ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စင်ကာပူ၊ ဂျပန်နှင့် တီ‌မောလတ်စ်တေသို့ ကြက်သားနှင့် ဆက်စပ်ထုတ်ကုန် ၅၄၅ တန်တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

        အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman သည် ရူပီး ၁၈.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ သန်းခန့်) တန်ဖိုးရှိသော ကြက်သားနှင့် ဆက်စပ်ထုတ်ကုန် ၅၄၅ တန်ကို စင်ကာပူ၊ ဂျပန်နှင့် တီမောလတ်စ်တေသို့ တင်ပို့ခဲ့ကြောင်း မတ်လ ၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဂျကာတာရှိစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သော အခမ်းအနားတွင် ဝန်ကြီး Sulaiman က အဆိုပါ တင်ပို့မှုသည် အင်ဒိုနီးရှားနိုင်ငံ၏ ကြက်မွေးမြူရေးလုပ်ငန်း ကဏ္ဍမှာ ကြက်သားနှင့် ကြက်ဥ ထုတ်လုပ်မှုတွင် ကိုယ်ပိုင်လုံလောက်မှု ရရှိထားရုံသာမက နိုင်ငံတကာဈေးကွက်များသို့လည်း တိုးချဲ့ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်း၊ အခြားနိုင်ငံများသို့ တင်ပို့မှုများကို ဆက်လက်တိုးမြှင့်နေကြောင်း၊ လက်ရှိတွင် ပုံမှန်တင်ပို့နေသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိပြီး ယနေ့တွင် နိုင်ငံ ၃ နိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်သော တင်ပို့မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ယခင်ကကဲ့သို့ ကြက်သား တင်သွင်းမှုအပေါ် မူတည်နေရခြင်းမရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် မွေးမြူရေးသမားများအတွက် ဈေးနှုန်းကျဆင်းမှု မဖြစ်ပေါ်စေကြောင်း သိရပါသည်။ အစိုးရသည် အခမဲ့ အာဟာရရှိသောအစားအစာအစီအစဉ် (Free Nutritious Meal program) ပါဝင်သည့် ပြည်တွင်းစားသုံးခြင်းနှင့် ပို့ကုန်ဈေးကွက်များ တိုးချဲ့ခြင်းတို့တစ်ဆင့် ပိုလျှံမှုကို စီမံခန့်ခွဲနေကြောင်း သိရပါသည်။ တင်ပို့မှုများကို ပြည်တွင်းကုမ္ပဏီ ၄ ခုဖြစ်သည့် PT Charoen Pokphand Indonesia Tbk၊ PT Japfa Comfeed Indonesia Tbk၊ PT Taat Indah Bersinar နှင့် PT Malindo Food Delight တို့ကတာဝန်ယူဆောင်ရွက်နေပြီး ကုမ္ပဏီတိုင်း၏တင်ပို့သည့်ပမာဏနှင့် တန်ဖိုးမှာ ကွဲပြားကြောင်း သိရပါသည်။ မွေးမြူရေးနှင့် တိရိစ္ဆာန်ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Agung Suganda က တင်ပို့မှုအောင်မြင်ခြင်းသည် တိရစ္ဆာန်ကျန်းမာရေးစနစ်များ အားကောင်းမှု၊ အစားအစာလုံခြုံရေးအာမခံချက်များနှင့် နိုင်ငံတကာစံချိန်စံညွှန်းအရ စောင့်ကြည့်ထိန်းသိမ်းမှုများပေါ်မူတည်ကြောင်း၊ တင်ပို့သည့် ထုတ်ကုန်တိုင်းသည် ဝယ်ယူသောနိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရန် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ အတည်ပြုလက်မှတ်များ ရယူ ထားပြီး တင်းကြပ်သော စောင့်ကြည့်ထိန်းသိမ်းမှုများ ဆောင်ရွက်ကြောင်းနှင့် ခြေရာခံလိုက်နိုင်မှု (traceability)၊ ဇီဝလုံခြုံရေး (biosecurity) နှင့် အစားအစာလုံခြုံစိတ်ချရေးတို့ကို အာမခံထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် မိတ်ဖက်နိုင်ငံများနှင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများကို အားကောင်းစွာ ဆောင်ရွက်ခြင်းအားဖြင့် ဈေးကွက်ဝင်ရောက်ခွင့်ကို ထိန်းသိမ်းထားကြောင်းလည်း သိရပါသည်။ ထုတ်လုပ်မှုလုံလောက်မှုရှိခြင်းနှင့် တင်ပို့သည့်ဈေးကွက်များ တိုးချဲ့လာခြင်းတို့ကြောင့် အင်ဒိုနီးရှား၏ ကြက်မွေးမြူရေးကဏ္ဍသည် ပိုမိုအားကောင်းလာကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည်လည်း လုပ်ငန်းနယ်ပယ်၏ယှဉ်ပြိုင်နိုင်စွမ်းကို အရှိန်မြှင့်တင်ရန် ထုတ်လုပ်မှုပိုလျှံခြင်းကို ဆက်လက်စီမံခန့်ခွဲခြင်း၊ မွေးမြူရေးအဆင့် ဈေးနှုန်းတည်ငြိမ်ရေးနှင့် နိုင်ငံတကာဈေးကွက်တိုးချဲ့ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံအားဗျူဟာမြောက် အခြေစိုက်အဖြစ်ယုံကြည်ကြောင်း အတည်ပြုခဲ့သည့် Panosonic Energy (Thailand) Co Ltd

