စစ်ကိုင်းစက်မှုဇုန်မှ ထုတ်လုပ်သော ထင်းမီးသွေး အစားထိုး လောင်စာတောင့်အကြောင်း တစေ့တစောင်း

Powered by Drupal
Fri, 08/18/2023 - 13:12 -- consumer_admin

       ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ လောင်စာသုံးစွဲမှုမြင့်မားလာသဖြင့် သစ်တောများ ပြုန်းတီးလာပြီး ဂေဟစနစ်များ ပျက်စီးဆုံးရှုူံးခြင်းများကို ကာကွယ်ရန်၊ သစ်တောများမပြုန်းတီးရေး နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် သစ်တောနှင့် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို ထင်းအစားထိုး လောင်စာတောင့်များ၊ ထင်းမီးသွေးအစားထိုး‌ လောင်စာတောင့်များ အဖြစ် ထုတ်လုပ် သုံးစွဲကြရန် လိုအပ်လာပါသည်။ သစ်တောများ ပြုန်းတီးလာသည်နှင့်အမျှ ကမ္ဘာကြီးပူနွေးလာ သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏ အကျိုးဆက်များအဖြစ် ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ အက်ဆစ်မိုးရွာသွန်းခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်နိုင်စေရေး လူတိုင်းလူတိုင်းက တတ်နိုင်သမျှ ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ ထင်းအစားထိုး လောင်စာတောင့်များ၊ ထင်းမီးသွေး အစားထိုး လောင်စာတောင့်ကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကောင်းကို ထိန်းသိမ်းရာ‌ ‌‌ရောက်သလို ကမ္ဘာကြီးပူနွေးလာခြင်းကို ကာကွယ်ရာရောက်သော စစ်ကိုင်းမြို့မှ ထုတ်လုပ်‌သော ထင်းအစားထိုး လောင်စာတောင့်၊ ထင်းမီးသွေးအစားထိုး BBQ  (Bar Be Cue) အသားကင် မီးသွေး တောင့်အကြောင်း တင်ပြလိုက်ရပါသည်။

          စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ အောင်ဇမ္ဗူလောင်စာတောင့် BBQ စက်ရုံကို  ၂၀၁၄ခုနှစ်က ရင်းနှီး မြှုပ်နှံမှု စက်ပစ္စည်းတန်ဘိုး ကျပ်သိန်း နှစ်ထောင်ခန့်ဖြင့် စတင်တည်ထောင်ခဲ့ကြောင်း သိရှိရသည်။ စက်ရုံတည်ထောင်ရခြင်းအကြောင်းရင်းမှာ ဂျပန်နိုင်ငံရှိ BBQ အသားကင်ဆိုင်ပိုင်ရှင်နှင့် သိကျွမ်း ခင်မင်ရာမှ  မြန်မာနိုင်ငံတွင် သစ်တော၊ သစ်ပင်များပေါတယ်၊  Briquette Char Coal မီးသွေး ထုတ်ပါလား၊ ထွက်သလောက် သူတို့ယူမယ်ဟုပြော၍ လုပ်ငန်းလုပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ အကင်မီးသွေး (Briquette Char Coal) သည် မီးအပူဆ BTU 7000 Kcal ဖြစ်ပြီး၊ သာမန် ထင်းမီးသွေးသည် BTU 3500 Kcal ရှိပါသည်။Briquette Char Coal သည် ဟင်းချက်ရာတွင်ဖြစ်စေ၊ အသားကင်ရာတွင် ဖြစ်စေ အကျက်မြန်စေသည်၊ အနံ့အရသာကောင်းစေသည်အပြင် ထင်းမီးသွေး ကဲ့သို့ မီးခိုနံ့ နံ့ခြင်း၊ ပန်ကာဖြင့် မှုတ်ပေးရခြင်း၊ အသားအဆီကို ခမ်းခြောက်စေခြင်း စသည့် ဆိုးကျိုးများကို ဖယ်ရှားစေပါသည်။ လျှပ်စစ်မီးဖြင့် အသားကင်ခြင်း၊ မိုက်ကရိုဝေ့ဖြင့် အသားကင် ခြင်းကဲ့သို့ အသားကင်ကို အသားအဆီခမ်းခြောက်ခြင်း၊ အေးသည့်အခါ အသားကင်ကို မာခြောက်ခြောက်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။

