ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထိုင်းစီးပွားရေးတိုးတက်မှုအတွက် ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်ခြင်းနှင့် လာဘ်စားမှု ပြသနာဖြေရှင်းခြင်းကို အာရုံစိုက်ရန်အစိုးရသစ်ကို စီးပွားရေးပညာရှင်များ တိုက်တွန်း 

        လာမည့် လေးနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်နိုင်ခြေများရှိနေသဖြင့် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုကို ပံ့ပိုးနိုင်ရန် အစိုးရသစ်သည် နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် လာဘ်စားမှု ဖြေရှင်းရေးကို အဓိကအာရုံစိုက်သင့်ကြောင်း စီးပွားရေးပညာရှင် များက တိုက်တွန်းပြောကြားခဲ့ပါသည်။ Economic Society of Thailand မှ ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် Bangkok Bank ၏ အဓိကစီးပွားရေးပညာရှင် Kobsak Pootrakool က ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာနေသဖြင့် ထိုင်းနိုင်ငံ၏ အမေရိကန်သို့ ပို့ကုန်အပေါ် မှီခိုမှုကို လျှော့ချသင့်ကြောင်း အကြံပြုခဲ့ပါသည်။ Mr Kobsak လက်ရှိတွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းတင်ပို့မှုများအနက် အမေရိကန်သို့ တင်ပို့မှုသည် ၁၈ မှ ၂၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ၎င်းကို ၁၀ ရာခိုင်နှုန်းဝန်းကျင်အထိ လျှော့ချသင့်ကြောင်း၊ ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးသက်တမ်း ကျန်ရှိနေသည့် သုံးနှစ်အတွင်း ပိုင်ဆိုင်မှုနှင့် ကုန်ပစ္စည်း ဈေးနှုန်းများ မတည်ငြိမ်နိုင်ကြောင်း၊ သို့သော် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းလည်းရှိကြောင်း၊ အစိုးရအနေဖြင့် Board of Investment ကို အားကောင်းစေပြီး ဘတ်ဂျက်နှင့် လူအင်အား တိုးမြှင့်ပေးပါက ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ World Bank ၏ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် Kiatpong Ariyapruchya ကလည်း ထိုင်းနိုင်ငံသည် FDI များ ပိုမို ဆွဲဆောင်နိုင်သည့် အလားအလာရှိကြောင်း သဘောတူညီခဲ့ပါသည်။ Mr Kiatpong က FDI ဝင်ရောက်မှုများကို အပြည့်အဝအသုံးချနိုင်ရန် အစိုးရအနေဖြင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ထိရောက်မှုကို မြှင့်တင်ရမည်ဖြစ်ပြီး အဆင့်မြင့်စက်မှုလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ World Bank က ထိုင်းနိုင်ငံသည် စီးပွားရေးစနစ်အသစ်သို့ ပြောင်းလဲရန်လိုအပ်ကြောင်း အကြံပြုထားပြီး အစိမ်းရောင်ထုတ်လုပ်မှု (green manufacturing) နှင့် အဓိကမဟာဗျူဟာကဏ္ဍလေးခုဖြစ်သည့် အစားအစာနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးကဏ္ဍ၊ ဖန်တီးမှုဆိုင်ရာ စက်မှုလုပ်ငန်းများကို အာရုံစိုက်သင့်ကြောင်း အကြံပြုထားသည်ဟု သိရပါသည်။ Kiatnakin Phatra Financial Group ၏ ဥက္ကဋ္ဌ Banyong Pongpanich က ထိုင်းနိုင်ငံအနေဖြင့် Organisation for Economic Co-operation and Development (OECD) သို့ ဝင်ရောက်ရန်ကြိုးပမ်းမှုကို ထောက်ခံကြောင်းနှင့် OECD သို့ ဝင်ရောက်ရန်  လာဘ်စားမှုပြသနာများကို လျှော့ချရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဖိတ်ကြားချက်ရရှိပြီးနောက် OECD သို့ တရားဝင် ဝင်ရောက်နိုင်ရန် လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်း သိရပါသည်။ ၎င်းက နိုင်ငံ၏စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရအုပ်ချုပ်မှုစံနှုန်းများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် မြှင့်တင်ရန်ရည်ရွယ်ထားပြီး အလယ်အလတ်ဝင်ငွေအဆင့်မှ လွတ်မြောက်ကာ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ထို့အပြင် အစိုးရသစ်အနေဖြင့် အစိုးရဌာနများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြန်လည်လျှော့ချသင့်ပြီး အချို့ကဏ္ဍများကို လွတ်လပ်သောပြိုင်ဆိုင်မှုဖြင့် ပြန်လည်ဖွင့်လှစ်ကာ ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးသင့်ကြောင်းလည်း Mr Banyong က အကြံပြုခဲ့ပါသည်။ Thailand Development Research Institute ၏ သုတေသနပညာရှင် Nipon Poapongsakorn က စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ လယ်သမားများ၏ ဝင်ငွေတိုးတက်စေရန် သီးနှံဈေးနှုန်း အာမခံမှုစနစ်များကို ဖယ်ရှားကာ နည်းပညာမြင့် သင်တန်းများဖြင့် ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်သင့်ကြောင်း အကြံပြုခဲ့ပါသည်။ ထို့အပြင် smart farming နှင့် future food အပါအဝင် တန်ဖိုးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ၊ bio-industry များကို တိုးမြှင့်အားပေးရန် လိုအပ်ကြောင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် အရေးပါပြီး အစိုးရဌာနများက သင်တန်းများနှင့် ဆက်လက်ထောက်ပံ့မှုများ ပေးသင့်ကြောင်း Mr Nipon က ထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ကုန်သွယ်ရေးသဘောတူညီချက်များကို လုပ်ငန်းရှင်များ အပြည့်အဝအသုံးချရန် တိုက်တွန်းခဲ့သည့် အင်ဒိုနီးရှား ဒုတိယကုန်သွယ်ရေးဝန်ကြီး

