ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယား၏ ပို့ကုန်တင်ပို့မှု မြင့်တက်လာ

           ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅.၂၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၇.၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း General Department of Customs and Excise က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

        အဆိုပါ အရှေ့တောင်အာရှနိုင်ငံ၏ အဓိကပို့ကုန်တင်ပို့ရာ ထိပ်သီးနိုင်ငံ ၅ ခုမှာ အမေရိကန်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ်နှင့် စပိန်နိုင်ငံတို့ ဖြစ်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ၏ ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း စုစုပေါင်း သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၅.၈၈ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

         ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့နှင့် ချုပ်ဆိုထားသော ကမ္ဘောဒီးယား၏ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) သည် နိုင်ငံ၏ ပို့ကုန်တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။

         ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်မှ တရုတ်-အာဆီယံ လေ့လာရေးစင်တာ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid ကလည်း အဆိုပါ ကုန်သွယ်ရေးစာချုပ်များကြောင့် ကမ္ဘောဒီးယား၏ ပို့ကုန်များသည် ၂၀၂၆ ခုနှစ်တစ်လျှောက်လုံးတွင် ဆက်လက်မြင့်တက်နေဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မြင့်တက်လာ

        တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုဦးစီးဌာန (General Administration of Customs) မှ မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

         အဆိုပါကာလအတွင်း စုစုပေါင်း ကုန်စည်ကုန်သွယ်မှု ပမာဏသည် ယွမ် ၇.၇၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၂ ထရီလီယံခန့်) အထိရှိခဲ့ကြောင်း အဆိုပါအချက်အလက်များတွင် ဖော်ပြထားသည်။

         ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလထက် ၁၉.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၄.၆၂ ထရီလီယံအထိရှိခဲ့ကာ သွင်းကုန်တင်သွင်းမှုမှာမူ ၁၇.၁ ရာခိုင်နှုန်း မြင့်တက်၍ ယွမ် ၃.၁၁ ထရီလီယံအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု မြင့်တက်လာ

     ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်လ (ဇန်နဝါရီနှင့် ဖေဖော်ဝါရီ) အတွင်း ပြည်ပစီမံကိန်းများ၌ အမေရိကန်ဒေါ်လာ ၅၄၀.၂ သန်းအထိ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ယင်းမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၃ ဆ မြင့်တက်လာခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီကို ကိုးကား၍ ဗီယက်နမ်သတင်း ဌာနက မတ်လ ၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

        ထုတ်ပြန်ချက်အရ အဆိုပါပမာဏအနက် ဒေါ်လာ ၅၃၂.၄ သန်းကို စီမံကိန်းအသစ် ၃၆ ခုအတွက် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး ကျန်ဒေါ်လာ ၇.၈ သန်းကို လက်ရှိလည်ပတ်နေသော စီမံကိန်း ၃ ခုတွင် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စီမံကိန်း အသစ်များတွင် ၂.၃ ဆနှင့် လက်ရှိစီမံကိန်းများတွင် ၁.၅ ဆ အသီးသီး တိုးတက်လာခြင်းလည်းဖြစ်သည်။

       ရင်းနှီးမြှုပ်နှံမှုများထဲတွင် အများဆုံးပမာဏဖြစ်သော ဒေါ်လာ ၁၆၃.၈ သန်းကို လျှပ်စစ်ဓာတ် အား၊ ဓာတ်ငွေ့၊ ရေပူ၊ အခိုးအငွေ့နှင့် လေအေးပေးစနစ် ထုတ်လုပ်ဖြန့်ဖြူးရေး ကဏ္ဍများတွင် အသုံးပြုခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၀.၃ ရာခိုင်နှုန်းရှိသည်။

          ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများ အများဆုံးသွားရောက်မြှုပ်နှံသည့် နိုင်ငံများမှာ လာအိုနိုင်ငံ (ဒေါ်လာ ၁၇၆.၇ သန်း) ဖြင့် ထိပ်ဆုံးမှ ရှိနေပြီး ၎င်းနောက်တွင် ကာဂျစ္စတန် (ဒေါ်လာ ၁၄၉.၉ သန်း) နှင့် အန်ဂိုလာ (ဒေါ်လာ ၃၀ သန်း) တို့က အသီးသီး ရပ်တည်နေကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

အိန္ဒိယ၏ ပုစွန်တင်ပို့မှုဝင်ငွေ ရူပီးကုဋေ ၅၀,၀၀၀ ကျော်အထိ မြင့်တက်လာဖွယ်ရှိ

       အိန္ဒိယနိုင်ငံ၏ ပုစွန်တင်ပို့မှုသည် သုံးနှစ်ကြာ ရပ်တန့်နေပြီးနောက် ယခုဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာကာ ပို့ကုန်ဝင်ငွေ ရူပီးကုဋေ ၅၀,၀၀၀ ကျော်အထိ ရှိလာမည်ဟု မျှော်လင့်ရကြောင်း Crisil Ratings က ပြောကြားခဲ့သည်။ အမေရိကန်၏ မြင့်မားသော အခွန်နှုန်းထားများကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို အခြားကမ္ဘာ့ဈေးကွက်များသို့ တိုးချဲ့တင်ပို့ခြင်းဖြင့် ကုစားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

        ပို့ကုန်ဝင်ငွေ တိုးတက်လာရခြင်းမှာ အဓိကအားဖြင့် ဒေါ်လာနှင့် ယူရိုငွေတို့အပေါ် ရူပီးငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားခြင်းကြောင့် ရရှိလာသော အကျိုးအမြတ်များကြောင့်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်ဈေးကွက်တွင် အခွန်တိုးမြှင့်ခံရမှုကြောင့် အချို့သောလုပ်ငန်းများ ဆုံးရှုံးမှုရှိသော်လည်း ယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်း တင်ပို့မှုပမာဏမှာ ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာမည်ဖြစ်ကြောင်း သိရပါသည်။ လာမည့်ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ပို့ကုန်ပမာဏမှာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်ဖွယ်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် အခွန်နှုန်းထားများမှာ အခြားပြိုင်ဘက်နိုင်ငံများကဲ့သို့ ၁၅ ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျလာနိုင်သည်ဟု ယူဆရသောကြောင့် ဝယ်လိုအား ပိုမိုမြင့်တက်လာမည်ကို မျှော်မှန်းကာ မွေးမြူရေးသမားများက ပုစွန်ထုတ်လုပ်မှု မြှင့်တင်လာခြင်းက အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ဈေးကွက်သစ်များသို့ တိုးချဲ့ခြင်းကလည်း တိုးတက်မှုကို အားပေးမည်ဖြစ်သည်။ အခွန်လျှော့ချမှုမှ ရရှိလာသော အကျိုးကျေးဇူးများကို ဝယ်ယူသူများထံသို့သာ ပြန်လည်ပေးအပ်ရဖွယ်ရှိသောကြောင့်၊ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းမှာ ယခုနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ၇ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းခန့်၌သာ တည်ငြိမ်နေမည်ဖြစ်ကြောင်း သိရပါသည်။ လုပ်ငန်းလည်ပတ်မှုအရင်းအနှီး လိုအပ်ချက်တွင် ယာယီမတည်ငြိမ်မှုများ ရှိနိုင်သော်လည်း ရေရှည်ကြွေးမြီ နည်းပါးခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ၏ ငွေကြေးခိုင်မာမှုမှာ တည်ငြိမ်နေမည်ဖြစ်ကြောင်း သိရှိရပါသည်။

         လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များ (FTAs)၊ လျင်မြန်သော ခွင့်ပြုချက်များနှင့် ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် ရုရှားနှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်များသို့ ပိုမိုဝင်ရောက်နိုင်ခြင်းက အိန္ဒိယပုစွန်လုပ်ငန်းကို နယ်ပယ်စုံသို့ ဖြန့်ကျက်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                               

