ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပါကစ္စတန်နိုင်ငံ၏ စားသောက်ကုန်သွင်းကုန်စရိတ်များမြင့်တက်

         ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လမှ ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်နိုင်ငံ၏ စားသောက်ကုန် သွင်းကုန်စရိတ်သည် ယခင်နှစ်ကာလတူရှိ အမေရိကန်ဒေါ်လာ ၅.၄၁၃ ဘီလီယံ မှ ၁၈.၄၁ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၆.၄၁၀ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မြင့်တက်ခြင်းသည် အဓိကအားဖြင့် သကြားနှင့် စားသုံးဆီတင်သွင်းမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၈ လအတွင်း ကုန်ကြမ်းစားသောက်ကုန်များ ပြည်ပတင်ပို့မှုမှာ ၃၄.၃၈ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလတွင် တင်ပို့မှုမှရရှိခဲ့သော အမေရိကန် ဒေါ်လာ ၅.၁၇၃ ဘီလီယံမှ ယခုအခါ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၃၉၄ ဘီလီယံသာရရှိခဲ့ကြောင်း သိရပါသည်။ အသားတင်ပို့မှုမှလွဲ၍ ကျန်စားသောက်ကုန် အမျိုးအစားအများစုတွင် တင်ပို့မှုပမာဏ လျော့ကျသွားခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် ဘက်စမာတီနှင့် အခြားဆန် အမျိုးအစားများအပါအဝင် ဆန်တင်ပို့မှုတွင် အသိသာဆုံး လျော့နည်းသွားကြောင်း သိရပါသည်။

        စားသောက်ကုန်သွင်းကုန် မြင့်တက်လာခြင်းမှာ အထူးသဖြင့် ပဲမျိုးစုံအပါအဝင် ပြည်တွင်းထုတ်လုပ်မှု လိုအပ်ချက်များနှင့် ထောက်ပံ့မှု အခက်အခဲများကြောင့် ပြင်ပမှတင်သွင်းမှုအပေါ် ပိုမိုမှီခိုလာရခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် သကြား၊ စားသုံးဆီနှင့် လက်ဖက်ခြောက်တို့ကို ပိုမိုဝယ်ယူခဲ့ရခြင်းက သွင်းကုန်စရိတ် မြင့်တက်စေသည့် အဓိကအကြောင်းရင်း ဖြစ်ကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံ စာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် အချက်အလက်များအရ တင်သွင်းသည့် စားသောက်ကုန်များတွင် စားအုန်းဆီသည် ဝေစုအများဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် ပဲမျိုးစုံ၊ လက်ဖက်ခြောက်၊ ပဲပုပ်ဆီနှင့် သကြားတို့က အစဉ်လိုက်ရပ်တည်နေကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံသည် ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၈ လအတွင်း သကြားတန်ချိန် ၃၀၈,၈၈၇ တင်သွင်းခဲ့ပြီး၊ ယခင်နှစ် ကာလတူတွင် ၂၅၂၈ တန်သာ တင်သွင်းခဲ့ရာမှ ၁၂၁၁၈.၆၁ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ တန်ဖိုးအားဖြင့်ဆိုလျှင်လည်း သကြားသွင်းကုန်သည် ယခင် နှစ်က အမေရိကန်ဒေါ်လာ ၂.၄၅၁ သန်းသာရှိရာမှ ယခုနှစ်တွင် ၇,၀၂၈.၂၅ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၇၄.၇၁၃ သန်းအထိ ရှိလာကြောင်း သိရပါသည်။

          ပြည်တွင်းသကြား ပြတ်လပ်မှုကို ဖြေရှင်းရန်နှင့် ဈေးကွက်ပေါက်ဈေး တည်ငြိမ်စေရန် အစိုးရက သကြားတင်သွင်းမှုကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

