ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Muntok အဖြူရောင်ငရုတ်ကောင်းတင်ပို့မှုမြှင့်တင်မည့် အင်ဒိုနီးရှား

           အင်ဒိုနီးရှားနိုင်ငံ Bangka Belitung Islands Province ရှိ Animal, Fish, and Plant Quarantine Agency သည် ဒေသ၏အဓိကပို့ကုန်ဖြစ်သော Muntok အဖြူရောင်ငရုတ်ကောင်းကို တောင်သူများဆက်လက်စိုက်ပျိုးပြီးဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ထုတ်ကုန်တင်ပို့မှုကြီးကြပ်စစ်ဆေး ရေးလုပ်ငန်းများကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ Bangka Belitung Islands Quarantine Agency အကြီးအကဲ Herwintarti က ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်၌ နိုင်ငံတကာဈေးကွက်တွင် အဖြူရောင်ငရုတ်ကောင်းအပေါ် ဝယ်လိုအား ဆက်လက်အားကောင်းနေကြောင်း ပြောကြားခဲ့ပါသည်။ Quarantine Agency သည် Bangka Belitung Islands ပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ Go Export Program မှ တစ်ဆင့် အဖြူရောင်ငရုတ်ကောင်းတင်ပို့မှုကို ပိုမိုအားပေးဆောင်ရွက်လျက်ရှိပြီး တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်လိုစိတ်ကို ဆက်လက်မြှင့်တင်ပေးလျက်ရှိကြောင်း သိရပါသည်။ Herwintarti က အဖြူရောင်ငရုတ်ကောင်း၏ ပို့ကုန်အလားအလာမှာ အလွန်မြင့်မားနေဆဲဖြစ်ပြီး ထုတ်လုပ်မှုပမာဏနှင့် အရည်အသွေးကိုမြှင့်တင်နိုင်ရန် ၎င်းသီးနှံကို ပြည်နယ်အစိုးရ၏ ဦးစားပေးအစီအစဉ်များအနက်တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့ပါသည်။ Best Trust (Barantin Electronic System for Transaction and Utility Service Technology) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း Bangka Belitung မှ အဖြူရောင် ငရုတ်ကောင်း တန်ချိန် ၁,၃၇၀ ခန့်အား အကြိမ်ရေ ၁၈၄ ကြိမ် တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ဘီလီယံ ၁၈၀ (အမေရိကန်ဒေါ်လာ ၉.၇ သန်းခန့်) ရှိခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချမှုမှာလည်း တန်ချိန် ၆,၃၂၃ တန်ကို အကြိမ်ရေ ၃၀၈ ကြိမ် ဖြန့်ဖြူး ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ၅၃၅.၈၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈.၈ သန်းခန့်) ရှိခဲ့ကြောင်း သိရပါသည်။ Bangka Belitung မှ အဖြူရောင်ငရုတ်ကောင်း၏ အဓိကပို့ကုန် ဈေးကွက်များမှာ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်၊ မလေးရှားနှင့် ထိုင်ဝမ်တို့ဖြစ်ကြောင်း သိရပါသည်။ တစ်ဖက်တွင် Bangka Belitung Islands Agriculture and Food Security Agency (DPKP) အကြီးအကဲ Kurniawan က ပြည်နယ်အစိုးရသည် ပို့ကုန်သီးနှံဖြစ်သော ငရုတ်ကောင်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် တောင်သူလယ်သမားများ၏ ငရုတ်ကောင်းစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ပြည်နယ်စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် အဖြူရောင်ငရုတ်ကောင်း ထုတ်လုပ်မှုမှာ တန်ချိန် ၉,၆၄၆.၉၆ ရှိခဲ့ပြီး Bangka District တွင် ၁,၁၉၈.၆၈ တန်၊ Belitung District တွင် ၃,၈၃၁.၈၂ တန်၊ West Bangka District တွင် ၁၁၅.၉၁ တန်နှင့် Bangka Belitung တွင် ၁၁၅.၉၁ တန် ထွက်ရှိခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Central Bangka District တွင် ၁၆၁.၃၆ တန်၊ South Bangka District တွင် ၃,၃၃၁.၄၅ တန်နှင့် East Belitung District တွင် ၁,၀၀၇.၇၃ တန် ထွက်ရှိခဲ့ကြောင်း သိရပါသည်။ နှိုင်းယှဉ်ကြည့်ပါက ၂၀၂၄ ခုနှစ်တွင် အဖြူရောင်ငရုတ်ကောင်း ထုတ်လုပ်မှုမှာ စုစုပေါင်း တန်ချိန် ၁၂,၀၀၈.၆၆ ရှိခဲ့ပြီး Bangka District တွင် ၈၇၈.၇၈ တန်၊ Belitung District တွင် ၄,၃၂၁.၈၆ တန်၊ West Bangka District တွင် ၁,၅၀၂.၇၀ တန်၊ Central Bangka District တွင် ၂၂၅.၆၀ တန်၊ South Bangka District တွင် ၃,၈၉၃.၀၆ တန်နှင့် East Belitung District တွင် ၁,၁၈၆.၆၆ တန် ထွက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ Kurniawan က အဖြူရောင်ငရုတ်ကောင်း ထုတ်လုပ်မှုကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ စိုက်ခင်းမြေ များကို ဆီအုန်းစိုက်ခင်းများနှင့် အခြားအသုံးပြုမှုများသို့ ပြောင်းလဲအသုံးပြုလာခြင်းကြောင့် စိုက်ပျိုးဧရိယာ လျော့နည်းလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကုန်သွယ်ရေးသဘောတူညီချက်များကို အသုံးချရန်ကုန်ထုတ်လုပ်ငန်းများကို တိုက်တွန်းခဲ့သည့် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး

         အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများအပါအဝင် ကုန်ထုတ်လုပ်ငန်းများအနေဖြင့် နိုင်ငံ၏ မိတ်ဖက်နိုင်ငံများနှင့် ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချရန် ဆက်လက် တိုက်တွန်းလျက်ရှိကြောင်း သိရပါသည်။ ကုန်သွယ်ရေးသဘောတူညီချက်များကို အသုံးချခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်ဝင်ရောက်ခွင့် ပိုမိုချဲ့ထွင်နိုင်ပြီး ထုတ်ကုန်တင်ပို့မှုကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ Santoso က စီးပွားရေးလုပ်ငန်းများအနေဖြင့် ပို့ကုန်ဈေးကွက်များတွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အကောက် ခွန်နှုန်းထား အထူးအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိအချိန်အထိ ကုန်သွယ်ရေးသဘောတူညီချက် ၂၀ ခုကို အကောင်အထည်ဖော်ထားပြီး သဘော တူညီချက် ၁၅ ခုမှာ အတည်ပြုရေးလုပ်ငန်းစဉ်တွင်ရှိနေသကဲ့သို့ ၁၁ ခုမှာလည်း ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်တွင်ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားပါသည်။ ဝန်ကြီး Santoso  သည် ဇူလိုင် ၁၆ ရက်က ကုန်သွယ်ရေးဝန်ကြီးဌာနတွင် Denso Global နှင့် Denso Group Indonesia မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ရေးအတွက် အကြံပြုချက်များကို လက်ခံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အဆိုပါ အကြံပြုချက်များတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုရိုးရှင်းလွယ်ကူစေရေးနှင့် ပို့ကုန်လုပ်ငန်းများချောမွေ့စေရန် အခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့ပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးက ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အီလက်ထရွန်နစ် မူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (e-SKA) စနစ်ကို ဖော်ဆောင်ခြင်းဖြင့် ဦးစားပေးအကောက်ခွန် ခံစားခွင့်အတွက် မူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (SKA) အသုံးပြုမှုကို အလိုအလျောက် ဆောင်ရွက်နိုင်ရန်စီစဉ်ထားပြီး ကုန်သွယ်ရေးဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါစနစ် မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုထားသည့် နိုင်ငံများ သို့ ကုန်ပစ္စည်းတင်ပို့သည့် စီးပွားရေးလုပ်ငန်းများအား ဦးစားပေးအကောက်ခွန်နှုန်းထား အထူးအခွင့်အရေးများကို အသုံးပြုနိုင်ရန် အလိုအလျောက်လမ်းညွှန်ပေးသွားမည်ဖြစ်ကြောင်း သိရပါ သည်။ လက်ရှိတွင် အဆိုပါ SKA အလိုအလျောက်စနစ်ကို အာရပ်စော်ဘွားများပြည်ထောင်စု၊ ဟောင်ကောင်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ပါကစ္စတန်နိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ကျင့်သုံးလျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံ၏ SKA စနစ်ကို အလိုအလျောက်စနစ်အဖြစ် ပြောင်းလဲထားပြီးဖြစ်ကြောင်း၊ အင်ဒိုနီးရှားနှင့် ကုန်သွယ်ရေးသဘောတူညီချက်ချုပ်ဆိုထားသည့်နိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့သည့်အခါ စနစ်က ဦးစားပေးအကောက်ခွန်အထူးအခွင့်အရေးများကိုအသုံးပြုနိုင်ရန် တိုက်ရိုက်လမ်းညွှန်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ အထူးသဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများနှင့် ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပို့ကုန်လုပ်ငန်းများချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ကိုင်ရန် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ဆက်လက်ပံ့ပိုးဆောင်ရွက်သွားရန် ၎င်းတို့ ကတိပြုထားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

သတ္တုနှင့် သတ္တုထွက်ပစ္စည်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလက်မှတ်ရေးထိုးခဲ့ကြသည့်အင်ဒိုနီးရှားနှင့် ဆွစ်ဇာလန်