         Panasonic Energy (Thailand) Co Ltd သည် ထိုင်းနိုင်ငံကို အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ dry battery လုပ်ငန်းအတွက် မဟာဗျူဟာအရေးပါသောအခြေစိုက်စခန်းတစ်ခုအဖြစ် ပြောကြားခဲ့ပါသည်။ Panasonic Energy Co Ltd ၏ Managing Executive Officer ဖြစ်သူ Hidefumi Fujii က ကုမ္ပဏီ၏အားသာချက်မှာ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုအခြေစိုက်စခန်းများကို ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြားတွင်လည်း ထုတ်လုပ်ရေး အခြေစိုက်နေရာများကို စားသုံးသူဝယ်လိုအားနှင့် ချိန်ညှိ၍ မဟာဗျူဟာကျကျ တည်နေရာချထားကြောင်း၊ ထိုင်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှုများကို ပံ့ပိုးပေးနေသည့် မဟာဗျူဟာ အချက်အချာတစ်ခုဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ထုတ်လုပ်မှုစွမ်းရည်တိုးချဲ့မှုများနှင့် နည်းပညာအဆင့်မြှင့်တင်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် in-vehicle လုပ်ငန်းနှင့် industrial/consumer လုပ်ငန်းဟူ၍ “two-pillar management” ဖွဲ့စည်းပုံအောက်တွင် လည်ပတ်နေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေစုစုပေါင်း ဘတ် ၁၇၈ ဘီလီယံ ရရှိခဲ့ပြီး ၎င်းအနက် ၅၅ ရာခိုင်နှုန်းကို in-vehicle လုပ်ငန်းမှရရှိခဲ့ကာ ကျန် ၄၅ ရာခိုင်နှုန်းကို industrial နှင့် consumer ထုတ်ကုန်များမှ ရရှိခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းတွင် ထုတ်လုပ်ရေးစက်ရုံ ၂၁ ခုဖြင့် လည်ပတ်လျက်ရှိပြီး ထိုင်းနိုင်ငံကို dry battery ထုတ်လုပ်ရေးအတွက် အရေးပါဆုံး အခြေစိုက် နေရာများထဲမှတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ Mr Fujii က လူဦးရေတိုးတက်မှုအပါအဝင် အခြားအချက်များ၏ ထောက်ပံ့မှုကြောင့် လုပ်ငန်းတိုးတက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ APAC ဒေသတွင် နှစ်စဉ် ဘက်ထရီလိုအပ်ချက်အရေအတွက် ခန့်မှန်းခြေအားဖြင့် ၃ ဘီလီယံခန့် ရှိနေပြီး လုပ်ငန်းဆောင်ရွက်မှုများအားကောင်းစေရန်နှင့် ကြီးထွားမှုအခွင့်အလမ်းများကို ရယူနိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့ပါသည်။ Panasonic Energy (Thailand) Co Ltd ၏ Managing Director ဖြစ်သူ Atsushi Anzai က ထိုင်းနိုင်ငံသည် ကုမ္ပဏီအတွက် မဟာဗျူဟာအရေးပါသောထုတ်လုပ်ရေး အခြေစိုက်စခန်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် dry battery စုစုပေါင်း ၂၀ ဘီလီယံကျော် ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့ထားကြောင်း သိရပါသည်။ Shinya Yoshida၊ Sales and Marketing Director က ထိုင်းနိုင်ငံ၏ dry battery စျေးကွက်တွင် အကြီးဆုံး စျေးကွက်ဝေစုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း၊ ၎င်းသည် နိုင်ငံတစ်ဝှမ်း ဖြန့်ချိရေးကွန်ယက်နှင့် အဓိကအရောင်း ကိုယ်စားလှယ်များ၊ modern trade ချန်နယ်များ၏ ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း၊ အရှေ့တောင် အာရှဒေသတွင် ဝယ်လိုအားကြီးထွားနိုင်သည့် အလားအလာများကို မြင်တွေ့နေရကြောင်းနှင့် ထိုင်းနိုင်ငံသည် အသက်ကြီးသူများ ပိုမိုများပြားလာသည့် လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာနေသဖြင့် ဆေးဘက်ဆိုင်ရာ ကိရိယာများအား ဝယ်လိုအားမြင့်တက်လာမည်ဟု ခန့်မှန်းရပြီး ၎င်း အချက်က dry battery ဝယ်လိုအားကြီးထွားမှုကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနှင့် အရှေ့တောင်အာရှဒေသအတွင်း ရောင်းအားကြီးထွားမှု၏ မောင်းနှင်အားကြောင့် ကုမ္ပဏီသည် ၂၀၃၀ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ compound annual growth rate (CAGR) ကို ၅ ရာခိုင်နှုန်းရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ကုန်ကြမ်းစျေးနှုန်းများနှင့် ပတ်သက်၍ manganese နှင့် potassium စျေးနှုန်းများသည် မကြာသေးမီက မြင့်တက်ခဲ့သော်လည်း မကြီးမားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံအတွင်း ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုကို ကောင်းမွန်စွာပြုလုပ်ခြင်းနှင့် သင့်လျော်သော ရောင်းချသူများထံမှ ဝယ်ယူခြင်းတို့ဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မထိခိုက်စေရန် ထိန်းချုပ်ထားကြောင်းလည်း သိရပါသည်။ သို့သော် dry battery ပြန်လည်အားသွင်းနိုင်သောထုတ်ကုန်များ ထွက်ရှိလာခြင်းနှင့် စမတ်ဖုန်းနည်းပညာတိုးတက်လာခြင်းတို့ကြောင့် ဘက်ထရီဝယ်လိုအားအပေါ် ဖိအားရှိနေသော်လည်း လူဦးရေတိုးတက်မှု၊ remote control နှင့် digital door lock အသုံးပြုမှု တိုးမြင့်လာခြင်း၊ ဟိုတယ်ဆောက်လုပ်ရေးများ တိုးချဲ့လာခြင်းတို့ကြောင့် စျေးကွက်အလားအလာမှာ မျှတနေကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ကမ္ဘောဒီးယား၏ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယား လုပ်ငန်းရှင်များ စိတ်ဝင်စား