DOCA (ရန်ကုန်)

လောင်စာဆီအခက်အခဲဖြစ်ပေါ်နေချိန်တွင် အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ဒီဇယ်တန်ချိန် ၅,၀၀၀တန်ခန့် တင်ပို့

        ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လောင်စာဆီလိုအပ်ချက် စိုးရိမ်ရသည့် အခြေအနေတွင် အိန္ဒိယနိုင်ငံမှ ဒီဇယ်တန်ချိန် ၅,၀၀၀ တန်နီးပါးကို ပိုက်လိုင်းမှတစ်ဆင့် ယနေ့ တင်သွင်းမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဒီဇယ်များသည် Parbatipur နယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရေနံကော်ပိုရေးရှင်း (BPC) ဥက္ကဋ္ဌ Muhammad Rezanur Rahman က ပြောကြားခဲ့ကြောင်း သိရပါသည်။ “ကျွန်တော်တို့ အိန္ဒိယနဲ့ သဘောတူညီချက်ရှိပါတယ်။ အဲဒီသဘောတူညီချက်အရ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ပိုက်လိုင်းကတစ်ဆင့် တစ်နှစ်ကို ဒီဇယ်တန်ချိန် ၁၈၀,၀၀၀ ထောက်ပံ့ပေးမှာပါ။ အခုရောက်ရှိလာတဲ့ ဒီဇယ်တန်ချိန် ၅,၀၀၀ ဟာ အဲဒီသဘောတူညီချက် ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု Rahman က ထပ်မံပြောကြားခဲ့ပါသည်။

          BPC ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် “သဘောတူညီချက်အရ ခြောက်လအတွင်း အနည်းဆုံး ဒီဇယ်တန်ချိန် ၉၀,၀၀၀ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီနေ့ရောက်ရှိလာတဲ့ အသုတ်ကတော့ တန်ချိန် ၅,၀၀၀ ဖြစ်ပြီး၊ လာမယ့် နှစ်လအတွင်းမှာ ခြောက်လစာအတွက် စုစုပေါင်း ဒီဇယ်ပမာဏအားလုံးကို တင်သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

         မတ်လ ၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် လောင်စာဆီ လက်ကျန် အခြေအနေကို စစ်ဆေးရန် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ “လက်ရှိ အကျပ်အတည်းဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အကျိုးအမြတ်မရိုးသားတဲ့ ကုန်သည်တချို့ဟာ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုအတု ဖန်တီးဖို့အတွက် လောင်စာဆီတွေကို တရားမဝင် သိုလှောင်ထားကြောင်း မီဒီယာအသီးသီးမှာ သတင်းထွက်ပေါ်နေပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။ “ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရအနေနဲ့ ယာဉ်အမျိုးအစားအလိုက် လောင်စာဆီ ရောင်းချခွင့်ပမာဏကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဓာတ်ဆီဆိုင်တချို့မှာ အစိုးရသတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုရောင်းချနေတာ၊ အမြတ်အစွန်း ပိုမိုရရှိဖို့အတွက် ဆီတွေကို သိုလှောင်ထားတာ၊ ပြင်ပဈေးကွက်မှာ ပြန်လည်ရောင်းချတာနဲ့ မှောင်ခိုကုန်သွယ်မှု ပြုလုပ်တာတွေကို တွေ့ရှိနေရပါတယ်” ဟုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                               

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံက တင်သွင်းလာသော ရေထွက်ကုန်ပစ္စည်းများအပေါ် ကြီးကြပ်ကွပ်ကဲမှု တင်းကျပ်