         အင်ဒိုနီးရှားနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် သတ္တုနှင့် သတ္တုထွက်ပစ္စည်းကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး သဘာဝသယံဇာတများကို တန်ဖိုးမြှင့်ထုတ်လုပ်ရေး (Downstream) လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီး Rosan Roeslani က အဆိုပါသဘောတူညီချက်သည် ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့တွင် ကျင်းပသည့် Swissmem Industry Day 2026 အခမ်းအနားအတွင်း ဆွစ်ဇာလန်သမ္မတ Guy Parmelin က စတင်လက်မှတ်ရေးထိုးခဲ့သည့်လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Rosan က ထိုသဘောတူညီချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် အရေးပါသောမှတ်တိုင်တစ်ရပ်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော တန်ဖိုးမြှင့် ထုတ်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် အင်ဒိုနီးရှားနိုင်ငံ၏စက်မှုကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အင်ဒိုနီးရှားနိုင်ငံ၏ ပေါများကြွယ်ဝသည့်သတ္တုသယံဇာတများကို ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းအားဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ဖန်တီးနိုင်မည်ဖြစ်သကဲ့သို့ အရည်အသွေးမြင့် အလုပ်အကိုင် များ ဖန်တီးပေးနိုင်ပြီး စက်မှုကဏ္ဍယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ငွေကြေးထောက်ပံ့မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကမ္ဘာ့ဈေးကွက်ဝင်ရောက်နိုင်မှုတို့တွင် ကျွမ်းကျင်မှုများရှိသဖြင့် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုသည် သဘာဝသယံဇာတများကို ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် စီးပွားရေးဖွဲ့စည်းပုံပြောင်းလဲတိုးတက်စေရန် အင်ဒိုနီးရှား အစိုးရ၏မဟာဗျူဟာကို အထောက်အပံ့ပေးမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်ဘက်ထရီများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်စက်မှုလုပ်ငန်းများအတွက် အဆင့်မြင့်သတ္တုသန့်စင်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ကာ မဟာဗျူဟာကျသောသတ္တုများ၏ တန်ဖိုးမြှင့်ထုတ်လုပ်ရေးကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၊ တီမောလက်စတီနှင့် အာဆီယံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Olivier Zehnder က ထိုသဘောတူညီချက်သည် သတ္တုနှင့် သတ္တုထွက်ပစ္စည်းကဏ္ဍတွင် နှစ်နိုင်ငံ အပြန်အလှန်အားဖြည့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် ယခုနှစ်သည် အင်ဒိုနီးရှားနှင့် ဆွစ်ဇာလန်နိုင်ငံတို့ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် (၇၅) နှစ်မြောက် အထိမ်းအမှတ်နှစ်နှင့်လည်း တိုက်ဆိုင်နေပြီး ထိုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု ပိုမို တိုးတက်လာကာ ရေရှည်အကျိုးကျေးဇူးများရရှိစေမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်ရေးမူဘောင်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရေရှည်တည်တံ့သော သတ္တုနှင့် သတ္တုထွက်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အသိပညာလွှဲပြောင်းရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ်အုပ်ချုပ်မှု (ESG) စံနှုန်းများ အကောင်အထည်ဖော်ရေးတို့ ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် သန့်စင်သောနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းများ၏ အုပ်ချုပ်မှုစနစ်အားကောင်းစေရေးနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေး၊ ဆွေးနွေးပွဲများ၊ ပြပွဲများ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် စီးပွားရေးချိတ်ဆက်မှု အစီအစဉ်များကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အထိ ဆွစ်ဇာလန်နိုင်ငံ၏ အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံခန့်ရှိခဲ့ပြီး အစားအသောက်၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး၊ ဆက်သွယ်ရေးနှင့် ဓာတုနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှား–ဥရောပလွတ်လပ်သော ကုန်သွယ်ရေး အသင်း (EFTA) ဘက်စုံစီးပွားရေး မိတ်ဖက်သဘောတူညီချက် (IE-CEPA) အောက်တွင်လည်း နှစ်နိုင်ငံ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာခဲ့ပြီး ထိုသဘောတူညီချက်သည် စီးပွားရေးလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရမှုမြှင့်တင်ပေးကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကျေးရွာသမဝါယမများနှင့် နိုင်ငံပိုင်လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခဲ့သည့် Danantara Indonesia

         အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးအဖွဲ့ Danantara Indonesia သည် Red and White Village Cooperatives (KDKMP) များ၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့နိုင်ရေး အတွက် နိုင်ငံပိုင်လုပ်ငန်းများ (SOEs) အကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခဲ့ ကြောင်း သိရပါသည်။Danantara Indonesia ၏ Chief Operating Officer ဖြစ်သူ Dony Oskaria က စနစ်ကိုပိုမိုစနစ်တကျဖြစ်စေရန် ဆက်လက်ပြုပြင်မွမ်းမံသွားမည်ဖြစ်ပြီး ဝန်ဆောင်မှုများကိုတိုးချဲ့ကာ ကျေးလက်ဒေသရှိ ပြည်သူများအနေဖြင့် တိုက်ရိုက်အကျိုးခံစားနိုင်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့ပါသည်။ Red and White Village Cooperatives (KDKMP) များကို ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးမည့် အဖွဲ့အစည်းများအဖြစ်သာမက ဒေသခံပြည်သူများအတွက် ဘက်စုံဝန်ဆောင်မှုပေးနိုင်သည့် ဗဟိုဌာနများအဖြစ်လည်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ နိုင်ငံတစ်ဝန်း သမဝါယမကွန်ရက်မှတစ်ဆင့် သုံးကီလိုဂရမ် LPG ဓာတ်ငွေ့အိုးများ၊ SPHP ဆန်၊ MinyaKita စားသုံးဆီနှင့် အစိုးရထောက်ပံ့ သည့်ဓာတ်မြေဩဇာများအပါအဝင် အခြေခံစားသောက်ကုန်နှင့် မရှိမဖြစ်ကုန်ပစ္စည်းများ ဖြန့်ဖြူးပေးနိုင်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် Mekaar အသေးစားငွေကြေး ချေးငွေဝန်ဆောင်မှု၊ BRILink ဘဏ်ဝန်ဆောင်မှု၊ Pos Indonesia မှတစ်ဆင့် ပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း သမဝါယမများမှ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျေးလက်ပြည်သူများ၏ ဘဏ္ဍာရေးနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုများ လက်လှမ်းမီမှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရပါသည်။ ထိုပေါင်းစည်းထားသော ဝန်ဆောင်မှုပုံစံသည် ဘဏ်လုပ်ငန်း၊ ပို့ဆောင်ရေးနှင့် အခြေခံလိုအပ်သောကုန်ပစ္စည်းများကို ကျေးလက်ဒေသတစ်ခုတည်းအတွင်း ပေါင်းစည်းပေးခြင်းဖြင့် ပြည်သူများ၏ ဝန်ဆောင်မှုလက်လှမ်းမီမှုကိုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် Dony Oskaria သည် Pertamina Patra Niaga၊ Pupuk Indonesia၊ PTPN IV၊ RNI (ID FOOD)၊ Bulog နှင့် Agrinas Palma တို့၏ ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ၎င်းက နိုင်ငံပိုင်လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာပါက သမဝါယမများ၏ လုပ်ငန်းဆောင်ရွက်မှု ထိရောက်မှု မြင့်မားလာမည်ဖြစ်ပြီး KDKMP ဝန်ဆောင်မှုများမှ အကျိုးခံစားရမည့် လူမှုအသိုင်းအဝိုင်းအရေအတွက်လည်း ပိုမိုမြင့်တက်လာမည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရသည် ဇူလိုင်လ အထိ KDKMP အဆောက်အအုံ ၁၅,၈၄၅ ခု တည်ဆောက်ပြီးစီးခဲ့ပြီး ဩဂုတ်လတွင် နိုင်ငံတစ်ဝန်း စတင်လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ်အကုန်တွင် KDKMP စုစုပေါင်း ၄၀,၀၀၀ ကို ဖွင့်လှစ်လည်ပတ်နိုင်ရန်ရည်မှန်းထားပြီး ကျေးရွာအခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်မည့် အဓိကမဟာဗျူဟာတစ်ရပ်အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း စံချိန်တင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးရူပီး ၁၀၁၀.၆ ထရီလီယံရရှိခဲ့သည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အကောင်အထည်ဖော်နိုင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ရူပီး ၁,၀၁၀.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၆.၁ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလထက် ၇.၂ ရာခိုင်နှုန်း တိုးတက်လာကာ ယခုနှစ်အတွက် သတ်မှတ် ထားသည့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်၏ ထက်ဝက်နီးပါးကိုပြည့်မီခဲ့သည့်အပြင် အလုပ်အကိုင် ၁.၄၄ သန်း ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီး Rosan Roeslani က ပြောကြားခဲ့ပါသည်။ ဇူလိုင် ၁၇ ရက်က ထုတ်ပြန်သည့် သတင်းထုတ်ပြန် ချက်အရ အဆိုပါရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အစိုးရက ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက် ရူပီး ၂,၀၄၁.၃ ထရီလီယံ၏ ၄၉.၅ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရ ပါသည်။ ဝန်ကြီး Rosan Roeslani က ပထမနှစ်ဝက်အတွင်း ရရှိခဲ့သည့် ရလဒ်များကြောင့် အင်ဒိုနီးရှားအနေဖြင့် ယခုနှစ်အတွက်ချမှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်ကို ပြည့်မီနိုင်မည့်လမ်းကြောင်းပေါ်တွင် ဆက်လက်ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် ၁.၄၄ သန်း ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံလိုသည့် ရင်းနှီးမြှုပ်နှံသူများ၏ကတိကဝတ်သည် ၂၀၂၆ ခုနှစ် အတွက် သတ်မှတ်ထားသည့် ရည်မှန်းချက်နှင့်အညီ ဆက်လက်တည်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဂျာဗားကျွန်းပြင်ပဒေသများသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဂျာဗားကျွန်းအတွင်းဝင်ရောက်လာသည့်ပမာဏထက် အနည်းငယ်ပိုမိုများပြားခဲ့ပြီး ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုကိုမျှတစေရန် အစိုးရ၏မူဝါဒကို အထောက်အကူပြုခဲ့ကြောင်း သိရပါသည်။ ဂျာဗားကျွန်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၅၀၂.၈ ထရီလီယံ ရရှိခဲ့ပြီး စုစုပေါင်း၏ ၄၉.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါသည်။ ဂျာဗားကျွန်းပြင်ပဒေသများတွင်မူ ရူပီး ၅၀၇.၈ ထရီလီယံ ရရှိခဲ့ပြီး စုစုပေါင်း၏ ၅၀.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကာလအတွင်း ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုတို့မှာလည်း မျှတစွာဆက်လက်ရှိနေခဲ့ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ ပြည်တွင်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ရူပီး ၅၀၂.၉ ထရီလီယံရှိပြီး စုစုပေါင်း၏ ၄၉.၈ ရာခိုင်နှုန်းရှိကာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ရူပီး ၅၀၇.၆ ထရီလီယံရှိပြီး စုစုပေါင်း၏ ၅၀.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့်နိုင်ငံမှာ စင်ကာပူဖြစ်ပြီး အမေရိကန် ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါသည်။ ထို့နောက် ဟောင်ကောင်က အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ၊ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံနှင့် အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရပါသည်။ အဆိုပါနိုင်ငံနှင့်ဒေသငါးခုမှ ရင်းနှီးမြှုပ်နှံမှု သည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၇၇.၈ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးမရေရာမှုများဆက်လက်ဖြစ်ပေါ်နေသော်လည်း အင်ဒိုနီးရှားနိုင်ငံ အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုမှာ ခိုင်မာနေဆဲဖြစ်သည်ကို အဆိုပါ ကိန်းဂဏန်းများက ဖော်ပြနေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်မှန်း

        ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ၎င်းတို့၏ ထောက်ခံမှုကို အတည်ပြုခဲ့ကြပြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင်က စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတင်ပို့နိုင်မည့် အလားအလာများကို အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။

         အဆိုပါ ကတိကဝတ်သည် လွှတ်တော်၏ Solidarity Palace ၌ မစ္စတာ ဟွန်ဆင်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Flerida Ann Camille P Mayo တို့အကြား မနေ့က ပြုလုပ်ခဲ့သည့် နှုတ်ဆက်ပွဲတွေ့ဆုံမှုအတွင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။
သံအမတ်ကြီး Mayo ၏ သက်တမ်းအတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကို မစ္စတာ ဟွန်ဆင်က ချီးကျူးစကားပြောကြားခဲ့ကြောင်း လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က ပြောကြားခဲ့ကြောင်း သိရသည်။

        ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၏ ကမ္ဘောဒီးယားခရီးစဉ်နှင့် ဝန်ကြီးချုပ် ဟွန်မာနက်၏ ဖိလစ်ပိုင်ခရီးစဉ်များ အပါအဝင် အဆင့်မြင့်ခေါင်းဆောင်များ၏ အပြန်အလှန် လည်ပတ်မှုများကြောင့် သံတမန်ရေးရာ ဆက်ဆံရေးများ တိုးတက်လာမှုကို သံအမတ်ကြီးက အလေးအနက် ပြောကြားခဲ့ကြောင်း Thyrith က မှတ်ချက်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

          သံအမတ်ကြီး Mayo သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် အဓိကထား ပြောကြားခဲ့ပြီး၊ ကမ္ဘောဒီးယား စိုက်ပျိုးရေးထုတ်ကုန်များကို ပမာဏပိုမို၍ တင်သွင်းရန် ဖိလစ်ပိုင်နိုင်ငံက များစွာစိတ်ပါဝင်စားကြောင်း အလေးပေးပြောဆိုခဲ့ပါသည်။ ထို့ပြင် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုများ ပိုမိုတက်ကြွလာပြီး ဒေသတွင်း ဆက်ဆံရေးကို ပိုမိုနီးကပ်စေကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရပါသည်။

       မစ္စတာ ဟွန်ဆင်က အဆိုပါကတိကဝတ်ကို ကြိုဆိုခဲ့ပြီး ယင်းကဏ္ဍများသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်စျေးကွက်သို့ ဆန်တင်ပို့မှုများ ဆက်လက် မြင့်တက်လာလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းကို လွယ်ကူချောမွေ့စေရန်နှင့် စီးပွားရေးပေါင်းစည်းမှုကို အားကောင်းစေရန်အတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုများ ပိုမိုတိုးချဲ့ရန် ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ သံအမတ်ကြီး Mayo ကလည်း ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်ခရီးသွားများအတွက် အဓိက လည်ပတ်ရာနေရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း သဘောတူ လက်ခံခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲအတွင်း မစ္စတာ ဟွန်ဆင်က ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပြဿနာကို ထည့်သွင်းပြောကြားခဲ့ပြီး၊ အဆိုပါအငြင်းပွားမှုကို နိုင်ငံတကာဥပဒေများနှင့်အညီ၊ တည်ဆောက်ထားပြီးဖြစ်သည့် နှစ်နိုင်ငံ ဆွေးနွေးရေးလုပ်ထုံးလုပ်နည်းများမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

       သံအမတ်ကြီး Mayo က ပြန်လည်တုံ့ပြန်သည့်အနေဖြင့် လက်ရှိအာဆီယံဥက္ကဋ္ဌ ဖြစ်သည့်အားလျော်စွာ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဒေသတွင်း တည်ငြိမ်မှုကို ဦးစားပေးအဖြစ် ရှိနေစေရေး သေချာစေလျက်၊ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: Khmertimes                                                                  

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဘရာဇီးတို့ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ဖြစ်မြောက်နိုင်ခြေအတွက် ဆွေးနွေးပွဲများ စတင်

        ကမ္ဘောဒီးယားနှင့် ဘရာဇီးနိုင်ငံတို့သည် စီးပွားရေးဆိုင်ရာ အလားအလာများကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များ (FTAs) နှင့် ဝင်ငွေခွန်နှစ်ထပ်မံစည်းကြပ်မှု ရှောင်လွှဲရေးသဘောတူညီချက်များ (DTAs) ရေးထိုးနိုင်မည့် ဖြစ်မြောက်နိုင်ခြေကို လေ့လာရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန် ကာကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်များကို ပြင်ဆင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြကြောင်း သိရပါသည်။

