စစ်ကိုင်းတိုင်းဒေသကြီး၏ နာမည်ကျော်ကြား ဈေးကွက်ဝင် ရွှေဘိုပေါ်ဆန်းဘေးကြား

Powered by Drupal
Wed, 08/30/2023 - 13:29 -- consumer_admin

  မြန်မာနိုင်ငံသည် တောတောင်ရေမြေနှင့် ရာသီဥတုအနေအထားကောင်းမွန်ပြီး စိုက်ပျိုးမြေပေါကြွယ်ဝသည့်အလျောက် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဖြစ်ပြီး ရွှေဘိုခရိုင်အား ဆန်စပါးစိုက်ပျိုးမှု၌ စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် တင်စားနိုင်ပါသည်။ ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်၌  ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်၊ စုစုပေါင်း(၆)မြို့နယ်ရှိပြီး ၎င်းမြို့နယ်(၆)မြို့နယ်၏ သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက(၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်းကျော်ထိ တိုးတက်စိုက်ပျိုးလာကြောင်းသိရသည်။ ရွှေဘိုပေါ်ဆန်းစပါးသည် ရွှေဘိုဒေသ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီမှုရှိခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်ထုတ်လုပ်ဖြန့်ဖြူးလာခြင်းတို့ကြောင့် တင်ပို့ရောင်းချသူများက ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရပါသည်။

  ထိုသို့ချဲ့ထွင်နိုင်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများနှင့်ပူးပေါင်း၍  အထွက်နှုန်းနှင့် အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့်စပါးများကိုရွေးချယ်စိုက်ပျိုးခြင်း၊ ဈေးကွက်ခိုင်မာသောစပါးမျိုးကို ပြောင်းလဲစိုက်ပျိုးခြင်း၊ အဆင့်မြင့်လယ်ယာများဖော်ထုတ်ခြင်း၊ သိပ္ပံနည်းကျ(GAP)စနစ်ဖြင့်စိုက်ပျိုးခြင်း စသည့်နည်းလမ်းများကို လိုက်နာအကောင်အထည်ဖော်၍ မြန်မာ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ရွှေဘိုပေါ်ဆန်းကို ဦးစားပေးစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်း စတင်စိုက်ပျိုးခဲ့သည့် နောက်ခံသမိုင်း

     ရွှေဘို‌ပေါ်ဆန်းကို (၁၉၉၇-၁၉၉၈) ခုနှစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ တောင်သူ ဦးထွန်းရီ၊ ဒေါ်ကြည်ညွန့်တို့က ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တန်းမြို့နယ်၊ ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး(၄)ပြည်ယူဆောင်ခဲ့ပြီး ၎င်းလယ်မြေတွင် စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ ပြည်သူများသည် စားသုံးသည့်ဓလေ့မတူကြသောကြောင့် ပထမတွင် တောင်သူကြိုက်နှစ်သက်မှုနည်းပါးသော်လည်း နှစ်အနည်းငယ်ကြာမှ ဒေသရေမြေ၊ ရာသီဥတုတို့နှင့်ကိုက်ညီမှုရှိလာကာ စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက်နှုန်းသင့်တင့်ခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်း၊ ဒေသတွင်းဘာသာရေး၊ လူမှုရေးပွဲများတွင် ပေါ်ဆန်းဘေးကြားဆန်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ရာမှစ၍ လူကြိုက်များလာသည့်အပြင် ရွှေဘိုဒေသတွင်စိုက်ပျိုးသည့် အခြားသောစပါးမျိုးများထက် ဈေးနှုန်းပိုမိုရရှိခြင်းတို့ကြောင့် ဒေသခံတောင်သူများ စိတ်ဝင်စားမှုရှိလာကာ တောင်သူအချင်းချင်း မျိုးဖလှယ်၍ စိုက်ပျိုးခဲ့ရာမှ တဖြည်းဖြည်း စိုက်ဧကတိုးတက်လာကြောင်း လေ့လာသိရှိရသည်။