    ကမ္ဘောဒီးယားတွင် လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုမောင်းနှင်မှုစဉ်ဆက်မပြတ် များ ပြားလာရာ အထူးသဖြင့် ကမ္ဘာတစ်ဝန်း ဓါတ်ဆီဈေးနှုန်းများမြင့်တက်လျက်ရှိသော အချိန်အခါ တွင် တောင်ကိုရီးယားရင်းနှီးမြှုပ်နှံမှု ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကမ္ဘောဒီးယားတွင် လျှပ်စစ် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံတစ်ခုတည်ဆောက်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

    ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား၏ လမ်းများတွင်အများဆုံးမြင်တွေ့ရသည့်   Verywords အမျိုးအစား လျှပ်စစ်မော်တော်ဆိုင်ကယ်အပါအဝင် တောင်ကိုးရီးယားနိုင်ငံ၏ လျှပ်စစ် မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သူအများအပြားကို ချိတ်ဆက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

    ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုအဖွဲ့၏ ဒုတိယအမြဲတမ်းအတွင်းဝန်ဖြစ်သူ Youn Heng သည် တောင်ကိုရီးယားရင်းနှီးမြှုပ်နှံမှုကိုယ်စားလှယ်အဖွဲ့ကို မတ်လ ၆ရက်နေ့တွင် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်မှုကောင်စီရုံးချုပ်တွင်တွေ့ဆုံခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကမ္ဘောဒီးယား ပြည်သူများ၏အကြား လျှပ်စစ်မော်တော်ယာဉ်အသုံးပြုမှု ကြီးထွားလာမှုအပေါ် စိတ်ဝင်စားပါ ကြောင်း၊ ထို့ကြောင့် မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်သည့် စက်ရုံကို တည်ဆောက်ခြင်း ဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် အလားအလာများကို လေ့လာလို ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

    Heng က ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် အစိုးရအနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပမှနိုင်ငံခြား ငွေစီးဝင်မှုတို့ကို ဖိတ်ခေါ်၍ တိုးမြှင့်လာစေရေး အလေးထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါ သည်။

    အများပိုင်ယာဉ်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Phon Rim က ကမ္ဘာ တစ်ဝန်းတွင် လျှပ်စစ်မော်တော်ယာဉ် အသုံးပြုမှုများပြားလျက်ရှိရာ ထိုသို့အသုံးပြုခြင်းဖြင့် ဒေသ တွင်းနှင့် ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်တိုးတက်နေမှုများနှင့်လျော်ညီစွာ ပတ်ဝန်းကျင်ကာကွယ် ထိန်း သိမ်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ စွမ်းရည်လုံခြုံစိတ်ချရခြင်းနှင့် နည်းပညာအသစ်များ အား အသုံးပြုနိုင်ခြင်းစသည့် ကိစ္စရပ်များတွင် အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်း ပြောကြား ထားပါသည်။