       ဇူလိုင်လမှ ဖေဖော်ဝါရီလအထိ စားအုန်းဆီ တင်သွင်းမှုတန်ဖိုးမှာ ယခင်နှစ်က အမေရိကန်ဒေါ်လာ ၂.၂၅၁ ဘီလီယံ ရှိခဲ့ရာမှ ၂၁.၅၃ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန် ဒေါ်လာ ၂.၇၃၄ ဘီလီယံအထိ ရှိလာခဲ့ကြောင်း သိရပါသည်။ ပမာဏအားဖြင့်ဆိုလျှင် စားအုန်းဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူရှိ တန်ချိန် ၂.၂၁၀ သန်းတန်မှ ၂.၅၄၁ သန်းတန်အထိ ၁၄.၉၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရပါသည်။ ပဲမျိုးစုံ တင်သွင်းမှုမှာမူ ယခင် နှစ်က အမေရိကန်ဒေါ်လာ ၆၃၀.၀၁၉ သန်း ရှိခဲ့ရာမှ ၂၁.၈၉ ရာခိုင်နှုန်း လျော့ကျကာ အမေရိကန်ဒေါ်လာ ၄၉၂.၀၉၅ သန်းသာရှိတော့ကြောင်း သိရပါသည်။ ပဲပုပ်ဆီ တင်သွင်းမှုတန်ဖိုးသည်လည်း ၂၀၂၅ ဘဏ္ဍာနှစ်တွင် အ‌မေရိကန်ဒေါ်လာ ၂၀၁.၃၅၂ သန်း ရှိခဲ့ရာမှ ၄၇.၁၇ ရာခိုင်နှုန်း ထိုးဆင်းသွားပြီး အမေရိကန်ဒေါ်လာ ၁၀၆.၃၇၂ သန်းသာရှိခဲ့ကြောင်း သိရပါသည်။ အခြားသော စားသောက်ကုန်များအတွက် သွင်းကုန်စရိတ်မှာလည်း ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၈ လတွင် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၁.၄၅၃ ဘီလီယံမှ ၃၈.၀၇ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂.၀၀၆ ဘီလီယံအထိ ရှိလာခဲ့ကြောင်း သိရပါသည်။ (လက်ဖက်ခြောက်ကဲ့သို့သော) အချို့သွင်းကုန် တန်ဖိုးများမှာလည်း အမေရိကန်ဒေါ်လာ ၄၁၈.၂၅၉ သန်းမှ ၄.၇၂ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၄၃၇.၉၈၅ သန်းအထိရှိလာကြောင်း သိရှိရပါသည်။

        နို့၊ ခရင်မ်နှင့် နို့စို့ကလေးငယ်များအတွက် အာဟာရဖြည့်နို့မှုန့်များ တင်သွင်းမှုမှာ ဘတ်ဂျက်တွင် အခွန်အသစ်များ ကောက်ခံခဲ့သော်လည်း ဇူလိုင်မှ ဖေဖော်ဝါရီလအတွင်း ၃.၆၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး၊ ယခင်နှစ်က အမေရိကန်ဒေါ်လာ ၉၁.၁၀၅ သန်းမှ အမေရိကန်ဒေါ်လာ ၉၄.၄၀၈ သန်းအထိ ရှိလာခဲ့ကြောင်း သိရှိရပါသည်။

Source: Dawn                                                                           

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာပို့ကုန်များ တရုတ်စျေးကွက်တွင် သိသိသာသာ တိုးတက်လာသော်လည်း အမေရိကန်စျေးကွက်မှာမူ တုံ့ဆိုင်းနေ

       ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းကျော် တိုးတက်မှုနှုန်းကိုရရှိခဲ့ပြီး ကောင်းမွန်သောအရှိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ သို့သော်လည်း အလုံးစုံသော အခြေအနေကိုကြည့်ပါက ကုန်ပစ္စည်းနှင့် စျေးကွက်အလိုက် သိသာထင်ရှားသော ကွဲပြားမှုများ စတင်ဖြစ်ပေါ်လာနေပြီး အမေရိကန်စျေးကွက်နှင့် အချို့သော ပင်လယ်စာအုပ်စုများ၏ အခြေအနေမှာ အနီးကပ်စောင့်ကြည့်ရန် လိုအပ်လာကြောင်း ပြသနေသည်။

        ဗီယက်နမ် ပင်လယ်စာပြုပြင်ထုတ်လုပ်ရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (VASEP) ၏ အဆိုအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၇၀၇ သန်းခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၂၆ ခုနှစ်၏ ပထမနှစ်လပေါင်းစာ ပို့ကုန်ပမာဏမှာ ဒေါ်လာ ၁.၇ ဘီလီယံခန့် ရှိခဲ့သဖြင့် ၂၀.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ဇန်နဝါရီလအတွင်း အလွန်အမင်း တိုးတက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် အချို့သော အဓိကထုတ်ကုန်များနှင့် စျေးကွက်များ၌ အရှိန်အနည်းငယ် လျော့ကျသွားသော်လည်း လုပ်ငန်းတစ်ခုလုံး၏ အရှိန်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