       အင်ဒိုနီးရှား ဒုတိယကုန်သွယ်ရေးဝန်ကြီး Dyah Roro Esti က အင်ဒိုနီးရှားစီးပွားရေး လုပ်ငန်းရှင်များအား များစွာသောမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် အပြီးသတ်ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော ANTARA podcast အင်တာဗျူးအတွင်း Esti က အပြီးသတ်ထားသော ကုန်သွယ်ရေးသဘောတူညီချက်များကို စီးပွားရေးလုပ်ငန်းရှင်များ အမှန်တကယ် အသုံးချနိုင်ရန် ထိရောက်စွာဆောင်ရွက်သင့်ကြောင်း၊ ထိုမှသာ လက်တွေ့ကျသော အကျိုးသက်ရောက်မှုများ ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသဘောတူညီချက်များကို အပြည့်အဝ အသုံးချခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်သို့ ဝင်ရောက်နိုင်မှု တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတွင်းစီးပွားရေးအတွက်လည်း အကျိုးသက်ရောက်မှုများ ကျယ်ပြန့်စွာဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အောင်မြင်ခဲ့ပါက အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်များ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ဝင်ငွေများလည်း မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် ဝင်ငွေတိုးလာခြင်းသည် ပြည်တွင်းစီးပွားရေးအပေါ် အလွန်အပြုသဘောဆောင်သော သက်ရောက်မှုများဖြစ်စေမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။ ထို့အပြင် Esti က နိုင်ငံတကာ ကုန်သွယ်ရေးသဘောတူညီချက်များသည် အရွယ်အစားနှင့် အကျယ်အဝန်း မတူညီကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အများဆုံး အကျယ်အဝန်းရှိသည့် သဘောတူညီချက်မှာ ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်(CEPA) ဖြစ်ပြီး ထိုထဲတွင် အင်ဒိုနီးရှား–ဥရောပသမဂ္ဂ CEPA (IEU-CEPA) လည်းပါဝင်ကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်သည် အခွန်နှင့် အခွန်မဟုတ်သော ကုန်သွယ်ရေး အတားအဆီးများကို လျှော့ချဖယ်ရှားခြင်းဖြင့် တင်ပို့မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ်ကြောင်း သိရပါသည်။ CEPA ဆိုသည်မှာ ကုန်ပစ္စည်းများသာမက ဝန်ဆောင်မှုကဏ္ဍများပါ ပါဝင်ပြီး တည်တံ့ခိုင်မြဲမှု နှင့် ဆက်စပ်သည့် အကြောင်းအရာများကိုလည်း ထည့်သွင်းထားကြောင်း သိရပါသည်။ ထို့အပြင် Preferential Trade Agreement (PTA) များသည် ကုန်စည်နှင့် ထုတ်ကုန်များကုန်သွယ်ခြင်းကို အဓိကထားပြီး Free Trade Agreement (FTA) များမှာ အခွန်နှင့် အခွန်မဟုတ်သော ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချခြင်း (သို့မဟုတ်) ဖယ်ရှားခြင်းတို့ ပါဝင်ကြောင်းလည်း သိရပါသည်။ Esti က သဘောတူညီချက်များ၏ အကျယ်အဝန်းသည် မတူညီသော်လည်း အဓိကရည်ရွယ်ချက်မှာ ဒေသတစ်ခု (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ရေရှည်တည်တံ့သော ကုန်သွယ်ရေးဆက်ဆံရေးမှုများ ဆက်လက်အားကောင်းနေစေရန်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဆော်ဒီအာရေးဗီးယားသို့ ဆန်တန်ချိန် ၂,၂၈၀ ပထမဆုံး တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

