သိမှတ်ဖွယ်ရာဆီးဖြူပင်အကြောင်းနှင့် ဆီးဖြူသီး၏ အကျိုး‌ကျေးဇူးများ

Powered by Drupal
Wed, 08/30/2023 - 11:30 -- consumer_admin

      ဆီးဖြူပင်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေရာတိုင်း၊ ဒေသတိုင်း၌ ပေါက်ရောက်တက်ပြီး လူတိုင်းသိသော အပင်တစ်မျိုးဖြစ်သည်။ ဆီးဖြူပင်ကို အထက်မြန်မာပြည်နှင့် သမအ‌အေးပိုင်းဒေသတို့၌ အမြောက်အမြား ပေါက်ရောက်ပြီး အပူပိုင်းဒေသမှာဆိုလျှင် ရေငတ်အခံနိုင်ဆုံး စီးပွားဖြစ် အပင်တစ်မျိုးထဲတွင် ပါဝင်ပါသည်။ ဆီးဖြူပင်များကို သဘာဝအလျောက်ပေါက်ခြင်းဖြင့်လည်းကောင်း၊  စိုက်ပျိုးခြင်းဖြင့်လည်းကောင်း ပေါက်ရောက်နိုင်ပါသည်။

      ဆီးဖြူပင်သည် အပင်ကြီးမျိုး (သို့) အပင်လတ်စားမျိုးဖြစ်သည်။ ဆီးဖြူပင်၏ အမြင့်သည် ပေ(၃၀)ခန့်အထိမြင့်ကာ ပင်စည်မှ သစ်ခေါက်သည် အကြေးများကွာနေသကဲ့သို့ရှိပြီး သစ်ခေါက်ရောင် မှာ ရေညိုရောင် အပွေးအခေါက်များရှိပါသည်။ ဆီးဖြူပင်၏ မျိုးရင်းအမည်မှာ “ကြက်ဆူမျိုးရင်း” ဖြစ် ပြီး ရုက္ခဗေဒလိုအားဖြင့် “ဖိုင်လင်သပ် အင်ဗလိကာ” ဟုလည်းခေါ်ပါသည်။ ဆီးဖြူပင်ကို သိပ္ပံအမည် အရ Ribes UVA-Crispa လို့ခေါ်ပါသည်။ ဆီးဖြူပင်ကို စိုက်ပျိုးရာတွင် အစေ့မှ မျိုးပွားယူစိုက်ပျိုးခြင်း၊ အကိုင်းကိုဖြတ်၍ စိုက်ပျိုးခြင်းနှင့် မြေထုပ်စည်း၍ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးနိုင်သည်။ ဆီးဖြူပင်မှ ထွက်ရှိသော ဆီးဖြူသီး၊ ဆီးဖြူအရွက်နှင့် ဆီးဖြူအစေ့တို့မှာ အများဆုံးအသုံးပြုကြပြီး ၎င်း၏ အခေါက်၊အပွင့်၊ အမြစ်အားလုံးတို့သည်လည်း သူ့နေရာနှင့်သူ ဆေးဖက်ဝင်ပါသည်။

     ဆီးဖြူသီးကို အင်္ဂလိပ်လို Gooseberry လို့ခေါ်၍ ဆီးဖြူသီးအမျိုးပေါင်းများစွာရှိပြီး လူအများ စားသုံးလေ့ရှိသော ဆီးဖြူသီးမှာ Alma လို့ခေါ်သော Indian Gooseberry အမျိုးအစားဖြစ်ပါသည်။ ဆီးဖြူသီးသည် အသားပေါ့၍ လုံးဝန်းပြီး တပေါင်းလ၊ တခူးလများတွင် အသီးစတင်သီးပါသည်။ ဆီးဖြူသီးသည် အလုံးအကြီး၊ အသေးပေါ်မူတည်၍ အချဉ်ဓါတ်၊ အဖန်ဓါတ် အနည်းငယ် ကွဲပြားမှု ရှိပါသည်။ ဆီးဖြူသီးကို အိန္ဒိယမှာ “သျှိသျှားသီး” လို့ခေါ်ဝေါ်ကြပြီး အခြားဒေသများမှာလည်း ထိုနာမည် အတိုင်းပင်ခေါ်ဝေါ်လေ့ရှိကြသည်။ မဟောသဓာ ဇာတ်တော်လာ နွားခိုးအမှုမှာ နွားကို ဝမ်းသွားစေရန်အတွက် “ရှစ်ရှားရွက်” ကျွေးသည့်အရွက်မှာလည်း “သျှိသျှား” လို့ခေါ်တဲ့ ဆီးဖြူသီးပင်၏ အရွက်ဖြစ်ပါသည်။

