ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံ၌ အစိုးရ၏အရန်ဆန်သိုလှောင်မှု များပြားသဖြင့် စားသုံးသူများထံ တိုက်ရိုက်ရောင်းချ

    ဆန်ပမာဏတန်ချိန် ၃၇၀ သိန်းရှိသော ဗဟိုသိုလှောင်ရုံရှိ ဆန်စပါးသိုလှောင်မှုပမာဏ စံ ချိန်တင်မြင့်တက်လာပြီး ဆန်သိုလှောင်မှုစုစုပေါင်းသည် တန်ချိန် ၆၇၉.၃၂သိန်း ရှိကြောင်း၊  အများ ပြည်သူဖြန့်ဖြူးရေးစနစ် (PDS)အတွက် နှစ်စဉ်လိုအပ်သော ဆန်ပမာဏမှာ တန်ချိန် ၄၁၀ သိန်း ခန့် ရှိသောကြောင့် ဝယ်လိုအား မှေးမှိန်နေသည့် ယခုအခြေအနေတွင် အစိုးရအနေဖြင့် ဆန်သို လှောင်မှုများကို ဈေးကွက်သို့ ရောင်းချရန် နည်းလမ်းများကို မကြာမီ ရှာဖွေဆောင်ရွက်ရန် လိုအပ် နေကြောင်း သိရှိရသည်။

    ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့စာရင်းများအရ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း (FCI) တွင် ယခင်နှစ်ကထက် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် ဆန်တန်ချိန် ၃၀၉.၃၈သိန်း၊ ယခင် နှစ်ကထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် စပါးတန်ချိန် ၅၅၂.၁၅သိန်းနှင့် ယခင်နှစ်ကထက် ၄၉ ရာခိုင် နှုန်း တိုးတက်ခဲ့သည့် ဂျုံတန်ချိန်၂၇၄.၆၃ သိန်းတို့ကို သိုလှောင်ထားကြောင်း သိရှိသည်။

   လက်ရှိ ဆန်သိုလှောင်မှုသည် ဇန်နဝါရီ ၁ ရက်နေ့အထိ သတ်မှတ်ထားသော သိုလှောင် စံချိန်ဖြစ်သည့် တန်ချိန် ၇၆.၁သိန်း ၉ဆခန့် ရှိနေပြီး ဂျုံသိုလှောင်မှုမှာမူ တန်ချိန် ၁၃၈သိန်း၏ နှစ်ဆနီးပါးအထိ ရှိနေကြောင်း၊ အစိုးရသည် နိုဝင်ဘာလ ၁ ရက်မှစတင်၍ အီသနော ထုတ်လုပ်ရန် နှင့် ဆန်တန်ချိန် ၁ တန်လျှင် ရူပီး၂၃,၂၀၀ဖြင့် ဈေးလျှော့ရောင်းချရန် ဆန်တန်ချိန် ၅၂ သိန်းကို သတ်မှတ်ခွဲဝေပြီး ဖြစ်ကြောင်းနှင့် အဆိုပါဈေးနှုန်းမှာ ဆန်တန်ချိန်၁တန်လျှင် ခန့်မှန်းစီးပွားရေး ကုန်ကျစရိတ် ရူပီး ၄၁,၇၃၃.၄၀အောက် လျော့နည်းနေကြောင်း သိရှိရသည်။

    FCI ၏ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးကပြောသည်မှာ အစိုးရ သည် ဗဟိုသိုလှောင်ရုံမှဆန်များကို အများဆုံး ရောင်းချနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ FCI ထံမှ ဆန်ဝယ်ယူမှု ပိုမိုများလာစေရန် စပါးအခြေပြု အီသနောစက်ရုံများအနေဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းအဖြစ် ဆန်စပါးမှ အနည်းဆုံး ၄၀ ရာခိုင်နှုန်း ထုတ်လုပ် ရန်လည်း တောင်းဆိုပြီးဖြစ်ကြောင်း၊ အများပြည်သူဖြန့်ဖြူးရေးစနစ် (PDS)အောက်၌ အကျုံးဝင် သော ဆန်ပမာဏကို (လက်ရှိ အကျိုးခံစားခွင့်ရှိသူတစ်ဦးလျှင် တစ်လ ၅ ကီလိုဂရမ်) မြှင့်တင်ခြင်း နည်းလမ်းဖြင့်ဖြစ်စေ မိတ်ဖက်များမှတစ်ဆင့် အရောင်းနယ်ပယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခြင်း စသည့် နည်းလမ်းများဖြင့် ဖြစ်စေ ယခုအခါ ပိုလျှံနေသော ဆန်များကို ဖြေရှင်းရန် နည်းလမ်း နည်းပါးလျက်ရှိကြောင်း သိရှိရသည်။