         အင်ဒိုနီးရှားနိုင်ငံသည် ဆော်ဒီအာရေးဗီးယားသို့ ဆန်တန်ချိန် ၂၂၈၀ ကို စတင်တင်ပို့ လိုက်ပြီဖြစ်ပြီး ဟဂျ်ဘုရားဖူးခရီးစဉ်သို့ သွားရောက်မည့် အင်ဒိုနီးရှားနိုင်ငံသားများအတွက် ပြည်တွင်းထုတ်ဆန်ကို ပထမဆုံးအကြိမ်အသုံးပြုထောက်ပံ့ခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဖြစ်သည့်အပြင် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) အကြီးအကဲလည်းဖြစ်သူ Andi Amran Sulaiman က ထိုအောင်မြင်မှုသည် အစိုးရပိုင် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ Bulog နှင့် တစ်နိုင်ငံလုံးရှိစိုက်ပျိုးရေးသမားများ၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bulog ကုမ္ပဏီ၏ ဥက္ကဋ္ဌ Ahmad Rizal Ramdhani ကလည်း ယခု အစီအစဉ်သည် ကုန်သွယ်ရေးအောင်မြင်မှုတစ်ခုသာမက နိုင်ငံအတွက် ဂုဏ်သိက္ခာနှင့် ဂုဏ်ယူစရာအမှတ်အသားတစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏ ပြောကြားချက်အရ ဆန်များကို အဆင့်လိုက် အသုတ်အသီးသီးဖြင့် တင်ပို့နေပြီး ပြည်တွင်းစိုက်ပျိုးရေးသမားများထံမှ ဝယ်ယူကာ အရည်အသွေးမြင့် ဆန်စက်များတွင် ပြုပြင်ထုတ်လုပ်ထားကြောင်း သိရပါသည်။ ထို့ပြင် အရည်အသွေးစံချိန်စံညွှန်းများကို ပြည့်မီစေရန် broken grain အချိုးအစားကို အများဆုံး ၅ ရာခိုင်နှုန်းသာရှိစေရန် ထိန်းသိမ်းထားသည်ဟု သိရပါသည်။ တင်ပို့သည့် ဆန်များအားလုံးသည် ဓာတ်ခွဲခန်းစမ်းသပ်မှုများကို အောင်မြင်စွာကျော်ဖြတ်ထားပြီး နိုင်ငံတကာ ပို့ကုန်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်အပြင် ဟာလာအသိအမှတ်ပြုလက်မှတ်လည်း ရရှိထားကြောင်း သိရပါသည်။ ဟဂျ်နှင့် Umrah ဝန်ကြီးဌာနကလည်း မက္ကာနှင့် မဒီနာမြို့များရှိ အင်ဒိုနီးရှား ဟဂျ်ဘုရား ဖူးခရီးသည်များအတွက် အစားအသောက်ပြုလုပ်ပေးသည့် မီးဖိုချောင်များတွင် Bulog ဆန်ကိုသာ အသုံးပြုရန် သတ်မှတ်ထားကြောင်း သိရသည်။ ယင်းက အစားအသောက်ထောက်ပံ့မှုအပေါ် ယုံကြည်မှုနှင့် တည်ငြိမ်မှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။ အာဏာပိုင်များက ယခုအစီအစဉ်သည် ပြည်တွင်းဆန်လုံလောက်မှုအပေါ် သက်ရောက်မှုမရှိကြောင်း အတည်ပြုထားပြီး လက်ရှိတွင် နိုင်ငံ၏ဆန်သိုလှောင်ပမာဏမှာ လုံလောက်စွာရှိနေကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ယခုဆန်တင်ပို့မှုကို အစားအသောက်ဖူလုံရေးမူဝါဒ၏ အဆင့်အသစ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး သံတမန်ရေး၊ ကိုယ်ပိုင်ထောက်ပံ့နိုင်မှုနှင့် နိုင်ငံခြားရှိ ပြည်သူများအား ထောက်ပံ့ကူညီရေးတို့ကို ပေါင်းစပ်ထားသည့် အစီအစဉ်တစ်ခုအဖြစ် ရှုမြင်နေကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၆ အစပိုင်းတွင် တိုးတက်မှုအားကောင်းနေသည့်ဗီယက်နမ်၏  စိုက်ပျိုးမွေးမြူရေး–သစ်တော–ရေထွက်ကုန်တင်ပို့မှု

        ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်တင်ပို့မှုတန်ဖိုးသည် ၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း ဆက်လက်တိုးတက်နေပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၁ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံခန့် ရရှိခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ဖေဖော်ဝါရီလ တစ်လအတွင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၇၁ ဘီလီယံခန့် ရှိခဲ့ပြီး ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၂၈.၄ ရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း ယခင်နှစ်ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီ–ဖေဖော်ဝါရီ ကာလအတွင်း စုစုပေါင်း တင်ပို့မှုတန်ဖိုးထဲတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆.၀၉ ဘီလီယံရရှိခဲ့ပြီး ၁၇.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပင်လယ်စာတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁.၇၆ ဘီလီယံ ရရှိကာ ၂၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သကဲ့သို့ သစ်တောထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂.၈၂ ဘီလီယံ ရရှိပြီး ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တိရစ္ဆာန်မွေးမြူရေးထုတ်ကုန်များတင်ပို့မှုသည် ၈၄.၃ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၄၀.၇ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ထုတ်လုပ်ရေးအတွက် အသုံးပြုသည့် input များ တင်ပို့မှုသည် ၅၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဆားတင်ပို့မှုသည်လည်း ယခင်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး–သစ်တော–ရေထွက်ကုန် တင်ပို့မှုများအတွက် အာရှဒေသသည် အဓိကဈေးကွက်ဖြစ်နေဆဲဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၄၅.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့နောက် အမေရိကတိုက်သည် ၂၁ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ဥရောပသည် ၁၅.၇ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများသည် ၂.၂ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက အာရှသို့ တင်ပို့မှုတန်ဖိုးမှာ ၂၇.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကတိုက်သို့ ၁၀.၄ ရာခိုင်နှုန်း၊ ဥရောပသို့ ၁၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ သမုဒ္ဒရာပိုင်းဒေသသို့ တင်ပို့မှုတန်ဖိုးမှာ ၃၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း အာဖရိကသို့ တင်ပို့မှုတန်ဖိုးမှာ ၁၉.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။ နိုင်ငံအလိုက်ဆိုပါက တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးတင်သွင်းသူ ဖြစ်နေဆဲဖြစ်ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၂၂.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့နောက် အမေရိကန်နိုင်ငံက ၁၈.၇ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ၇.၂ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏အဆိုအရ ယခုနှစ်အစပိုင်းတွင် ရရှိသည့် တိုးတက်မှုများသည် ဈေးကွက်ပြန်လည်ကောင်းမွန်လာနေသည့် လက္ခဏာဖြစ်ပြီး ၂၀၂၆ ခုနှစ် အတွက် ပို့ကုန်ပန်းတိုင်ဖြစ်သော အမေရိကန်ဒေါ်လာ ၇၃ မှ ၇၅ ဘီလီယံအထိရရှိရန် အခြေခံကောင်းတစ်ခုဖြစ်စေသည်ဟု သိရပါသည်။ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ဝန်ကြီးဌာနသည် ထုတ်ကုန်တန်ဖိုးမြှင့်တင်ရေး၊ တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရေးနှင့် နိုင်ငံတကာဈေးကွက်များ၏ တင်းကျပ်လာသော စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်မှုများကို အဓိကထား အကောင်အထည်ဖော်မည်ဟု သိရပါသည်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေး၊ ငွေပေးချေမှုနှင့် ကုန်သွယ်ရေးစီးဆင်းမှုများအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် ကြိုတင်ခန့်မှန်းမှုစနစ်များကို အားကောင်းစေရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး ပြောင်းလဲမှုများကို တုံ့ပြန်နိုင်မည့် စီမံချက်များ ပြုစုသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထုတ်လုပ်ရေးဘက်တွင်လည်း ထုတ်လုပ်မှု၊ အခြေခံလုပ်ငန်းစဉ်၊ အဆင့်မြင့်ပြုပြင် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများအကြား ချိတ်ဆက်မှုကို ခိုင်မာစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ထုတ်ကုန်အရည်အသွေးနှင့် ပို့ကုန်ဈေးကွက်အတွက် ပံ့ပိုးမှုတည်ငြိမ်စေရန် ကုန်ကြမ်းဇုန်များကို တိုးချဲ့သွားမည်ဟု သိရပါသည်။ ထို့ပြင် လုပ်ငန်းရှင်များကို နည်းပညာအသစ်များတွင် ရင်းနှီးမြှုပ်နှံရန်၊ post-harvest သိုလှောင်ထိန်းသိမ်းသည့်နည်းပညာများနှင့် by-product ပြန်လည် အသုံးချမှုများကို မြှင့်တင်ရန် အားပေးကူညီသွားမည်ဖြစ်ပြီး စက်ဝန်းပုံစီးပွားရေးမော်ဒယ်အတိုင်း ပစ္စည်းအသုံးချမှုကို အများဆုံးလုပ်ဆောင်ကာ အလေအလွင့်လျော့ချပြီး ထုတ်ကုန်တန်ဖိုး မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ အာဏာပိုင်များအနေဖြင့်လည်း စီမံထုတ်လုပ်ရေးနှင့် သိုလှောင်ထိန်းသိမ်းရေး စက်ရုံများတွင် အရည်အသွေးထိန်းချုပ်မှုစွမ်းရည်ကို မြှင့်တင် ကာ လုပ်ငန်းများအား နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် တင်သွင်းမှုလိုအပ်ချက်များကို လိုက်နာနိုင်ရန် လမ်းညွှန်ပေးမည်ဖြစ်ပြီး ဗီယက်နမ် စိုက်ပျိုးမွေးမြူရေး–သစ်တော–ရေထွက်ကုန်များ၏ အမှတ်တံဆိပ်မြှင့်တင်ရေးနှင့် ခေတ်မီ၍ တည်တံ့ခိုင်မြဲသော ထောက်ပံ့ပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၆၉ လဆက်တိုက် ကုန်သွယ်ရေးပိုငွေရရှိခဲ့သည့် အင်ဒိုနီးရှား