   ဆီးဖြူသီး၏ပုံစံမှာ လုံးဝန်း၍ အမြှောင်း (၆)မြှောင်းပါရှိပြီး သူ၏အစေ့မှာ သုံးထောင့်ချွန်ပုံစံ ရှိပါသည်။ ဆီးဖြူသီးသည် အစိမ်းဖျော့ရောင်ရှိပြီး အတွင်းရှိအစေ့မှာ အစိမ်းရင့်ရောင်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အသီးများစွာရှိသည့်အနက် အထူးခြားဆုံးသစ်သီးများကို ရှာဖွေရာတွင် ဆီးဖြူသီး၊ ဖန်ခါးသီး၊ သစ်ဆိမ့်သီး ဟူသော အသီးသုံးမျိုးကို တွေ့ရှိခဲ့ပါသည်။ ၎င်းအသီး(၃)မျိုးကို ပါဠိလို “တြိဖလ” ဟုခေါ်ပြီး မြန်မာလို “ကတ်ဖိုလ်” ဟုခေါ်ကြသည်။ ထို့အပြင် ဆီးဖြူသီးကို ထူးခြားစွာ “ရသာယန” အသက်ရှည်သီးဟု မြန်မာ့ရိုးရာတစ်လျှောက်မှာ ပညာရှင်ကြီးတွေက မြင်တော်မူကြ လေသည်။ ဆီးဖြူသီး၌ တေဇောသတ္တိ ကိန်းအောင်းနေသောကြောင့် အသက်ကိုရှည်စေရာ၌ အမြတ်ဆုံးအသီးပင်ဖြစ်ပါသည်။

    ကျွန်ုပ်တို့ ကိုးကွယ်နေသော မြတ်ဗုဒ္ဓသည် ဝိကာလဘောဇနာ သိက္ခာပုဒ်ကိုသတ်မှတ်ပညက် ရာ၌ ဆီးဖြူသီးသည် အာဟာရသဘောတွင်သာမက  ဆေးသဘောပါ ပါဝင်သည်ဖြစ်သောကြောင့် နေလွဲသောအချိန်(မွန်းတည်ချိန်ကျော်ချိန်)၌ ဆေးအနေဖြင့် အသုံးပြုနိုင်ရန် ခွင့်ပြုတော်မူခဲ့လေသည်။ ဗိန္ဒောဆရာများက ရောဂါမျိုးစုံအတွက် ဆေးစပ်ရာ၌ ဆီးဖြူသီးကို နည်းအမျိုးမျိုးနှင့် အသုံးပြုကြပါသေးသည်။ ဆီးဖြူသီးတွင် အငန်အရသာမှတစ်ပါး ကျန်သောအရသာဖြစ်သော အချို၊ အဖန်၊ အခါး၊ အချဉ် အရသာများ အချိုးတကျ ထူးခြားစွာပါဝင်နေသောကြောင့် အမျိုးမျိုးသော ဆေးဖတ်တို့တွင် အသုံးပြုခြင်း၊ သာမန်သိသော သူတို့က နှုတ်မြိန်စေရန်စားသုံးခြင်း၊ အတို့အမြှပ်အဖြစ် စားသုံးခြင်း၊ ဆီးဖြူးသီးကို ပေါင်းပြီး သနပ်လုပ်စားခြင်း၊ အရန်ဟင်းအဖြစ် အသုံးပြုခြင်း၊ အခုနောက်ပိုင်းမှာဆိုရင် ဆီးဖြူးသီးကို ဖျော်ရည်လုပ်သောက်ကြခြင်းဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆီးဖြူးသီးကို မစားဖူးတဲ့သူ အရမ်းနည်းပါသည်။ ဆီးဖြူးသီးကို အစာသဘော၊ ဆေးသဘော (၂)မျိုး စလုံးအသုံးပြုလို့ရပါသည်။