        ကုန်ပစ္စည်းအမျိုးအစားအလိုက် ကြည့်ပါက ပုစွန်လုပ်ငန်းမှာ ကဏ္ဍတစ်ခုလုံး၏ အဓိက မဏ္ဍိုင်အဖြစ် ဆက်လက်ရပ်တည်နေသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပုစွန်တင်ပို့မှုမှ ဒေါ်လာ ၃၁၀ သန်းခန့် ရရှိခဲ့ပြီး ၁၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ပထမနှစ်လပေါင်းစာအတွက်မူ ဒေါ်လာ ၆၈၉.၅ သန်း ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ သို့သော်လည်း အမေရိကန်စျေးကွက်၏ အလားအလာမှာ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသည်။ အကြောင်းမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗီယက်နမ်အေးခဲပုစွန်များ အပေါ် ၁၉ ကြိမ်မြောက် စီမံခန့်ခွဲမှုဆိုင်ရာ ပြန်လည်သုံးသပ်ချက် (POR19) ၏ နောက်ဆုံးရလဒ်ကို ထုတ်ပြန်ခဲ့သောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)

ဗီယက်နမ်၏ မော်တော်ယာဉ်ရောင်းအား ကျဆင်းသွား

         ဗီယက်နမ်နိုင်ငံ၏ ဖေဖော်ဝါရီလအတွင်း မော်တော်ယာဉ်ရောင်းချရမှုသည် စုစုပေါင်း ၁၉,၂၇၈ စီးသာရှိခဲ့ပြီး ယခင်လထက် ၄၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဗီယက်နမ် သတင်းဌာနက မတ်လ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

          ဗီယက်နမ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA) ၏ ထုတ်ပြန်ချက်အရ လူစီးကားရောင်းချရမှုသည် ၁၂,၃၇၆ စီးဖြင့် အများဆုံးဖြစ်သော်လည်း ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ၎င်းနောက်တွင် လုပ်ငန်းသုံးယာဉ် ၆,၅၄၂ စီးနှင့် အထူးသုံးယာဉ် ၃၆၀ စီးတို့ အသီးသီးရောင်းချခဲ့ရသည်။

          ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ် ၉,၂၂၀ စီးနှင့် ပြည်ပမှ အလုံးလိုက်တင်သွင်းသည့် မော်တော်ယာဉ် ၁၀,၀၅၈ စီး ရောင်းချခဲ့ရပြီး ၎င်းတို့မှာလည်း ဇန်နဝါရီလထက် ၄၉ ရာခိုင်နှုန်းနှင့် ၄၇ ရာခိုင်နှုန်း အသီးသီး လျော့ကျသွားခြင်းဖြစ်သည်။ သို့သော်လည်း VAMA ၏ အဆိုအရ ယခုနှစ် ပထမနှစ်လအတွင်း စုစုပေါင်းရောင်းအားမှာ ၄၆,၁၅၃ စီး ရှိခဲ့သဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် သကြားတန်ချိန် ၃ သန်း ထုတ်လုပ်ရန် ရည်မှန်း

         အင်ဒိုနီးရှားနိုင်ငံသည် သကြားလိုအပ်ချက်ကို ကိုယ်တိုင်ဖူလုံစေရန်နှင့် ပြည်ပမှ တင်သွင်းရမှုအပေါ် မှီခိုနေရခြင်းကိုလျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် ယခုနှစ်အတွင်း သကြားထုတ်လုပ်မှုကို တန်ချိန် ၃ သန်းအထိ မြှင့်တင်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

       စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ယခုလျာထားချက်သည် လက်ရှိထွက်ရှိနေသော တန်ချိန် ၂.၆၈ သန်းခန့်ထက် ပိုမိုမြင့်တက်လာမည့် ပမာဏဖြစ်ပြီး ပြည်တွင်းသကြားလိုအပ်ချက်ကို အားဖြည့်ရန်နှင့် ကြံစိုက်ခင်းများ၏ ထုတ်လုပ်စွမ်းအားကို မြှင့်တင်ရန် အစိုးရ၏ တွန်းအားပေးမှုကို ထင်ဟပ်နေကြောင်း မတ်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

       အဆိုပါ လျာထားချက်ကို ပြည့်မီစေရန်အတွက် ဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြံစိုက်ခင်းများကို တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများပြုလုပ်ရန် စီစဉ်နေပြီး သကြားစက်ရုံများအတွက် ကုန်ကြမ်းထောက်ပံ့မှု တိုးလာစေရန် ကြံစိုက်ဧက ၁ သိန်း (ဟက်တာ ၁ သိန်း) အထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။

       အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေရန်နှင့် သကြားတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို တဖြည်းဖြည်းလျှော့ချရန် ကြိုးပမ်းနေသည့်အတွက် ဤစီမံကိန်းတွင် ဗဟိုအစိုးရ၊ ဒေသန္တရအစိုးရများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် တောင်သူလယ်သမားများအကြား ပူးပေါင်းဆောင်ရွက်ပြီး ကြံစိုက်ပျိုးမှုကို အရှိန်မြှင့်တင်ကာ ထုတ်လုပ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း Sulaiman က ဖြည့်စွက်ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

အမေရိကန်နိုင်ငံမှ သွင်းကုန်ခွန် ၁၈ ရာခိုင်နှုန်း လျှော့ချလိုက်ပြီးနောက် အိန္ဒိယ၏ ရေထွက်ပစ္စည်းပို့ကုန်များ ပြန်လည်ဦးမော့လာဖွယ်ရှိ

        အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သွင်းကုန်ခွန်ကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေး မည်ဟု ကြေညာခဲ့ပြီးနောက် အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယနိုင်ငံ၏ ရေထွက်ပစ္စည်းပို့ကုန်များသည် အရှိန်အဟုန် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်ချက်သည် အိန္ဒိယ၏ အကြီးမားဆုံး ပြည်ပစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ပြန်လည်ရရှိစေမည်ဖြစ်ကြောင်း သိရပါသည်။

       ၂၀၂၄-၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၇၈ ဘီလီယံတန်ဖိုးရှိ ပို့ကုန်များနှင့် အတူ အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယရေထွက်ပစ္စည်းများအတွက် အကြီးမားဆုံးသော တင်ပို့ရာနေရာအဖြစ် ဆက်လက်တည်ရှိခဲ့သော်လည်း ၂၀၂၆ခုနှစ်တွင် ပို့ကုန်စွမ်းဆောင်ရည် အားနည်းခဲ့ပြီး ၂၀၂၅ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၆.၃ ရာခိုင်နှုန်းခန့်နှင့် ပမာဏအားဖြင့် ၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း သိရပါသည်။

        အဆိုပါ ကျဆင်းမှုသည် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော အခွန်နှုန်းထားများကြောင့်ဖြစ်ကြောင်း သိရပါသည်။ ယခုကဲ့သို့ အခွန်လျှော့ချလိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံသည် အီကွေဒေါ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများနှင့် ပိုမိုထိရောက်စွာ ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

         ပြင်ဆင်လိုက်သော သွင်းကုန်အခွန်နှုန်းထားအရ အီကွေဒေါက ၁၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့က ၁၉ ရာခိုင်နှုန်းနှင့် ဗီယက်နမ်က ၂၀ ရာခိုင်နှုန်း အသီးသီးရှိရာ အိန္ဒိယသည် ၁၈ ရာခိုင်နှုန်းဖြင့် အဆိုပါနိုင်ငံများနှင့် တန်းတူအခြေအနေသို့ ရောက်ရှိလာကြောင်း သိရပါသည်။ “ကုန်သွယ်ရေးသဘောတူညီချက် ရရှိသွားတာနဲ့ အခွန်နှုန်းထားကို ၁၈ ရာခိုင်နှုန်း အထိ လျှော့ချလိုက်တာကြောင့် အိန္ဒိယကနေ အမေရိကန်ကိုတင်ပို့တဲ့ ရေထွက်ပစ္စည်းပမာဏဟာ တိုးတက်လာပြီး မကြာခင်မှာ အရင်အခြေအနေကို ပြန်ရောက်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အိန္ဒိယ ရေထွက်ပစ္စည်း တင်ပို့သူများအသင်း (SEAI) ဥက္ကဋ္ဌ G. Pawan Kumar က ပြောကြားခဲ့ပါသည်။ “၁၈ ရာခိုင်နှုန်းမှာဆိုရင် ကျွန်တော်တို့ဟာ ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဖြစ်လို့ စျေးကွက်ဝေစုကို ပြန်လည်ရယူနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရပါသည်။