         Statistics Indonesia (BPS) ၏ တရားဝင်အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၀.၉၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် မေလမှစ၍ ဆက်တိုက် ၆၉ လကြာ ကုန်သွယ်ရေးပိုငွေရရှိမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း မတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ BPS မှ ဖြန့်ဖြူးရေးနှင့် ဝန်ဆောင်မှု စာရင်းကဏ္ဍမှ ဒုတိယအကြီးအကဲ Ateng Hartono က နှစ်စဉ်တင်သွင်းမှု သိသာစွာမြင့်တက်ခဲ့သော်လည်း ရေနံနှင့် ဂတ်စ်မဟုတ်သည့်ကဏ္ဍကုန်သွယ်ရေးစွမ်းရည် အားကောင်းမှု၏မောင်းနှင်အားကြောင့် ကုန်သွယ်ရေးပိုငွေရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ BPS ၏ ဒေတာများအရ ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃.၂၂ ဘီလီယံ ပိုငွေ ရရှိခဲ့ပြီး၊ ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍတွင် ဖြစ်ပေါ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၂.၂၇ ဘီလီယံ လိုငွေပြမှုကို လျှော့ချပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ပိုငွေရရှိမှုကို အဓိပံ့ပိုးခဲ့သည့် ကုန်ပစ္စည်းများမှာ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်အဆီနှင့် ဆီများမှ အမေရိကန် ဒေါ်လာ ၃.၁၀ ဘီလီယံ၊ သတ္တုဓာတ်လောင်စာများမှ အမေရိကန်ဒေါ်လာ ၂.၁၆ ဘီလီယံနှင့် သံနှင့် သံမဏိမှ အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံ တို့ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂.၁၆ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၃.၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအနက် ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁.၂၆ ဘီလီယံဖြင့် ၄.၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ပို့ကုန်တိုးတက်မှုကို တိရစ္ဆာန်နှင့် အပင်တို့၏အဆီနှင့် ဆီများ၏ ၄၆.၀၅ ရာခိုင်နှုန်း မြင့်တက်မှု၊ နီကယ်နှင့် ဆက်စပ်ထုတ်ကုန်များ၏ ၄၂.၀၄ ရာခိုင်နှုန်း မြင့်တက်မှုနှင့် လျှပ်စစ်စက်ပစ္စည်းနှင့် ကိရိယာများ၏ ၁၆.၂၇ ရာခိုင်နှုန်း မြင့်တက်မှုတို့က ဦးဆောင်ခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁.၂၁ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ် ပါက ၁၈.၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အဓိကအားဖြင့်ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ကုန်စည်တင်သွင်းမှုများ မြင့်တက်လာမှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ရေနံနှင့် ဓာတ်ငွေ့ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၁၇ ဘီလီယံဖြင့် ၂၇.၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် တင်သွင်းမှုများမှာ အမေရိကန်ဒေါ်လာ ၁၈.၀၄ ဘီလီယံဖြင့် ၁၆.၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Hartono က ပြောကြားခဲ့ပါသည်။ အမျိုးအစားအားလုံးတွင် တင်သွင်းမှုတိုးတက်ခဲ့ပြီး အထူးသဖြင့် ကုန်ကြမ်းပစ္စည်းနှင့် အလယ်အလတ်ထုတ်ကုန်များမှာ (၁၄.၆၇ ရာခိုင်နှုန်း မြင့်တက်) နှင့် မတည်ကုန်ပစ္စည်းများမှာ (၃၅.၃၂ ရာခိုင်နှုန်းမြင့်တက်) ခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ဖက်နိုင်ငံများအလိုက်ဆိုပါက အင်ဒိုနီးရှားသည် အမေရိကန် နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံဖြင့် အကြီးဆုံးပိုငွေရရှိခဲ့ပြီး ၎င်း၏နောက်တွင် အိန္ဒိယနိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၁.၀၇ ဘီလီယံ၊ ဖိလစ်ပိုင်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၀.၆၉ ဘီလီယံတို့အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ အကြီးဆုံး လိုငွေပြခဲ့သည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ၂.၄၇ ဘီလီယံ၊ သြစတြေးလျနိုင်ငံနှင့် ၀.၉၆ ဘီလီယံနှင့် ပြင်သစ်နိုင်ငံနှင့် ၀.၄၇ ဘီလီယံတို့ဖြစ်ကြောင်း BPS ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အမေရိကန်နိုင်ငံမှ ရေနံစိမ်းများ ဝယ်ယူတော့မည့် အင်ဒိုနီးရှားနိုင်ငံ

          အင်ဒိုနီးရှားနိုင်ငံသည် စစ်မီးတောက်လောင်နေသည့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်သွင်းမှုကို အစားထိုးရန်အတွက် အမေရိကန်ပြည်ထောင်စုထံမှ ရေနံစိမ်းများ ပိုမိုတင်သွင်းသွားမည်ဖြစ်ကြောင်း မတ်လ ၂ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်ဝန်ကြီးမှ ပြောကြားသော ပြောကြားချက်များအရ သိရပါသည်။

          အမေရိကန်နှင့် အစ္စရေးတို့က အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) အပေါ် တိုက်ခိုက်မှုများနှင့် ဒေသတွင်း၌ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ရေနံစိမ်းစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကမ္ဘာ့ရေနံငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားမှာလည်း ပိတ်ဆို့သွားခဲ့ပါသည်။

         အင်ဒိုနီးရှားနိုင်ငံ၏ စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်သည် အရှေ့အလယ်ပိုင်းမှလာပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရခြင်းဖြစ်ကြောင်း စွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီး Bahlil Lahadalia က ပြောကြားခဲ့ပါသည်။