       အင်ဒိုနီးရှားနိုင်ငံ၊ ပင်လယ်ငါးလုပ်ငန်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစိုးရစည်းမျဉ်းအမှတ် ၁/၂၀၂၆ ကို လိုက်နာကျင့်သုံးရန် ကြိုးပမ်း သည့်အနေဖြင့် ပြည်တွင်းစျေးကွက်သို့ လတ်ဆတ်သော ငါးထွက်ကုန်များ တင်ပို့နေသည့် နိုင်ငံခြားကုမ္ပဏီများအပေါ် ကြီးကြပ်ကွပ်ကဲမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ ပင်လယ်နှင့် ငါးလုပ်ငန်းထွက်ကုန် အရည်အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ကွပ်ကဲရေး အေဂျင်စီ၏ အကြီးအကဲ Ishartini က အေဂျင်စီအနေဖြင့် ရေထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုကို ကြီးကြပ်သည့် လုပ်ပိုင်ခွင့်ရအာဏာပိုင်အဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်သည့်အတွက် နိုင်ငံခြားကုမ္ပဏီများကို မှတ်ပုံတင်ခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         မတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် သူမက ထိုသို့ ဆောင်ရွက်ခြင်းသည် တင်သွင်းလာသော ငါးအခြေခံစားသောက်ကုန်များမှာ တင်းကျပ်သော တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်ဖြစ်ပြီး ထိုမှတစ်ဆင့် စားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်ရန်ရည်ရွယ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ Ishartini ၏ ပြောကြားချက်အရ အဆိုပါကြီးကြပ်ကွပ်ကဲမှုကို အရည်အသွေးစစ်တမ်းကောက်ယူခြင်း၊ ဓာတ်ခွဲခန်းစမ်းသပ်ခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံသို့ လတ်ဆတ်သော ငါးများတင်ပို့သည့် နိုင်ငံခြားလုပ်ငန်းများကို မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များမှ တစ်ဆင့် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနမှ မှတ်ပုံတင်နံပါတ် ထုတ်ပေးထားသည့် ကုမ္ပဏီများကိုသာ နိုင်ငံအတွင်း ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခွင့် ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

         မှတ်ပုံတင်ကုဒ်နံပါတ်ကို နယ်စပ်မဖြတ်ကျော်မီ ကြိုတင်စစ်ဆေးခြင်း ယန္တရားအရ အရည်အသွေးစစ်ဆေးရေးမှူးများ၏ တင်းကျပ်သော စစ်ဆေးမှုများပြုလုပ်ပြီးမှ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းစဉ်သည် ထုတ်ကုန်များ စတင်ထွက်ရှိရာနေရာမှ အင်ဒိုနီးရှား၏ ပြည်တွင်းထောက်ပံ့မှုကွင်းဆက်အတွင်းသို့ မရောက်ရှိမီအထိ ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းထားနိုင်စေရန် ရည်ရွယ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် မိတ်ဖက် ၇ နိုင်ငံနှင့် အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူညီချက် (Mutual Recognition Arrangements - MRA) အရ ရေထွက်ကုန်များတင်ပို့ရန် ခွင့်ပြုချက်ရရှိထားသည့် နိုင်ငံခြားကုမ္ပဏီစာရင်းကိုလည်း အတည်ပြုခဲ့ပါသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် လိုင်စင်ရကုမ္ပဏီ ၈၄၉ ခုဖြင့် စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၎င်းနောက်တွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၇၉၈ ခုနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ၁၈၄ ခုတို့ ပါဝင်ကြောင်း သိရပါသည်။ အခြားနိုင်ငံများအနေဖြင့် နော်ဝေးနိုင်ငံမှ ၄၂ ခု၊ ကနေဒါနိုင်ငံမှ ၂၄ ခု၊ ရုရှားနိုင်ငံမှ ၁၁ ခုနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ၁ ခုတို့ ဖြစ်ကြကြောင်း သိရပါသည်။

