ကန့်ဘလူဒေသထုတ်ကုန် အိမ်တွင်းလက်မှုလုပ်ငန်း ဝါးနှီးဖျာ

Powered by Drupal
Fri, 08/18/2023 - 13:19 -- consumer_admin

      မြန်မာလူမျိုးများ၏ အိမ်သုံးပစ္စည်းများအနက် အခင်းအဖြစ် အသုံးပြုသော ဖျာအမျိုးမျိုးရှိရာ သင်ဖြူးဖျာ၊  ဝါးနှီးဖျာ၊ ပလပ်စတစ်ဖျာများ စသည့်ဖြင့် အကြမ်း/အနု အမျိုးမျိုးကို သုံးစွဲကြပါသည်။  မြန်မာနိုင်ငံအောက်ပိုင်းတွင် သင်ဖြူးဖျာများကို အများအပြားရက်လုပ်ကြပြီး၊ မြန်မာနိုင်ငံအထက် ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ သင်ဖြူးဖျာရက်လုပ်ခြင်းနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ဝါးနှီးဖျာများကိုရက်လုပ်ခြင်းများရှိသည့်အနက် ကန့်ဘလူမြို့နယ်  ဝါးနှီးဖျာ အိမ်တွင်းမှုလုပ်ငန်းအကြောင်း တင်ပြလိုက်ပါသည်။

      ကန့်ဘလူမြို့နယ် သပြေသာကျေးရွာသည် အိမ်ထောင်စု ၂၅၀ခန့်ရှိပြီး၊  စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်သည့်အပြင် အိမ်ထောင်စု၆၀ခန့်သည်  အိမ်တွင်း လက်မှုလုပ်ငန်းဖြစ်သော ဝါးနှီးဖျာရက်လုပ်သည့် လုပ်ငန်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ခန့်က စတင် လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါသည်။

      ဝါးနှီးဖျာရက်လုပ်ရန် အဓိကကုန်ကြမ်းမှာ ဝါးဖြစ်ပြီး၊ ဝါးအမျိုးမျိုးရှိသော်လည်း ဝါးနှီးဖျာရက် လုပ်ရာတွင် မျှင်ဝါး တစ်မျိုးတည်းကိုသာ အသုံးပြုရကြောင်း သိရပါသည်။  ဝါးကုန်ကြမ်းများရရှိရန် တောင်သူများသည် ဆောင်းရာသီ၌ ကောလင်းမြို့နယ်၊ တောင်ပုံတောစခန်းသို့ စားအိုးစာခွက်များ ဖြင့် ရက်ပေါင်းများစွာ တောထဲတွင်တဲထိုးနေပြီး၊ မျှင်ဝါးများကို ခုတ်ကာ နှီးဖြာကြရသည်။ (၁၁) တောင် ခန့်ရှည်ပြီး၊  သက်တမ်းရင့်သောဝါးပင်များကို ရှာဖွေခုတ်ယူကြသည်။ ဝါးတစ်လုံးလျှင် နှီးကြမ်း(၈)စိတ်ခွဲပြီး  ဝါးနှီးဝယ်သည့် ပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။ နှီး ကြမ်း(၈၀)စိတ် တစ်စည်းလျှင် ၈၃၀၀ကျပ်၊ အစည်း(၃၀)ပါ လှည်းတစ်စီးလျှင် ကျပ်၂သိန်း ၅သောင်း ပေါက်ဈေးဖြင့် ရောင်းချသည်။ ပွဲရုံများသည် ဆောင်းရာသီ(ဝါးရင့်ချိန်)တွင် နှီးကြမ်းများ ဝယ်ယူပြီး တစ်နှစ်ပတ်လုံး ဝါးနှီးဖျာရက်လုပ်နိုင်ရန်အတွက် စုဆောင်းထားရှိရပါသည်။

      ဝါးနှီးဖျာလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များသည် ရရှိလာသော နှီးကြမ်းများကို ဖျာရက် လုပ်နိုင်ရန်အတွက် နှီးကြမ်းတစ်ပင်ကို ဖျာရက်လုပ်နိုင်ရန် အလွှာ(၄)လွှာ ခွဲထုတ်ရသည်။  အမျိုး သားတစ်ဦးသည် တစ်ရက်လျှင် နှီးကြမ်းတစ်စည်းခွဲ လွှာနိုင်ပြီး တစ်ရက်လုပ်အားခ ကျပ် ၄၀၀၀/၅၀၀၀ ရရှိသည်။ ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် နှီးကြမ်းများကို တစ်ညရေစိမ်ရပါသည်။ ပြီးနောက် နှီးကြမ်းတစ်ပင်ကို ဖျာရက်လုပ်နိုင်သည့် နှီးချော ၄ပင်ရအောင် လွှာရပါသည်။ ရရှိလာ သော နှီးချောများကို နာရီအနည်းငယ် ရေထပ်စိမ်ပြီးမှ ဖျာစတင်၍ ရက်လုပ်ရသည်။ အလျား ၄တောင်ထွာ၊ အနံ ၃တောင်ထွာ ဖျာတစ်ချပ်လျှင် နှီးသားအပင်ရေ ၈၀မှ၉၀ခန့် အသုံးပြုသည်။ ဒေသအခေါ်အားဖြင့် နှီးသား ၂ပင်ကို ၁ဖီဟုခေါ်ပြီး၊ ဖျာတစ်ချပ်လျှင် အဖီ ၄၀မှ၄၅ဖီခန့် အသုံးပြုသည်။ ဖျာရက်သည့်လုပ်ငန်းကို နွေရာသီနှင့် ဆောင်းရာသီတွင် အများဆုံးရက်လုပ်ကြသည်။ မိုးရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသဖြင့် ဖျာရက်ခြင်းလုပ်ငန်းကို လူနည်းစု သာ လုပ်ကိုင်ကြသည်။ ဖျာရက်လုပ်သူအများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး၊ အလျား ၄တောင်ထွာ၊ အနံ ၃တောင်ထွာ ဖျာတစ်ချပ်လျှင် လုပ်အားခ ၈၀၀ကျပ်ရရှိပြီး၊ တစ်ရက်လျှင် ၄ချပ်မှ ၅ချပ်ထိ ရက်လုပ်နိုင်ကြောင်း သိရသည်။ ရရှိလာသော နှီးသားဖျာ(ဝါးဝမ်းဗိုက်သား) တစ်ချပ်လျှင် ပေါက်ဈေး ကျပ်ခြောက်ထောင်မှ ကျပ်ရှစ်ထောင်ထိ၊ နှီးချောဖျာ(ဝါးအပြင်သား)တစ်ချပ်လျှင် ပေါက်ဈေး ကျပ် တစ်သောင်းမှ ကျပ် တစ်သောင်းသုံးထောင်ထိ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ သပြေသာကျေးရွာရှိ လုပ်ငန်းရှင်နှစ်ဦးမှ ဝါးနှီးကုန်ကြမ်းဝယ်ယူစုဆောင်းကာ ဒေသခံလုပ်သားများဖြင့် နှစ်စဉ်ဖျာရက်လုပ်ချိန်၌ ဖျာရက်လုပ်ပြီး ဈေးကွက်များသို့ တင်ပို့ရောင်းချသည့် လုပ်ငန်းနှင့်ဆက်နွယ်၍ လုပ်သား ၁၂၀ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကြောင်း သိရှိရပါသည်။

  ထွက်ရှိလာသော ကုန်ချော ဝါးနှီးဖျာများကို ဒေသတွင်း ‌ဖောက်သည်များထံ ‌ရောင်းချခြင်းနှင့် အများဆုံးတင်ပို့သည့် ဈေးကွက်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး လက်ဖက်လုပ်ငန်းလုပ်ကိုင်သည့်  လက်ဖက်တောင်သူ၊ လက်ဖက်ခြံပိုင်ရှင်များက အများဆုံးဝယ်ယူသုံးစွဲကြောင်း သိရသည်။

  မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူ ၇၀ရာခိုင်နှုန်းသည် ဝါးနှီးဖျာများကို အိမ်ဦးခန်း၊ ဧည့်ခန်းများတွင် ခင်း၍အသုံးပြုခြင်း၊ ဝါးနှီးဖျာများဖြင့် သီးနှံများ အခြောက်လှန်းခြင်း စသည့်ဖြင့် အသုံးပြု နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပါသည်။ ဖျာတစ်ချပ်ကို အသုံးပြုနိုင်သည့် ကာလမှာ တစ်နှစ်မှ နှစ် နှစ်ထိသာ သုံးစွဲနိုင်သဖြင့်  တောင်သူကြီး အိမ်ထောင်တစ်စုလျှင် တစ်နှစ်လျှင် အနည်းဆုံး ဖျာအသစ် ၂ချပ်/၃ချပ် ဝယ်ယူလေ့ရှိကြသည်။

     စက်မှုနည်းပညာဖြင့် ထုတ်လုပ်ထားသော ပလတ်စတစ်ဖျာများ၊ ဖော့ဖျာများ၊ ပလတ်စတစ် ကော်ဇောများ၊ ဖယောင်းဖျာများ စသည်ဖြင့် ဈေးကွက်သို့ ဝင်‌ရောက်လျက်ရှိပါသည်။ မည်သို့ပင် ဖြစ်စေ ဝါးဖြင့်ရက်လုပ်သော ဝါးနှီးဖျာများသည် သဘာဝအအေးဓာတ်ကို ပေးနိုင်စွမ်းရှိသဖြင့် ကျေးလက်နေတောင်သူများကတော့  ဝါးနှီးဖျာများကို နှစ်ခြိုက်စွာ သုံးစွဲနေလျက်ရှိရာ ဝါးနှီးဖျာရက်လုပ်သည့် လုပ်ငန်းသည်လည်း တိမ်ကောပပျောက်ခြင်းမရှိဘဲ နှစ်စဉ်ရက်လုပ်ရောင်းချနေရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)