    အစိုးရအနေဖြင့် ကုန်စည်နှင့် အခြားဝန်ဆောင်မှုများ ပို့ဆောင်ခြင်းနှင့် ခရီးသွားလာခြင်း တို့တွင် လွယ်ကူချောမွေ့စေရန်အတွက် မော်တော်ယာဉ်အသုံးပြုမှုကို လွတ်လပ်ခွင့်ပေးထား ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ် အသုံးပြုမှုပမာဏ (အထူးသဖြင့် မော်တော်ဆိုင်ကယ်နှင့် မော် တော်ယာဉ်များ) သည်သိသာစွာ တိုးတက်များပြားလျက်ရှိကြောင်း၊ ကမ္ဘောဒီးယား လျှပ်စစ်ဓါတ် အား ထုတ်လွှတ်သည့်အာဏာပိုင်အဖွဲ့အနေဖြင့် လျှပ်စစ်မော်တော်ယာဉ် အသုံးပြုမှု ကြီးထွားလာ သည်နှင့်အမျှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခွင့်လိုင်စင်များ ရယူထားသည့် ရင်းနှီးမြှုပ်နှံသူများအား လျှပ်စစ် မော်တော်ယာဉ်ဓါတ်အားဖြည့်သွင်းရုံများတွင် ရင်းနှီးမြှုပ်နှံနိုင်ခြေရှိမှုကို လေ့လာရန် မကြာသေးမီက တိုက်တွန်းထားကြောင်းသိရှိရသည်။

     ကမ္ဘောဒီးယားအနေဖြင့် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ Verywords နှင့် Onion ကဲ့သို့သော လျှပ်စစ်မော်တော်ဆိုင်ကယ်အပါအဝင် လျှပ်စစ်သုံးဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံ အများအပြားတည်ဆောက်ထားကြောင်း သိရှိရသည်။ ထို့အပြင် ကမ္ဘောဒီးယားတွင် BYD ၊ ZO MOTORS (CAMBODIA) CO.,LTD စသည့်လျှပ်စစ်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် စက်ရုံ အများအပြားရှိကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်အကုန်အထိ ကမ္ဘောဒီးယားတွင် မှတ်ပုံတင်ထား သည့် လျှပ်စစ်မော်တော်ယာဉ် ၁၂၉၆၈ စီး (မော်တော်ကား ၉၀၆၅၊ မော်တော်ဆိုင်ကယ် ၃၂၀၃ နှင့် သုံးဘီးယာဉ် ၇၀၀) ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

Source: The Phnom Penh Post, 9 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ဆန်တင်ပို့မှုပမာဏ ၅ ရာခိုင်နှုန်း မြင့်တက်လာ

     ဗီယက်နမ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၂၈၉.၄ သန်း တန်ဖိုးရှိ သော ဆန်တန်ချိန် ၆၄၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း ဆန်တန်ချိန် ၁.၃ သန်း အထိ တင်ပို့နိုင်ခဲ့သဖြင့် ပမာဏပိုင်းတွင် ယခင်နှစ်ထက် ၅ ရာ ခိုင်နှုန်း မြင့်တက်လာသော်လည်း ပို့ကုန်တန်ဖိုးမှာမူ အမေရိကန်ဒေါ်လာ ၅၉၉.၃ သန်းသာ ရရှိခဲ့ သဖြင့် ၁၁.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

    ယင်းကဲ့သို့ ဝင်ငွေလျော့နည်းသွားရခြင်းမှာ ပျမ်းမျှပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် ၄၆၄.၁ ဒေါ်လာ ရရှိနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၅.၄ ရာခိုင်နှုန်းအထိ သိသိသာသာ ဈေးနှုန်းကျဆင်းသွားခြင်းကြောင့်ဖြစ်ကြောင်း၊ ဖိလစ်ပိုင် နိုင်ငံသည် ဗီယက်နမ်ဆန်၏ အကြီးမားဆုံးသော ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစု ပေါင်းတင်ပို့မှု၏ ၄၇.၆ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်း၏နောက်တွင် တရုတ်နိုင်ငံက ၁၈.၃ ရာခိုင်နှုန်း နှင့် ဂါနာနိုင်ငံက ၈.၉ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်နေကြကြောင်း၊ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာ ၁၇.၆ ရာခိုင်နှုန်း မြင့်တက်လာပြီး တရုတ်နိုင်ငံ သို့ တင်ပို့မှုမှာမူ ၅.၈ ဆ အထိ ထိုးတက်သွားကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် ဂါနာနိုင်ငံသို့ တင်ပို့မှုမှာ ၃၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သိရသည်။