       "လတ်တလော အရှေ့အလယ်ပိုင်းကနေ တင်သွင်းနေတဲ့ ရေနံစိမ်းတွေကို ၎င်းတို့၏ ရေနံစိမ်းဖူလုံမှု သေချာစေဖို့အတွက် အမေရိကန်ပြည်ထောင်စုကနေဝယ်ယူဖို့ တစ်စိတ်တစ်ပိုင်း လွှဲပြောင်းဆောင်ရွက်နေပါကြောင်း" Bahlil က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

         အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့အသုံးပြုသည့် ရေနံအများစုကို တင်သွင်းနေရခြင်းဖြစ်ပြီး အများစုမှာ နိုင်ဂျီးရီးယားနိုင်ငံမှဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ အရည်ပျော်ရေနံဓာတ်ငွေ့ (LPG) တင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်းသည်လည်း အရှေ့အလယ်ပိုင်းမှ လာခြင်းဖြစ်သောကြောင့် အစိုးရအနေဖြင့် အခြားအစားထိုးတင်သွင်းနိုင်မည့်နိုင်ငံများကို ရှာဖွေသွားမည်ဖြစ်ကြောင်း Bahlil က ထပ်ပေါင်းပြောကြားခဲ့ပါသည်။

         အင်ဒိုနီးရှားနိုင်ငံတွင် သုံးပတ်စာအတွက် လုံလောက်သော ရေနံစိမ်းလက်ကျန်ရှိသော်လည်း နိုင်ငံအတွင်း သိုလှောင်ရုံ အဆောက်အအုံများ မလုံလောက်ခြင်းကြောင့် ယခုထက်ပို၍ တင်သွင်းနိုင်ခြင်းမရှိကြောင်း ၎င်းက ရှင်းပြခဲ့ပါသည်။

        အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နှင့် အသစ်လက်မှတ်ရေးထိုးထားသည့် ကုန်သွယ်ရေးသဘောတူညီချက်အရ အမေရိကန်စွမ်းအင်ကဏ္ဍမှ ဒေါ်လာ ၁၅ ဘီလီယံဖိုး ဝယ်ယူရန် ကတိပြုထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto သည် အင်ဒိုနီးရှားနိုင်ငံအားလာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း စွမ်းအင်ကဏ္ဍတွင် ဖူလုံမှုရရှိစေရန် ရည်မှန်းချက် ချမှတ်ထားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: Brecorder                                                               

DOCA (ရန်ကုန်)

ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၂၆၃ သန်းဖိုး နို့ထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ ဝယ်ယူတော့မည့် အမေရိကန်အစိုးရ

       အမေရိကန် စိုက်ပျိုးရေးဌာန (USDA) သည် အမေရိကန် လယ်သမားများနှင့် ထုတ်လုပ်သူများထံမှ နို့ထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အမေရိကန်ဒေါ်လာ ၂၆၃ သန်းဖိုးအထိ ဝယ်ယူရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

       အဆိုပါ ထွက်ကုန်ပစ္စည်းများကို အမေရိကန်တစ်ဝန်းရှိ စားနပ်ရိက္ခာဘဏ် (Food Banks) များနှင့် အာဟာရဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန် စိုက်ပျိုးရေးဝန်ကြီး Brooke L. Rollins ၏ ပြောကြားချက်အ အဆိုပါဝယ်ယူမှုများကို ၁၉၃၅ ခုနှစ် စိုက်ပျိုးရေးအက်ဥပဒေ ပုဒ်မ ၃၂ အရ USDA ၏ လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထုတ်လုပ်သူများနှင့် အကူအညီလိုအပ်နေသည့် လူမှုအသိုက်အဝန်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

         အဆိုပါလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ထရမ့်အစိုးရအဖွဲ့က "အမေရိကန် စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဒေသများနှင့် အာဟာရဆိုင်ရာ အကူအညီလိုအပ်နေသူများကို ပံ့ပိုးပေးခြင်းဖြင့် အမေရိကန်၏ သာယာဝပြောမှုကို မြှင့်တင်ပေးနေခြင်းဖြစ်သည်" ဟု ပြောကြားခဲ့ပါသည်။

       ဝန်ကြီး Rollins က "နို့နှင့် နို့ထွက်ပစ္စည်းများမှသည် သစ်သီးဝလံများ၊ ပဲမျိုးစုံနှင့် သစ်မာသီးများအထိ အဆိုပါ အခြေခံစားသောက်ကုန်များသည် မိသားစုများကို ကျွေးမွေးရန်နှင့် အမေရိကန်၏ စိုက်ပျိုးရေးစီးပွားရေးကို ထိန်းကျောင်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်" ဟု ပြောကြားခဲ့ပါသည်။

      အဆိုပါ USDA Foods ပစ္စည်းများကို အရေးပေါ် စားနပ်ရိက္ခာအကူအညီပေးရေး အစီအစဉ် (TEFAP) ကို ဆောင်ရွက်နေသည့် စားနပ်ရိက္ခာဘဏ်များအပါအဝင် USDA ၏ အစားအစာနှင့် အာဟာရဝန်ဆောင်မှုဌာန (FNS) ၏ အစီအစဉ်များသို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Agriland                                                                       