          SEAI သည် အိန္ဒိယရေထွက်ကုန်များအပေါ် အခွန်လျှော့ချပေးနိုင်ခဲ့သည့် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေးသဘောတူညီချက် အောင်မြင်စွာရရှိခဲ့ခြင်းအတွက် ပြည်ထောင်စုအစိုးရအား ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။ SEAI အသင်းအနေဖြင့် အဆိုပါသဘောတူညီချက်ရရှိရန် ကြိုးပမ်းပေးခဲ့ကြသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပင်လယ်စာထုတ်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (MPEDA) နှင့် ပို့ကုန်စစ်ဆေးရေးကောင်စီ (EIC) တို့၏ ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: The India Time                                                             

DOCA (ရန်ကုန်)

မြန်မာနိုင်ငံ၏ ဆန်တန်ချိန်ပေါင်း ၂.၅ သန်းတန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ထက် ပိုမိုကျော်လွန်ကြောင်း MRF ထုတ်ပြန်

        ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မတ်လ ၁၀ ရက်နေ့အထိ ဆန်တန်ချိန် စုစုပေါင်း ၂,၅၀၆,၀၅၀ တန်ခန့်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဆန်စပါးတင်ပို့မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှ သိရှိရသည့် အဆိုပါကိန်းဂဏန်းမှာ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပိုမိုတိုးတက်လာသည့် ပမာဏဖြစ်ကြောင်း သိရပါသည်။ မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ MRF ၏ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် အသင်းဝင် ဆန်တင်ပို့သည့် ကုမ္ပဏီများအကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် ယခုမတ်လကုန်၌ ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာနှစ် မကုန်ဆုံးမီ ပို့ကုန်ပမာဏကို အတတ်နိုင်ဆုံး တိုးမြှင့်နိုင်ရန် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ အစည်းအဝေးသို့တက်ရောက်လာသူများက လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ခန့်မှန်းချက်များနှင့် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ အစည်းအဝေးတွင် ဆန်တင်ပို့မှုလုပ်ငန်းစဉ်အတွင်း ရင်ဆိုင်နေရသော လက်ရှိစိန်ခေါ်မှုများနှင့် အခက်အခဲများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ဆန်စပါးအထူးတင်ပို့မှုဇုန်များ တည်ထောင်အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။ အစည်းအဝေးအတွင်း MRF ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နောင်လုပ်ငန်းစဉ်များ ချောမွေ့စေရေးအတွက် တက်ရောက်လာသူများ၏ အကြံပြုချက်များနှင့် မေးမြန်းချက်များကို ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Source: Global Newlight of Myanmar                                

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ဆန်တင်ပို့မှုပမာဏ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဗီယက်နမ်

        ဗီယက်နမ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၂၈၉.၄ သန်း တန်ဖိုး ရှိသောဆန်တန်ချိန် ၆၄၀,၀၀၀ ခန့် တင်ပို့ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ဗီယက်နမ်သည် ယခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅၉၉.၃ သန်း တန်ဖိုးရှိသော ဆန်တန်ချိန် ၁.၃ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ပမာဏတွင် ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း တန်ဖိုးတွင် ၁၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လတာ ကာလအတွင်း ဆန်တင်ပို့သည့် ပျမ်းမျှဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၄.၁ ခန့်ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရ ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးဆန်တင်ပို့သည့်စျေးကွက်အဖြစ် ဆက်လက် ရပ်တည်နေပြီး စုစုပေါင်းတင်ပို့မှု၏ ၄၇.၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့နောက် တရုတ်နိုင်ငံနှင့် ဂါနာနိုင်ငံတို့က ၁၈.၃ ရာခိုင်နှုန်းနှင့် ၈.၉ ရာခိုင်နှုန်း အသီးသီးဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုတန်ဖိုးသည် ၁၇.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၅.၈ ဆအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် ဂါနာနိုင်ငံသို့ တင်ပို့မှုမှာ ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ အကြီးဆုံး ဆန်တင်ပို့သည့်စျေးကွက် ၁၅ ခုအနက် တရုတ်နိုင်ငံ သို့ တင်ပို့မှုမှာ ၅.၈ ဆအထိ မြင့်တက်လာပြီး ကြီးထွားမှုအားအကောင်းဆုံးဖြစ်ခဲ့ကာ ကို့တ်ဒီဗွား (Côte d’Ivoire) သို့ တင်ပို့မှုမှာ ၉၀.၉ ရာခိုင်နှုန်းကျဆင်းပြီး ကျဆင်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်လုပ်ငန်းရှင်များ၏ အဆိုအရ လက်ရှိတွင် ဗီယက်နမ်၏ ၅ ရာခိုင်နှုန်း broken rice ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၅ ခန့်ဖြင့် ရောင်းဝယ်နေပြီး ယခင် သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိသေးကြောင်း သိရပါသည်။ သို့သော် ဆောင်း–နွေ ရိတ်သိမ်းရာသီ အထွတ်အထိပ်ကာလဖြစ်လာသဖြင့် ပြည်တွင်းထောက်ပံ့မှုများ မြင့်တက်လာနေခြင်းကြောင့် ဆန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်မည်ဟု ဝယ်ယူသူများက မျှော်လင့်နေ ကြပြီး ကုန်သွယ်ရေး လှုပ်ရှားမှုများ နှေးကွေးနေကြောင်း သိရပါသည်။ အစောပိုင်းအချက် အလက်များအရ ဖေဖော်ဝါရီလအတွင်း တောင်ပိုင်းဆိပ်ကမ်းများမှ ဆန်တန်ချိန် ၃၈၂,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အများစုကို ဖိလစ်ပိုင်နှင့် အာဖရိကနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ အရှေ့ အလယ်ပိုင်းဒေသရှိ ပဋိပက္ခများသည် အာဖရိကသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုကို တိုက်ရိုက် သက်ရောက်မှုမရှိသေးသော်လည်း အာမခံကြေးနှင့် လောင်စာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ သိသိသာသာ မြင့်တက်လာကြောင်း ကုန်သည်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၏ ပထမ ၂ လအတွင်းလောင်စာတင်သွင်းမှုစံချိန်တင်မြင့်တက်ခဲ့သည့် ဗီယက်နမ်

       အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော တင်းမာမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မသေချာမှုများ မြင့်တက်လာသည့်အခြေအနေအကြား ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်လအတွင်း လောင်စာတင်သွင်းမှုများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရပါ သည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းအင်းများအရ ယခုနှစ် ပထမနှစ်လအတွင်း ဗီယက်နမ်နိုင်ငံသည် ရေနံနှင့် ရေနံထွက်ကုန် တန်ချိန် ၂.၁၈ သန်း တင်သွင်းရန် အမေရိကန် ဒေါ်လာ ၁.၄၄ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ယခင်နှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၃၁.၄ ရာခိုင်နှုန်းနှင့် ၄၃ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေနံစိမ်းတင်သွင်းမှုမှာ စုစုပေါင်းတန်ချိန် ၂.၁၆ သန်း ကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁.၀၈ ဘီလီယံခန့်ရှိကာ ပမာဏတွင် ၁၀ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၂၅ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ပထမနှစ်လအတွင်း ဗီယက်နမ်နိုင်ငံသည် ရေနံစိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၀.၃ သန်းခန့်နှင့် ရေနံထွက်ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅၅ သန်းနီးပါးရရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၆.၇ ရာခိုင်နှုန်းနှင့် ၆၂.၃ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသည် ရေနံထွက်ကုန်တန်ချိန် ၉.၉ သန်း ခန့်ကို အမေရိကန်ဒေါ်လာ ၆.၈ ဘီလီယံတန်ဖိုးဖြင့် တင်သွင်းခဲ့ပြီး ရေနံစိမ်း တန်ချိန် ၁၄.၁ သန်း ကို အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံတန်ဖိုးဖြင့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် စွမ်းအင်ဖူလုံရေးသေချာစေရန်အတွက် ရေနံထွက်ကုန်များကို များသောအားဖြင့် ပြည်ပမှ တင်သွင်းရသော နိုင်ငံတစ်ခုဖြစ်ပြီး စီးပွားရေးကို နှစ်စဉ်ဂဏန်းနှစ်လုံးတိုးတက်မှုရရှိစေရန် ကြိုးပမ်းနေကြောင်း သိရပါသည်။ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အဓိက ဓာတ်ဆီလက်ကားကုန်သည်များသည် တင်သွင်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်နေသော်လည်း ပြည်တွင်းစျေးကွက်ကို ထောက်ပံ့နိုင်ရန် သန့်စင်ပြီး ရေနံထွက်ကုန်များ ကို ဆက်လက်တင်သွင်းနေကြကြောင်း သိရပါသည်။ ၎င်းတို့၏ ကုန်သိုလှောင်ထားမှုများနှင့်အတူ မတ်လအတွင်း ပြည်တွင်းလောင်စာထောက်ပံ့မှုမှာ တည်ငြိမ်နေမည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများ ဆက်လက်ရှည်လျားနေပါက ဧပြီလအတွင်း ပြည်တွင်းစွမ်းအင်စျေးကွက်သည် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရနိုင်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အသား၊ ကြက်နှင့် ကြက်ဥဈေးနှုန်းများကို အစိုးရသတ်မှတ်ဈေးအောက်တွင်ထားရန် အင်ဒိုနီးရှား စိုက်ပျိုးမွေးမြူရေးဝန်ကြီး သတိပေး