    သို့ရာတွင် စပါးဝယ်ယူမှုနှင့် စပါးအမျိုးအစား အမျိုးမျိုး ပြောင်းလဲစိုက်ပျိုးရေးတို့အကြား အချိတ်အဆက်ရှိရှိ ဆောင်ရွက်ရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည့်အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာနတို့အနေဖြင့် အဆိုပါပြဿနာကို အဖြေရှာရန် အတူတကွ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း FCI၏ အကြီးတန်းအရာရှိက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ် လ ၃၁ ရက်နေ့အထိ FCI၌ ၎င်းတို့ကိုယ်ပိုင် သိုလှောင်မှု တန်ချိန်စုစုပေါင်း ၄၅၈.၇၁သိန်းရှိပြီး ပြည် နယ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သိုလှောင်မှုအားဖြင့် တန်ချိန် ၄၁၃.၅၁ သိန်း ရှိကြောင်း၊ ထို့ ကြောင့် ဗဟိုသိုလှောင်ရုံ ကောက်ပဲသီးနှံ သိုလှောင်မှု တန်ချိန်စုစုပေါင်း ၈၇၂.၂၂ သိန်းအထိ ရှိ လာကြောင်း သိရှိရသည်။

    ကျွမ်းကျင်သူများက အဆိုပါ ကောက်ပဲသီးနှံ သိုလှောင်မှုသည် နောက်ထပ် ပြဿနာ တစ် ရပ်ဖြစ်ကြောင်း ပြောကြားထားပြီး FCIသည် ဆန်စက်များထံမှ ဆန်ကို လက်ခံယူမှု နှေးကွေးနေ သည့်အပြင် ကြိတ်ခွဲမှု မပြုလုပ်ရသေးသော စပါးအမျိုးအစားအောက်တွင် သီးခြားစာရင်းသွင်း ထားခြင်းကြောင့် ဖြစ်သည်။

     စျေးကွက်ဖွင့်ရောင်းချမှု အစီအစဉ် (OMSS) အောက်တွင် FCI သည် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် အတွင်း ဆန်တန်ချိန် ၃၃ သိန်းခန့် (အိန္ဒိယနိုင်ငံ၏ Bharat ဆန်အစီအစဉ်အတွက် သမဝါယမအဖွဲ့ များသို့ ရောင်းချခဲ့သည့် ဆန်တန်ချိန် ၁၃ သိန်းကျော်အပါအဝင်) ရောင်းချခဲ့ကြောင်း၊ သမဝါယမ အဖွဲ့များသည် Bharat ဆန်အစီအစဉ်အတွက် ဆန်တန်ချိန် ၆၆,၇၁၈ကိုသာ ရယူခဲ့သည့်အတွက် ၂၀၂၆ခုနှစ်တွင် စျေးကွက်ဖွင့်ရောင်းချမှု အစီအစဉ်မှာ ဧပြီလမှ ဒီဇင်ဘာလအတွင်း ဆန်တန်ချိန် ၁၃.၆ သိန်းအထိ နှေးကွေးသွားခဲ့သည်။

     အဆိုပါ အတောအတွင်း အစိုးရသည် ဂျုံကြိတ်စက်ရုံများ (ဂျုံမှုန့်ကြိတ်သူများ) အား ၂၀၂၆ ခုနှစ် ဧပြီလအတွက် ၎င်းတို့၏ လစဉ်ကြိတ်ခွဲမှု စွမ်းရည်၏ ၆၀ ရာခိုင်နှုန်းကို သိုလှောင်ခွင့် ပြုခဲ့ ခြင်းမှာ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သော ယခင်အမိန့်ကြော်ငြာစာက ဧပြီလအတွက် မည်သည့် ပမာဏမျှ သိုလှောင်ခွင့် ခွင့်ပြုချက် မပေးခဲ့သောကြောင့် ဖြစ်သည်။

Source: The Hindu Business Line, January 18, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

ဂျုံထွက်ကုန်များတင်ပို့မှု သုံးနှစ်ကြာပိတ်ပင်ထားရာမှ အိန္ဒိယအစိုးရ ပြန်လည်ခွင့်ပြု

    သုံးနှစ်ကျော်ကြာ ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့် ဂျုံအထွက် နှုန်း မြင့်တက်မှုမှသည် ပြည်တွင်းထုတ်လုပ်မှု  ပိုလျှံလာနိုင်သည်ဆိုသည့် မျှော်မှန်းချက်များ ကြောင့် အိန္ဒိယအစိုးရသည်ဂျုံထွက်ကုန်အချို့အား ပြည်ပတင်ပို့မှုကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။