         အင်ဒိုနီးရှားနိုင်ငံနှင့် MRA သဘောတူညီချက် မချုပ်ဆိုရသေးသည့် နိုင်ငံများအတွက်မူ ရေထွက်ကုန်ပစ္စည်းများကို အင်ဒိုနီးရှားစျေးကွက်အတွင်းသို့ မတင်သွင်းမီနှင့် မဖြန့်ဖြူးမီ သတ်မှတ်ထားသော ဓာတ်ခွဲခန်းများတွင် အရည်အသွေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ကြောင်း သိရပါသည်။ သွင်းကုန်များအပေါ် ကြီးကြပ်ကွပ်ကဲမှု တင်းကျပ်ထားသော်လည်း အင်ဒိုနီးရှား နိုင်ငံသည် ကမ္ဘာ့အဓိက ရေထွက်ကုန် အသားတင်တင်ပို့သည့် နိုင်ငံကြီးများထဲတွင် တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ပင်လယ်ငါးလုပ်ငန်းနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် တန်ဖိုးရှိသော ရေထွက်ကုန် တန်ချိန် ၁ သန်းကျော်ကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလအတွင်းတွင် သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၆၃.၅၅ သန်းခန့် တန်ဖိုးရှိသည့် တန်ချိန် ၃၀၉,၀၀၀ နီးပါးအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Vietnamplus                                                        

DOCA (ရန်ကုန်)

ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှ B50 ဇီဝဒီဇယ် ရောစပ်မှုအစီအစဉ်ကို ပြန်လည်အကောင်အထည်ဖော်ဖွယ်ရှိ

        အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ရေနံစိမ်းဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် စားအုန်းဆီအခြေခံသည့် B50 အဆင့် ဇီဝဒီဇယ် (Biodiesel) ကို မဖြစ်မနေ အသုံးပြုရမည့် အစီအစဉ်အား ယခုနှစ်လယ်တွင် ပြန်လည်စတင်ရန် အင်ဒိုနီးရှားနိုင်ငံက စဉ်းစားနေကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuliot Tanjung က ပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်း Yuliot က ထပ်မံပြောကြားခဲ့ပါသည်။

      ဇန်နဝါရီလအတွင်းက အာဏာပိုင်များသည် နည်းပညာနှင့် ရန်ပုံငွေဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းနှင့် ရိုးရိုးဒီဇယ် ၅၀ ရာခိုင်နှုန်း ရောစပ်ထားသည့် B50 အစီအစဉ်အား ယခုနှစ်အတွင်း စတင်မည့်အစီအစဉ်ကိုဖျက်သိမ်းခဲ့ပြီး B40 အဆင့်ကိုသာ ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါသည်။

         သို့ရာတွင် အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်မက်ဖြစ်ပွားမှုကြောင့် ယခုအခါ အင်ဒိုနီးရှားအစိုးရအနေဖြင့် ဖြစ်နိုင်ခြေရှိသော အခြေအနေနှစ်ရပ်ကို လေ့လာသုံးသပ်နေကြောင်း Yuliot ကပြောကြားခဲ့ပါသည်။ အဆိုပါ ဦးဆောင်ကော်မတီတွင် စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ဦးဆောင်ပြီး ဇီဝဒီဇယ်မူဝါဒကို ဆုံးဖြတ်ပေးသည့် ဝန်ကြီးဌာနအသီးသီး ပါဝင်ကြကြောင်း သိရပါသည်။

      အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ် မဖြစ်မနေအသုံးပြုရမည့် သတ်မှတ်ချက်များသည် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများအပေါ် မကြာခဏ သက်ရောက်မှုရှိလေ့ရှိပါသည်။ အဆိုပါ အကြောင်းအရင်းမှာ ပြည်တွင်းသုံးစွဲမှု မြင့်တက်လာခြင်းက ပြည်ပသို့ တင်ပို့နိုင်သည့် ပမာဏကို လျော့ကျစေသောကြောင့် ဖြစ်ကြောင်း သိရပါသည်။