     (၂၀၀၂-၂၀၀၃) ခုနှစ်တွင် ပေါ်ဆန်းဘေးကြားဆန်ကို မိုးကုတ်ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကွက်စတင်ဖြစ်ထွန်းခဲ့ပြီး ရွှေဘိုမြို့ရှိ ဆန်ကုန်သည်များက စတင်ဝယ်ယူခဲ့ကြသည်။ ထိုအချိန်၌ စိုက်ပျိုးသောပေါ်ဆန်းဘေးကြားစပါးမျိုးများမှာ မျိုးကောင်းမျိုးသန့်မဟုတ်သဖြင့် ဆန်အရည်အသွေးနိမ့်ကျခြင်း၊ ဆန်နီများပါဝင်ခြင်း၊ ဆန်စက်များသည် အဆင့်မမီသောကြောင့် ဆန်ဈေးကွက်တွင် ဈေးကောင်းမရရှိခဲ့ပါ။ (၂၀၀၄-၂၀၀၅) ခုနှစ်၊ မိုးစပါးရာသီတွင် ရွှေဘိုမြို့နယ်၊ ချီပါမျိုးသန့်ခြံတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဌာနမှ ပေါ်ဆန်းဘေးကြားအဆင့်တစ် တင်း(၆၀) သယ်ယူ၍မျိုးပွားခြင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်းစိုက်ပျိုးပြီး မျိုးပွားအောင်ဆောင်ရွက်ခြင်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ ထွက်ရှိလာသောမျိုးစပါးပမာဏသည် ဒေသတွင်းလုံလောက်မှုမရှိသဖြင့် (၂၀၀၅-၂၀၀၆)ခုနှစ်၊ မိုးစပါးရာသီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သရောင်းချောင်းရှိ မျိုးသန့်ခြံမှ ပေါ်ဆန်းဘေးကြား(၁၅၀) တင်း၊ ဖျာပုံမြို့နယ်၊ အောက်ကွင်းကြီးစိုက်ကွင်းမှ ပေါ်ဆန်းရင်မျိုးသန့် အဆင့်တစ်(၁၅)တင်း  စပါးမျိုးတို့ကိုသယ်ယူ၍ အကျိုးဆောင်တောင်သူများနှင့် မျိုးစပါးထုတ်လုပ်မှုဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ (၂၀၀၆-၂၀၀၇)ခုနှစ်၊ နောက်ပိုင်းကာလများတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနမှ စပါးမျိုးများမှာယူပြီး ရွှေဘိုမြို့နယ်၊ ချီပါမျိုးသန့်ခြံတွင် နှစ်စဉ် ပေါ်ဆန်းဘေးကြားမျိုးကောင်းမျိုးသန့်များထုတ်လုပ်ဖြန့်ဖြူးခဲ့ကြောင်း သိရပါသည်။

 ရွှေဘိုပေါ်ဆန်းဘေးကြားစပါးသည် ဒေသတွင်းရှိ တောင်သူအချင်းချင်း စပါးမျိုးဖလှယ်သည့် စနစ်အရလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ ချီပါမျိုးသန့်ခြံမှ မျိုးပွားပြီးဖြန့်ဖြူးပေးမှုအရလည်းကောင်း၊ ရွှေဘိုမြို့နယ်တွင်သာမက ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည့်မြို့နယ်များထိ စိုက်ပျိုးမြေဧရိယာတိုးတက်လာပါသည်။ ပေါ်ဆန်းဘေးကြားစပါးမျိုးသည် ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်အဖြစ် ထင်ရှားလာပြီး (၂၀၀၆-၂၀၀၇)ခုနှစ်ခန့်က မန္တလေးဈေးကွက်၌ “ရွှေဘိုပေါ်ဆန်း” အဖြစ် ဈေးကွက်ဝေစုရရှိခဲ့ရာ ယခုအချိန်၌ ရွှေဘိုပေါ်ဆန်းဆန်ကို မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

