Languages

တရုတ်နိုင်ငံ ကွမ်ရှီကျွမ်းဒေသ၌ ဒေသတွင်းသစ်သီးဝလံ ကုန်သွယ်ရေးဗဟိုဌာနများ တည်ထောင်

Powered by Drupal

တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီကျွမ်း (Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရသည် ဝယ်လိုအားများပြားလာမှုနှင့်အတူ တရုတ်နိုင်ငံ၏ အာဆီယံနိုင်ငံများနှင့် သစ်သီးဝလံ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရန်အတွက် Chongzuo ၊ Nanning နှင့် Qinzhou ဒေသများတွင် တရုတ်-အာဆီယံ သစ်သီးဝလံ ကုန်သွယ်မှုဗဟိုဌာနများကို တည်ထောင်ခဲ့ကြောင်း မကြာသေးမီ က ထုတ်ပြန်ကြေညာခဲ့ပါသည်။ China News Service သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ ဗဟိုဌာနများကို တရုတ်-အာဆီယံ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဖြန့်ဖြူးမှုစင်တာဟု ခေါ်ဆို သော စီမံကိန်းအောက်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် အာဆီယံနိုင်ငံများအကြား ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းကြောင်းဆက်သွယ်ဆောင်ရွက် မှု တိုးတက်စေရန်အတွက် ရည်ရွယ်ကြောင်း သိရှိရပါသည်။

စီမံကိန်းအရ တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်မှု၊ ခင်းကျင်းပြသမှု၊ ငွေပေးချေမှု၊ ကုန်ပစ္စည်းသိုလှောင်မှု၊ ပြုပြင်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို အဆင့်အတန်းမြင့်မားစေရန်အတွက် သစ်သီးဖြန့်ဖြူးမှု၊ ကုန်သွယ်မှုနှင့် ပြုပြင် ထုတ်လုပ်မှုလုပ်ငန်းများပါဝင်သည့် ပြီးပြည့်စုံသောကုန်သွယ်မှုစနစ်တစ်ရပ်ကို ထူထောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အကဲဖြတ်လေ့လာသူများ၏ အဆိုအရ ကုန်သွယ်မှုဌာနများကို တည် ထောင်ခြင်းဖြင့် တရုတ်-လာအို မီးရထားလမ်းကို မှီခိုနေရသော လက်ရှိ သစ်သီးဝလံတင်သွင်းမှု၊ သယ်ယူပို့ဆောင်မှု ပြုလုပ်နေသည့်ကွန်ရက်ကို တိုးတက်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ စားသုံးသူများနှင့် အာဆီယံနိုင်ငံများမှ သစ်သီးကုန်သွယ်မှုပြုသူများအတွက် သယ်ယူပို့ဆောင်မှု စရိတ်များ လျော့ကျစေမည်ဖြစ်သဖြင့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂ဝ၂၃ ခုနှစ် ဇူလိုင်လ၌ တင်ပြသည့် China Media Group ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ရေလမ်း ကုန်သွယ်မှုစင်္ကြန်အသစ်ဖြစ်သည့် ကွမ်ရှီဒေသသည် ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်ကာလတွင် ပြည်ပကုန်သွယ်မှုတန်ဖိုး ယွမ် ၃၃၉.ဝ၇ ဘီလီယံ (ဒေါ်လာ ၄၆.၅ဝ ဘီလီယံ) ရှိခဲ့ပြီး နှစ်အလိုက် ၄၃.၂% တိုးတက်ခဲ့ကြောင်း၊ ၎င်း၏ အကြီးမားဆုံး ကုန်သွယ် ဖက်ဖြစ်သည့် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယွမ် ၁၆၁.၃၈ ဘီလီယံရှိခဲ့ပြီး နှစ်အလိုက် ၉၂.၆% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ကွမ်ရှီဒေသ ကနဦးလွတ်လပ်သော ကုန်သွယ်မှုဇုန်၌ ပါဝင်သည့် Qinzhou မြို့၏ ဆိပ်ကမ်း နေရာအနီးတွင် သစ်သီးဝလံ ကုန်သွယ်မှုဌာန ရှိသဖြင့် Qinzhou ဆိပ်ကမ်းမှတစ်ဆင့် အာဆီယံ နိုင်ငံများဖြစ်ကြသည့် မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်း ဈေးကွက်များသို့ ပင်လယ်ရေကြောင်း ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး တရုတ်စားသုံးသူများအတွက် အရည်အသွေးမြင့်မားသော အပူ ပိုင်းဒေသသစ်သီးများဖြစ်ကြသည့် ဒူးရင်း၊ သရက်နှင့် တောကြက်မောက်သီး (longan) တို့ကို စားသုံးနိုင်မည့် အခွင့်အလမ်းရရှိစေမည်ဖြစ်ပါသည်။ အဆိုပါ သစ်သီးကုန်သွယ်မှုဌာန၏ ဖွင့်ပွဲ အခမ်းအနားတွင် မလေးရှားနိုင်ငံမှ ပထမဆုံးသင်္ဘော တင်ပို့လိုက်သည့် ဒူးရင်းသီးများကို ပြုပြင် ထုတ်လုပ်ခြင်း၊ သယ်ယူခြင်းနှင့် သတ်မှတ်ထားသော အအေးခန်းသိုလှောင်ရုံ နေရာတွင် သိုလှောင် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Qinzhou ဆိပ်ကမ်းသည် ပျှမ်းမျှအားဖြင့် ကွန်တိန်နာတစ်ခုလျှင် သင်္ဘောခကုန်ကျစရိတ် ၁ဝဝဝဝ ယွမ် ပိုမိုလျော့နည်းသက်သာသဖြင့် Friendship Pass မှသစ်သီးတင်သွင်းမှုနှင့် နှိုင်းယှဉ် ပါက ဈေးနှုန်းအကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း၊ လာမည့် ၃ နှစ်တာကာလအတွင်း Qinzhou သည် တရုတ်-အာဆီယံသစ်သီးကုန်သွယ်မှုဈေးကွက်နှင့် အွန်လိုင်းစင်္ကြန်ကို တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂ဝ၂၅ ခုနှစ်တွင် နှစ်စဉ်သစ်သီးတင်သွင်းမှုနှင့် တင်ပို့မှုပမာဏ တန်ချိန် ၆ဝဝ,ဝဝဝ တန်ကျော် ရောက်ရှိရန်ခန့်မှန်းထားကြောင်း သိရှိရပါသည်။ Qinzhou ဆိပ်ကမ်းသည် အာဆီယံနိုင်ငံများမှ သင်္ဘောလိုင်း ၃၆ ခုရှိသော ဆိပ်ကမ်း ၂၆ ခုတို့ဖြင့် ဆက်သွယ် ဆောင်ရွက် လျက်ရှိပြီး အကောက်ခွန်အာဏာပိုင်များမှ ဆိပ်ကမ်းလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရန် ၂၄ နာရီအကောက်ခွန်ရှင်းလင်းမှု ဆောင်ရွက်နိုင်မည့်လုပ်ငန်းကို အကောင်အထည်ဖော်ဆောင် လျက်ရှိကြောင်း သိရှိရပါသည်။ Qinzhou ဆိပ်ကမ်းသည် တင်းကြပ်သော သင်္ဘောတင်ပို့မှု စည်း ကမ်းလိုအပ်ချက်ရှိသည့် အချို့သော လတ်ဆတ်သော သစ်သီးများဖြစ်ကြသည့် ဒူးရင်းသီးနှင့် သရက်သီးတို့ကို သယ်ယူပို့ဆောင်ရာတွင် ကြာမြင့်ချိန်ကို ၂ ရက်ပိုမို လျော့နည်းသက်သာစေသည့်  ပထဝီအနေအထားဆိုင်ရာ အကျိုးကျေးဇူးကို ရရှိစေကြောင်း သိရှိရပါသည်။ ၂ဝ၂၃ ခုနှစ် ပထမ ၅ လအတွင်း ကွမ်ရှီဒေသ၏ အာဆီယံနိုင်ငံများမှ သစ်သီး တင်သွင်းမှုမှာ ယွမ် ၃.၆၆ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး နှစ်အလိုက် ၁၉၃.၇% တိုးတက်လာခဲ့ပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Chongqing ဒေသတွင် အာဆီယံနိုင်ငံများမှ လယ်ယာ ထွက်ကုန်များတင်သွင်း ဖြန့်ဖြူးသည့်ကွန်ရက်ကို တည်ဆောက်လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ် နိုင်ငံအတွင်း အခြားသောဒေသများသို့ ပြန်လည်ပို့ဆောင် ဖြန့်ဖြူးမည်ဖြစ်ပါသည်။ Chongqing ဒေသသည် ကွမ်ရှီနှင့် ယူနန်ဒေသများမှ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သို့ ကုန်းလမ်း-ရေလမ်း သယ်ယူပို့ဆောင်မှုလမ်းကြောင်းများကို လည်ပတ်ဆောင်ရွက်နိုင်ရန် အထောက်အပံ့ပေး လျက်ရှိသည့်ဒေသဖြစ်ပါသည်။ လွတ်လပ်သောကုန်သွယ်မှုဇုန်မှ ကိန်းဂဏန်းများအရ ကုန်သွယ်မှု စင်္ကြန်သည် ၂ဝ၂၂ ခုနှစ်တွင် ၅၃,ဝဝဝ TEUs (Twenty-foot Equivalent Units) ကို သယ်ယူ ပို့ဆောင်နိုင်ခဲ့ပြီး နှစ်အလိုက် ၂ဝ% တိုးတက်ခဲ့ကာ ကုန်စည်တန်ဖိုး ယွမ် ၁၃.၅ ဘီလီယံဖိုး ရှိခဲ့သဖြင့် နှစ်အလိုက် ၁၈% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