          အင်ဒိုနီးရှား စိုက်ပျိုးမွေးမြူရေး ဝန်ကြီး Andi Amran Sulaiman က ကုန်သည်များအား အမဲသား၊ ကြက်သားနှင့် ကြက်ဥဈေးနှုန်းများကို အစိုးရကသတ်မှတ်ထားသည့် အမြင့်ဆုံး လက်လီဈေးနှုန်းအောက်တွင်သာထားရှိရန် သတိပေးခဲ့ပြီး ထောက်ပံ့မှုလုံလောက်နေကြောင်း ပြေကြားခဲ့ပါသည်။ ဈေးနှုန်းများတက်လာစေရန်ရည်ရွယ်၍ ကုန်ပစ္စည်းများကို သိုလှောင်ထားခြင်း (သို့မဟုတ်) ဈေးကွက်ကို လှည့်ဖြားထိန်းချုပ်ခြင်းများရှိပါက အာဏာပိုင်များက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ အရေးကြီး အစားအစာကုန်ပစ္စည်းများအားလုံးကို ဈေးကွက်တည်ငြိမ်ရန်နှင့် ပြည်သူများ၏ဝယ်ယူနိုင်စွမ်းကိုကာကွယ်ရန်အတွက် အစိုးရသတ်မှတ်ထားသည့် အမြင့်ဆုံး လက်လီဈေးနှုန်းအောက်တွင်သာ ထားရှိရမည်ဖြစ်ကြောင်း Sulaiman က မတ်လ ၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရက ကြက်သား (broiler chicken meat) အတွက် အမြင့်ဆုံး လက်လီဈေးနှုန်းကို တစ်ကီလိုဂရမ်လျှင် ရူပီး ၄၀,၀၀၀ (အမေရိကန် ဒေါ်လာ ၂.၅၅ ခန့်) သတ်မှတ်ထားပြီး အမဲသားအတွက် တစ်ကီလိုဂရမ်လျှင် ရူပီး ၁၄၀,၀၀၀ နှင့် ကြက်ဥအတွက် တစ်ကီလိုဂရမ်လျှင် ရူပီး ၃၀,၀၀၀ သတ်မှတ်ထားကြောင်း သိရပါသည်။ Sulaiman က နိုင်ငံအတွင်း အမဲသား၊ ကြက်သားနှင့် ကြက်ဥရရှိနိုင်မှုမှာ လုံလောက်နေဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြင့်တက်လာစေရန် ရည်ရွယ်၍ ကုန်ပစ္စည်း များကို ဈေးကွက်သို့မပို့ဘဲ သိုလှောင်ထားသည်ဟု သံသယရှိသူများကို အာဏာပိုင်များက စစ်ဆေးအရေးယူရန် တိုက်တွန်းခဲ့ပါသည်။ ထိုထုတ်ပြန်ချက်သည် အင်ဒိုနီးရှား စာရင်းအင်း ဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး အနောက်ဂျာဗာပြည်နယ်ရှိ  Bandung မြို့အပါအဝင် ဒေသအချို့တွင် အစားအစာဈေးနှုန်းများ မြင့်တက်လာကြောင်း ဖော်ပြထားသည်ဟု သိရပါသည် Sulaiman က စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၏ စစ်ဆေးမှုများအရ ကုန်ပစ္စည်းရရှိနိုင်မှုတွင် အခက်အခဲမရှိကြောင်း၊ နွားနှင့် အမဲသားပေးပို့မှုဆိုင်ရာ အကြံပြုချက်များအားလုံးကို ဒီဇင်ဘာလကတည်းက ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးနှုန်းများ အလွန်မြင့်တက်လာရန် အကြောင်းပြချက်မရှိကြောင်းနှင့် ဈေးနှုန်းမြင့်တက်လာသည့် လက္ခဏာများမှာ ကုန်ပစ္စည်းများဈေးကွက်သို့မရောက်မီ အလယ်အလတ်ကုန်သွယ်ရေးအဆင့်တွင် ထိန်းထားနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း တွေ့ရှိရသည်ဟု ပြောကြားခဲ့ပါသည်။ Sulaiman က အင်ဒိုနီးရှား နိုင်ငံအနှံ့ရှိ အစိုးရ၏ Food Task Force၊ ရဲတပ်ဖွဲ့၏ အထူးမှုခင်းစုံစမ်းရေးဌာနနှင့် ဥပဒေ အာဏာပိုင်အဖွဲ့များအား တင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ စည်းကမ်းချိုးဖောက်မှုများ အတည်ပြုတွေ့ရှိပါက ကုန်ပစ္စည်းသိုလှောင်ထားသည့် ဂိုဒေါင်များကို ပိတ်သိမ်းခြင်းအပါအဝင် တင်းကျပ်စွာအရေးယူဆောင်ရွက်ရန်လည်း ၎င်းက တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ဈေးကွက်ဖိအားများကြား ထုတ်လုပ်မှု ဆက်လက်ထိန်းသိမ်းကာ ဈေးကွက်အသစ်များ တိုးချဲ့နေသည့် အစားအစာလုပ်ငန်းများနှင့် ပို့ကုန်လုပ်ငန်းရှင်များကိုလည်း ဝန်ကြီးကချီးကျူးပြောကြားခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းမှုများသည် ကုန်ပစ္စည်းရရှိနိုင်မှု တည်ငြိမ်ရေးနှင့် အစိုးရ၏ အစားအစာဖူလုံရေး မဟာဗျူဟာကို ထောက်ပံ့ပေးနေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

