ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ကုလားပဲ၊ ပဲနီလေး များထွက်ရှိချိန် အဝင်များလာ၍ ဈေးနှုန်းလျော့ကျ

   အိန္ဒိယပဲမျိုးစုံအသင်း (India Pulses & Grains Association) ၏ အပတ်စဉ် အစီရင်ခံစာတွင် ကုလားပဲဈေးနှုန်းများသည် လိုအပ်ချက်နည်းပါးခြင်းနှင့် ထုတ်လုပ်မှုပိုများလာမည်ဟု ခန့်မှန်းထား ခြင်းကြောင့် ဈေးကွက်အကန့်အသတ်ဖြစ်နေကြောင်း ဖော်ပြထားသည်။ ကုလားပဲနှင့် ပဲနီလေးတို့ ကဲ့သို့သော ပဲများ၏ ဈေးနှုန်းများသည် စိုက်ပျိုးထွက်ရှိရာ ဒေသများမှ ပို့ဆောင်ရောက်ရှိမှုများ တိုးလာခြင်းကြောင့် ထပ်မံလျော့နည်းလာပြီး စျေးကွက်အတွင်း အကန့်အသတ်ဖြင့်သာ ဆက်လက် လှုပ်ရှားမည်ဟု ခန့်မှန်းကြသည်။

    အိန္ဒိယနိုင်ငံ လက်ကားစျေးကွက်များတွင် ကုလားပဲ၏ ပျမ်းမျှစျေးနှုန်းသည် မတ်လ ၂၁ ရက် နှင့် ပြီးခဲ့သည့်အပတ်တွင် ကွမ်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၅၀၄၂.၅၅ ရူပီးသို့ ကျဆင်းခဲ့ပြီး ယခင်အပတ်၏ဈေးနှုန်း ၅၁၄၇.၃၁ ထက် နည်းလာသည်။ အလားတူ ပဲနီလေး၏ စျေးနှုန်းသည် လည်း ၆၇၇၈.၃၇ ရူပီးသို့ လျော့ကျခဲ့ပြီး ယခင်အပတ်၏ ၇၂၄၅.၅၁ ရူပီးထက်နည်းလာသည်ဟု အချက်အလက်များအရ သိရသည်။ ပဲနှစ်မျိုးလုံး၏ ဈေးနှုန်းများသည် အနည်းဆုံး ထောက်ပံ့ဈေးနှုန်း (MSP) ထက်နည်းနေသည်။ ၂၀၂၆-၂၀၂၇ ပဲရာသီအတွက် ကုလားပဲ MSP သည် ကွမ်တယ်လျှင် ၅၈၇၅ ရူပီးဖြစ်ပြီး ပဲနီလေးအတွက် MSP သည် ၇၀၀၀ ရူပီး ဖြစ်သည်။

     “အစိုးရက MSP အတိုင်း ဝယ်ယူမှု စတင်နေပြီး အဆိုပါဆောင်ရွက်မှုသည် ပဲဈေးနှုန်းများကို ထောက်ပံ့ပေးမည်ဖြစ်သည်။ တင်သွင်းမှုကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ အနောက်အာရှ ဒေသ တွင် ဖြစ်ပွားနေသော စစ်ရေးနှင့် နိုင်ငံရေးတင်းမာမှုများကြောင့် ဒေါ်လာနှင့်ယှဉ်လျှင် ရူပီးတန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် ဈေးနှုန်းများ ထပ်မံလျော့နည်းမည် မဟုတ်ဘဲ အကန့်အသတ်အတွင်း သာ ရှိနိုင်သည်” ဟု IGrain India မှ Rahul Chauhan က ပြောသည်။

    စျေးကွက်အများစုတွင် ဈေးနှုန်းများသည် MSP ထက်နည်းနေပြီး စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်များက ကုလားပဲခြမ်းနှင့် ကုလားပဲမှုန့်တို့အတွက် လိုအပ်ချက်နည်းနေခြင်းကြောင့် သတိ ထားဝယ်ယူနေကြသည်” ဟု IPGA က ဆိုသည်။ မတ်လ နောက်ဆုံးပတ်တွင် ကုလားပဲ တင်သွင်းမှု သည် တန်ချိန်သိန်း ၆.၄၄ အထိ ရှိမည်ဟု ခန့်မှန်းထားပြီး လုံလောက်သည့် အခြေအနေ ရှိသည်ဟု IPGA  ကဖော်ပြထားသည်။

   လက်ရှိ ဘဏ္ဍာရေးနှစ်၏ ဧပြီမှ ဇန်နဝါရီအထိ ကာလအတွင်း တင်သွင်းမှုသည် ၂၀ ရာခိုင်နှုန်း ကျဆင်းကာ တန်သိန်း ၆.၈၈ သာ ရှိခဲ့ပြီး ယခင်နှစ် တန်သိန်း ၈.၆၄ ထက် နည်းခဲ့သည်။ ဒုတိယ အကြိမ် ခန့်မှန်းချက်များအရ ကုလားပဲ ထုတ်လုပ်မှုသည် ယခင်နှစ်၏ ၁၁၁.၁၄ တန်သိန်း ထက် ပိုများကာ ၁၁၇.၉၂ တန်သိန်း ရှိမည်ဟု ခန့်မှန်းထားပြီး၊  ပဲနီလေး ထုတ်လုပ်မှုသည်လည်း ယခင်နှစ် ၏ ၁၆.၅၄ တန်သိန်းမှ ၁၇.၃၃ တန်သိန်းသို့ တိုးလာမည်ဟု မျှော်မှန်းထားသည်။

   အာမက်ဒါဘတ်မြို့မှ စက်မှုလုပ်ငန်းရှင် Punit Bachawat က “ဒီနှစ်မှာ မိုးရေကောင်းခြင်း နှင့် ရာသီဥတုသင့်လျော်မှုကြောင့် ကုလားပဲစိုက်ပျိုးမှုက ကောင်းမွန်ပြီး Rajasthan, Gujarat, Maharashtra နှင့် Karnataka ပြည်နယ်များတွင် ထုတ်လုပ်မှု ပိုမိုတိုးလာနိုင်သည်။ သို့သော် မိုးမမှန်ခြင်းနှင့် အပူချိန်မြင့်ခြင်းကြောင့် အစေ့အရွယ်အစား သေးငယ်လာပြီး အရောင်ပြောင်းလဲမှု အနည်းငယ် ဖြစ်ပေါ်ခဲ့သည်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line, March 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ကမ္ဘောဒီးယားပြောင်းဖူးတင်ပို့မှုတွင် ရင်းနှီးမြှုပ်နှံရန် မလေးရှားစိတ်ဝင်စားလျက်ရှိ

    မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် QL Resources Berhad သည် ကမ္ဘောဒီးယား ပြောင်းဖူး ခြောက်များအား ဝယ်ယူ၍ မလေးရှားဈေးကွက်သို့ တင်ပို့ရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီ ခေတ်မီနည်းပညာဖြင့် ကြက်/ဘဲမွေးမြူခြင်းလုပ်ငန်းအား ကမ္ဘောဒီးယားတွင် ရင်းနှီး မြှုပ်နှံသွားရန် စိတ်ဝင်းစားလျက်ရှိကြောင်းသိရှိရသည်။

    QL Resources Berhad မှ ကိုယ်စားလှယ် Chia Seong Pow သည် ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီးဌာနမှ အတွင်းဝန် Samheng Bora နှင့် ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ဆုံ ရာတွင် စက်မှုလယ်ယာကဏ္ဍအား အဆင့်မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယား ထုတ်ကုန်များအား ဒေသတွင်း တိုးချဲ့တင်ပို့ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခြေအနေများအပေါ် ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။ တွေ့ဆုံပွဲသို့ ကမ္ဘောဒီးယားအခြေစိုက် မလေးရှားကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်ဥက္ကဋ္ဌ Tan Khee Meng လည်း တက်ရောက်ခဲ့သည်။

