအရေးကြီးပါသည်။

  “စေတနာသည် လူတိုင်းနှင့်မတန်” ဟု အချို့ကဆိုကြသည်။ စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါသည်။ စေတနာသည် စုန်ရေဖြစ်သည်။ အများအကျိုး၊ လောကအကျိုးကို ရှေးရှု၏။ မိမိအကျိုးစီးပွားကို ရှေးတန်းမတင်။ မိမိဌာန၊ မိမိတိုင်းပြည် အကျိုးတိုးတတ်ရာ တိုးတတ်ကြောင်း ကို အစဉ်ရှေးရှု၍ စိတ်စေတနာကောင်းသော အလုပ်လုပ်ရန်လိုအပ်ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေးများကြောင်း၊ စားသုံးသူများသိရှိအောင် စေတနာထားဆောင်ရွက်နေကြသည်။ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအား စေတနာရှေ့ ထား၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် မိမိတို့၏ စီးပွားရေးလုပ်ငန်း အောင်မြင်ရေးအတွက် Super Market ကြီးများတွင် ကုန်အညွှန်း အမှတ်အသား (Label) များပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည့် ကုန်ပစ္စည်းများလည်း နေရာယူလာ ကြသည်။ ယနေ့လူငယ်များသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတများလည်း အတော် အသင့်ရနေကြပြီးဖြစ်ရာ ကုန်ပစ္စည်းများကိုလည်း အရည်အသွေးကိုဦးစားပေး၍ ရွေးချယ်ဝယ်ယူ တတ်လာကြပြီဖြစ်သည်။

   သာဓကအားဖြင့်ဆိုသော် စိတ်စေတနာကောင်းတစ်ခု အခြေပြု၍ ဟန်နရီဒူးနန့်က သူနာပြုလုပ်ငန်းကို စတင်လိုက်ခြင်းဖြစ်သည်။ ယခုအခါ ထိုအကျိုးပြုလုပ်ငန်းများကို ကြက်ခြေနီ ဟု ကမ္ဘာကသိသည်။ ဆွစ်ဇာလန်နိုင်ငံ၏အလံကို ပြောင်းပြန်ပြု၍ ကြက်ခြေခတ် အနီပြုလိုက်ခြင်း သည် ဟင်နရီဒူးနန့်ကိုလည်းကောင်း၊ ဟင်နရီဒူးနန့်၏ အမိနိုင်ငံတော်ကိုလည်းကောင်း အလေးပြု လိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဟင်နရီဒူးနန့်၏ စိတ်စေတနာကောင်းတစ်ခုဖြင့် ဆောင်ရွက် သော အလုပ်တစ်ခုသည် ကြီးစွာသောအကျိုးကျေးဇူးတို့ကို ဖြစ်စေခဲ့လေသည်။

      အလားတူပင် “မီးအိမ်ရှင်မနိုက်တင်ဂေး” ဟူသော ကမ္ဘာကျော်သူနာပြုဆရာမကြီးသည် လည်း စိတ်စေတနာကောင်းတစ်ခု အခြေခံကာ ကမ္ဘာ့သမိုင်းတွင် မော်ကွန်းဝင်အောင် မှတ်တမ်း တင်ခံခဲ့ရသည်။ စိတ်စေတနာကောင်းက ဦးဆောင်သောအခါ ဤသို့လျှင်အရေးပါအရာရောက် ကျေးဇူးတရားကိုလည်း အပီအပြင်မြင်ရပါတော့သည်။