    ထိပ်တန်းဆန်တင်ပို့မှုဈေးကွက် ၁၅ ခုအနက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ၅.၈ ဆ အထိ မြင့်တက်လာပြီး အားအကောင်းဆုံး တိုးတက်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သော်လည်း Côte d’Ivoire နိုင်ငံသို့ တင်ပို့မှုမှာမူ ၉၀.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားကာ အဆိုးရွားဆုံး ကျဆင်းမှု ကို ကြုံတွေ့ခဲ့ရသည်။ တင်ပို့သူများ၏ ပြောကြားချက်အရ ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဈေးနှုန်းမှာ လက်ရှိတွင် တစ်တန်လျှင် ၃၆၅ အမေရိကန်ဒေါ်လာအထိ ရှိနေပြီး ယခင်အပတ် က ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်။ ဝယ်ယူသူများဘက်မှ ဈေးနှုန်းများ ထပ်မံကျဆင်းလာမည်ဟု မျှော်လင့်နေကြခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်မှုများမှာ နှေးကွေး လျက်ရှိသည်။ တစ်ဖက်တွင်လည်း နွေဦးရာသီ စပါးရိတ်သိမ်းချိန်သို့ ရောက်ရှိနေသဖြင့် ပြည်တွင်း ဆန်ထောက်ပံ့မှုမှာ မြင့်တက်လာလျက်ရှိသည်။

    ကနဦးရရှိထားသော အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း တောင်ပိုင်းဆိပ်ကမ်း များမှ ဆန်တန်ချိန် ၃၈၂,၀၀၀ ကျော်ကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနက် အများစုကို ဖိလစ်ပိုင်နှင့် အာဖရိကဈေးကွက်များသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများသည် ဗီယက်နမ်၏ အာဖရိကသို့ ဆန်တင်ပို့မှုအပေါ် တိုက်ရိုက် သက်ရောက်မှု မရှိသော်လည်း အာမခံကြေးနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်း ကြောင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး စရိတ်များ သိသိသာသာ မြင့်တက်လာကြောင်း ကုန်သည်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Vietnamnet global, 9 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကြက်သွန်နီဈေး မကျဆင်းစေရေး FTI မှ ဝယ်ယူ

     ကြက်သွန်နီ ရိတ်သိမ်းချိန် အများဆုံးကာလတွင် Occidental Mindoro ပြည်နယ်၌ ဈေး နှုန်းများကျဆင်းခြင်းမှ ကာကွယ်ရန်အတွက် နိုင်ငံပိုင်စားသုံးမှုရေးရာ ပူးပေါင်းထိန်းချုပ်ရေးအဖွဲ့ (FTI)သည် ထိုပြည်နယ်ရှိ တောင်သူများထံမှ ကြက်သွန်နီများ တိုက်ရိုက်ဝယ်ယူသွားမည် ဖြစ်  ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ၉-၃-၂၀၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန၏ လက်အောက်ခံအေဂျင်စီတစ်ခုဖြစ်သော FTI သည် ယခင်က Nueva Ecija ပြည်နယ်၌ ကြက်သွန်နီအိတ်အလုံး ၁၀,၀၀၀ ကို ဝယ်ယူခဲ့ပြီး မတ်လ ၆ ရက်နေ့မှစတင်၍ အဆိုပါပြည်နယ်တွင် တစ်ရက်လျှင် ကြက်သွန်နီအိတ်အလုံး ၃,၀၀၀နှုန်း ဝယ်ယူလျက်ရှိကြောင်း ပြောကြားခဲ့သည်။

   ဈေးကွက်တွင် ရောင်းလိုအားသည် ဝယ်လိုအားထက် ကျော်လွန်သွားသောအခါ ဈေးနှုန်း ပြိုလဲမှု (သို့မဟုတ်) ကြက်သွန်နီ၏ ဈေးကွက်တန်ဖိုး သိသိသာသာကျဆင်းခြင်း ဖြစ်ပေါ်တတ် ကြောင်း၊ ယင်းသို့ဖြစ်ပေါ်ပါက တောင်သူစိုက်ကွင်းဈေး (farm-gate prices) ကို အလွန်နိမ့်ကျ သောအဆင့်သို့ ကျဆင်းစေလေ့ရှိပြီး တောင်သူများအတွက် သီးနှံရိတ်သိမ်းခြင်းကို အကျိုးအမြတ် ရှိစေတော့မည် မဟုတ်ကြောင်း သိရှိရသည်။