အာဆီယံနိုင်ငံများသည် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ကာ အာဆီယံ-တရုတ်ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၃.၅၉ ထရီလီယံသို့ တိုးတက်ခဲ့ပြီး နှစ်အလိုက် ၂.၈% တိုးတက်ခဲ့ကာ တရုတ်နိုင်ငံ၏ပြည်ပ ကုန်သွယ်မှု၏ ၁၅.၃% ရှိခဲ့ကြောင်း သိရှိရပါသည်။ ကွမ်ရှီဒေသတွင် အာဆီယံနိုင်ငံ များပါဝင်သည့် ကုန်စည်ပြပွဲများနှင့် ကုန်သွယ်မှုခင်းကျင်းပြသပွဲများစွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဒေသတွင်း ဈေးကွက်အခွင့်အလမ်းများကို ရရှိစေသည့်အပြင် တရုတ်နှင့်အာဆီယံပူးပေါင်း ဆောင်ရွက်မှု ပြယုဂ်တစ်ခုဖြစ်သည့် Chongqing မှစတင်သည့်ကုန်သွယ်မှုစင်္ကြန်မှတစ်ဆင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းကို လျင်မြန်ချောမွေ့စေခြင်းတို့ကြောင့်  တရုတ်နှင့် အာဆီယံနိုင်ငံများ အကြား အနာဂတ်ကုန်သွယ်မှု အလားအလာကောင်းများကို ဖြစ်ထွန်းစေလျက်ရှိပါသည်။

Source: Global Times, 28th August, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)