    ကမ္ဘာ့ဒုတိယအကြီးဆုံး နှံစားသီးနှံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ရွှေကြည်မှုန့် ကဲ့သို့ သော အခြားဂျုံနှင့်ဆက်စပ်သည့် ထုတ်ကုန်များအပါအဝင် ဂျုံမှုန့် တန်ချိန် ၅၀၀,၀၀၀ ကို တင်ပို့ ထားကြောင်း ဇန်နဝါရီလ ၁၆ ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားပါသည်။ ယနေ့အထိ ဂျုံတင်ပို့မှုသည် တစ်ကြိမ်တည်း သတ်မှတ်ပေးအပ်သည့် အထူးခွင့်ပြုချက်ပမာဏသာဖြစ်ပြီး သီးသန့်ခွဲတမ်းအဖြစ်ထားရှိပြီး၊ တင်ပို့ မှုကန့်သတ်ချက် အစီအမံများသည်လည်း အသက်ဝင်ဆဲဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၂၂ ခုနှစ်၊ မေလက ကန့်သတ်ထားသည့် ပြည်ပတင်ပို့မှုအချို့ကို ပြန်လည်စတင်ရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်မှုသည် အမေရိကန်နှင့် ကုန်သွယ်မှုဆွေးနွေးမှုများပြုလုပ်နေချိန်တွင် အချိန်ကိုက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။ နှစ်နိုင်ငံ တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းနေစဉ် ဝါရှင်တန်အနေဖြင့် နယူးဒေလီ၏ စိုက်ပျိုးရေးကဏ္ဍကို ဖွင့်လှစ်ရန် အားထုတ် လျက်ရှိပြီး အမေရိကန်၏ လယ်ယာထွက်ကုန်များအား ဈေးကွက်ပိုမိုရရှိရန် ကူညီပေးလျက်ရှိ ကြောင်း သိရှိရသည်။

   ငါးနှစ်အတွင်း အကောင်းဆုံးမုတ်သုန်ရာသီဖြစ်ပေါ်ခဲ့မှုကြောင့် အိန္ဒိယသည် အတားအဆီး များကို ယာယီဖြတ်ကျော်နိုင်ခဲ့သည် ဆိုသော်လည်း ပြည်တွင်းစက်ရုံများအနေဖြင့် ပြည်ပဈေး ကွက်လိုအပ်ချက်မှ အကျိုးအမြတ်ရရှိရန် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရှိရသည်။ အိန္ဒိယသည် ဂျုံထုတ်ကုန်များကို ပြည်ပတင်ပို့မှု ပြန်လည်စတင်ရန် စီစဉ်လျက်ရှိ ကြောင်း နိုဝင်ဘာလထုတ် Bloomberg News ကဖော်ပြထားသည်။

    အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်း ပြည်ပသို့တစ်ကျော့ပြန် ပြန်လည်တင်ပို့ခြင်းကြောင့် ကမ္ဘာ့ ထုတ်လုပ်မှုကို ဦးမော့လာစေပြီး သွင်းကုန်အပေါ် အမှီပြုနေရသည့် အာရှ၊ အာဖရိကနှင့် အရှေ့ အလယ်ပိုင်းဒေသများအနေဖြင့် ဂျုံထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရန် အခွင့် အလမ်း ရှိလာနိုင်ကြောင်းသိရှိရသည်။

Source : The Hindu Business Line , January 20, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆ ခုနှစ်တွင် ဆန်တင်ပို့မှု လျှော့ချမည်ဟု ဗီယက်နမ်ကုန်သည်အသင်း ပြောဆို

      ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ဥက္ကဋ္ဌဖြစ်သူ Do Ha Nam က ၂၀၂၆ ခုနှစ်သည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု လွန်ကဲနေခြင်းသည် ဗီယက်နမ်အပါအဝင် နိုင်ငံအားလုံး၏ ပို့ကုန်လုပ်ငန်းအပေါ် သိသိသာသာ သက်ရောက်မှု ရှိ ကြောင်း ပြောကြားခဲ့သည်။

      Do Ha Nam ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၇ သန်းခန့် တင်ပို့ရန် လျာထားကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၈ သန်း အောက် လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၄ သန်းအထိ တဖြည်းဖြည်း လျှော့ချသွားရန် စီစဉ်ထားကြောင်း သိရသည်။