          အဆိုပါ ဆွေးနွေးမှုများကို ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီး Vivian Loss Sanmartin တို့အကြား ဖနွမ်းပင်မြို့တွင် ဇူလိုင် ၁၅ ရက်က ပြုလုပ်ခဲ့သည့် စီစဉ်ထားသော တွေ့ဆုံမှုနှင့် လုပ်ငန်းခွင်ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         တွေ့ဆုံမှုအတွင်း ဒုတိယဝန်ကြီးချုပ်က အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ဖနွမ်းပင်မြို့၌ ဘရာဇီးသံရုံး စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာမှုကို မြင့်မားစွာ တန်ဖိုးထားချီးကျူးခဲ့ကြောင်း သိရပါသည်။ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ သိသိသာသာ မြင့်တက်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၈၆ သန်းခန့်အထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၁ ရာခိုင်နှုန်းကျော် တိုးတက်မှုနှုန်း ရှိခဲ့သည်။ သံအမတ်ကြီး ဆန်မာတင်ကလည်း နှစ်ဦးနှစ်ဖက် စီးပွားရေးအကျိုးအမြတ်များအတွက် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးချိတ်ဆက်မှုများနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်မှုများကို မြှင့်တင်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင်နှင့် တိုးချဲ့သွားရန် ဘရာဇီးအစိုးရ၏ ခိုင်မာသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးက စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဘဏ္ဍာရေးနည်းပညာ (FinTech) တို့အပါအဝင် ရေတိုရေရှည် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိက အလားအလာရှိသော ကဏ္ဍအချို့ကို ဖော်ထုတ်ခဲ့ကြ ကြောင်း သိရပါသည်။

           Pornmoniroth ကဘရာဇီးအစိုးရနှင့် ပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး၊ နှစ်နိုင်ငံပြည်သူများထံသို့ သာယာဝပြောမှုများ ဆောင်ကြဉ်းပေးနိုင်ရန်အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆက်လက်၍ ပိုမိုနက်ရှိုင်းလာလိမ့်မည်ဖြစ်ကြောင်း ခိုင်မာသောယုံကြည်မှုကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source: Khmertimes                                                                  

DOCA (ရန်ကုန်)

ဒုတိယသုံးလပတ်တွင် ၅.၈ ရာခိုင်နှုန်းဖြင့် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ တိုးတက်လာသည့် မလေးရှားနိုင်ငံ၏ စီးပွားရေး

         မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်ရလာခြင်းနှင့် သတ္တုတွင်းထွက်ပစ္စည်း ထုတ်လုပ်မှု ပြန်လည်ဦးမော့လာခြင်းတို့ကြောင့် ဒုတိယသုံးလပတ်တွင် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့ကြောင်း တရားဝင် ကနဦးခန့်မှန်းချက်များအရ သိရပါသည်။

       မလေးရှားနိုင်ငံ စာရင်းအင်းဌာန၏ အဆိုအရ ဧပြီလမှ ဇွန်လအထိ ဒုတိယသုံးလပတ်အတွင်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ၎င်းပမာဏသည် Bloomberg သတင်းဌာန၏ စစ်တမ်းကောက်ယူမှုတွင် ခန့်မှန်းထားသည့် ပျမ်းမျှတိုးတက်မှုနှုန်း ၅.၂ ရာခိုင်နှုန်းထက်မက ပိုမိုမြင့်မားခဲ့ပြီး၊ ပထမသုံးလပတ်၏ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်း ဖြစ်သော ၅.၄ ရာခိုင်နှုန်းထက်လည်း ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။

      စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ ကျန်စီးပွားရေးကဏ္ဍ အားလုံးတွင် တိုးတက်မှုများ ရှိခဲ့ပြီး၊ စိုက်ပျိုးရေးကဏ္ဍတွင်မူ ကျဆင်းမှု (သို့မဟုတ်) ဆုတ်ယုတ်မှုရှိခဲ့ကြောင်း အဆိုပါဌာနက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့ကြောင်း သိရပါသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ ပြင်းထန်နေမှုကြောင့် စွမ်းအင်နှင့် စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုများ ကြုံတွေ့နေရသည့်ကြားမှ မ     လေးရှားနိုင်ငံအပြင် ၎င်း၏တောင်ဘက်အိမ်နီးချင်း စင်ကာပူနိုင်ငံတို့ပါ ဒုတိယသုံးလပတ်တွင် စီးပွားရေးလုပ်ငန်းများ အားနည်းသွားနိုင်သည်ဟူသော မျှော်လင့်ချက်များကို ဆန့်ကျင်ကျော်လွှားနိုင်ခဲ့ကြောင်း သိရပါသည်။

      မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းကြား တိုးတက်ရန် မျှော်မှန်းထားပြီး တိုးတက်မှုနှုန်းသည် သတ်မှတ်ချက်၏ အထက်ဝက်ခန့်အထိ ဖြစ်လာနိုင်ခြေရှိကြောင်း မလေးရှားဗဟိုဘဏ်  ဥက္ကဋ္ဌ Datuk Seri Abdul Rasheed Ghaffour က ဇူလိုင်လအစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။