   သက်သေလည်းပြ၍ သာဓကလည်းဆောင်ချင်ပါသေးသည်။ လူ့ဘုံဌာန၌ မိမိအသက်ရှင်ခွင့်ရသည့်ကာလအတွင်း လူသားတို့သည် လူ့ဘုံလောကကြီးကို ကျေးဇူးဆပ်ခဲ့ကြသည်။ ဒေါက်တာဂိုက်ဇာသည်  ဂီတာပါမောက္ခကြီးတစ်ဦးဖြစ်သည်။ တစ်နေ့၌သူသည် သတင်းစာကြီး တစ်စောင်ပါ သတင်းတိုလေးတစ်ပုဒ်ကို ဖတ်ရှုလိုက်ရသည်။ ထိုသတင်းကားအခြားမဟုတ်၊ အဖရိကတိုက် တောတွင်းက ရွာကလေးတစ်ရွာတွင် ကုဌသူနာရောဂါသည်များကို ကယ်ယူမည့်သူ မရှိသည့်ဘဝ၌ နေကြရသည့်အကြောင်းပင်တည်း။ လူသားစစ်ဖြစ်ပါလျှက် တိရိစ္ဆာန်များပမာ နေကြရပုံကို သူဖတ်လိုက်ရခြင်းဖြစ်သည်။ ဂီတပါမောက္ခကြီးသည် ပါမောက္ခအဖြစ်မှ နှုတ်ထွက်၍ ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးအဖြစ် မှတ်ပုံတင်လိုက်သည်။ အားလုံးကသူ့ကိုအရူးဟု ဆိုကြသည်။ တကယ်တော့ သူမရူးပါ။ သူသည်စိတ်စေတနာကောင်းတစ်ခုကို အခြေခံ၍ အာဖရိက တောနက်ကြီးထဲက ကုဌနူနာရောဂါသည် တို့ကိုကုသပေးလို၍ ဆောင်ရွက်ခြင်းဖြစ်သည်။

     ဆေးကျောင်းသားအဖြစ် ခုနစ် နှစ်မျှ ကြာလာသောအခါ သူလည်းဆရာဝန်ဘွဲ့ကိုရသည်။ ဘွဲ့နှင်းသဘင်မှသည် အာဖရိကသို့ သူဦးတည်လေပြီ။ ထိုအချိန်မှာပင် ဂီတပါမောက္ခဟောင်းဖြစ်ခဲ့ သောသူသည် စန္ဒယားတီး၍ ရုံသွင်းကာငွေရှာသည်။ ရသောငွေများကို ဆေးများကိုချည်း ဖိဝယ်သည်။ ဤသို့ ဆေးသေတ္တာပေါင်းမြောက်များစွာကို သယ်ဆောင်၍ တောင်အာဖရိက တောနက်ထဲသို့ ယူသွားလေတော့သည်။ အခက်အခဲများစွာကို ကျော်ဖြတ်ရသည်။ ထိုဒေသသို့ ရောက်လာသောအခါ ကျောက်ခေတ်ယဉ်ကျေးမှုမျှသာရှိသော အာဖရိကလူရိုင်းတို့သည် သူ့ကို လက်မခံကြ။ သို့သော် သူအမျိုးမျိုးကြိုးစား၍ ချဉ်းကပ်သည်။ နောက်ဆုံး၌ စေတနာမှန်သော စိတ်ကောင်းစေတနာကောင်း ရှိမှုကြောင့် အောင်မြင်ခဲ့သည်။ လူနာကိုကုခွင့်ရသည်။ သူကိုယ်တိုင် လည်းအနစ်နာခံသည်။ ဤသို့ဖြင့် သူ့ဘဝကို ထိုဒေသမှာပင်မြှုပ်နှံလိုက်တော့သည်။ သူလည်း အသက်အရွယ်အိုမင်းသောအခါ ကုဌနူနာရောဂါဖြင့်ပင် ကွယ်လွန်ခဲ့သည်။ သူ့ကိုတစ်ကမ္ဘာလုံးက ချီးကျူးကြသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကိုပေး၍ ဂုဏ်ပြုခဲ့ကြသည်။ ထိုငွေများကိုလည်း ကိုယ်ကျိုးကိစ္စအတွက် တစ်ပြားတစ်ချပ်မှ မသုံးစွဲ။ ထိုဒေသကြီးအတွက် ကြီးမားသော ဆေးရုံကြီးကို ဆောက်လုပ်၍ ထိုငွေများအသုံးပြုခဲ့သည်။ ဤသို့လျှင် စိတ်ကောင်းစေတနာ မေတ္တာ ကြီးမားသော ဒေါက်တာဂိုက်ဇာသည် ကမ္ဘာတည်သရွေ့ အမည်နာမ သေနိုင်မည့်ပုဂ္ဂိုလ်မဟုတ် တော့ချေ။