          မတ်လ ၉ ရက်နေ့တွင် ရေနံဈေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ (ရင်းဂစ် ၃၉၆.၇၅) အထက်သို့ မြင့်တက်သွားခဲ့ပြီး အဆိုပါရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဇီဝဒီဇယ်ကုန်ကြမ်းများအတွက် ဝယ်လိုအားကို မြင့်တက်စေလိမ့်မည်ဟူသော မျှော်လင့်ချက်များကြောင့် စားအုန်းဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာခဲ့ကြောင်း သိရပါသည်။

        ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခုခံနိုင်ရန်အတွက် လောင်စာဆီ ထောက်ပံ့ကြေး (Subsidies) ပမာဏကို တိုးမြှင့်ချထားပေးရန် အင်ဒိုနီးရှားနိုင်ငံက ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge malaysia                                              

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ အချောကိုင်သံမဏိ ပြည်ပတင်ပို့မှု ၃၆.၆ ရာခိုင်နှုန်း မြင့်တက်လာ

       ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ အချောကိုင်သံမဏိ ပြည်ပတင်ပို့မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၆.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၆.၀၂ သန်းအထိရှိလာကြောင်း အစိုးရ၏ ယာယီကိန်းဂဏန်းအချက်အလက်များအရ သိရပါသည်။

          ကမ္ဘာ့ဒုတိယအကြီးဆုံး သံမဏိအကြမ်း ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း အချောကိုင်သံမဏိ မက်ထရစ်တန်ချိန် ၅.၆ သန်း တင်သွင်းခဲ့ပြီး ၎င်းမှာ ယခင်နှစ် အလားတူကာလထက် ၃၇.၄ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်ကြောင်း သိရပါသည်။

       အဆိုပါအလားတူကာလအတွင်း အိန္ဒိယနိုင်ငံ၏ သံမဏိအကြမ်း ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ၁၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၁၅၃.၆၁ သန်းအထိရှိခဲ့ကြောင်း သိရပါသည်။ အချောကိုင်သံမဏိ သုံးစွဲမှုမှာမူ အဆိုပါကာလအတွင်း ၇.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၁၄၇.၇ သန်း ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံအစိုးရဌာနများမှ ထုတ်ပြန်သောအချက်အလက်များအရ သိရှိရပါသည်။

Source: Reuter                                                                

DOCA (ရန်ကုန်)

ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှု ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်း

         ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၆ခုနှစ်အစပိုင်းတွင် သိသိသာသာမြင့်တက်လာခဲ့ပြီးနောက်၊ ပထမသုံးလပတ်ကုန်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိလာဖွယ်ရှိကြောင်း စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဗီယက်နမ်နိုင်ငံခြားကုန်သွယ်မှု အေဂျင်စီက ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလအတွင်း ဒူးရင်းသီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၁၇.၂၂ သန်းကျော်ရှိခဲ့ရာ ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၇၅ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ် အကောက်ခွန်ဌာန၏ အဆိုအရ အဆိုပါသိသိသာသာမြင့်တက်လာမှုသည် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုပမာဏ၏ ၁၈ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါသည်။

         ဗီယက်နမ်နိုင်ငံ၏ ရာသီမဟုတ်ဒူးရင်းသီး ထွက်ရှိမှုကာလ (နိုဝင်ဘာလမှ မတ်လအထိ) သည် နိုင်ငံအတွက် သိသာထင်ရှားသော အားသာချက်တစ်ခု ဖြစ်စေသည်။ ထိုင်းနှင့် မလေးရှား ကဲ့သို့သော အဓိကပြိုင်ဘက်နိုင်ငံများ၏ အဓိကရိတ်သိမ်းချိန် မရောက်သေးမီကာလဖြစ်သဖြင့် ဗီယက်နမ်သည် ဇန်နဝါရီလအတွင်း နိုင်ငံတကာဈေးကွက်တွင် ထိပ်တန်းနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