    Seong Pow က မိမိတို့ကုမ္ပဏီအနေဖြင့် ကမ္ဘောဒီးယားပြောင်းဖူးခြောက်ကို ဝယ်ယူ၍ မလေးရှားဈေးကွက်သို့တင်ပို့ရန်အတွက် ကမ္ဘောဒီးယားတွင် ကုန်သွယ်မှုလုပ်ငန်းတစ်ခုလုပ်ကိုင် ရန် စိတ်ဝင်စာလျက်ရှိကြောင်း၊ ထို့အပြင် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ခေတ်မီ ကြက်/ ဘဲ မွေးမြူခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်းစားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

     Bora က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်ရန် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အလားအလာရှိသော ထုတ်ကုန်များဖြစ်သည့် အထူးသဖြင့် သီဟိုဠ်စေ့ကို မလေးရှားသို့တင်ပို့ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတည်ထောင်ရန် ဝန်ကြီးဌာနကိုယ်စား တိုက်တွန်းလိုပါကြောင်း ပြောကြားထားပါသည်။

     ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံ၏ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်ကထက် ၂၄.၇ ရာခိုင်နှုန်းတိုးလာကာ ၂၀၂၅ ခုနှစ်တွင် ၁.၀၈ ဘီလီယံရှိခဲ့ကြောင်း အထွေထွေ အကောက်ခွန်ဦးစီး ဌာနမှ ထုတ်ပြန်ထားပါသည်။ သွင်းကုန်တန်ဖိုး ဒေါ်လာ ၉၃၅.၃၃ မီလီယံ၊ ၃၀.၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ပို့ကုန်အနေဖြင့် ဒေါ်လာ ၁၄၃.၇၆ မီလီယံတင်ပို့နိုင်ခဲ့သောကြောင့် ၂.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ ကြောင်း၊ မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား၏ ၁၁ နိုင်ငံမြောက် ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

    ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံ၏ စီးပွားရေးဆက်ဆံမှုသည် ခိုင်မာအား ကောင်းလျက် ရှိရာ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ် တိုးတက်နေကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှစတင်၍ မလေးရှား သည် ကမ္ဘောဒီးယား၏ အရေးပါသော ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်လာပြီး ဆက်သွယ်ရေး၊ ဘဏ် လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ထုတ်လုပ်ရေးစသည့် ကဏ္ဍ ၄ ခုကို အဓိက ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားထားပါသည်။

    နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယား ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် Bank Negara Malaysia တို့သည် ဘဏ္ဍာရေးဆိုင်ရာ တီထွင် ဆန်းသစ်မှုနှင့် ငွေပေးချေမှုစနစ်များအဆင့်မြှင့်တင်ရေးအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြောင်း၊ နိုင်ငံဖြတ်ကျော်ငွေပေးချေမှုများကို ထိထိရောက်ရောက်ဖြင့်လုံခြုံစိတ်ချမှုရှိစွာ တိုးမြှင့်ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို  တိုးတက်လာစေရေး ရည်ရွယ်ကြောင်း သိရှိရသည်။

    ကမ္ဘောဒီးယားသို့ရောက်ရှိနေသော မလေးရှားနိုင်ငံသားများအနေဖြင့် ငွေပေးချေမှုကို QR code ဖြင့် ဆောင်ရွက်နိုင်သကဲ့သို့ မလေးရှားနိုင်ငံသို့ရောက်ရှိနေသော ကမ္ဘောဒီးယားနိုင်ငံ သား များသည်လည်း အလားတူဆောင်ရွက်နိုင်ကြောင်းသိရသည်။ ငွေလွှဲပြောင်းပေးပို့ခြင်းအား ပြည်တွင်း ငွေကြေးဖြင့် ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံဖြတ်ကျော် ငွေပေးချေမှုစနစ်အား ပိုမိုထိရောက်စွာ ဖြင့် လုံခြုံစိတ်ချမှုရှိစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ နားလည်မှု စာချွန်လွှာသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများကို များစွာအထောက် အပံ့ဖြစ်စေကြောင်း သိရသည်။

Source: The Phnom Penh Post, March 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် အိန္ဒိယဆန်တင်ပို့မှုများ ရပ်တန့်ကာ ဈေးနှုန်းများကျဆင်းပြီး အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း

    အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်နေ သော အိန္ဒိယ၏ ဆန်တင်ပို့မှုကဏ္ဍသည် ဖရိုဖရဲအခြေအနေသို့ ဆိုက်ရောက်နေသည်။ ဆန်တန်ချိန် သိန်းနှင့်ချီ၍ တင်ပို့နိုင်ခြင်းမရှိဘဲ သောင်တင်နေပြီး အဆိုပါကိစ္စကြောင့် ဆန်ဈေးနှုန်းနှင့် စားနပ် ရိက္ခာဖူလုံမှုအပေါ် သက်ရောက်လာမည့် ဆိုးကျိုးများကို စိုးရိမ်မှုများ မြင့်တက်နေသည်။

    ယခုနှစ်တွင် ဆန်အထွက်နှုန်းကောင်းမွန်သဖြင့် အိန္ဒိယဆန်တင်ပို့သူများအတွက် အလား အလာ ကောင်းမည့်နှစ်ဟု မျှော်လင့်ထားသော်လည်း အီရန်တွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အစီအစဉ်များအားလုံး ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ဆန်လုပ်ငန်းကဏ္ဍ ခန့်မှန်းချက်များအရ လက်ရှိ တွင် ဆန်တန်ချိန် ၄၀၀,၀၀၀ ခန့်သည် ဆိပ်ကမ်းများ၌လည်းကောင်း၊ ပင်လယ်ပြင်တွင်လည်းကောင်း သောင်တင်နေပြီး အဓိကစျေးကွက်များသို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။

ကုန်သွယ်ရေး အနှောင့်အယှက်များ များပြားလာခြင်း

   အိန္ဒိယသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ ဆန် တင်ပို့မှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အိန္ဒိယ သည် ဘာစမာတီ (Basmati) ဆန်တန်ချိန် ၆ သန်းခန့် တင်ပို့ခဲ့ပြီး အများစုမှာ အရှေ့ အလယ်ပိုင်းသို့ တင်ပို့ခြင်းဖြစ်သည်။ သို့သော် အီရန်သည် အဓိကဝယ်ယူသူဖြစ်သောကြောင့် ယခုစစ်ပွဲက ဝယ်လိုအားကို လျော့နည်းစေကာ သင်္ဘောလမ်းကြောင်းများကို အနှောင့်အယှက်ဖြစ် စေသဖြင့် တင်ပို့သူများမှာ အရှုံးပေါ်မည့်အရေးနှင့် ရင်ဆိုင်နေရသည်။ ပို့ကုန်လုပ်ငန်းရှင် ၇,၀၀၀ ခန့်ကို ကိုယ်စားပြုသည့် အိန္ဒိယ ဆန်တင်ပို့သူများအဖွဲ့ချုပ်က ကုန်ကျစရိတ်များ မြင့်တက်နေပြီး အော်ဒါ အသစ်များမှာ စစ်ပွဲကြောင့် ရပ်တန့်နေကြောင်း ပြောကြားခဲ့သည်။ အဖွဲ့ချုပ်၏ ညွှန်ကြားရေးမှူးချုပ် Vinod Kumar Kaul က "သင်္ဘောလိုင်းတွေကနေ ဈေးနှုန်း မတရား တိုးမြှင့်တာ ဒါမှမဟုတ် အပို ဆောင်းခတွေ ကောက်ခံတာမျိုး မရှိစေဖို့ ကျွန်တော်တို့ အစိုးရနဲ့ ဆွေးနွေးနေပါတယ်" ဟု ဆိုသည်။