       လောင်စာတောင့်ထုတ်လုပ်ရန် စက်စွမ်းအားမှာ မြင်းကောင်ရေ ၁၂၅ Hp ဖြင့် လည်ပတ် ထုတ်လုပ်ပါသည်။ ကုန်ချောထုတ်လုပ်မှုအချိုးအစားမှာ လွှစာမှုန့် ၉၀ရာခိုင်နှုန်း၊ မြေပဲခွံ(သို့မဟုတ်) စပါးခွံ ၁၀ရာခိုင်နှုန်း ဖြစ်သည်။ ၈နာရီထုတ်လုပ်နိုင်မှု စက်စွမ်းအားမှာ လောင်စာတောင့် အစိမ်း တောင့် ၃တန် ထုတ်လုပ်နိုင်ပြီး၊ ကုန်ချော(အခြောက်) ၁.၂တန် ထုတ်လုပ်နိုင်ကြောင်း သိရှိရပါ သည်။ ကုန်ကြမ်းလွှစာမှုန့်များကို မုံရွာမြို့ရှိ သစ်စက်များနှင့်ချိတ်ဆက် ဝယ်ယူရာ စက်ရုံအရောက် တစ်တန်လျှင် ၆သောင်း ၅ထောင်ကျပ် ပေးချေရကြောင်း သိရသည်။

ထုတ်လုပ်မှုအဆင့်ဆင့်

          လောင်စာတောင့်ထုတ်လုပ်သည့် နည်းပညာကို ဂျပန်နိုင်ငံမှ လေ့လာသင်ယူခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံထုတ်စက်ပစ္စည်းများကို ဝယ်ယူအသုံးပြုခြင်းဖြစ်ကြောင်း သိရပါသည်။ လောင်စာတောင့် ထုတ်လုပ်မှုအဆင့် (၈)ဆင့် ရှိကြောင်း သိရှိရပါသည် -

အဆင့်(၁) - ကုန်ကြမ်းများကို လုံးဆန်ခါဖြင့် သန့်စင်ရပါသည်။

အဆင့်(၂) - ရရှိလာသော ကုန်ကြမ်းများ လွှစာမှုန့် ၉ဆနှင့် မြေပဲခွံ ၁ဆ အချိုးရောစပ်၍ လွန် (Screw) ဖြင့် ဆွဲယူ၍ အခြောက်ခံမီးဖိုသို့ ပို့ပေးရပါသည်။

အဆင့်(၃) – မီးဖိုသို့ ရောက်ရှိလာသော ကုန်ကြမ်းများကို Rotary Dryer ခေါ် လုံး ဖြင့် အခြောက်ခံရပါသည်။ သို့မှသာ ကုန်ကြမ်း၌ ပါဝင်သော စိုထိုင်းဆ ခေါ် ရေခိုးရေ ငွေ့များကို ဖယ်ရှားနိုင်ပါသည်။

အဆင့်(၄) - ခြောက်သွေ့သော ကုန်ကြမ်းများကို Blower ဖြင့်ဆွဲယူ၍ Cyclone များတွင် ဖြတ်စေပြီး အစာဝေစနစ်လှောင်ကန်(Hopper) သို့ ပို့ပါသည်။

အဆင့်(၅) – အစာဝေစနစ်လှောင်ကန်မှ ကုန်ကြမ်းများကို Screw Conveyor မှ လောင်စာ တောင့်များထုတ်လုပ်သည့် စက်၃လုံးဇလားထဲသို့ မျှဝေထည့်ပေးပါသည်။