   ယခုလမှ ဧပြီလအထိ ကြက်သွန်နီ ရိတ်သိမ်းချိန် အများဆုံးကာလဖြစ်သောကြောင့် ကြက် သွန်နီပမာဏ သိသိသာသာမြင့်တက်လာရန် မျှော်လင့်ရကြောင်း၊ ကြက်သွန်နီ၏တောင်သူ စိုက် ကွင်းဈေး ပြိုလဲကျဆင်းခြင်းပြဿနာသည် ကန့်သတ်ထားသော သိုလှောင်မှုစွမ်းရည်ကြောင့် ပိုမိုဆိုးရွားလာကြောင်း သိရှိရသည်။

   တောင်သူများထံမှ ကောက်ပဲသီးနှံများ တိုက်ရိုက်ဝယ်ယူခြင်းသည် ရိတ်သိမ်းထွက်ရှိမှု ပမာဏ၏ တစ်စိတ်တစ်ဒေသကို သိုလှောင်ထားနိုင်မည်ဖြစ်ပြီး တောင်သူစိုက်ကွင်းဈေးနှုန်းများ တည်ငြိမ်စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက ပြောကြား ခဲ့သည်။

    ယခုကဲ့သို့ FTI မှ တိုက်ရိုက်ဝယ်ယူခြင်း အစီအစဉ်သည် ပွဲစားအလွှာများ၏ အခန်းကဏ္ဍ ကို ကန့်သတ်နိုင်ပြီး တောင်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များအတွက် ပိုမိုကောင်းမွန် သည့် ဈေးနှုန်းများရရှိအောင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Agriculture Secretary Francisco Tiu Laurel, Jr. က ပြောကြားခဲ့သည်။

   FTI ဥက္ကဋ္ဌ Joseph LoOccidental Mindoro ပြည်နယ်မှ စိုက်ပျိုးရေးပညာရှင် Alrizza Zubiriနှင့် San Jose မြို့နယ်မှ စိုက်ပျိုးရေးပညာရှင် Romel Calisangan တို့သည် Occidental Mindoro ပြည်နယ် San Jose မြို့ရှိ WBI ကြက်သွန်နီအအေးခန်း သိုလှောင်ရုံအား စစ်ဆေးခဲ့ ကြပြီး အဆိုပါသိုလှောင်ရုံသည် ကြက်သွန်နီအိတ် အလုံး ၃၈၀,၀၀၀ ဆံ့ပြီး ၁၀-၃-၂၀၂၆ ရက်နေ့ တွင် စတင်လည်ပတ်မည်ဖြစ်ကာ FTI သည် မတ်လ တတိယပတ်တွင် ကြက်သွန်နီများ စတင် ဝယ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

    FTI ဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ အတွင်းဝန်တို့၏ ညွှန်ကြားချက်သည် နိုင်ငံတွင်း စား နပ်ရိက္ခာဖူလုံရေး မြှင့်တင်ရန်နှင့် ဖိလစ်ပိုင်နိုင်ငံသားအားလုံးအတွက် ဈေးနှုန်းသင့်တင့်ကာ လက်လှမ်းမီမှုရှိစေရန် သေချာစေရန်ဖြစ်ကြောင်း Joseph Lo က ပြောကြားခဲ့သည်။ FTI ၏ အခန်းကဏ္ဍမှာ တောင်သူများမှ စားသုံးသူများအထိ စားနပ်ရိက္ခာ တန်ဖိုးကွင်းဆက်တစ်လျှောက် ဈေးကွက်ချိတ်ဆက်မှုများ အားကောင်းစေရန်ဖြစ်ကြောင်း သိရှိရသည်။

   Occidental Mindoro ပြည်နယ်မှအရာရှိများသည် ပြည်နယ်အတွင်း ပိုမိုပွင့်လင်း မြင်သာသော ကြက်သွန်နီကုန်သွယ်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေမည့် မူဝါဒများနှင့် လမ်းညွှန် ချက်များ ချမှတ်နိုင်ရေးအတွက် ကြက်သွန်နီတောင်သူများနှင့် ကုန်သည်များ ပါဝင်သော ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန နှင့် ၎င်း၏ တန်ဖိုးမြင့် ကောက်ပဲသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် စျေးကွက်ချိတ်ဆက်ရေးဌာနခွဲနှင့် အပင်လုပ်ငန်းဌာနအပြင် ကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းဌာန တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