     ဆီးဖြူသီးကို အကြောင်းအမျိုးမျိုးနှင့် စားသုံးဖြစ်ကြပါသည်။ ဆီးဖြူသီးသည် လိမ္မော်သီးထက် ဗီတာမင်စီ ပိုပြီးပြည့်ဝစွာပါဝင်ပါသည်။ ထို့ကြောင့် ဆောင်းရာသီမှာ ကိုယ်ခံအားစနစ်ကောင်းမွန်စေရန် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရဓါတ်ပြည့်ဝသည့် ဆီးဖြူသီးကို တစ်နေ့တာစားသုံးသင့်သည့် အစားအစာမှာ ပါဝင်သင့်ပါသည်။ ဆီးဖြူသီးစားသုံးခြင်းသည် သာမန်လူတွေ၏ ကျန်းမာရေးအတွက် များစွာအကျိုးပြုပေးမယ့် အစာအိမ်မှာ အက်ဆစ်ဓါတ်များသောသူ၊ သွေးရောဂါရှိသောသူ၊ ခွဲစိတ်ကုသမှုခံယူရမည့်သူ၊ သွေးအတွင်းသကြားဓါတ်နည်းသောသူ၊ ကိုယ်ဝန်သည် (သို့)နို့တိုက်မိခင် များ၊ ဦးရေပြားခြောက်သောသူနှင့် အသားအရေခြောက်သောသူများ စားသုံးလိုပါက ဆရာဝန်(သို့) ကျွမ်းကျင်သည့် ဆရာသမားများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ စားသုံးသင့်ပါသည်။

    ဆီးဖြူသီးမှာ အမျှင်ဓါတ်၊ သံဓါတ်၊ ဗီတာမင်စီဓါတ်နှင့် အင်တီအောက်ဆီးဒန့်(ခေါ်) ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးကို လွန်စွာ ထောက်အကူပြုပါသည်။ ဆီးဖြူသီးစားသုံးခြင်းဖြင့် အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သောရောဂါများဖြစ်သော အ‌အေးမိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ လေပြွန်ရောင်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါများ ဖြစ်လျှင် ဆီးဖြူသီးကို မကြာခဏ စားပေးမယ်ဆိုရင် လျော့ပါးသက်သာစေပါသည်။ ထို့အပြင် နှလုံးကို ကျန်းမာစေနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေးခြင်း၊ အမျှင်ဓါတ်ပါဝင်မှုကြောင့် ဝမ်းမှန်စေခြင်း၊ လေဖြတ်ရောဂါဖြစ်နိုင်ခြေနည်းအောင် ကာကွယ်ပေးခြင်း၊ အစာကို ကြေလွယ်ခြင်း၊ ဆီး၊ ဝမ်းမီးကို တောက်စေခြင်း၊ အပူးကိုငြိမ်းစေခြင်း၊ ဒေါသ(၃)ပါးဖြစ်သော (လေ၊ သည်းခြေ၊ သလိပ်)အပြစ်ဖြစ်မှုကို ပယ်ဖျောက်တက်သည်ဟု မြန်မာဆေးကျမ်းများတွင် ဖော်ပြထားပါသည်။