      ယခုကဲ့သို့ လျှော့ချရခြင်းမှာ ဈေးကွက်အခြေအနေတစ်ခုတည်းကြောင့် မဟုတ်ဘဲ ၂၀၂၃ ခုနှစ်၊ မေလတွင် ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၈၃အရ ဆန်စပါး လုပ်ငန်း ကဏ္ဍ၏ မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်မှုပမာဏ လျှော့ချ ခြင်းနှင့်အတူ နိုင်ငံအနေဖြင့် အရည်အသွေးမြှင့်တင်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ် ရန် ပိုမိုအာရုံစိုက်သွားမည်ဖြစ်ပြီး အဆင့်မြင့်ဈေးကွက်ဝေစုများကို ရည်မှန်းထားကြောင်း Do Ha Nam က ပြောကြားခဲ့သည်။

      သို့ရာတွင် ၂၀၂၆ ခုနှစ်၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း Do Ha Namက ဝန်ခံပြောကြား ခဲ့သည်။ ဇန်နဝါရီလအတွင်း ဗီယက်နမ်သည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀,၀၀၀ ခန့် တင်ပို့ နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်မှ ဆန်လက်ကျန်ပမာဏ အများအပြား ရှိနေခြင်းကြောင့် ဈေးနှုန်းမှာ သိသိသာသာ ပြောင်းလဲမှု မရှိခဲ့ပေ။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ သွင်းကုန်ခွင့်ပြုပမာဏစနစ် ကြောင့် ဗီယက်နမ်သည် အထူးသဖြင့် ရိတ်သိမ်းရာသီ အထွက်နှုန်းမြင့်ချိန်များတွင် ဆန်တင်ပို့ရန် အခက်အခဲ ကြုံတွေ့နေရသည်။

      ထို့ကြောင့် လာမည့် ဆောင်းရာသီနှင့် နွေဦးရာသီများ၏ စပါးရိတ်သိမ်းချိန်အတွင်း လယ် သမားများအတွက် ဆန်ဈေးနှုန်းပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များသည် ရိတ်သိမ်းရာသီတွင် ဆန်များကို ယာယီသိုလှောင်ထားနိုင်ရန်အတွက် လုပ်ငန်းရှင်များ အား အထောက်အပံ့ဖြစ်ဖွယ် အခြေအနေများ ဖန်တီးပေးသင့်ကြောင်း Do Ha Namက အကြံပြုခဲ့ သည်။ ထို့အပြင် ဂါနာနှင့် စင်ကာပူ ကဲ့သို့သော နိုင်ငံများနှင့် အစိုးရအချင်းချင်း ချိတ်ဆက်ဆောင် ရွက်သည့်စာချုပ်များကို အားပေးမြှင့်တင်ခြင်းသည်လည်း ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

    ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉.၂ သန်း (ဝင်ငွေ အမေရိကန် ဒေါ်လာ ၅.၈ ဘီလီယံ)အထိ စံချိန်တင် မြင့်တက်ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင်မူ တန်ချိန် ၈ သန်း (ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ)  အထိ လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။

Source: Vietnam Net Global, 19 January 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ဆန်စပါး အများဆုံးစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံအဖြစ်သို့ အိန္ဒိယရောက်ရှိ

     အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်တက်၍ ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သည့်နိုင်ငံ အဖြစ် ရပ်တည်လာခဲ့ပြီး ၎င်း၏ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး၏ ခိုင်မာမှုနှင့် စုံလင်ကွဲ ပြားမှုကို မီးမောင်းထိုးပြနေသည်။ စုစုပေါင်း ဆန်ထွက်ရှိမှုသည် တန်ချိန် ၁,၂၄၅.၀၄ သိန်း ရှိပြီး နိုင်ငံ၏ ထုတ်လုပ်မှု အောင်မြင်ရခြင်းမှာ သင့်လျော်သော ရာသီဥတုအခြေအနေ၊ တိုးချဲ့လာသော ဆည်မြောင်းစနစ်များနှင့် အစိုးရဝယ်ယူမှုယန္တရားများ ကောင်းမွန်သည့် ပြည်နယ်အချို့၏ စွမ်း ဆောင်ရည် မြင့်မားမှုကြောင့် ဖြစ်သည်။

       စပါးသီးနှံကို မိုးရေချိန်လုံလောက်စွာရရှိခြင်း၊ မြစ်ချောင်းများပေါများခြင်းနှင့် ဆည်မြောင်း ကွန်ရက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိခြင်းတို့ကို ပိုင်ဆိုင်ထားသည့် ပြည်နယ်များတွင် စိုက်ပျိုးကြ သည်မှာ သတိပြုသင့်သည့် အချက်တစ်ရပ် ဖြစ်သည်။

     အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုတွင် Uttar Pradesh ပြည်နယ်သည် တန်ချိန် ၁၉၄.၁ သိန်း ဖြင့် ဦးဆောင်နေပြီး ၎င်း၏နောက်တွင် Punjab ပြည်နယ်က တန်ချိန် ၁၃၆.၆၇ သိန်းဖြင့် ဒုတိယ လိုက်နေကြောင်း၊ စံပြုစိုက်ပျိုးရေးနည်းစနစ်များနှင့် အစိုးရ၏ အာမခံချက်ရှိသော ဝယ်ယူမှုစနစ် တို့သည် ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ဖြစ်စေကြောင်း၊ အနောက် ဘင်္ဂလားပြည်နယ်သည်လည်း စပါးရာသီများစွာ စိုက်ပျိုးနိုင်ခြင်းကြောင့် တန်ချိန် ၁၁၈.၅၄ သိန်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

     အိန္ဒိယနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသည်လည်း ဆန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ Madhya Pradesh ပြည်နယ်တွင် ဆန်တန်ချိန် ၉၇.၁၁ သိန်းနှင့် Telangana ပြည်နယ်တွင် ဆန်တန်ချိန် ၉၆.၃၅ သိန်းထွက်ရှိခဲ့ကြောင်း၊ အဆိုပါ ပြည်နယ် များသည် မကြာသေးမီနှစ်များအတွင်း ထုတ်လုပ်မှုပမာဏကို လျင်မြန်စွာ တိုးချဲ့လာနိုင်ခဲ့ကြ ကြောင်း၊ အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ဆန်စပါးသည် အရေးပါ သော  သီးနှံအဖြစ် ဆက်လက်တည်ရှိနေပြီး Chhattisgarh ပြည်နယ်သည် ဆန်တန်ချိန် ၈၉.၁၇ သိန်း၊ Odisha ပြည်နယ်သည် ဆန်တန်ချိန်၈၄.၅၄သိန်း၊ Bihar ပြည်နယ်သည် ဆန်တန်ချိန် ၈၂.၄၉သိန်းနှင့် Haryana ပြည်နယ်သည် ဆန်တန်ချိန် ၆၃.၇၁သိန်း ထွက်ရှိပြီး အဆိုပါပြည်နယ် များသည် ကျန်ရှိသော ထိပ်တန်း ဆန်ထုတ်လုပ်သူများအဖြစ် ရပ်တည်နေကြကြောင်း သိရှိရ သည်။

Source: Vietnam Net Global, 19 January 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသော ဒူးရင်းသီးများကို ပြည်ပစျေးကွက်သို့ ထိုးဖောက်နိုင်ရန်စီစဥ်

            မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဒူးရင်းသီးများကိုပြည်ပစျေးကွက်သို့ ထိုးဖောက်နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများထံမှ သိရပါသည်။ တရုတ်နိုင်ငံသည် နှစ်စဥ်အမေရိကန်ဒေါ်လာ ၁၀ဘီလီယံခန့်ရှိသော ဒူးရင်းသီးများကို ပြည်ပနိုင်ငံများမှဝယ်ယူတင်သွင်းလျက်ရှိပြီး လက်ရှိတွင် ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ၄ဘီလီယမ်ခန့်၊ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ဘီလီယမ်ခန့်နှင့်မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ၂ဘီလီယမ်ခန့် တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံ အနေဖြင့်လည်း စျေးကွက်ရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ မြန်မာ့ဒူးရင်းသီးများကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းကိုလည်းဖွဲ့စည်းထားပြီးဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖွဲ့စည်းထားသည့်အသင်းများကို စုစည်းကာနိုင်ငံအဆင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

          လက်ရှိတွင် ပြည်တွင်း၌ဒူးရင်းသီးမျိုးကွဲပေါင်း ၁၈မျိုးခန့်ရှိသည့်အနက် စျေးကွက်သေချာသည့် ဒူးရင်းသီးမျိုးများကို အရည်အသွေးမြှင့်တင်ကာတရုတ်နိုင်ငံအပါအဝင် ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် စီစဥ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အာရှနိုင်ငံများထဲတွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဒူးရင်းသီးစားသုံးမှုမြင့်မားသောနိုင်ငံများဖြစ်ကြပြီး နှစ်စဥ်ပြည်ပမှ ဒူးရင်းသီးတန်ချိန် အမြောက်အများတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီးမှ အရည်အသွေးမြင့် ပုစွန်များ ပြည်ပဈေးကွက်သို့ ဝင်ရောက်

