နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးကို အဓိကစိန်ခေါ်နေသောပြဿနာတစ်ရပ်မှာ အဂတိလိုက်စားမှုပင်ဖြစ်သည်။ နိုင်ငံ၏အုပ်ချုပ်ရေးယန္တရားကို အဓိကအနှောင့်အယှက်ပေးနေသောအရာလည်းဖြစ်သည်။ "ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်" ဟူသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏အုပ်ချုပ်ရေးယန္တရားအတွက် ဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းတိုင်းသည် အဂတိလိုက်စားမှုကင်းရှင်းရမည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် ယနေ့ထက်တိုင် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ တရားရေးရာကိစ္စရပ်များတွင် အာဏာပိုင်များအား လာဘ်ပေးလာဘ်ယူပြုခြင်းသည် ယနေ့ထက်တိုင်ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံဝန်ထမ်းများနှင့်စပ်လျဉ်း၍ လာဘ်ပေးလာဘ်ယူမှုလုပ်ဆောင်ခြင်းသည် ရောဂါဆိုးကြီးသဖွယ် အမြစ်တွယ်လျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်းများသည် ဘဝတိုးတက်ရေးအတွက် မျှော်လင့်ချက်မသေချာခြင်း၊ လုံလောက်သောလစာမရရှိခြင်း၊ အရည်အချင်းပြည့်ဝနေရန် အစဉ်အမြဲကြိုးစားအားထုတ်လေ့လာမှုမရှိခြင်း (သို့) နည်းပါးခြင်း၊ လူမှုစောင့်ရှောက်ရေးစနစ်မပြည့်စုံခြင်း စသည်တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းအားနည်းချက်များကိုဖြစ်ပေါ်စေပြီး အဂတိလိုက်စားမှုဟူသည် အကျင့်စရိုက်ကို တဖြည်းဖြည်းရှင်သန်ကြီးထွားလာစေသည်။
အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုအဟန့်အတားဖြစ်စေ၍ ကိုယ်ကျင့်တရားပျက်ယွင်းခြင်းဖြစ်သကဲ့သို့ အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့်ရာဇဝတ်မှုလည်းဖြစ်ပါသည်။ အဂတိလိုက်စားမှုကြောင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးလာနိုင်ပြီး မျှတမှုရှိသည့်ယှဉ်ပြိုင်လိုစိတ်များလျော့နည်းလာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေးများပါကျဆင်းလာပြီး နိုင်ငံတိုးတက်မှုကိုလည်းနောက်ကျစေပါသည်။
နိုင်ငံတော်အစိုးရကလည်း ဘက်ပေါင်းစုံမှ အကျင့်ပျက်အဂတိလိုက်စားမှုများကို ဖယ်ရှားရှင်းလင်းရန်ကြိုးပမ်းလျက်ရှိပါသည်။ သို့ရာတွင် ဝန်ထမ်းများ၏အဂတိလိုက်စားမှုကို တိုက်ဖျက်ဆောင်ရွက်ရာ၌ အဓိကအချက်ဖြစ်သော လုပ်ခလစာလုံလောက်မှုရှိစေရေး၊ တိကျရှင်းလင်းသောစနစ်၊ ခိုင်မာပြတ်သားသောအရေးယူမှုများဆောင်ရွက်ရမည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကော်မရှင်အဖွဲ့ဝင်များအား ပြည့်ဝသောလုပ်ပိုင်ခွင့်နှင့် ပြည့်ဝသောအကာအကွယ်များပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)မှ ဝန်ထမ်းတစ်ဦးချင်းလိုက်နာရမည့် ကျင့်ဝတ်(၁၂)ပါးထဲတွင် ဝန်ထမ်းသည် လာဘ်ပေးလာယူမှုကင်းရှင်းရမည်၊ အဂတိလိုက်စားမှု ရှောင်ကြဉ်ရမည်ဟု ပါရှိပါသည်။ ထို့ပြင် ဝန်ထမ်းတိုင်းသည် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရာတွင်လည်းကောင်း၊ တာဝန်အရ ဆောင်ရွက်ရာတွင်လည်းကောင်း ပြည်သူလူထုထံမှ ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကိုတောင်းခံခြင်းမပြုဘဲ ဆောင်ရွက်ပေးရမည်။