     ဆီးဖြူသီးသည် ဖန်သောအရသာပါဝင်မှုကြောင့်၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော တေဇော၊ ဝါယော နှစ်မျိုးတို့၏ လွန်ကဲမှုကြောင့်ဖြစ်ရသော သွေးအန်ရောဂါ၊ သွေးလျှံရောဂါ၊ မီးယပ်သွေးသွန် ရောဂါစသည်ဖြင့် သွေးရောဂါအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတတ်ပြီး ဆီးဖြူးသီးစားသုံးပြီးသော် သွေးသည် ‘‘စင်ကြယ်သောသွေး’’ တို့သာ ဖြစ်သွားပေသည်။ “စရဏသံဟိတာဆေးကျမ်း” တွင်မူ ကမ္ဘာလောက၌ ရှိရှိသမျှသစ်သီးတို့တွင် အရွယ်ကိုတင်စေပြီး အသက်ကိုရှည်စေရာ၌ ဆီးဖြူ သီးသာလျှင် အမြတ်ဆုံးဖြစ်သည်ဟုဖော်ပြထားပေသည်။

   ဆီးဖြူသီးသည် စိုးရိမ်ပူပန်မှုလွန်ကဲခြင်းကိုသက်သာစေခြင်း၊ မှတ်ဉာဏ်ကိုကောင်းစေခြင်း၊ ပျားရည်နှင့်ရော၍ သောက်ပါက နာတာရှည်ချောင်းခြောက်ဆိုးခြင်းကိုလည်း သက်သာစေခြင်း၊ခေါင်းကိုက်ခြင်း၊ အမျိုးသမီးများ ဆံပင်နှင့် ဦးရေပြားဗောက်ထခြင်း၊ အဖြူဆင်းခြင်း၊ လေနာဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ဆီးဖြူသီးအရည်ကို သကြားနည်းနည်းထည့်ပြီးသောက်ပါက သက်သာစေခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာစေခြင်း စသည်များ လျော့ပါးသက်သာစေသည် ဟုသိရပါသည်။

    ဆီးဖြူပင်၏ အကိုင်းမှထွက်သော အခက်ကလေးများသည် ၄ လက်မမှ ၈ လက်မခန့်အထိ ရှည်သည်။ အရွက်များသည် လက်မဝက်ခန့်ရှိ၍ ထူထပ်စွာ အရွက်ထွက်ကြပြီး အရွက်မှာ ငှက်မွှေး ရွက်ပေါင်းဖြစ်၍ ရွက်လွှဲထွက်တက်သည်။ ရွက်မြွှာများ ၅၀-၆၀ခန့်ထိ ပါရှိ၍ သေးငယ်ပြီး မျက်နှာချင်း ဆိုင်ခပ်စိပ်စိပ်ထွက်၏ ဆူးပုပ်ရွက်နှင့် တူသော်လည်း ဆူးပုပ်ရွက်ထက် ရွက်ပြားပိုကြီးပြီးရှည်၏။ ထို့အပြင်မန်ကျည်းရွက်နှင့်လည်းတူ၏ “အပွင့်” အရောင်မှာ ဖက်ဖူးရောင်(သို့)စိမ်းဝါရောင်ဖြစ်သည်။ အဆုပ် လိုက်ပွင့်၍ “ပြာသိုလနှင့် တပို့တွဲလ” တို့တွင် ပွင့်သည်။