အဆင့်(၆) - အတောင့်ထုတ်စက်မှ ရောက်ရှိလာသော ကုန်ကြမ်းများကို လွန်စနစ်ဖြင့် ဖိ (Press)ပြီး ထွက်လာသောကုန်ကြမ်းများကို Heating Coil တပ်ဆင်ထားသော ပြောင်းအတွင်းသို့ ဖြတ်စေခြင်းဖြင့် မာကျောကျစ်လစ်သော ကုန်ကြမ်း ထင်း အစားထိုး လောင်စာတောင့်ကို ထွက်ရှိစေပါသည်။

အဆင့်(၇) - ထွက်ရှိလာသော ထင်းအစားထိုး လောင်စာတောင့်များကို Conveyor များဖြင့် သယ်ယူ၍ စနစ်တကျ ထပ်ထားရပါသည်။

အဆင့်(၈) - စနစ်တကျထပ်ထားသော လောင်စာတောင့်အစိမ်းများကို အုတ်မီးဖိုများ အတွင်းသို့ စနစ်တကျစီသွင်း၍  ၄ရက်ခန့်မီးဖုတ်ပြီး၊ အုတ်မီးဖိုထဲ၌ပင် ၁၀ ရက် ခန့်ကြာ အအေးခံပြီးပါက သုံးစွဲနိုင်သည့်လောင်စာ မီးသွေးတောင့် ရရှိပါသည်။

ဈေးနှုန်း၊ ဈေးကွက်

      မီးသွေးတောင့်များကို အမှာစာအရ 12Kg ၊  15Kg ၊ 18Kg အလေးချိန်အသီးသီးကို စက္ကူဂျပ်ဖာတွင် စီထည့်ထုပ်ပိုး၍ ဈေးကွက်သို့ တင်ပို့ရောင်းချပါသည်။ ရောင်းဈေးနှုန်းမှာ ကျပ် တစ်သောင်းနှစ်ထောင်မှ ကျပ်တစ်သောင်းရှစ်ထောင် အသီးသီးပေါက်ဈေးရှိသည်။ ဂျပန်နိုင်ငံသို့ တန်ချိန်(၆၀)ခန့် တင်ပို့နိုင်ခဲ့ပြီး၊ COVID-19 ဖြစ်ပွားသည့်ကာလ ၂၀၂၀ပြည့်နှစ် နောက်ပိုင်း တင်ပို့ နိုင်မှုမရှိသေးကြောင်း သိရသည်။ BBQလောင်စာတောင့်သည် ထုတ်လုပ်မှုနည်းပညာမြင့်ပြီး၊ နိုင်ငံတကာ စံချိန်စံညွှန်မီကာ ဈေးနှုန်းအနည်းငယ်မြင့်သဖြင့် ပြည်တွင်းဈေးကွက် ဝယ်လိုအားနည်း နေသေးကြောင်း သိရသည်။

     BBQ လောင်စာတောင့်သည် ထင်း၊ မီးသွေးများထက် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း၊ လောင်စာမီးပြင်းအားသည် သာမန် ထင်း၊ မီးသွေးတို့ထက် သာလွန်ခြင်း၊ မီးခိုမှိုင်းမစွဲခြင်း၊ ညှော်နံ့ မရှိခြင်းတို့ကြောင့် အဆင့်မြင့် အသားကင်စားသောက်ဆိုင်များ၊ ဘီယာဆိုင်များက သုံးစွဲလာကြသဖြင့် မန္တလေးမြို့နှင့် လောက်ကိုင်မြို့များသို့ တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း သိရှိရပါသည်။

      BBQ လောင်စာတောင့်များကို ကျယ်ပြန့်စွာ အသုံးပြုလာစေခြင်းဖြင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် ထိန်းသိမ်းရာရောက်ပြီး၊ ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားငွေရရှိစေကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)