DOCA (ရန်ကုန်)

ပြောင်းတန်ချိန် ၆၈၀၀၀ တန်ခန့်ဝယ်ယူခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ MFG

        မတ်လ ၂ ရက်နေ့တွင် ဥရောပကုန်သည်များမှ ထုတ်ပြန်သော ထုတ်ပြန်ချက်အရ တောင်ကိုရီးယားနိုင်ငံ၏ အဓိက တိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်သော Major Feedmill Group (MFG) သည် ပြီးခဲ့သည့် သောကြာနေ့နှောင်းပိုင်းတွင် သီးသန့်အရောင်းအဝယ် ပြုလုပ်မှု (Private Deal) မှတစ်ဆင့် တိရစ္ဆာန်အစာသုံး ပြောင်းတန်ချိန် ၆၈,၀၀၀ ခန့်ကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ၎င်းမှာ အဆိုပါနေ့အစောပိုင်းက နိုင်ငံတကာ တင်ဒါခေါ်ယူမှုမှတစ်ဆင့် ဝယ်ယူခဲ့သည့် တန်ချိန် ၁၃၅,၀၀၀ အပြင် ထပ်မံဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

        အဆိုပါ ပြောင်းတန်ချိန် ၆၈,၀၀၀ ကို အမေရိကန်၊ တောင်အမေရိက သို့မဟုတ် တောင်အာဖရိကနိုင်ငံတို့မှ ရွေးချယ်တင်သွင်းရန် မျှော်မှန်းထားကြကြောင်း သိရပါသည်။ ဝယ်ယူသည့်ဈေးနှုန်းမှာ ကုန်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ခအပါအဝင် တစ်တန်လျှင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၅၀.၅၀ ကျသင့်မည်ဖြစ်ပြီး၊ ဆိပ်ကမ်းတွင် ထပ်ဆောင်းကုန်ချခအတွက် တစ်တန်လျှင် ၁.၅၀ ဒေါ်လာ ထပ်ဆောင်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါသည်။

       အဆိုပါပြောင်းများကို CHS ကုန်သွယ်ရေးကုမ္ပဏီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်ဝန်းကျင်တွင် တောင်ကိုရီးယားသို့ ဆိုက်ရောက်မည်ဟု သိရှိရပါသည်။

Source: Brecorder                                                                     

DOCA (ရန်ကုန်)

ဇူလိုင်လမှ ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှု ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်

       ပါကစ္စတန်ဗဟိုစာရင်းအင်းဗျူရို (PBS) မှ မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၆ဘဏ္ဍာနှစ် ဇူလိုင်လမှ ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုသည် ၂၀၂၅ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၂၅.၀၄ ဘီလီယံအထိ ရှိလာကြောင်း သိရပါသည်။

       ၂၀၂၅ဘဏ္ဍာနှစ်၏ ဇူလိုင်လမှ ဖေဖော်ဝါရီလကာလအတွင်း ပို့ကုန်နှင့် သွင်းကုန်ကြား ကွာဟချက်ဖြစ်သော နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၂၀.၀၄ ဘီလီယံခန့်ရှိခဲ့ပါသည်။ အဆိုပါကာလအတွင်း ပို့ကုန်များလျော့ကျသွားခြင်းနှင့် သွင်းကုန်များ ပိုမိုမြင့်တက်လာခြင်းတို့ကြောင့် နှစ်အလိုက် ကုန်သွယ်ရေးလိုငွေ ပိုမိုကျယ်ပြန့်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ဘဏ္ဍ ဇူလိုင်လမှ ဖေဖော်ဝါရီလကာလအတွင်း ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၂၀.၄၆ ဘီလီယံရှိပြီး ၂၀၂၅ ဘဏ္ဍာနှစ်အလားတူကာတွင် ပို့ကုန်တန်ဖိုးမှရရှိခဲ့သော ဒေါ်လာ ၂၂.၀၇ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ သွင်းကုန်တန်ဖိုးမှာမူ ဒေါ်လာ ၄၅.၅၀ ဘီလီယံရှိခဲ့ပြီး၊ ၂၀၂၅ဘဏ္ဍာနှစ် အလားတူကာလ၏ ဒေါ်လာ ၄၂.၁၁ ဘီလီယံထက် ၈.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

       တစ်ဖက်တွင်လည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်နိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၂.၂၇ ဘီလီယံရှိရာ၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပို့ကုန်မှရရှိခဲ့သော ဒေါ်လာ ၂.၄၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၈.၈ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရပါသည်။ အလားတူ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ၏ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၅.၂၅ ဘီလီယံရှိပြီး၊ ၂၀၂၅ ဘဏ္ဍာနှစ်အလားတူကာလတွင် သွင်းကုန်မှရရှိခဲ့သော ဒေါ်လာ ၅.၃၄ ဘီလီယံထက် ၁.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။

       ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၂.၉၈ ဘီလီယံရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၏ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၂.၈၅ ဘီလီယံထက် ၄.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ လအလိုက် နှိုင်းယှဉ်မှုအရ ပါကစ္စတန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်ရှိခဲ့သည့် ဒေါ်လာ ၂.၇၅ ဘီလီယံထက် ၈.၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါပါသည်။

Source: Brecorder                                                                     

DOCA (ရန်ကုန်)

ရေထွက်ကုန်များအတွက် ဈေးကွက်ဆက်လက်ဖွင့်လှစ်ပေးရန် EAEU ကို တောင်းဆိုခဲ့သည့် ဗီယက်နမ်

       စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး Le Manh Hung သည်ရုရှားနှင့် ယူရေးရှား စီးပွားရေးအဖွဲ့ချုပ် (EAEU) အား ဗီယက်နမ်၏ ရေထွက်ကုန်ပစ္စည်းများအတွက် ဈေးကွက်ပိုမိုဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Le Manh Hung သည် မတ်လ ၂ ရက်နေ့တွင် ဟနွိုင်းမြို့၌ ယူရေးရှား စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Bakytzhan Sagintayev နှင့်တွေ့ဆုံဆွေးနွေးစဉ် ယင်းတောင်းဆိုချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းက EAEU သည် ဗီယက်နမ်၏အစဉ်အလာယုံကြည်စိတ်ချရပြီး အရေးပါသော ကုန်သွယ်ဖက်နိုင်ငံအဖွဲ့ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ဥရောပဒေသတွင် ဗီယက်နမ်နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (FTA) ကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည့် စီးပွားရေးအဖွဲ့ချုပ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ သဘောတူစာချုပ် အကောင်အထည်ဖော်ခဲ့သည်မှာ ဆယ်နှစ်ခန့် ရှိလာပြီဖြစ်ပြီး အပြုသဘောဆောင်သော ရလဒ်များရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၁၆ ခုနှစ်တွင် စတင်အသက်ဝင်ချိန်မှစ၍ အခွန်အမျိုးအစား ၆၀ ရာခိုင်နှုန်းခန့်ကို သုညရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ကျန်ရှိသည့်အခွန်အမျိုးအစားများကို ၁၀ နှစ်တာ အစီအစဉ်အရ တဖြည်းဖြည်း လျှော့ချလာခဲ့ရာ ၂၀၂၅ ခုနှစ်တွင် အများစု ပြီးမြောက်ပြီဖြစ်ကြောင်း သိရပါသည်။ နှစ်ဖက်ကုန်သွယ်မှုပမာဏသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၉၄ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်အကြား ကုန်သွယ်ရေးဖွဲ့စည်းပုံသည် အပြန်အလှန်လိုက်ဖက်မှုပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် အခွန်လျှော့ချသည့်အခွင့်အရေးများကို အသုံးချနိုင်ကာ ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်နိုင်ခဲ့ကြောင်း သိရပါသည်။ FTA အောက်ရှိ အခွန်အခွင့်အရေးများကြောင့် EAEU ဈေးကွက်သို့ ဗီယက်နမ်၏ အဓိကပို့ကုန်များဖြစ်သည့် ရေထွက်ကုန်၊ ကော်ဖီ၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့နှင့် အဝတ်အထည်-ချည်ထည်များတင်ပို့မှုမှာ ကြီးထွားမှုအားကောင်းခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် Le Manh Hung က ဖြေရှင်းရန် လိုအပ်နေသည့် ပြဿနာအချို့လည်းရှိနေကြောင်းနှင့် EAEU အနေဖြင့် ဗီယက်နမ် အဝတ်အထည်-ချည်ထည်များအပေါ် “trigger safeguard” စနစ်ကို ဆက်လက်အသုံးပြုခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုထားပြီး ယင်းအစီအစဉ်သည် လက်ရှိဈေးကွက်အခြေအနေများနှင့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီတော့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ရုရှားနှင့် EAEU အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဗီယက်နမ် ရေထွက်ကုန်ပစ္စည်းများအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့ပေးရန်၊ ယာယီရပ်ဆိုင်းထားမှုများကို ပြန်လည် ရုပ်သိမ်းရန်နှင့် ထပ်တိုးလုပ်ငန်းများကို တင်ပို့ခွင့်ပြုရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ Bakytzhan Sagintayev ကလည်း သဘောတူစာချုပ်သည် နှစ်ဖက်ကုန်သွယ်ရေးတိုးတက်မှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် နှစ်ဖက်ကုန်သွယ် ရေးပမာဏ တဖြည်းဖြည်း တိုးတက်လာမှုကိုကြိုဆိုပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ဈေးကွက်ဝင်ရောက်ခွင့် အဆင်ပြေချောမွေ့စေရန်၊ ကုန်သွယ်ရေးအတားအဆီးများကို အချိန်မီဖယ်ရှားရန်နှင့် ရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထို့အပြင် ထောက်ပံ့သည့်အရင်းအမြစ်များကွဲပြားရန်နှင့် ဈေးကွက်များတိုးချဲ့ရန် ကတိပြုခဲ့ကြပြီး ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ကာ ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်များကြောင့် ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