      အလားတူပင် မြန်မာနိုင်ငံ၌လည်း ဦးခန္တီ၊ ‌ဒေါ်ဦးဇွန်းစသော ပုဂ္ဂိုလ်တို့သည် စေတနာရှင် များဖြစ်ကြသည်။ မေတ္တာရှင်များဖြစ်ကြသည်။ သူတို့သည် အလွန်ပင်ကြီးမြတ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အဘယ်ကြောင့် ကြီးမြတ်ရသနည်း။ စိတ်စေတနာကောင်းတစ်ခု အခြေခံကာ လူ့ဘုံ တစ်ခုလုံးငြိမ်းချမ်းသာယာမှု ဖုံးလွှမ်းအောင် ဆောင်ရွက်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ စိတ် စေတနာကောင်းတစ်ခုအခြေခံလျှင် ပြောသမျှချော၏။ လုပ်သမျှဟုတ်၏။ ကြံသမျှမှန်၏။ တွေးသမျှ အေး၏။ အကြောင်းသောကား စိတ်ကောင်း၊ နှလုံးကောင်း၊ စိတ်မြတ် စေတနာကောင်းမွန်ဖြင့် အသိနှင့်ယှဉ်သော အလုပ်လုပ်ရန် ဤလောက၌ အလိုအပ်ဆုံး ဖြစ်ပေသည်။

    အကြီးအကဲများက ရှေ့ရေးမျှော်တွေး၍ လူ့ဘောင်လောက တိုးတက်စည်ပင်ရန် ရည်ရွယ် လမ်းညွှန်၏။ လမ်းညွှန်မှုတို့ကို စေတနာထား၍ အကောင်အထည်ဖော် အလုပ်လုပ်ရန် အထူးလိုအပ်ပါသည်။ သာဓကအားဖြင့်ဆိုသော် အကြီးအကဲများက ရုံး၊ ဌာနများ မြေပိုမြေကွက် မကျန် နှစ်ရှည်သီးပင် စားပင်တို့ကို စိုက်ပျိုးရန် လမ်းညွှန်မှုပြု၏။ စေတနာနည်းပါးသူတို့က ဝတ်ကျေ တန်းကျေ စိုက်ပျိုး၏။ စေတနာနည်းပါးသောကြောင့် တိုးတတ်ဖြစ်ထွန်းမှုနည်းပါး၏။ မိမိ လက်ထက်တွင် အကျိုးကျေးဇူးခံစားရမည် မဟုတ်ဟုတွေး၏။ စိတ်စေတနာကောင်းထား၍ လုပ်ဆောင်သူတို့သည် မိမိလက်ထက်တွင် မခံစားရလျှင်လည်း နောင်တွင်ဆက်လက် တာဝန်ထမ်း‌ ဆောင်ကြမည့် မျိုးဆက်သစ်တို့၏ အကျိုးကိုလိုလားစွာ ရှုမြင်ဆောင်ရွက်တတ်ကြ၏။ ဖြစ်ထွန်း အောင်မြင်အောင် နည်းစနစ်များလေ့လာ၍ ကြိုးစားစိုက်ပျိုးကြ၏။ စေတနာထား၍ အလုပ် လုပ်ခြင်းဖြင့် မျက်မှောက်ကာလတွင် အကျိုးကျေးဇူးခံစားကြရ၏။ နောင်တွင် ဆက်လက်တာဝန် ထမ်းဆောင်ကြသော မျိုးဆက်သစ်တို့အတွက်လည်း အောင်မြင်မှုကိုရရှိကြ၏။ အောင်မြင်မှုမျိုးစေ့မှ ရှင်သန်ပေါက်ဖွား ကြီးပွားတိုးတတ်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

    စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများသည် ကျယ်ပြန့်သော လုပ်ငန်းစဉ်တစ်ခုဖြစ် ပါသည်။ စားသုံးသူများသည် မနက်မိုးလင်းလာသည်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခုကို ကိုယ်တိုင်သုံးစွဲမှုပြုကြသည်။ ရွှေမြန်မာတို့သည်လည်း မနက်မိုးလင်းသည့်အခါ ကုသိုလ် ပြုမေတ္တာပို့ကြသည်။ အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ် သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ မေတ္တာပို့ကြသည်။

      စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် စေတနာရှေ့ထား၍ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသော၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော၊ နိုင်ငံတကာသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်၊ စိတ်ကျေနပ်မှုရရှိစေနိုင်သော ဝန်ဆောင်မှုများကို ရရှိသုံးစွဲလာနိုင်အောင်၊ ဘေးကင်းကျန်း မာပျော်ရွှင်သော ဘဝကို သက်တမ်းစေ့နေနိုင်သွားနိုင်အောင် ကြိုးစားဆောင်ရွက်နေကြသည်။ ပြည်သူတိုင်းသည် စားသုံးသူဖြစ်၍ စားသုံးသူတိုင်း စားသုံးသူအခွင့်အရေးရရှိအောင် ဆောင်ရွက် နေသည်။ စေတနာထား‌ဆောင်ရွက်ခြင်းဖြင့် နေ့စဉ်ကုသိုလ်ပြုသော အလုပ်ကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

     အလုပ်လုပ်ရာမှာ ဘယ်လိုအလုပ်ကို လုပ်တယ်ဆိုတာထက် ဘယ်လိုခံယူချက်မျိုးနဲ့ လုပ်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ အခြေခံစားကုန်ကို ထုတ်လုပ်ကြသော လူသားတိုင်းသည် စိတ်စေတနာကောင်းထား၍ ဆောင်ရွက်ကြရန်လည်းလိုအပ်ပါသည်။ မိမိဘဝကို အများကောင်းစား ရေးအတွက် အသုံးချမယ်ဆိုတဲ့ခံယူချက်နဲ့ လုပ်တဲ့သူရှိသလို၊ မြင်သမျှ တွေ့သမျှ သက်ရှိသက်မဲ့ အားလုံးကို ငါကောင်းစားရေးအတွက် အသုံးချမည် ဆိုသည့် ခံယူချက်နှင့် လုပ်သူလည်းရှိပါတယ်။

  လောက၌ ကောင်းမြတ်သော စွမ်းဆောင်မှုကသာလျှင် ကောင်းမြတ်သောအရာကို ဖွားမြင်သန့်စင်နိုင်ပေသည်။ ဆဒ္ဒန်ဆင်မျိုးကသာ ဆဒ္ဒန်ဆင်ကိုဖွားမြင်နိုင်သည်။ ကောင်းမြတ်သော စိတ်ထားရှိသူကမှသာလျှင် လူ့ဘုံကို အလှတန်ဆာဆင်နိုင်သည်။ “စေတနာထား၍ အလုပ်လုပ်ပါ” စိတ်စေတနာကောင်းကို အခြေပြု၍ ကောင်းမြတ်သောအလုပ်ကို စွမ်းဆောင်ကြလျှင် ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိမည်။ ဤလူ့ဘုံသည် ငြိမ်းချမ်းသာယာတို့ကမ္ဘာဟု ခေါ်ဆိုနိုင် လိမ့်မည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။

DOCA(ပဲခူး)