   ဆီးဖြူရွက်ကို ရေနှင့် ၃ခွက် ၁ခွက်တင်ကျိုချက်၍ ရရှိသောအရည်ကို ပလုတ်ကျင်းပေးသော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ အာပေါက်ခြင်းများကို ခဏချင်းပျောက်ကင်းစေသည်။ က‌လေးများ၌ ဖြစ်တက်သော (ကျဗဟုံနာ)အတက်နာများတွင် ဆီးဖြူရွက်ကို ကျွမ်းအောင်လှော်၍ အုန်းဆီနှင့်ရော၍ လိမ်းပေးပါက ပျောက်ကင်းစေပါသည်။ ထို့အပြင် အရွက်လှော်ကို မီးလောင်နာ၊ ရေနွေးပူ လောင်သောအနာများပေါ်တွင် အမှုန့်လုပ်၍ ဖြူးပေးပါက သက်သာစေပါသည်။ ဝမ်းသက်ခြင်းနှင့် အစာမကြေခြင်းများအတွက်လည်း ဆီးဖြူရွက်နုများကို ပုန်းရည်နှင့်ရော၍ စားသုံးပါက သက်သာစေ ပါသည်။

    ဆီးဖြူအစေ့သည်အစိမ်းရင့်ရောင်ရှိပြီး ဆီးဖြူအစေ့ကို ထုထောင်း၍ ချေပြီးရေနွေးနှင့် ပြုတ်၍ မျက်စိကို ဆေးကြောပေးလျှင် မျက်စိ၌ဖြစ်တက်သောရောဂါများ ပျောက်ကင်းသက်သာစေနိုင်ပါသည်။ အမျိုးသမီးများတွင် ဖြစ်တက်သော မီးယပ်ဖြူဆင်းရောဂါ၌ ဆီးဖြူစေ့ကို ရေနှင့် သွေးပြီး ပျားရည်၊ သကြားတို့နှင့် ရောစပ်ပြီး သောက်ပေးပါက သက်သာစေနိုင်ပါသည်။

     ဆီးဖြူပင်မှ ဆီးဖြူသားသည် မီးသွေးဖုတ်ရာတွင်အခြားသစ်သားတွေနှင့်အတူ ဆီးဖြူသားပါ သွားခဲ့လျှင် အခြားသစ်သားတွေပါမီးသွေးမဖြစ်ခြင်း၊  ကောက်ညှင်းပေါင်းပေါင်းရာ၌ ဆီးဖြူကိုင်းနှင့် အိုးကို ထိုးမွှေမိမယ်ဆိုရင် ကောက်ညှင်းမနပ်တော့ခြင်း၊ သေသောသူကို မီးသဂြိုလ် ရာမှာလည်း ထင်းထဲမှာ ဆီးဖြူသားပါသွားခဲ့ရင် ထိုအလောင်းကို မီးမလောင်ခြင်း၊ “မြွေဆေး” ပြီးဆေးထိုးသူ တွေဟာ ဆီးဖြူသီးကို မစားရသလို ဆီးဖြူပင်အောက်မသွားရဟု တားမြစ်ချက်ရှိခြင်း စသည်တို့သည် ဆီးဖြူပင်၏ တမူထူးခြားသော အချက်များဖြစ်သည်။ ထို့အပြင် တောင်သူလယ်သမားတွေဟာ မြွေပေါသော လယ်ယာမြေများတွင် ဆီးဖြူသီးကို ကြဲဖြန့်ပြီး “ခန္ဓသုတ်” ရွတ်ဖက်ကာ လယ်ယာ လုပ်ငန်းလုပ်ကိုင်ကြရာ သိဒ္ဓိပြီးမြောက်အောင် စီမံကြခြင်းဖြစ်တယ်လို့ ထူးခြားစွာဆိုပြန်ပါသည်။

     ထိုသို့ ဆီးဖြူသီး၏ ဂုဏ်သတ္တိများ၊ အသုံးဝင်ပုံများ၊ ထူးခြားချက်များကို မှတ်သားထားပြီး လိုက်နာကျင့်သုံးကြခြင်းဖြင့် ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ အနာရောဂါတို့မှ ကင်းဝေးခြင်းစသော အကျိုးကျေးဇူးတို့ကို ရရှိစေခြင်းအကျိုးငှာ ဆီးဖြူပင်နှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ရေးသားတင်ပြလိုက်ပါသည်။

DOCA(မကွေး)