   ပုံမှန်အားဖြင့် ရာမာဒန် (Ramadan) ဥပုသ်လအတွင်း ဘာစမာတီဆန် ဝယ်လိုအား မြင့်တက် လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ထိုသို့ ဖြစ်မလာခဲ့ပေ။ ထို့အပြင် သင်္ဘောလမ်းကြောင်း အခက်အခဲ များကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်း ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း အဖွဲ့ချုပ် က ပြောသည်။ ကုန်သည်များ၏ သတိပေးချက်အရ အကယ်၍ တင်ပို့မည့် ဆန်များမှာ ခရီးဆုံးသို့ မရောက်ဘဲ ပြည်တွင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိလာပါက ထုတ်ကုန်များ လိုအပ်သည်ထက် ပိုလျှံသွားပြီး ဈေးနှုန်းများ အကြီးအကျယ် ထိုးကျသွားနိုင်ကြောင်း သိရသည်။

   ဒီနှစ်မှာတော့ အမြတ်ဆိုတာ ရှိမှာမဟုတ်တော့ပါဘူး" ဟု မက္ကဆီကိုနှင့် ရုရှားနိုင်ငံများသို့ ဆန်တင်ပို့နေပြီး ပြည်တွင်းဈေးကွက်သို့လည်း ဖြန့်ဖြူးပေးနေသည့် နယူးဒေလီအခြေစိုက် ဆန် ကုန်သည် Virender Kumar က ပြောကြားခဲ့သည်။ "စစ်ပွဲစတာနဲ့ ဈေးနှုန်းတွေ ချက်ချင်း ထိုးကျ သွားခဲ့တယ်။ အခု ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ရေရှည်မှာ လုပ်ငန်းကို ထိခိုက်မှုမရှိဖို့ပါပဲ။"

ဓာတ်မြေဩဇာ ထောက်ပံ့မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ

   ဆန်တင်ပို့မှုအပြင် အဆိုပါပဋိပက္ခသည် အိန္ဒိယ၏ နောက်ထပ်စိုက်ပျိုးရာသီအတွက် အရေးကြီးသော ဓာတ်မြေဩဇာ ထောက်ပံ့မှုကိုလည်း စိုးရိမ်စရာ ဖြစ်စေသည်။ အိန္ဒိယသည် ဓာတ်မြေဩဇာကို ပြည်ပမှတင်သွင်းမှုအပေါ် များစွာမှီခိုနေရသည်။ အိန္ဒိယတွင် အသုံးအများဆုံး ဖြစ်သော ယူရီးယား (Urea) မြေဩဇာ အများစုကို အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနှင့် ယူအေအီး ကဲ့သို့သော ပင်လယ်ကွေ့နိုင်ငံများမှ တင်သွင်းခြင်းဖြစ်သည်။

     တစ်ချိန်တည်းမှာပင် ပြည်တွင်း၌ ယူရီးယားထုတ်လုပ်ရန် အသုံးပြုသည့် သဘာဝ ဓာတ်ငွေ့ရည် (LNG) ထက်ဝက်နီးပါးကို ကာတာနိုင်ငံမှ တင်သွင်းနေရပြီး၊ လက်ရှိတွင် အီရန်၏ တိုက်ခိုက်မှု များကြောင့် တင်ပို့နိုင်မှုစွမ်းအားကို ထိခိုက်နေသည်။ အိန္ဒိယအစိုးရကမူ လာမည့် စိုက်ပျိုးရာသီအတွက် လုံလောက်သော ဓာတ်မြေဩဇာ လက်ကျန်ရှိကြောင်းနှင့် အခြားရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေနေကြောင်း အာမခံထားသည်။ ဝန်ကြီးချုပ် Narendra Modi က အရှေ့ အလယ်ပိုင်း ပဋိပက္ခကြောင့် ပြည်သူများအပေါ် သက်ရောက်မှု မရှိစေရန် အစိုးရက အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့ တွင် ပါလီမန်၌ ပြောကြားခဲ့သည်။

    "အစိုးရအနေနဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖို့ ဓာတ်မြေဩဇာတွေကို လုံလောက်အောင် စီစဉ်ထားပြီးပါပြီ။ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို တောင်သူတွေအပေါ် မကျရောက်စေဖို့ ကျွန်တော်တို့ သေချာဆောင်ရွက်ထားပါတယ်" ဟု ဝန်ကြီး ချုပ်က ထပ်လောင်း ပြောဆိုသည်။ ကျွမ်းကျင်သူများကမူ ဤအခြေအနေသည် ရေရှည်ပြုပြင် ပြောင်းလဲမှုများ လိုအပ်နေသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း ဆိုကြသည်။ ဓာတ်မြေ ဩဇာ ကျွမ်းကျင်သူ Narasimha Reddy Donthi က အိန္ဒိယအနေဖြင့် ဓာတုမြေဩဇာများအပေါ် အမှီပြုနေခြင်းထက် သဘာဝမြေဩဇာ (Organic) များသို့ ပြောင်းလဲအသုံးပြုသင့်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းက စစ်ပွဲနှင့် နိုင်ငံတကာဖြစ်ရပ်များအပေါ် မမှီခိုဘဲ ပိုမိုရေရှည်တည်တံ့စေမည် ဖြစ် ကြောင်း အကြံပြုထားသည်။

Source: Channel News Asia, March 25, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Kratie ပြည်နယ်တွင် အမေရိကန်ဒေါ်လာသန်း ၄၅၀ တန်ဖိုးရှိ တာယာစက်ရုံအသစ် တည်ဆောက်ရန် CDC ခွင့်ပြု

     ကမ္ဘောဒီးယား ဖွံ့ဖြိုးရေးကောင်စီ (CDC)မှ အမေရိကန်ဒေါ်လာသန်း ၄၅၀ တန်ဖိုးရှိ ကား တာယာထုတ်လုပ်သည့် စက်ရုံအသစ် တည်ဆောက်ရန် အတည်ပြုပေးလိုက်ပြီးနောက် Kratie ပြည်နယ်သည် ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်လာသော စက်မှုဇုန်တစ်ခုအဖြစ် ၎င်း၏နေရာကို ပိုမိုခိုင်မာလာစေရန် အသင့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ CDC က ၁၉-၃-၂၀၂၆ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ချက်အရ စက်ရုံအသစ်အား UBE Snoul အထူးစီးပွားရေးဇုန် အတွင်း တည်ဆောက်မည်ဖြစ်ပြီး အဆိုပါစက်ရုံမှာ ပြည်နယ်အတွင်း တတိယမြောက် ကားတာယာ စက်ရုံဖြစ်ကာ နိုင်ငံတစ်ဝန်းတွင် အဋ္ဌမမြောက် စက်ရုံဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

       စက်ရုံသစ်သည် အလုပ်အကိုင်ပေါင်း ၃,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားပြီး ကမ္ဘောဒီးယား အရှေ့မြောက်ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ သိသိသာသာ တိုးတက် လာစေမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် ကမ္ဘောဒီးယား၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အထူး သဖြင့် မော်တော်ယာဉ် အစိတ်အပိုင်း ထောက်ပံ့ရေးကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည် မှု မြင့်မားလာသည်ကို ထင်ဟပ်စေသည်ဟု တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရှိရသည်။

    လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘောဒီးယားသည် အဝတ်အထည်နှင့် ဖိနပ်ကဏ္ဍများ ထက် ကျော်လွန်၍ စီးပွားရေးကို တက်ကြွစွာဖြင့် ကဏ္ဍစုံလင်အောင် ဆောင်ရွက်ခဲ့ပြီး တန်ဖိုးမြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ကားတာယာ လုပ်ငန်းသည် ယှဉ်ပြိုင်နိုင်သော လုပ်သားစရိတ်၊ ဦးစားပေး ကုန်သွယ်မှု အခွင့်အလမ်းများနှင့် ပိုမို ကောင်းမွန်လာသော အခြေခံအဆောက်အဦများကြောင့် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ Kratie ပြည်နယ်၏ အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ တစ်လျှောက် ဗျူဟာမြောက် တည်ရှိမှုနှင့် ဒေသတွင်းဈေးကွက်များနှင့် နီးကပ်မှုတို့ကြောင့် အဆိုပါ ပြည်နယ်သည် စက်မှု စီမံကိန်းများအတွက် ပိုမိုဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