    ထို့အပြင် အစည်းအဝေး၌ Occidental Mindoro ပြည်နယ်၏ ကြက်သွန်နီ လုပ်ငန်း ဆိုင်ရာ အခြေအနေများနှင့် ပြည်နယ်အတွင်းရှိ အအေးခန်းသိုလှောင်ရုံများ၏ အခြေအနေနှင့် စွမ်းဆောင်ရည်တို့ကိုလည်းကောင်း၊ ဈေးကွက်အတွင်း မတရားသော လုပ်ရပ်များကို ကာကွယ် ရန်အတွက် ပြည်နယ်အတွင်းရှိ ကြက်သွန်နီကုန်သည်များအား မှတ်ပုံတင်ရန် လိုအပ်ကြောင်း အကြံပြုချက်တို့ကို ဆွေးနွေးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းကြက်သွန်နီ အထွက်ဆုံး ပြည် နယ်များမှာ Nueva EcijaOccidental MindoroPangasinanနှင့် Ilocos Sur တို့ဖြစ်ကြောင်း သိရှိရသည်။

Source: The Manila Times, 10 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အမည်ခံစီးပွားရေးလုပ်ငန်းရှင်များမှ ထိုင်းနိုင်ငံရှိ အုန်းချိုမွှေးဈေးကွက်ကို ကြိုးကိုင်ခြယ်လှယ်

     ထိုင်းနိုင်ငံအစိုးရအနေဖြင့် ဈေးနှုန်းကို ကြိုးကိုင်ခြယ်လှယ်မှုဖြင့် တောင်သူများအပေါ် ထိခိုက်စေသည့် ပြည်ပနောက်ခံစီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်၍ စုံစမ်းစစ်ဆေးမှု ပြု လုပ်ပြီး အုန်းချိုမွှေးဈေးကွက် တည်ငြိမ်လာစေရန်အတွက် အစီအမံများကို အရှိန်အဟုန်မြှင့် လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

     စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD)မှ ညွှန်ကြား‌ရေးမှူးချုပ်ဖြစ်သူ Poonpong Naiyanapakorn အနေဖြင့် အုန်းသီးဈေးနှုန်း ကျဆင်းမှုကို ဖြေရှင်းရန်နှင့် သီးနှံထုပ်ပိုးမှုလုပ်ငန်း တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆန်းစစ်ရန်အတွက် အစိုးရဌာန (၁၀)ခုနှင့်အတူ ဆွေးနွေးမှုတစ်ခု ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

     စုံစမ်းစစ်ဆေးသူများအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကိုယ်စား ထိုင်းနိုင်ငံသားများကို အမည်ခံအစုရှယ်ယာရှင်အဖြစ် အသုံးချ ဖွင့်လှစ်ထားသည်ဟု သံသယရှိသည့် ကုမ္ပဏီ (၁၅) ခုကို ဖော်ထုတ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီ (၁၅) ခုအနက် (၁၁) ခုသည် Ratchaburi မြို့တွင် တည်ရှိပြီး ကျန်ကုမ္ပဏီများမှာ Samut Prakan၊ Pathum Thani၊ Samut Sakhon နှင့် Bangkok မြို့တို့တွင် တည်ရှိကြောင်းနှင့် DBDမှ အဆိုပါကုမ္ပဏီများအား အစုရှယ်ယာရှင်များ (သို့မဟုတ်) ဒါရိုက်တာ များအဖြစ် ကူညီထောက်ပံ့ပေးနေသော ထိုင်းနိုင်ငံသား (၁၀) ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

     Mr Poonpong မှ ဥပဒေကြောင်းအရ အရေးယူမှုအတွက် အသေးစိတ် အချက်အလက် များကို ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ (CIB)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)နှင့် ‌ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးရုံး  (Amlo) သို့ ပေးပို့ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြစ်မှုကျူးလွန်သူများသည် နိုင်ငံခြားစီးပွားရေးအက်ဥပဒေအရ ထောင်ဒဏ်(၃)နှစ်နှင့် ဘတ် ၁၀၀,၀၀၀ မှ ဘတ် ၁ သန်းအထိ ငွေဒဏ်ချမှတ်ခံရနိုင်မည်ဖြစ်ကြောင်း သိရသည်။

    အချို့သောကုမ္ပဏီများမှာ အုန်းစိုက်ခင်းများကို ငှားရမ်းပြီး  အုန်းသီးများထုတ်လုပ်ကာ အုန်းသီးထုတ်ကုန်များကို ၎င်းတို့ကိုယ်တိုင် ပြည်ပသို့ တင်ပို့ရောင်းချကြောင်း တွေ့ရှိရကြောင်း၊ ထို့ကဲ့သို့ ကုန်ကြမ်းမှ ကုန်ချောအထိ ကိုယ်တိုင်ဆောင်ရွက်သောလုပ်ငန်းများကြောင့် ကုမ္ပဏီ များအနေဖြင့် တောင်သူများထံမှ ဝယ်ယူသောဈေးနှုန်းကို ချိုးနှိမ်နိုင်ပြီး  ခြံထွက်ဈေးနှုန်းမှာ ပုံမှန်ထက် နိမ့်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရပါသည်။