      တစ်နှစ်ထက်တစ်နှစ် နှိုင်းယှဉ်ချက်အရ ပံ့ပိုးမှုဘက်ဆိုင်ရာ အချက်အလက်များအရ မလေးရှားနိုင်ငံ စီးပွားရေးထွက်ကုန်၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော ဝန်ဆောင်မှုကဏ္ဍ၏ တိုးတက်မှုနှုန်းသည် ဒုတိယသုံးလပတ်တွင် ၅.၄ ရာခိုင်နှုန်းဖြင့် အနည်းငယ် လျော့နည်းခဲ့ပြီး၊ လက္ကားနှင့် လက်လီကုန်သွယ်မှုလုပ်ငန်းများက အဓိကပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။

        အခြားတစ်ဖက်တွင်မူ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပို့ကုန်ဦးတည်သော စက်မှုလုပ်ငန်းများ၊ အထူးသဖြင့် လျှပ်စစ်၊ အီလက်ထရွန်နစ်နှင့် အလင်းပြပစ္စည်း ထုတ်ကုန်များ ထုတ်လုပ်မှုကြောင့် ပထမသုံးလပတ်တွင် ၅.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ဒုတိယသုံးလပတ်တွင် ၇.၅ ရာခိုင်နှုန်းအထိ အရှိန်အဟုန် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ သတ္တုတွင်းနှင့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိမှုသည် ၂၀၂၆ ခုနှစ်၏ ပထမသုံးလအတွင်း ၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ယခုအခါတွင် သဘာဝဓာတ်ငွေ့ကို အဓိကအခြေခံ၍ ၁၀.၂ ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးရေးကဏ္ဍမှာမူကဏ္ဍခွဲ အားလုံးနီးပါး ကျဆင်းသွားခဲ့ပြီးနောက် ပြီးခဲ့သည့် သုံးလပတ်က ၂.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ယခုတွင် ၃.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

သရက်သီးများ ပြည်ပပို့ကုန်ပန်းတိုင် မြင့်မြင့်မားမား သတ်မှတ်လိုက်သည့် အင်ဒိုနီးရှားနိုင်ငံ

        အင်ဒိုနီးရှားနိုင်ငံသည် ဂျာဗားအရှေ့ပိုင်းမှ သရက်သီး ပြည်ပတင်ပို့မှုကို မြှင့်တင်ရန် ကြိုးပမ်းနေပြီး၊ ဂျပန်နိုင်ငံကို ဦးစားပေး ပို့ကုန်စျေးကွက်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ ရွှေ့ပြောင်းအခြေစိုက်နေထိုင်ရေးဆိုင်ရာဝန်ကြီး Muhammad Iftitah Sulaiman Suryanagara က ဂျပန်နိုင်ငံတွင် အရည်အသွေးမြင့် ပရီမီယံသစ်သီးဝလံများအတွက် ဝယ်လိုအားအားကောင်းလျက်ရှိပြီး၊ ကုန်စည်အခြေပြု စီးပွားရေးဇုန်များ ဖော်ဆောင်ခြင်းက လုပ်ငန်းကဏ္ဍအတွင်း ကြုံတွေ့နေရသည့် နည်းပညာပိုင်းဆိုင်ရာ ကုန်သွယ်မှု အတားအဆီးများကို ဖြေရှင်းကျော်လွှားနိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု ပြောကြားခဲ့ ကြောင်း သိရပါသည်။ သစ်သီးဖျက်ပိုး ကဲ့သို့သော စိန်ခေါ်မှုများသည် ဈေးကွက်ဝင်ရောက်ရေးအတွက် အတားအဆီးများ ဖြစ်စေနိုင်သော်လည်း၊ ယင်းအတားအဆီးများကို ကျော်လွှားနိုင်ပါက စိုက်ပျိုးထုတ်လုပ်သူများအတွက် ပိုမိုမြင့်မားသော တန်ဖိုးများကို ဖန်တီးပေးနိုင်လိမ့် မည်ဟု ဝန်ကြီးကပြောကြားခဲ့ကြောင်း သိရပါသည်။

       ဂျာဗားအရှေ့ပိုင်း၊ Pasuruan ခရိုင်မှ ထွက်ရှိသော ထောပတ်သရက်သီးများနှင့် Probolinggo ခရိုင်မှ ထွက်ရှိသော အရုမာနစ်သရက်သီးများသည် ထိပ်တန်းဥယျာဉ်ခြံသီးနှံ ပို့ကုန်များဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း သိရပါသည်။ အဆိုပါဒေသများမှ ထွက်ရှိသော သစ်သီးဝလံများကို အမေရိကန်၊ တရုတ်နှင့် သြစတြေးလျနိုင်ငံ သံအမတ်ကြီးများထံ ပုံမှန်ဂါရဝပြု လက်ဆောင်ပေးအပ်လေ့ရှိပြီး ကောင်းမွန်သော တုံ့ပြန်မှုများ ရရှိထားကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

       အဆိုပါ ပြည်ပတင်ပို့မှု အားကောင်းလာစေရန်အတွက် ရွှေ့ပြောင်းအခြေစိုက်နေထိုင်ရေး ဝန်ကြီးဌာနသည် အခြားသော အစိုးရအေဂျင်စီများနှင့် ပူးပေါင်းကာ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းမှသည် ဈေးကွက်ရှာဖွေခြင်းနှင့် ပြည်ပတင်ပို့ခြင်းအထိ တန်ဖိုးကွင်းဆက် တစ်ခုလုံးကို အားကောင်းစေမည့် ကုန်စည်အခြေပြုဒေသများ ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရပါသည်။