   Kratie ပြည်နယ်တွင် တတိယမြောက် တာယာစက်ရုံ တည်ထောင်ခြင်းသည် အဆိုပါ ပြည်နယ်၏ အထူးပြု ထုတ်လုပ်မှု အစုအဝေးတစ်ခုအဖြစ် ပေါ်ထွန်းလာမှုကို ထင်ရှားစေကြောင်း၊ သုံးသပ်သူများက စက်မှုအစုအဝေးဖွဲ့စည်းခြင်းသည် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချရန်၊ ထောက်ပံ့ရေးကွင်းဆက်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ဒေသခံ အလုပ်သမား များအကြား ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်သည်ဟု မှတ်ချက်ပြုကြ ကြောင်း၊ ကမ္ဘောဒီးယားသည် သဘာဝရော်ဘာ အဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်၍ အဆိုပါ အစု အဝေးသည် ရော်ဘာပြုပြင်ထုတ်လုပ်ခြင်းကဲ့သို့သော ဆက်စပ်လုပ်ငန်းများကိုလည်း အထောက် အကူ ပြုနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

    နိုင်ငံတစ်ဝန်းတွင် တာယာစက်ရုံ (၈) ခုကို လည်ပတ်ဆောင်ရွက်ပြီးဖြစ်စေ၊ လည်ပတ် ဆောင်ရွက်ဆဲဖြစ်စေ ကမ္ဘောဒီးယားနိုင်ငံသည် မော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်မှုတွင် ဒေသဆိုင်ရာ ပါဝင်သည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၎င်း၏ စက်မှုအခြေခံကို ခေတ်မီအောင် မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းရန် အတွက် ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများနှင့် လျော်ညီစွာ ဆောင်ရွက်လျက်ရှိသည်။

    အဆိုပါစက်ရုံများသည် ဒေသတွင်းမှရရှိသော သဘာဝရော်ဘာကို ကုန်ကြမ်းအဖြစ် အမြောက်အမြား အသုံးပြုကြကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ယခင်နှစ်အနည်းငယ်အတွင်း အဓိက တာယာတင်ပို့သည့်နိုင်ငံအဖြစ် သိသိသာသာ တိုးတက်မှု ရရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တာယာတင်ပို့မှုသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၃၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၏ အမေရိကန်ဒေါ်လာ ၈၇၄ သန်းနှင့် နှိုင်းယှဉ်ပါက ၅၇.၈၆ ရာခိုင်နှုန်း တိုးတက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စုစုပေါင်း ရော်ဘာစိုက်ခင်း ဧရိယာ ၄၄၈,၀၅၁ ဟက်တာရှိပြီး ၎င်းအနက် ၃၄၆,၈၄၂ ဟက်တာ (၇၇ ရာခိုင်နှုန်း) သည် ရော်ဘာပင်ရင့်၍ အစေးခြစ်နိုင်သော ဧရိယာဖြစ်ကာ ၁၀၁,၂၀၈ ဟက်တာ (၂၃ ရာခိုင်နှုန်း)မှာ ပြုစုထိန်းသိမ်းဆဲ ဧရိယာဖြစ်သည်။

Source: Khmer Times, March 20, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကျွမ်းကျင်သူ Dorab Mistry ပြောသော ဝယ်လိုအားနည်းခြင်းနှင့် ဇီဝလောင်စာဆီ(Biodiesel) ပြဿနာ ရိုက်ခတ်မှုများအကြားက ရောက်ရှိနေတဲ့ စားအုန်းဆီဈေးကွက်အကြောင်း

      အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် စွမ်းအင်ပြတ်လပ်မှုဖြစ်ပေါ်လာပြီး ဇီဝလောင်စာဆီ (Biodiesel) ဝယ်လိုအားမြင့်တက်လာနိုင်ခြေရှိသော်ငြားလည်း အဓိကတင်သွင်းသူများထံမှ ဝယ်လို အား ကျဆင်းမှုကြောင့် ဈေးနှုန်းအလားအလာကို ခန့်မှန်းနိုင်ဖို့ ခက်ခဲစေပြီး ကမ္ဘာ့စားအုန်းဆီ ဈေးကွက်သည်လည်း ခန့်မှန်းရခက်ခဲသောအခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း ဝါရင့်လုပ်ငန်းရှင် Dorab Mistry က ပြောကြားခဲ့ပါသည်။

      “စစ်ပွဲကာလအတွင်း ဈေးကွက်အခြေအနေများသည် အမျိုးမျိုးပြောင်းလဲနိုင်ပြီး မမျှော်မှန်း နိုင်သော တိုးတက်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု Godrej International ကုမ္ပဏီမှ ညွှန်ကြားရေးမှူး Mistry က Reuters သတင်းဌာနကို ပြောကြားခဲ့ပါသည်။ ယခင်အပတ်က အမေရိကန်-အစ္စရေး ပူးပေါင်းပြီး အီရန် Hormuz ရေလက်ကြားရှိ သင်္ဘောများကို ပစ်မှတ်ထား မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ရေနံစိမ်းဈေးနှုန်းများသည် လေးနှစ်တာ ကာလအတွင်း အမြင့်ဆုံး သို့ ရောက်ရှိသွားခဲ့သည်။ ထိုသိုရေနံဈေးမြင့်တက်ခြင်းသည် ဟင်းသီးဟင်းရွက်ဆီများကို ဇီဝ လောင်စာထုတ်လုပ်ရာတွင် အသုံးပြုရန် ပိုမိုတွန်းအား ဖြစ်လာစေခဲ့ပါသည်။

      “လက်ရှိတွင် ဈေးနှုန်းမြင့်တက်လာမှုများကြောင့် စားသုံးဆီဝယ်လိုအား လျော့ကျလာပြီး၊ ဇီဝလောင်စာဆီ(Biodiesel) ဈေးကွက် မြင့်တက်လာနိုင်ကြောင်း၊ မည်သည့်အချက်က ဈေးကွက်ကို အဓိကလွှမ်းမိုးသွားမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းMistry က ဖြည့်စွက် ပြောကြားခဲ့ပါ သည်။ စားသုံးဆီကဏ္ဍကို အနီးစပ်ဆုံး စောင့်ကြည့်လေ့လာသုံးသပ်နေသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော Mistry က ကုန်ပစ္စည်းပမာဏ (Supply) နှင့် ဈေးနှုန်းခန့်မှန်းချက်များသည် ဈေးကွက် အပေါ် များစွာသက်ရောက်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

 

စားအုန်းဆီဈေးနှုန်းမြင့်တက်လာခြင်း

      မလေးရှားနိုင်ငံ၏ စားအုန်းဆီဈေးနှုန်းများသည် ယခုလအတွင်း ၁၄ ရာခိုင်နှုန်းခန့် မြင့်တက် ခဲ့ပြီး တစ်တန်လျှင် ၄,၆၀၀ ရင်းဂစ် (Ringgit) အထက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ၍ ဝယ်ယူသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော အာရှ ဒေသမှလွဲပြီး ကျန်ဒေသများတွင် စားအုန်းဆီဈေးနှုန်းမှာ ပြိုင်ဘက်ဖြစ်သောပဲပုပ်ဆီ (Soyoil) ထက်ပင် ပိုမိုမြင့်မားလာခဲ့သည်။  စားအုန်းဆီလက်ကျန်ပမာဏ များပြားနေချိန်တွင် ဝယ်လိုအားမှာ လျော့နည်းနေဆဲ ဖြစ်သောကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လတိုင်အောင် စားအုန်းဆီဈေးနှုန်းသည် ၃၈၀၀-၄၃၀၀ ရင်းဂစ်ထိ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ Mistry က ပြီးခဲ့တဲ့လက ခန့်မှန်းခဲ့သည်။

       ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီ ဝယ်ယူသည့် အိန္ဒိယနိုင်ငံသည် မြင့်တက်နေသော ဈေးနှုန်းအသစ်နဲ့ ဝယ်ယူမှုအသစ်ပြုလုပ်ရန် ဝန်လေးနေပြီး ဆီသန့်စင်လုပ်ငန်းရှင်များက ဈေးနှုန်း အမှန်ပြန်ချိန်ညှိတာကို စောင့်ကြည့်နေကြတယ်လို့ ကုန်သည်များက ပြောကြားခဲ့သည်။ အိန္ဒိယ နိုင်ငံမှတင်ပို့သူများသည် ယခင်က ကြိုတင်စာရင်သွင်းထားသည့် သွင်းကုန်ပမာဏများစွာ ဖယ်ရှား ခံရခြင်းနှင့် ကုန်ပစ္စည်းများ ပြတ်လပ်သွားခြင်းတို့ကြောင့် ထိခိုက်နစ်နာမှုများစွာ ဖြစ်ကြောင်း Mistry က ပြောကြားခဲ့ပါသည်။

       လာမည့်လများအတွင်းမှာ အရောက်ပို့ပေးဖို့အတွက် ကြိုတင်စာရင်းသွင်းထားသည့် တောင် အမေရိကနှင့် ပင်လယ်နက်မှ ပဲဆီများစွာပါဝင်သည့် ကာဂိုများသည် ကမ္ဘာ့ပဲဆီဈေးနှုန်း တစ်ဟုန် ထိုးမြင့်တက်ပြီးနောက်မှာ ဖျက်သိမ်းခြင်းခံခဲ့သည်။ အကြောင်းအရင်းမှာ ကမ္ဘာ့ပဲပုပ်ဆီ ဈေးနှုန်း များ ရုတ်တရက် မြင့်တက်လာချိန်တွင် ဝယ်ယူသူများအနေဖြင့် အိန္ဒိယတွင် ယင်းဆီများကို သန့်စင် ရောင်းချခြင်းထက် ကုန်ပစ္စည်းပေးသွင်းသူထံ ပြန်လည်ရောင်းချခြင်းက ပိုမိုအကျိုးအမြတ်ရရှိ သောကြောင့်ဖြစ်ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။

      မုန်ညင်းဆီ အထွက်နှုန်းကောင်းမွန်နေခြင်းသည် ဈေးနှုန်းအဆမတန် မြင့်တက်မသွားအောင် ကူညီပေးသော်လည်း ကန့်သတ်သွင်းကုန်များရောက်ရှိမှုသည် အိန္ဒိယစားအုန်းဆီဈေးနှုန်းကို အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်ကြောင်း Mistry က ပြောကြားခဲ့ပါသည်။ မုန်ညင်းနှင့် မုန်ညင်းစေ့ (Rapeseed) များသည် အိန္ဒိယနိုင်ငံ၏ အဓိက ဆောင်းသီးနှံများဖြစ်ပြီး လာမည့်လမှစတင်ကာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာတော့မည် ဖြစ်ကြောင်းသိရှိရသည်။

Source: Reuters, March 17, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပြည်တွင်းကော်ဖီစားသုံးမှုနှင့်ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရေး

           မြန်မာ့ကော်ဖီသည် အရည်အသွေးမြင့်မားလာသောကြောင့် နိုင်ငံတကာဈေးကွက်တွင် နေရာ ရရှိလာပြီး ပြည်ပပို့ကုန်အဖြစ်လည်း တင်ပို့လာနိုင်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ကော်ဖီကဏ္ဏ သည် ယခင်က မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးခဲ့ရာမှ ယခုအခါ ကမ္ဘာ့အဆင့်မီအထူးတန်းဝင်ကော်ဖီ အဖြစ် ပြည်ပဈေးကွက်သို့ ထိုးဖောက် လာနိုင်ပြီဖြစ်သည်။ ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များမှ ကိုယ်ပိုင် အမှတ်တံဆိပ်များဖြင့် ကော်ဖီထုတ်လုပ်လာခြင်းက ပြည်တွင်း စားသုံးသူများအတွက် ရွေးချယ်စရာ များပြားလာစေပါသည်။

          မြန်မာ့ကော်ဖီကို အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံများနှင့်တောင်ကိုရီးယားနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိပြီး အထူးသဖြင့်ရှမ်းကုန်းပြင်မြင့်ဒေသမှ ထွက်ရှိသော အာရေဗီးကားကော်ဖီ အမျိုးအစားသည် နိုင်ငံတကာ အသိအမှတ်ပြုအမှတ်ပေး စနစ်များတွင် အမှတ်ကောင်းများရရှိ ထားသည်။ ယခင်က အသင့်ဖျော်ကော်ဖီမစ်များကို အဓိကသောက်သုံးခဲ့ကြသော်လည်း ယခုအခါ ပြည်တွင်းရှိ ကော်ဖီနှစ်ခြိုက် သူများအကြား သဘာဝကော်ဖီစစ်စစ်ကိုသာ သောက်သုံးမှုပိုမိုများပြား လာကြသည်။ မြို့ကြီးများ၌ အရည်အသွေးမြင့်ကော်ဖီဆိုင်များ တိုးပွားလာခြင်းသည် ပြည်တွင်းထွက် ကော်ဖီစေ့များအတွက် ခိုင်မာသော ဈေးကွက်တစ်ခုဖြစ်လာသည်။

         မြန်မာ့ကော်ဖီကို ပြည်ပသို့တင်ပို့ရာတွင် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စိုက်ပျိုးမှုစနစ်ကောင်းများကိုအခြေခံသည့် အသိအမှတ်ပြုလက်မှတ်များရရှိထားရန်မှာ အရေးကြီးသော အချက်တစ်ချက်ဖြစ်လာသည်။ ကော်ဖီကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးစရိတ်နှင့် နည်းပညာ အခက်အခဲများရှိနေသော်လည်း ဌာနဆိုင်ရာများနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းကာ အရည်အသွေးမြှင့်တင်ရေးသင်တန်းများနှင့်ဈေးကွက်ချိတ်ဆက်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ကော်ဖီကို ကမ္ဘာ့အဆင့်မီထုတ်ကုန်တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အရည်အသွေးစံချိန်စံညွှန်းကို တစိုက်မတ်မတ် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကော်ဖီလုပ်ငန်းရှင်များအသင်းမှ တိုက်တွန်းထားကြောင်းလည်း သိရသည်။

DOCA(ပဲခူး)

 

ပထဝီနိုင်ငံရေးမသေချာမရေရာမှုများကြား စားအုန်းဆီကြမ်း(CPO) ဈေးနှုန်းများ မကြာမီ ကာလ တွင် တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၄၅၀ အထက် ဖြစ်ပေါ်လာနိုင်

    မလေးရှား စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများကို မကြာမီကာလတွင် မလေးရှားရင်းဂစ် ၄၄၅၀ ( အမေရိကန်ဒေါ်လာ ၁၁၃၀ )အထက် ဆက်လက်တည်ရှိရန် မျှော်လင့်ထားကြောင်းနှင့် စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စားအုန်းဆီကို လောင်စာဆီအဖြစ် ရောနှောအသုံးပြုလာ နိုင်ခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း မလေးရှား စားအုန်းဆီအသင်း (MPOC) က ပြောကြားသည်ကို မလေးရှားနိုင်ငံ အမျိုးသား သတင်းအင်ဂျင်စီဖြစ်သည့် Bernama သတင်းဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြထားပါသည်။