         ထို့ပြင် အေးခဲဒူးရင်းသီး တင်ပို့ခွင့်ကို တရားဝင်ခွင့်ပြုချက် ရရှိခဲ့ပြီးနောက် တရုတ်ဈေးကွက်သို့ တင်ပို့မှုမှာ ပိုမိုအဆင်ပြေချောမွေ့လာခဲ့သည်။ တရုတ်နိုင်ငံမှ အသိအမှတ်ပြုထားသည့် ထုပ်ပိုးမှုလုပ်ငန်းများနှင့် ထုတ်လုပ်မှုယူနစ် ကုဒ်နံပါတ်အရေအတွက်သည် ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆအထိ တိုးတက်လာခဲ့သည်။

       ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် ဒူးရင်းသီးတင်ပို့မှု ရည်မှန်းချက်ကို အမေရိကန် ဒေါ်လာ ၄ ဘီလီယံမှ ၄.၅ ဘီလီယံအထိ သတ်မှတ်ထားပြီး အဆိုပါပန်းတိုင်သို့ ရောက်ရှိရန် လက်ရှိရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်မည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုအပေါ် အထူးအာရုံစိုက်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

         တိုးတက်မှုနှုန်းကို တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် တရုတ်နှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်များ၏ မဖြစ်မနေလိုအပ်ချက်များဖြစ်သော အပင်ပိုးမွှားကင်းစင်ရေးစံနှုန်းများနှင့် ပိုးသတ်ဆေးကြွင်းကျန်မှု ကန့်သတ်ချက်များကို တင်းကျပ်စွာ လိုက်နာရန် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။

         ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှုတန်ဖိုးသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ရှိခဲ့ပြီး၊ ၎င်းသည် နိုင်ငံ၏ စုစုပေါင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုတန်ဖိုး၏ ၄၅ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

Source: NationThailand                                                   

DOCA (ရန်ကုန်)

ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် ဇီဝလောင်စာလိုအပ်ချက် မြင့်မားလာပြီး ချီကာဂိုနိုင်ငံ၏ ပဲပုပ်ဆီဈေး ၄ ရာခိုင်နှုန်း ခုန်တက်လျက်ရှိ

          အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် စွမ်းအင်ဈေးနှုန်းများ ရုတ်တရက် ထိုးတက်သွားခြင်းက ဇီဝလောင်စာ (Biofuel) ထုတ်လုပ်ရာတွင် အသုံးပြုသည့် သီးနှံများအပေါ် လိုအပ်ချက်ကို မြင့်တက်စေခဲ့ရာ၊ ချီကာဂိုနိုင်ငံ၏ ပဲပုပ်ဆီ ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းများသည် ဈေးကွက် ဖွင့်ချိန်တွင် ၄ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

        အဓိကကျသော အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်သည့် နိုင်ငံအများအပြားမှ ရေနံ ထုတ်လုပ်မှုနှုန်းကို လျှော့ချလိုက်ခြင်းနှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်လုနီးပါး ဖြစ်နေခြင်းတို့ကြောင့် မတ်လ ၉ ရက်နေ့တွင် ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထက်သို့ ကျော်လွန်သွားခဲ့ကြောင်း သိရပါသည်။ အဆိုပါအခြေအနေသည် သီးနှံအခြေပြုလောင်စာများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဟင်းသီးဟင်းရွက်ဆီနှင့် ကောက်ပဲသီးနှံများ၏ ဈေးနှုန်းကို မြင့်တက်စေခြင်းဖြစ်ကြောင်း သိရပါသည်။

        ဂျုံကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းများသည်လည်း အမြင့်ဆုံးနှုန်းဖြင့် ဆက်တိုက်ခုန်တက်လျက်ရှိကြောင်း သိရပါသည်။ အီရန်စစ်ပွဲကြောင့် မြေသြဇာစီးဆင်းမှုများ ပြတ်တောက်ခြင်းနှင့် ကုန်စည်ပို့ဆောင်ခများ မြင့်တက်လာခြင်းတို့သည် ကောက်ပဲသီးနှံ ဈေးကွက်တစ်ခုလုံးဈေးနှုန်း များ မြင့်တက်စေခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                               

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