            ဧရာဝတီတိုင်းဒေသကြီးသည် ပုစွန်ထွက်ရှိရာ အဓိကဒေသအဖြစ် နာမည်ကျော်ကြားပြီး ဒေသခံ ပုစွန်ဖမ်းလုပ်ငန်းရှင်များသည် ပင်လယ်ပြင် နှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ ချောင်းများမှ အရည်အသွေးမြင့် ပုစွန်အမျိုးအစားများကို ရာသီအလိုက် ဖမ်းဆီးရရှိလျက်ရှိသည်။

     ရရှိသော လတ်ဆတ်သည့် ပုစွန်များကို ပြည်ပနိုင်ငံများသို့ ရေခဲထည့်သေတ္တာများဖြင့် လတ်ဆတ်မှုအပြည့် ထိန်းသိမ်း၍ သော်လည်းကောင်း၊ အခွံခွာပြုတ်ပြီး ပြုပြင်ထားသော ပုံစံဖြင့် သော်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ ဂျပန်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အထူးဝယ်လိုအား မြင့်မားကြောင်း သိရသည်။

   ပုစွန်သည် ပရိုတင်းဓာတ်ကြွယ်ဝမှုနှင့်အတူ ကယ်လ်ဆီယမ်၊ အိုင်အိုဒင်းနှင့် Omega-3 fatty acids ကဲ့သို့သော ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်စင်များ ပါဝင်သည့် အာဟာရအလွန်ပြည့်ဝသော စားသုံးကုန်တစ်ခုဖြစ်သည်။

    ဒေသအတွင်းရှိ ပုစွန်လုပ်ငန်းရှင်များသည် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန် အရည်အသွေးစံချိန်ကိုက်ညီမှုနှင့် ကျန်းမာရေးစည်းမျဉ်းများကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၏ ပုစွန်များသည် ပြည်ပပို့ကုန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်ပစ္စည်းတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဈေးကွက် ဝယ်လိုအားရှိသော ပေါင်းဆန်များ ကြိတ်ခွဲထုတ်လုပ်ရောင်းချလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံအတွက်အားထားရသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧက (၃၇) သိန်းကျော်နှင့် နွေစပါးစိုက်ဧက (၁၅) သိန်းကျော် စုစုပေါင်းစိုက်ဧက (၅၂) သိန်းကျော်နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

   ဒေသတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံသည့် ဆန် ၊ ဆန်ထွက်ပစ္စည်းများကို ပြည်တွင်း ဈေးကွက်နှင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသလို ဈေးနှုန်းပိုမိုရရှိသည့် ပေါင်းဆန်များကိုလည်း တိုင်းအတွင်းရှိ ပေါင်းဆန် စက်ရုံ (၁၄) စက်မှ ကြိတ်ခွဲထုတ်လုပ်၍ ရန်ကုန်မှတစ်ဆင့်အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံ များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဈေးကွက်ဈေးနှုန်း ပိုမိုရရှိသည့်အတွက် ပေါင်းဆန် ကြိတ်ခွဲ ထုတ်လုပ်နိုင်မှု ပမာဏမှာ တစ်နှစ်လျှင် ခန့်မှန်း ၂၅၄၄၆၀ တန်ထုတ်လုပ်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဇန်နဝါရီလအထိ ပေါင်းဆန်တန် ၃၉၃၄၈  ၊ ၇၈၆,၉၆၀ အိတ် တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံး ဆန်ဈေးနှုန်း တစ်ပြေးညီဖြစ်ရေး မူဝါဒချမှတ်ရန်စီစဉ်လျက်ရှိ