ရွှေဘို‌ပေါ်ဆန်းစပါးနှင့်ဆန်တို့၏ ထူးခြားကောင်းမွန်သော လက္ခဏာများနှင့်အရည်အသွေး

   ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်တို့၏ ထူးခြားကောင်းမွန်သော လက္ခဏာများနှင့်အရည်အသွေးများမှာ‌ ဒေသ၊ရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသောကြောင့် စပါးအထွက်ကောင်းခြင်း၊ စပါးအလေးချိန်စီး၍ အနှစ်ပြည့်ဝခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန်ရည်/ဆန်သားကောင်းမွန်ခြင်း၊ မျိုးကွဲပါဝင်မှုနည်းပြီး ဆန်နီပါဝင်မှုကင်းစင်သဖြင့် ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ ဆန်ကိုချက်ပြုတ်ရာတွင် အမြင်လှပပြီး ထမင်း၏အလျားရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ နူးညံ့ပျော့ပျောင်းသဖြင့် စားသုံးမှုကောင်းခြင်း၊ အနံ့မွှေးခြင်းနှင့် ကျန်သည့်ထမင်းကြမ်းသည် အစိုမပျံ၊ အရည်မထွက်၊ အစေးမ‌ပေါက်၊ ကွဲအက်မှုမဖြစ်ခြင်းအပြင် မာကျောမှုမရှိသဖြင့် နံနက်စာချက်ပြုတ်ထားသောထမင်းကို ညနေစာအထိ ကောင်းစွာစားသုံးနိုင်ခြင်း၊ စပါးပေါ်ချိန်မှ သိုလှောင်ချိန်ကာလအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရရှိသဖြင့် စပါးနှင့်ဆန်ဈေးကွက်တွင် အမြင့်ဆုံးဈေးဖြင့် ရောင်းချနေရကြောင်းသိရှိရသည်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့၊ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် “ ကမ္ဘာ့အကောင်းဆုံးဆန်  (World Best Rice) ”အဖြစ် ရွေးချယ်သတ်မှတ်ခံရပြီး ရွှေဘိုပေါ်ဆန်းဆန်ကို ပြည်တွင်းဈေးကွက်၌ အများဆုံးရောင်းချရပြီး ပြည်ပဈေးကွက်၌  “ မြန်မာ့ပုလဲ ” အမည်ဖြင့် ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရသည်။

  ပေါ်ဆန်းစပါးများတွင် ပေါ်ဆန်းရင်၊ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းတောင်ပျံ၊ ရွှေဘိုပေါ်ဆန်းဘေးကြား စသည်ဖြင့် မျိုးအုပ်စုတူညီသော်လည်း စားသုံးမှုအရသာမှာ တစ်မျိုးနှင့်တစ်မျိုးမတူညီကြပါ။ အမိုင်းလို့စ်ပါဝင်မှုနည်းခြင်း၊ ထမင်းချက်ပြုတ်ရာတွင် အပူချိန်အနိမ့်အမြင့်၊ ဂျယ်လီဓာတ်အေးခဲမှု၊ ထမင်းသားရှည်ထွက်မှု၊ အမွှေးနံ့ပါဝင်မှုနှင့် နူးညံ့ပျော့ပျောင်း၍ စားသုံးရာတွင် ကောင်းမွန်မှု စသည့်အချက်များက အခြားဆန်များထက် ရွှေဘိုပေါ်ဆန်းဘေးကြားဆန်၏ အရည်အသွေးနှင့် ထူးခြားသည့်ဂုဏ်သတ္တိများပင်ဖြစ်ပါသည်။