    သို့သော် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် မသေချာမရေရာမှုများ မြင့်တက်လာမှု ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားလျော့လာခြင်းနှင့် ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်ခြင်းတို့ က အဓိက စားအုန်းဆီ ဈေးကွက်များမှ တင်သွင်းမှုကို ယာယီနှောင့်နှေးမှုဖြစ်ပေါ်စေပြီး ဈေးနှုန်း ပြန်လည်မြင့်တက်လာစေခြင်းဖြစ်သည်ဟု သိရှိရပါသည်။ ဟော်မုဇ်ရေလက်ကြား သယ်ယူ ပို့ဆောင် ရေး အခက်အခဲ ဖြစ်ပေါ်လာခြင်းနှင့် အနောက် အာရှ ဒေသရှိ ဆီသန့်စစ် ရေးလုပ်ငန်းရှင်များက မလွန်ဆန်နိုင်သောဖြစ်ရပ် (Force Majeure) ကြေညာချက်များရှိလာခြင်းတို့ကြောင့် ဟင်းသီး ဟင်းရွက်ဆီဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် နှစ်လယ်နောက်ပိုင်း ယခုနှစ်မတ်လတွင် ဈေးနှုန်း အတက်ဘက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

    ကမ္ဘာ့ဈေးကွက်တွင် လောင်စာဆီဈေးနှုန်းများ သိသိသာသာမြင့်တက်လာခြင်းက ဇီဝဒီဇယ်ဆီ အသုံးပြုမှုနှင့် ရောနှောခြင်းတို့ကို ယှဉ်ပြိုင်မှုတိုးတက်လာစေကြောင်း MPOC က ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ၏ ဇီဝဒီဇယ်ဆီ လုပ်ငန်းအတွက် အီသနှော ပါဝင်မှု အချိုးအစား ၁၅ % (B15) မှ ၁၆ % (B16) သို့ တိုးမြှင့်ခွင့်ပြုထားသည်။ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ ပါဝင်မှု အချိုးအစား ၅၀ % ထိ ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်ရန်လမ်းများကို စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး အကောင် အထည်ဖော်ဆောင်ရွက်မည့်ကာလသတ်မှတ်ချက် မရှိသေးသော်လည်း ရောနှောအသုံးပြုမှု တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်ကို MPOC က ဆက်လက် ပြောဆိုထားသည်။

    မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှုအနေဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်လဖြစ်ပြီး အလုပ် လုပ်ရက်ပိုမိုနည်းပါးသည့် ဖေဖော်ဝါရီလတွင် ဆီအုန်း ဆွတ်ခူးရိတ်သိမ်းရသည့် ရက်အရေအတွက် နည်းပါးသည့်အတွက် တန်ချိန် ၁.၂၈ သန်းသာ ထုတ်လုပ်နိုင်ပြီး တန်ချိန် ၂၉၃၀၀၀ ခန့်၊ ရာခိုင်နှုန်း အားဖြင့် ၁၈.၅ % ကျဆင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ တင်ပို့မှုအနေဖြင့် စုစုပေါင်းထုတ်လုပ်မှု၏ ၈၈ % ခန့်ကို တင်ပို့နိုင်ခဲ့ပြီး ကုန်လက်ကျန်ဆီ သိုလှောင်မှုပမာဏကိုပင် လျော့ကျ စေခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဖေဖော်ဝါရီလတွင် ၁၈.၇ % မြင့်တက်လာကာ တန်ချိန်အား ဖြင့် ၂.၅၈ သန်းခန့် တင်ပို့နိုင်ခဲ့ရာ အိန္ဒိယသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။

    အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၆ ခုနှစ် ပထမ ၂ လ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ) တွင် သိသိသာသာ ပြန်လည်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက တန်ချိန် ၉၆၅၀၀၀ ပိုမိုတင်သွင်းခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၁၄၉ % ခန့်ရှိလာကာ တင်သွင်းမှုတန်ချိန် စုစုပေါင်း ၁.၆ သန်း ခန့်ဖြစ်ကြောင်း မလေးရှား စားအုန်းဆီအသင်း (MPOC) က ပြောကြားထားပါသည်။

Source: Bernama, March 19, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

လယ်သမားများနှင့် ရေလုပ်သားများအားထောက်ပံ့ကြေးများပေးအပ်ရန် ဖိလစ်ပိုင်အစိုးရစီစဉ် လျက်ရှိ

    အမေရိကန်-အီရန် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန (DA) သည် လယ်သမား နှင့် ရေလုပ်သားများအတွက် သမ္မတ၏ ကူညီစောင့်ရှောက်ရေး အစီအစဉ် (PAFFP) မှတစ်ဆင့် တစ်နိုင်ငံလုံးရှိ လယ်သမားများနှင့် ရေလုပ်သားများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါ အစီအစဉ်တွင် ပီဆို ၁၀ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော စပါး၊ ပြောင်းနှင့် ကြံစိုက်တောင်သူများအပြင် ရေလုပ်သားများကိုပါ တစ်ဦးလျှင် ပီဆို ၂,၃၂၅ နှုန်းဖြင့် အကန့်အသတ်မရှိ ထောက်ပံ့ပေးရန် ရည်ရွယ်ကြောင်းနှင့် ၎င်းမှာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများ အတွင်း မြင့်တက်လာသော စိုက်ပျိုးထုတ်လုပ်စရိတ်ဒဏ်ကို သက်သာစေရန်နှင့် ၎င်းတို့၏ ထုတ်လုပ် နိုင်စွမ်းအားကို ကာကွယ်ပေးရန်အတွက် ဖြစ်သည်။

    စိုက်ပျိုးရေးဦးစီးဌာနသည် အတွင်းဝန် Francisco Tiu Laurel Jr. လက်မှတ်ရေးထိုးထား သော ၂၀၂၆ ခုနှစ် စာချွန်လွှာကို ၁၈-၃-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန် ချက်တွင် PAFFP အစီအစဉ်အတွက် လိုက်နာဆောင်ရွက်ရမည့် အသေးစိတ် လမ်းညွှန်ချက်များ ပါဝင်သည်။

    ဤအစီအစဉ်၏ အကျိုးခံစားခွင့်ရရှိရန်အတွက် စပါးစိုက်တောင်သူများသည် စပါးစိုက်ပျိုးမှု ကို လက်တွေ့လုပ်ကိုင်နေသူများ ဖြစ်ရမည့်အပြင် စိုက်ပျိုးမြေ ဧရိယာ ၂ ဟက်တာထက် မပိုသူများ ဖြစ်ရမည်ဖြစ်ပြီး အလားတူ ပြောင်းနှင့် ကြံစိုက်တောင်သူများသည်လည်း ပြောင်း သို့မဟုတ် ကြံ စိုက်ပျိုးထုတ်လုပ်မှုအား လက်တွေ့လုပ်ကိုင်နေသူများ ဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် တောင်သူ အားလုံးသည် စိုက်ပျိုးရေးဝန်ကြီးဌာန၏ လယ်ယာစိုက်ပျိုးရေး အခြေခံကဏ္ဍများအတွက် မှတ်ပုံ တင်စနစ် (RSB  SA) တွင်လည်း မှတ်ပုံတင်ထားသူများ ဖြစ်ရမည်ဖြစ်သည်။ ရေလုပ်သားများ အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ RSBSA မှတ်ပုံတင်စနစ်တွင် ပါဝင်ရမည့်အပြင် ငါးလုပ်ငန်းဦးစီး ဌာန၏ ရေယာဉ်မှတ်ပုံတင်စနစ် (Boat Registration) တွင်လည်း မှတ်ပုံတင်ထားသူများ ဖြစ်ရ မည်။ ထို့ပြင် ငါးဖမ်းလုပ်ငန်းများကိုလည်း လက်တွေ့တက်ကြွစွာ လုပ်ကိုင်နေသူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

     အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများသည် ကမ္ဘာ့ဈေးကွက်တွင် မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး စက်သုံးဆီ၊ မြေသြဇာ၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသော စိုက်ပျိုးရေးထုတ်လုပ်မှု သွင်းအားစုများ၏ ဈေးနှုန်းကို မြင့်တက်လာစေခဲ့သည်။ ထိုကဲ့သို့ ကုန်ကျ စရိတ်များ မြင့်တက်လာခြင်းသည် ပြည်တွင်း စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း ကဏ္ဍများကို တိုက်ရိုက် သက်ရောက်မှုရှိစေကာ စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေး၊ လယ်သမားနှင့် ရေလုပ်သားများ၏ ဝင်ငွေတည်ငြိမ်ရေးနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ခြိမ်းခြောက်လျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနက မှတ်ချက်ပြုထားကြောင်း သိရသည်။

    PAFFP အစီအစဉ်သည် အခက်အခဲများဖြစ်ပေါ်ချိန်နှင့် အချိန်ကိုက်ဖြစ်ပြီး တိကျသေချာ သော ငွေကြေးဆိုင်ရာ ကုစားမှုများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်ငါးလုပ်ငန်း ထုတ်လုပ်မှု အပေါ် ကျရောက်လာသော ရိုက်ခတ်မှုများကို လျှော့ချရန် လယ်သမားများနှင့် ရေလုပ်သားများ၏ ခံနိုင်ရည်စွမ်းကို မြှင့်တင်ရန်နှင့် ဈေးကွက်မတည်ငြိမ်မှုနှင့် ထုတ်လုပ်မှုစရိတ် မြင့်တက်လာမှုများ ကြားမှ ဒေသတွင်းစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထုတ်လုပ်မှုကို ရေရှည်တည်တံ့စေရန် ရည်ရွယ်သည် ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ငွေကြေးထောက်ပံ့မှုများကို စိုက်ပျိုးရေးဝန်ကြီးဌာန၏ Interventions Monitoring Cards (E-wallet) များမှ တစ်ဆင့် ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ မှတ်ပုံတင်ထားသော လယ်သမားများ နှင့် ရေလုပ်သားများသည် ၎င်းကတ်များကို ဘက်စုံသုံးသက်သေခံကတ်အဖြစ် အသုံးပြုနိုင်သည့် အပြင် ငွေထုတ်စက် (ATM) များမှ တစ်ဆင့် ငွေထုတ်ယူခြင်းနှင့် အွန်လိုင်းဘဏ်စနစ် (Online Banking) မှတစ်ဆင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

    စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကွင်းဆင်းဆောင်ရွက်ရေးဌာန (Field Operations Service) သည် ဤအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် DA ၏ ဒေသဆိုင်ရာကွင်းဆင်းရုံးများ၊ သက်ဆိုင်ရာ ဌာနခွဲများနှင့် လက်အောက်ခံအေဂျင်စီများ၊ ဒေသန္တရအစိုးရအဖွဲ့များ (LGUs) နှင့် အခြားသော သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။ ထို့ပြင် ဘတ်ဂျက်နှင့် စီမံခန့်ခွဲရေးဝန်ကြီးဌာန (DBM) မှ ငွေသား ခွဲဝေချထားပေးခြင်းဆိုင်ရာ အကြောင်းကြားစာ (Notice of Cash Allocation) ကို ခွင့်ပြုချက် ပေးအပ်ပြီးသည်နှင့် တစ်ပြိုင်နက် ဤအစီအစဉ်ကို ချက်ချင်းစတင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

    ဤအစီအစဉ်ကို ၂၀၂၆ ခုနှစ် အမျိုးသားဘတ်ဂျက်ဥပဒေ (General Appropriations Act) တွင် ပြဌာန်းထားသည့် ရန်ပုံငွေသက်တမ်းကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်သည်။ လိုအပ်ပါက စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကွင်းဆင်းဆောင်ရွက်ရေးဌာနမှ ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်၍ ယင်းကာလကို ထပ်မံတိုးမြှင့်နိုင်ကြောင်း သိရှိရပါသည်။

Source: Manila Times, March 19, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ၌ ၃.၉၄ သန်း မှ ၂.၇ သန်း သို့ ကျဆင်း - မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့(MPOB)

    မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံ စားအုန်းဆီ လက်ကျန်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ယခင်လထက် ၃.၉၄ သန်း မှ ၂.၇ သန်း သို့ ကျဆင်း သွားကြောင်းသိရသည်။ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ထားသည့် မလေးရှားနိုင်ငံ စက်မှုလုပ်ငန်း ဆောင်ရွက်ချက်အစီခံစာအရ စားအုန်းဆီကြမ်း (CPO) များသည် ဇန်နဝါရီလတွင် တန်ချိန် ၁.၆၇ သန်းမှ ဖေဖော်ဝါရီလတွင် တန်ချိန် ၁.၄သန်း သို့ ကျဆင်းသွားသောကြောင့် ဖေဖော်ဝါရီလအတွင်း တွင် ၁၁.၆၇ ရာခိုင်နှုန်း သို့မဟုတ် ၁၉၅,၂၄၂ တန် ကျဆင်းခဲ့ကြောင်း မလေးရှား စားအုန်းဆီဘုတ် အဖွဲ့(MPOB) က ပြောကြားထားပါသည်။

    သို့သော် သန့်စင်ထုတ်လုပ်ပြီးစားအုန်းဆီသိုလှောင်မှုပမာဏသည် တန်ချိန်ပေါင်း ၁.၁၄ သန်း မှ ၁.၂၃ သန်း ထိရှိသောကြောင့် ၇.၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိပါသည်။ စားအုန်းဆီကြမ်း ထုတ်လုပ်နိုင်မှုအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် တန်ချိန် ၁.၅၈ သန်း မှ ၁.၂၈ သန်း သို့ ကျဆင်းခြင်းကြောင့် ၁၈.၅၅ ရာခိုင်နှုန်း တန်ချိန် ၂၉၂,၅၃၄ ကျဆင်း ခြင်းဖြစ်ကြောင်း  မလေးရှား နိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ပြောကြားထားပါသည်။ ဆီအုန်းထွက်ကုန်များအနေဖြင့် လည်း ၃၇၇,၄၈၀ တန် မှ ၃၀၃,၉၆၂ တန် ကျဆင်းသွားသောကြောင့် တစ်လအတွင်း ၁၉.၄၈ ရာခိုင် နှုန်းကျဆင်းခြင်းဖြစ်ကြောင်းသိရှိရသည်။

    ဆီအုန်းကြိတ်ဖက်များအနေဖြင့် ၂၆.၃၄ ရာခိုင်နှုန်း (၂၁၄,၈၂၀ တန် မှ ၁၅၈,၂၃၇ တန်) ကျဆင်းခဲ့သကဲ့သို့ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည်လည်း ဇန်နဝါရီလတွင် ၁၉၇,၆၈၀ တန် မှ ၁၄၅,၇၁၆ တန်၊ ရာခိုင်နှုန်းအားဖြင့် ၂၆.၂၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းသိရှိရပါသည်။ စားအုန်းဆီတင်ပို့နိုင်မှုသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၂.၄၈ ရာခိုင်နှုန်း (တန်ချိန် ၁.၄၅သန်း မှ ၁.၁၃ သန်းထိ) ကျဆင်းခဲ့ချိန်တွင် စားအုန်းဆီကြမ်းတင်ပို့မှုသည် ပြီးခဲ့သောလထက် ၁၇.၀၈ ရာခိုင်နှုန်း (၅၅,၂၈၈ တန် မှ ၄၅,၈၄၅ တန်) ကျဆင်းသွားကြောင်းသိရှိရသည်။