တောင်ကိုရီးယား၏ ပို့ကုန်တင်ပို့မှု မြင့်တက်လာ

          ဆီမီးကွန်ဒတ်တာ (Semiconductors) ဝယ်လိုအား အလွန်အမင်း မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် မတ်လ ပထမ ၁၀ ရက်အတွင်း ဂဏန်းနှစ်လုံးပမာဏ (နှစ်ဆနီးပါး) အထိ တိုးတက်လာကြောင်း အကောက်ခွန်ရုံး၏ မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

​          ကိုရီးယားအကောက်ခွန်ဌာန (Korea Customs Service) ၏ အဆိုအရ အဆိုပါကာလအတွင်း ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၄၇ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပျမ်းမျှနေ့စဉ် ပို့ကုန်တင်ပို့မှုမှာလည်း ၃၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဒေါ်လာ ၃.၃၀ ဘီလီယံအထိရှိခဲ့သည်။

​          အထူးသဖြင့် ဉာဏ်ရည်တု (AI) နည်းပညာတွင် အသုံးပြုသည့် ချစ်ပ်ပြား (Chips) များ ဝယ်လိုအား ကောင်းမွန်နေခြင်းကြောင့် ဆီမီးကွန်ဒတ်တာ တင်ပို့မှုသည် ၁၇၅.၉ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်ခဲ့သည်။

          ​ရေနံထွက်ပစ္စည်းများ၊ မော်တော်ယာဉ်၊ သံမဏိ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ စက်ကိရိယာများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ တင်ပို့မှုမှာလည်း ဂဏန်းနှစ်လုံးအထိ မြင့်တက်ခဲ့သော်လည်း သင်္ဘောတင်ပို့မှုမှာမူ ဂဏန်းနှစ်လုံးအထိ လျော့ကျသွားခဲ့သည်။ သွင်းကုန်တင်သွင်းမှုမှာမူ မတ်လ ပထမ ၁၀ ရက်အတွင်း ပြီးခဲ့သည့်နှစ်ထက် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁၉.၃၇ ဘီလီယံ ရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂.၁၀ ဘီလီယံ ရရှိခဲ့သည်။

​          အဆိုပါ ၁၀ ရက်တာအတွင်း ချစ်ပ်ပြားများ၊ ဆီမီးကွန်ဒတ်တာသုံး စက်ကိရိယာများ၊ စက်မှုလုပ်ငန်းသုံးစက်များ၊ ရေနံထွက်ပစ္စည်းများ၊ စက်ကိရိယာများနှင့် ကျောက်မီးသွေး တင်သွင်းမှုမှာလည်း ဂဏန်းနှစ်လုံးအထိ မြင့်တက်ခဲ့ပြီး ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုမှာမူ ဂဏန်းတစ်လုံးအထိ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