        ဒေသတစ်ခုချင်းစီကို သရက်သီး၊ ဒူးရင်းသီး၊ အုန်းသီး သို့မဟုတ် အခြားသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်စေ ၎င်းတို့၏ နှိုင်းယှဉ်ချက်အရ သာလွန်ကောင်းမွန်သည့် အားသာချက်များအပေါ်မူတည်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Suryanagara က အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။

Source: Fruitnet.com                                                                 

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီးအစို တင်ပို့ရန် ထိုင်းနိုင်ငံဖြတ်ကျော် ကုန်းလမ်းလမ်းကြောင်းကို စဉ်းစားလျက်ရှိ

      မလေးရှားနိုင်ငံသည် သယ်ယူပို့ဆောင်ရေး စရိတ်စကများ လျှော့ချရန်နှင့် ပြည်တွင်း၌ ဒူးရင်းသီးများ အလွန်အကျွံ ထွက်ရှိနေသည့် ပြဿနာကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ ချမ်းသာကြွယ်ဝသော ကမ်းရိုးတန်းမြို့ကြီးများအပြင် အခြားဒေသများရှိ စားသုံးသူများထံပါ ရောက်ရှိနိုင်မည့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးအစို တင်ပို့မည့် ကုန်းလမ်းပို့ကုန် လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။

       မလေးရှားနိုင်ငံသည် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သော ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ ကုန်းလမ်းမှတစ်ဆင့် တင်ပို့နိုင်မည့် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ရန်အတွက် ထိုင်းအစိုးရ၊ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Malay Mail သတင်းဌာနတွင် ဖော်ပြထားကြောင်း သိရသည်။

      စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ဤအစီအစဉ်သည် ပြည်နယ်အများအပြားတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသော ဒူးရင်းသီးရာသီကြောင့် ဒူးရင်းသီးများ အလွန်အကျွံ ပိုလျှံနေချိန်တွင် ဒူးရင်းစိုက်တောင်သူများကို ကူညီပံ့ပိုးပေးရန် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ၂၀၂၆ ခုနှစ် သြဂုတ်လတွင် ကုန်ဆုံးမည့် အမြင့်ဆုံးရာသီမတိုင်မီ ပိုလျှံနေသော ထုတ်လုပ်မှုများကို ကူညီထိန်းညှိပေးရန်အတွက် ဖက်ဒရယ်စိုက်ပျိုးရေးစျေးကွက်ရှာဖွေရေး အာဏာပိုင်အဖွဲ့ (FAMA) အနေဖြင့် ရင်းဂစ် ၇ သန်း (စင်္ကာပူဒေါ်လာ ၂.၂ သန်း) တန်ဖိုးရှိ ဒူးရင်းသီး တန်ချိန် ၁,၀၀၀ ကို ဝယ်ယူရန် မျှော်မှန်းထားကြောင်း The Star သတင်းစာတွင် ဖော်ပြထားသည်။ ဤအစီအစဉ်သည် မလေးရှားနိုင်ငံ၏ ဒူးရင်းသီးလုပ်ငန်းတွင် ထုတ်လုပ်မှုပမာဏက လက်ရှိတင်ပို့နိုင်စွမ်းထက် ပိုမိုများပြားနေပြီး ပြည်တွင်းလက်လီစျေးနှုန်းများ ထိုးကျနေသည့် ဖိအားများနှင့် ရင်ဆိုင်နေရချိန် တွင် ပေါ်ပေါက်လာခြင်းကြောင်း သိရသည်။

       ဒူးရင်းစိုက်ခင်းများစွာ သီးပွင့်ရိတ်သိမ်းနိုင်သည့် သက်တမ်းသို့ ရောက်ရှိလာခြင်းကြောင့် ထွက်ရှိမှုနှုန်း မြင့်တက်လာပြီး ယခုနှစ်ပိုင်းအတွင်း အခက်ခဲဆုံးသော ရာသီတစ်ခုကို ဖြတ်သန်းနေရသည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ လေကြောင်းလိုင်းဖြင့် တစ်ရက်လျှင် ဒူးရင်းသီးအစို တန်ချိန် ၄၀ ခန့်သာ တင်ပို့နိုင်သဖြင့် စရိတ်သက်သာသော ကုန်းလမ်းလမ်းကြောင်းကို အသုံးပြုနိုင်ပါက ပိုမိုများပြားသော တန်ဖိုးပမာဏကို တင်ပို့နိုင်မည်ဖြစ်ပြီး ပြည်တွင်း၌ ပိုလျှံနေမှုကိုလည်း သက်သာ စေမည်ဟု တာဝန်ရှိသူများက ယုံကြည်နေကြသည်။

         အကယ်၍ ခွင့်ပြုချက်ရရှိပါက ဒူးရင်းသီးအစိုကို ကုန်းလမ်းမှတစ်ဆင့် တင်ပို့ခြင်းက တင်ပို့မှုပမာဏကို သိသိသာသာ တိုးတက်စေမည့်အပြင် သယ်ယူပို့ဆောင်ရေးစရိတ်ကိုလည်း ၄၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဤကိစ္စနှင့် နီးစပ်သည့် မလေးရှားအရာရှိ တစ်ဦးက The Straits Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