စိုက်ဧက၊ အထွက်နှင့် ဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀၂၂-၂၀၂၃)ခုနှစ်တွင် မိုးစပါးစိုက်ဧကပေါင်း ၁၈၁၉၉၉၀ဧကနှင့် နွေစပါးစိုက်ဧကပေါင်း ၁၁၇၇၁၄ဧက၊ စုစုပေါင်းစိုက်ဧက ၁၉၃၇၇၀၄ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ စိုက်ပျိုးစပါးမျိုးများမှာ ဧရာမင်း၊ ရွှေဘိုပေါ်ဆန်းဘေးကြား၊ မနောသုခ၊ ဆင်းသုခ၊ ပုလဲသွယ်၊ ဆင်းသွယ်ရင်၊ ရွှေသွယ်ရင်၊ ရွှေဝါထွန်း၊ ဆင်းကရီ-၃၊ မှော်ဘီ-၂၊ IR 747 ၊ ရက် ၉၀၊ တောင်ယာ၊ ဧည့်မထနှင့် အခြားမျိုးများကိုစိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသည့်မျိုးမှာ ရွှေဘိုပေါ်ဆန်းဘေးကြားနှင့် ဧရာမင်းမျိုးတို့ဖြစ်ကြောင်းသိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုပေါ်ဆန်းဘေးကြားစိုက်ဧကစုစုပေါင်း ၃၅၅၆၂၇ဧကရှိသည့်အနက် ရွှေဘိုခရိုင်နှင့်ရေဦးခရိုင်တို့တွင် ရွှေဘိုပေါ်ဆန်းဘေးကြားစိုက်ဧက ၃၃၅၇၄၈ဧကစိုက်ပျိုးပြီး ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် (၈၁)တင်းခန့်ဖြစ်ကြောင်းသိရပါသည်။ ရွှေဘိုပေါ်ဆန်းဘေးကြားစပါးမျိုးသည် ရာသီစပါးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ဇူလိုင် (တတိယပတ်) ပျိုးထောင်စိုက်ပျိုးပါက အောက်တိုဘာ(တတိယပတ်)တွင် သန္ဓေကပ်ကာ နိုဝင်ဘာ (တတိယပတ်)တွင် ပန်းပွင့်၍ ဒီဇင်ဘာ (တတိယပတ်) တွင် ရိတ်သိမ်းနိုင်သဖြင့် သက်တမ်း (၁၅၀) ရက်ရှိပါသည်။ ယခင်နှစ်၊ စပါးပေါ်ချိန်၌ ရွှေဘိုပေါ်ဆန်းဘေးကြား တင်း၁၀၀လျှင် ပေါက်ဈေးနှုန်းမှာ ကျပ်တစ်ဆယ့်ခြောက်သိန်းငါးသောင်းမှ နှစ်ဆယ့်တစ်သိန်းငါးသောင်းအထိ၊ ဆန်တစ်အိတ် (၅၀ကီလို) လျှင် ကျပ်ငါးသောင်းရှစ်ထောင်မှ ကျပ်ရှစ်သောင်းအထိ ပေါက်ဈေးနှုန်းရှိခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ပေါက်ဈေးမှာ စပါးတင်း ၁၀၀လျှင် ကျပ်နှစ်ဆယ့်ကိုးသိန်းမှ ကျပ်သုံးဆယ့်ခုနှစ်သိန်းထိ၊ ဆန်(၅၀ကီလို)တစ်အိတ်လျှင် ကျပ်ကိုးသောင်းခြောက်ထောင်မှ ကျပ်တစ်သိန်းသုံးသောင်းအထိပေါက်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ရွှေဘိုပေါ်ဆန်းဘေးကြားဆန်များကို တိုင်းဒေသကြီးအတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်) စသည့် မြန်မာနိုင်ငံအနှံ့အပြားသို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

  သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသည့် နာမည်ကျော်ကြားသော ရွှေဘိုပေါ်ဆန်းဘေးကြားဆန်သည် နှစ်စဉ် ဝယ်လိုအားတိုးတက်မြင့်မားလာသည်နှင့်အညီ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှာလည်း နှစ်စဉ်တိုးမြှင့်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)