         အင်ဒိုနီးရှားနိုင်ငံသည် ဒေသများအကြား ဈေးနှုန်းကွာဟချက်များကို လျှော့ချရန်အတွက် ၂၀၂၆ ခုနှစ်တွင် စတင်မည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန်ဈေးနှုန်းများ တစ်ပြေးညီဖြစ်စေရေးမူဝါဒကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း အင်ဒိုနီးရှား စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး Zulkifli Hasan က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာများက ကိုးကားဖော်ပြခဲ့သည်။ ယင်းမူဝါဒသည် အရှေ့ပိုင်းအင်ဒိုနီးရှားအပါအဝင် နိုင်ငံတစ်ဝှမ်းတွင် ဆန်ဈေးနှုန်းများ တစ်ပြေးညီဖြစ်စေရန်ရည်ရွယ်ပြီး အစိုးရမှ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းရန် ဖြန့်ဖြူးရေးဆိုင်ရာဘဏ္ဍာရေးထောက်ပံ့မှုဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ဆန်ဈေးနှုန်းများကိုပိုမိုမြင့်တင်ပေးခြင်းမဟုတ်ဘဲ ၂၀၂၆ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန်ဈေးနှုန်းတစ်ခုတည်းကို ကျင့်သုံးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားနပ်ရိက္ခာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ခုအပြီးတွင် Hasan က ပြောကြားခဲ့သည်။ အဓိကရိတ်သိမ်းရာသီသည် ဖေဖော်ဝါရီလတွင် စတင်၍ ပိုမိုစောစီးစွာ စတင်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုရန် မျှော်လင့်ရသည့်ကြားတွင် အာဏာပိုင်များသည် အမျိုးသားဆန်ထောက်ပံ့မှုအခြေအနေများကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ မူဝါဒအတွက် ရည်ညွှန်းအဖြစ် ဆွေးနွေးထားသော ဈေးနှုန်းများတွင် ပရီမီယံဆန်တစ်ကီလိုဂရမ်လျှင် ၁၄၉၀၀ ရူပီးယား (အမေရိကန်ဒေါ်လာ ၀.၉၆ ခန့်) နှင့် အလတ်စားဆန်တစ်ကီလိုဂရမ်လျှင် ၁၃၅၀၀ ရူပီးယားတို့ ပါဝင်သည်။ Bulog ၏ စားနပ်ရိက္ခာထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်ရေး အထောက်အပံ့ပေးသည့် အစီအစဉ်အရ ဝင်ငွေနည်း လူတန်းစားအုပ်စုများအတွက် ဆန်ကို တစ်ကီလိုဂရမ်လျှင် ၁၁၀၀၀ မှ ၁၂၀၀၀ ရူပီးယားအကြား ရောင်းချမည်ဖြစ်ကြောင်းသိရသည်။ ထိုဆန်စျေးနှုန်းတည်ငြိမ်စေရေး မူဝါဒသည် ပြင်ဆင်နေဆဲဖြစ်ပြီး ဖြန့်ဖြူးရေး၊ ငွေကြေးထောက်ပံ့မှုနှင့် အခြေခံအဆောက်အအုံများအပါအဝင် နယ်ပယ်များတွင် ညှိနှိုင်းပံ့ပိုးမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း Hasan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                         

DOCA(ရန်ကုန်)

အီရန်နှင့် စီးပွားရေးလုပ်ကိုင်သော နိုင်ငံများသည် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု ထရမ့်ပြောကြား

       အီရန်နှင့် စီးပွားရေးလုပ်ကိုင်သည့် မည်သည့်နိုင်ငံမဆို မည်သည့်စီးပွားရေးလုပ်ငန်းမဆို ၂၅ ရာခိုင်နှုန်း အခွန်နှုန်းထား ပေးဆောင်ရမည်ဟု အမေရိကန် သမ္မ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါအမိန့်သည် ချက်ချင်းအကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထရမ့်က Truth Social တွင် ကြေညာခဲ့သည်။ ထရမ့်က ၎င်း၏ အစိုးရသည် စစ်ရေးအရ အရေးယူဆောင်ရွက်မှု အပါအဝင် “အလွန်အားကောင်းသော ရွေးချယ်စရာအချို့” ကို စဉ်းစားနေကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး အီရန်အပေါ် ဝါရှင်တန်၏ စီးပွားရေးဖိအားပေး လှုပ်ရှားမှုတွင် နောက်ဆုံးမြင့်တက်လာသည့် ကြေညာချက်သည် အမှတ်အသားပြုနေသည်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က တနင်္လာနေ့အစောပိုင်းတွင် အီရန်ကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စုအတွက် သံတမန်ရေးနည်းလမ်းသည် ဦးစားပေး နည်းလမ်းအဖြစ် ဆက်လက်တည်ရှိနေသော်လည်း လိုအပ်ပါက စစ်ရေးနည်းလမ်းများကို ထရမ့်အစိုးရမှ ပယ်ချမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သံတမန်ရေးသည် ပထမရွေးချယ်မှုဟု  သမ္မတထရမ့်က အမြဲတမ်းပြောကြားကြောင်း Leavitt က Fox News တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                         

DOCA(ရန်ကုန်)

အီသီယိုးပီးယားနိုင်ငံသည် ပို့ကုန်ဝင်ငွေတိုးလာစေရန် ကော်ဖီတန်ဖိုးမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိ

       အီသီယိုးပီးယားအစိုးရသည် ကော်ဖီကဏ္ဍမှ လိုအပ်လျက်ရှိသော နိုင်ငံခြားဝင်ငွေရရှိမှုကို မြှင့်တင်ရန်အတွက် ကော်ဖီထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်တင်မှုကို တိုးချဲ့ရန်ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၄/ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကော်ဖီ ၄၆၈,၉၆၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယံ စံချိန်တင်ရရှိခဲ့သော အရှေ့အာဖရိကနိုင်ငံသည် ဝင်ငွေတိုးမြှင့်ရန်အတွက် ကော်ဖီတင်ပို့မှုမြှင့်တင်ရန် ဦးစားပေးလုပ်ဆောင်နေကြောင်း အီသီယိုးပီးယားကော်ဖီနှင့် လက်ဖက်ရည် အာဏာပိုင်အဖွဲ့ (ECTA) က ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာခဲ့သည်။ တန်ဖိုးမြှင့် ကော်ဖီတင်ပို့မှုကို တိုးချဲ့ရန် ပြောင်းလဲခြင်းသည် အာဖရိက၏ ဦးဆောင်ထုတ်လုပ်သူအဖြစ် အီသီယိုးပီးယား၏ ရပ်တည်ချက်မှ အကျိုးအမြတ်အများဆုံးရရှိရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နိုင်ငံပိုင် အီသီယိုးပီးယားသတင်းဌာနက ECTA ညွှန် ကြားရေးမှူးချုပ် Adugna Debela ၏ ပြောကြားချက်အရသိရသည်။ မကြာသေးမီနှစ်များ အတွင်း ၁၅ နှစ်တာ အမျိုးသားကော်ဖီဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှတစ်ဆင့် ဤကဏ္ဍကို စဉ်ဆက်မပြတ်အာရုံစိုက်ခဲ့ကြောင်း သတိပြုမိပြီး ကော်ဖီထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် ပို့ကုန်ဈေးကွက်များသို့ တိုးချဲ့ရန် ရည်ရွယ်သည့် ကဏ္ဍ၏ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများကို ဖော်ထုတ်ရန် လက်ရှိတွင် ကြိုးပမ်းမှုအမျိုးမျိုးကို လုပ်ဆောင်နေကြောင်း Debela က ပြောကြားခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းသည် ကော်ဖီတင်ပို့မှု ပမာဏပေါ်တွင် သာမက ၎င်း၏အရည်အသွေးပေါ်တွင်လည်း မူတည်ကြောင်း၊ ကော်ဖီကို အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်စေရန် တင်းကျပ်သောစောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ နိုင်ငံ၏ ကော်ဖီကဏ္ဍသည် ရှင်းလင်းသော လမ်းညွှန်ချက်များ မရှိခြင်းကြောင့် ကြာမြင့်စွာ အကန့်အသတ်ဖြစ်ခဲ့ရကြောင်း သတိပြုမိပြီး ECTA အကြီးအကဲက တန်ဖိုးမြှင့်တင်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် တိုးတက်မှုများ၏ အလားအလာကို ဖွင့်လှစ်ခြင်းကို အဓိကအာရုံစိုက်သည့် နယ်ပယ်များအဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ အရှေ့အာဖရိကနိုင်ငံ၏ ကော်ဖီတင်ပို့မှု အလျင်အမြန် တိုးချဲ့လာနေသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံသည် အီသီယိုးပီးယားကော်ဖီ တင်သွင်းမှုတွင် စတုတ္ထ အများဆုံးနိုင်ငံဖြစ်လာခဲ့ပြီး လွန်ခဲ့သောနှစ်နှစ်က ခုနစ်နေရာမှ မြင့်တက်လာခဲ့သည်။ အာရေဗီကာ ကော်ဖီ၏ မူလအစအဖြစ် သတ်မှတ်ခံထားရသော အီသီယိုးပီးယားသည် အာဖရိက၏ အကြီးဆုံးကုန်စည်ထုတ်လုပ်သူနှင့် တင်ပို့သူများထဲမှ တစ်ခုဖြစ်သည်။ ကော်ဖီထုတ်လုပ်မှုကို နိုင်ငံ၏ စိုက်ပျိုးရေးဦးဆောင်သော စီးပွားရေး၏ ကျောရိုးအဖြစ် ရှုမြင်ကြသည်။ ဝိုင်အရသာမှသည် သစ်သီးအရသာနှင့် ချောကလက်အရသာအထိ အရည်အသွေးနှင့် ကြွယ်ဝသော အရသာများအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရသော အီသီယိုးပီးယားနိုင်ငံ၏ ကော်ဖီသည် ကမ္ဘာတစ်ဝှမ်းတွင် အလွန်ရေပန်းစားလျက်ရှိကြောင်း သိရှိရပါသည်။

Source: Xinhua                                                                         

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