ဝန်ထမ်းများသည် ယုံကြည်စွာအပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို အဂတိလိုက်စားရာ၌ အသုံးမချသင့်ပါ။ ဝန်ထမ်းတစ်ဦးတစ်ယောက်အနေဖြင့် လာဘ်ပေးလာဘ်ယူမှုပြုလုပ်ပါက နိုင်ငံတော်နှင့်အုပ်ချုပ်သူအစိုးရအပေါ် ပြည်သူလူထုအနေဖြင့် ယုံကြည်မှုကင်းမဲ့လာနိုင်ပါသည်။ ဝန်ထမ်းတိုင်းသည် နိုင်ငံတော်၏ကိုယ်စား လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရသည့် ပုံရိပ်များဖြစ်သည့်အတွက် ပြည်သူလူထု၏ယုံကြည်မှုကို တန်ဖိုးထားလေးစားရပါမည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်(၃)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲတွင်ပါဝင်သည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုဂရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုဂရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပြည်သူလူထု၏ယုံကြည်မှုရရှိရန် အထူးလိုအပ်ပါသည်။ ပြည်သူလူထု၏ယုံကြည်မှုရရှိမှသာ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ဝန်ထမ်းတိုင်းသည် ရာထူးကြီး၊ ရာထူးငယ်နှင့်ဘွဲ့ထူး/ဂုဏ်ထူးများ မည်သို့ပင်ကွဲပြားခြားနားနေစေကာမူ နိုင်ငံတော်အတွက် သူ့နေရာနှင့်သူ အရေးပါအရာရောက်သူများဖြစ်ကြပါသည်။ အဂတိလိုက်စားမှုကင်းရှင်း၍ ရိုးသားကြိုးစားစေချင်ပါသည်။ မည်သည့်အကြောင်းကြောင့်နှင့်မျှ နိုင်ငံတော်အပေါ် သစ္စာမပျက်စေချင်ပါ။ နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမည့်လုပ်ရပ်များမပြုစေချင်ပါ။ ဝန်ထမ်းများအဂတိလိုက်စားပါက နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးယန္တရားတိုးတက်မှုများနှောင့်နှေးကာ ပြည်သူလူထု၏လူမှုစီးပွားဖွံဖြိုးတိုးတက်မှုများလည်း နောက်ကျကျန်ရစ်ခဲ့မည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်အနေဖြင့် နီးစပ်သူများအား ဘက်မလိုက်ရေးသတိပြုရန်၊ မည်သည့်နောက်ခံအသိုင်းအဝိုင်းကဖြစ်စေ ဝန်ထမ်းလောကသို့ရောက်ရှိလာပါက အဂတိလိုက်စားမှုများမပြုလုပ်ရန် လမ်းညွှန်ထားပါသည်။
ဝန်ထမ်းများအနေဖြင့် အဆိုပါအချက်များကို ပပျောက်အောင်မလုပ်နိုင်ပါက ဝန်ထမ်းကောင်းဟုမဆိုနိုင်ချေ။ အဂတိတရား(၄)ပါးရှိနေသည့်ဝန်ထမ်းသည် မည်သို့ပင် သင်တန်းများတက်ရောက်ပြီးမြောက်အောင်မြင်နေစေကာမူ နိုင်ငံတော်နှင့် ဌာနအတွက် ဝန်ထမ်းကောင်းဟုမခေါ်ဆိုနိုင်ပေ။ ဝန်ထမ်းများသည် မိမိအားပေးအပ်သည့်အမိန့်နှင့် တာဝန်များကို စေတနာအရင်းခံဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။ လုပ်ငန်းခွင့်အတွင်း တွေ့ကြုံရမည့် အခက်အခဲ၊ အတိုက်အခိုက်များအပေါ် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အဂတိတရားကင်းရှင်းစွာရင်ဆိုင်နိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်းရှိအောင် လေ့လာသင်ယူဖို့လိုအပ်ပါသည်။
ဝန်ထမ်းများသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်ကိုခံစားနေရသူများဖြစ်၍ မိမိလိုလားသောအခြေအနေတစ်ရပ်ဖြစ်လာခြင်း/ ဖြစ်မလာခြင်းအပေါ် ဘေးထိုင်၊ ဘုပြောနေမည့်အစား နိုင်ငံတော်၏ဦးတည်ချက်၊ ရည်မှန်းချက်များအကောင်အထည်ဖော်ရာတွင် "အုပ်ကောင်းတစ်ချပ်၊ သဲဖြူတစ်ပွင့်" အနေဖြင့် ကျရာအခန်းကဏ္ဍမှ အင်အားဖြစ်စေချင်ပါသည်။ "အဂတိကင်းကွာ ပြည်သာယာ" ဟူသည့် စကားပုံအတိုင်း ဝန်ထမ်းများသည် အဂတိလိုက်စားမှုများကိုရှောင်ကြဉ်၍ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။
DOCA(ကယား)