    ဆီအုန်းကြိတ်ဖက်တင်ပို့မှုသည် ၂၄၇,၆၉၂ တန် မှ ၁၈၆,၇၄၆ တန်သို့ ကျဆင်းသွားခဲ့သည်။ ထို့အပြင် စားအုန်းဆီထုတ်ဓာတုပစ္စည်းဖြစ်သည့် Oleochemical ပစ္စည်းများ၏ တင်ပို့မှုသည်လည်း ၇.၄၉ ရာခိုင်နှုန်း (၂၂၂,၀၄၂ တန် မှ ၂၀၅,၄၁၄ တန်) သို့လည်းကောင်း၊ ဘိုင်အိုဒီဇယ် တင်ပို့မှုမှာ ၁၈,၇၇၆ တန် မှ ၁၅,၉၈၆ တန်သို့လည်းကောင်း အသီးသီးကျဆင်းသွားကြောင်းသိရှိရပါသည်။

   မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့(MPOB) က ဖေဖော်ဝါရီလတွင် စားအုန်းဆီတင်သွင်းမှု ၁၇.၉၈ ရာခိုင်နှုန်း (၁၁,၆၄၈ တန်မှ ၉,၅၅၃ တန်) ကျဆင်းခဲ့စဉ်မှာ စားအုန်းဆီကြမ်း (CPO) တင်သွင်းမှုလည်း မရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: BERNAMA, March 10, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖရဲသီးအထွက်နှုန်းမြင့်တက်၍ ကုန်သွယ်မှုတန်ဖိုး တာကာ ၃၄၉.၉၈ သန်းအထိရောက်ရှိနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်တောင်သူများမျှော်မှန်း

   ရာမန်ဒန်ဥပုသ်လရာသီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ တောင်သူများအနေဖြင့် ရာသီ ပေါ် ဈေးကွက်လိုအပ်ချက်ခိုင်မာကို အခြေပြုကာ ဝင်ငွေကောင်းသည့် သီးနှံကို စိုက်ပျိုးရန် ပြင်ဆင် လျက်ရှိကြောင်းသိရသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးခြင်းနှင့် ဈေးကွက် ချဲ့ထွင်နိုင်မှုအား ကောင်းလျှင်မြန်သည့် ဖရဲသီးကို နိုင်ငံတစ်ဝန်းစိုက်ပျိုးလျက်ရှိရာ Khulna၊ Satkhira၊ Bagerhat နှင့် Narali ပြည်နယ်များသည် ဖရဲသီးစိုက်ပျိုးမှုကို အကြီးအကျယ် လုပ်ဆောင်သည့် ဒေသများဖြစ်လာ ကြောင်း သိရှိရသည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း၊ ဖရဲသီး တန်ချိန် ၆.၉၉ သန်းထွက်ရှိနိုင်ရန်အတွက် စိုက်ပျိုးမြေ ၁၈,၀၅၅ ဟက်တာစိုက်ပျိုးရန်ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားထားပါ သည်။ ယနေ့အထိ မြေနေရာ ၁၃,၇၂၀ ဟက်တာတွင် ဖရဲသီးစိုက်ပျိုးထားပြီးဖြစ်ရာ ၇၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

    မြစ်ဝှမ်းဒေသဖြစ်သည့် ကိုရာပြည်နယ်ရှိ ဖရဲစိုက်တောင်သူများအနေဖြင့် မျိုးစေ့ချခြင်း၊ အပင်ပေါက်များအားပြောင်းရွေ့နေရာချခြင်း၊ စိုက်ခင်းအတွင်း ရေရရှိရန်စီမံခြင်းစသည်တို့ကို ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုစိုက်ပျိုးရာသီအတွင်း ကိုရာပြည်နယ်ရှိ စိုက်ပျိုးမြေ နေရာ ၂,၆၀၀ ဟက်တာတွင် အထွက်နှုန်းမြင့်မားသည့် ဖရဲမျိုးစေ့များ စိုက်ပျိုးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါသည်။

    ဖရဲသီးသည် အကျိုးအမြတ်ရရှိမှုမြင့်မားသည့် သီးနှံတစ်ခုဖြစ်သည့်အတွက် ရာသီဥတု ကောင်းမွန်ပါက တောင်သူများအနေဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးမည့် အလားအလာရှိကြောင်း၊ စိုက်ပျိုး ရေးအရာရှိများ အနေဖြင့်လည်း တောင်သူများအား စဉ်ဆက်မပြတ် ကူညီပေးလျက်ရှိကြောင်း သိရှိရ သည်။ ဖရဲစိုက် တောင်သူဖြစ်သူ Samiron Beoa က  ဖရဲသီးတစ်တန်လျှင် စိုက်ပျိုးကုန်ကျစရိတ် တာကာ ၂၅,၀၀ မှ ၃၀,၀၀၀ နီးပါး ရှိသော်လည်း တစ်တန်လျှင် တာကာ ၁ သန်း အကျိုးအမြတ် ရရှိလျက်ရှိကြောင်း ပြောကြားထားပါသည်။ ကိုရာပြည်နယ်ရှိ လူငယ်တောင်သူများသည်လည်း ဖရဲသီးစိုက်ပျိုးမှုဘက်သို့ ပြောင်းလဲလုပ်ဆောင်လာပြီး အားထားဖွယ်ရာအလုပ်တစ်ခုအဖြစ် ဆောင်ရွက်လာကြောင်းသိရှိရသည်။

    သို့ရာတွင် တောင်သူများသည် သဘာဝ‌ရေအရင်းအမြစ်ရှားပါးမှု၊ ပို့ဆောင်ဆက်သွယ်ရေး မလုံလောက်မှု၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရကြောင်း၊ ရေသွင်းစိုက်ပျိုးရန်အတွက် လျှပ်စစ်မော်တာများကို အများဆုံးအသုံးပြုရသည့်အတွက် ကုန်ကျ စရိတ်ကြီးမားကြောင်းသိရှိရသည်။ ရေပေးမြောင်းများ တိုးချဲ့တည်ဆောက်ပေးခြင်း၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့အောင်စီစဉ်ပေးခြင်းနှင့် လျှပ်စစ်ဓါတ်အား ရရှိအောင် ဆောင်ရွက် ပေးခြင်းဖြင့် ကုန်ကျစရိတ် လျော့ချနိုင်ပြီး၊ အထွက်နှုန်းနှစ်ဆမြင့်တက်ကာ ဈေးကွက် ချဲ့ထွင်မှုရှိ လာနိုင်မည်ဖြစ်ကြောင်း တောင်သူများက အကြံပြုထားကြောင်းသိရှိရသည်။

     ပြီးခဲ့သည်နှစ်က အထွက်နှုန်းများပြားခဲ့မှုသည် တောင်သူများအား ယခုစိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးလျက်ရှိကြောင်း၊ ရာသီဥတုစဉ်ဆက်မပြတ်ကောင်းမွန်ပြီး မှန်ကန် သည့် ဈေးကွက် စီမံခန့်ခွဲမှုနှင့် သယ်ယူပို့ဆောင်မှုအဆင်ပြေချောမွေ့မှုများရှိပါက တောင်သူများ အတွက် ဈေးကောင်းရရှိမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ စိုက်ပျိုးရေးအရာရှိများအနေဖြင့် ယခုနှစ်တွင် ကူနာစိုက်ပျိုးရေးဇုန်ရှိ မြေနေရာ ၁၈,၀၅၅ ဟက်တာမှ ဖရဲသီးတန်ချိန် ၆,၉၉ သန်း ကျော်ထွက်ရှိမည်ဖြစ်ကာ တာကာ ၃၅၀ သန်းကျော်အထိ ဈေးကွက်တန်ဖိုးရရှိမည်ဟု ခန့်မှန်းထား ကြောင်းသိရှိရသည်။

Source: The Business Standards, March 17, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