     DBDမှ သီးနှံထုတ်ပိုးမှုလုပ်ငန်းများအပေါ် စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကျပ်စွာ ချ မှတ်ထားရာတွင် မှတ်ပုံတင်ရန် လိုအပ်ချက်များ၊ အလုပ်သမားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စစ်ဆေးခြင်းနှင့် အခွန်လိုက်နာမှုအပေါ် စစ်ဆေးခြင်း စသည့်အချက်များအပြင် ပူးပေါင်းညှိနှိုင်း၍ ဈေးနှုန်းများကို လျှော့ချခြင်း (သို့မဟုတ်) ဈေးကွက်အတွင်း မျှတမှုမရှိသော ဈေးနှုန်းဖိနှိပ်မှုများ မှ ကာကွယ်ရန် ဝယ်ယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အနီးကပ်စောင့်ကြည့်ခြင်း စသည့် အချက်များ ပါဝင်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုမှ ပြည်ပသို့တင်ပို့မှု အဆင့်အထိ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် စုံစမ်းစစ် ဆေးမှုများကို ပိုပိုထိရောက်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    အစိုးရအနေဖြင့် အဆိုပါပြဿနာ၏  တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းသည့်အနေဖြင့် ပိုမို ကျယ်ပြန့်လာသော ဈေးကွက်၏ဖွဲ့စည်းပုံပိုင်းကို ဆန်းစစ်လျက်ရှိကြောင်း၊ Mr Poonpong က မကြာသေးမီနှစ်များအတွင်း အုန်းပင်စိုက်ပျိုးသည့် မြေဧရိယာများ သိသိသာသာ တိုးချဲ့လာခဲ့၍ ထုတ်လုပ်မှုပမာဏ တိုးတက်လာပြီး ဈေးနှုန်းများ လျော့ကျသွားခဲ့ကြောင်း၊ ယခင်၄နှစ်ကျော် ကာလတွင် အုန်းပင်စိုက်ပျိုးမြေဧရိယာမှာ ၂၃၅,၉၀၃ ရိုင် မှ ၃၀၅,၇၀၆ ရိုင်အထိ တိုးမြင့်လာခဲ့ ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုပမာဏသည် ၈၇၇,၆၈၁ တန်ခန့် ရောက်ရှိခဲ့ပြီး ၅၀ ရာခိုင် နှုန်းနီးနီး တိုးမြင့်လာခဲ့ကြောင်း၊ ထုတ်လုပ်မှုတိုးမြင့်လာခဲ့သော်လည်း ပို့ကုန်အခွန်မှာ ၂နှစ်ဆက် တိုက် လျော့ကျခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဘတ် ၉.၈၈ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် ဘတ် ၆.၄၆ ဘီလီယံအထိ ကျဆင်းသွားခဲ့ကြောင်း၊ အဆိုပါအချက်မှာ တရုတ်နိုင်ငံ၏ ဈေးကွက်ဝေစု လျော့ နည်းလာခြင်းသည် တစ်စိတ်တစ်ဒေသအနေဖြင့် ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    အစိုးရပြောရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat ကလည်း ကြားခံကုန်သည်အချို့ သည် အုန်းသီးများကို ဈေးသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းများကို ကျ ဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နိုင်ကြောင်းအဆိုပါကိစ္စသည် ထိုင်းနိုင်ငံသားများ၏ အမည်ကို အသုံးပြု၍ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ဆက်နွယ်မှု ရှိနေနိုင်ကြောင်းလည်း ပြော ကြားခဲ့သည်။ အလားတူ စုံစမ်းစစ်ဆေးမှုများသည် သစ်သီးဝလံကဏ္ဍများတွင်လည်း မျှတသော ယှဉ်ပြိုင်မှု ရရှိစေရန်အတွက် နောက်ပိုင်းတွင် တိုးချဲ့ဆောင်ရွက်သွားနိုင်ကြောင်း အာဏာပိုင် များက မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Source : Bangkok Post, 9 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ဆန်ဈေးနှုန်း အညွှန်းကိန်း ဖေဖော်ဝါရီလတွင် အနည်းငယ် မြင့်တက်လာ

    ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ထုတ်ပြန်ချက်အရ ဘာစမာတီ ဆန်နှင့် ဂျပွန်နီကာ ဆန်အမျိုးအစားများအပေါ် ဝယ်လိုအား ဆက်လက် မြင့်မားနေခြင်းကြောင့် ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာဆန်ဈေးနှုန်းအညွှန်းကိန်းမှာ အနည်းငယ် မြင့်တက် ခဲ့ကြောင်း သိရသည်။ FAO ၏ ဆန်ဈေးနှုန်း အညွှန်းကိန်းမှာ ဇန်နဝါရီလက ၁၀၂.၈ မှတ် ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ၀.၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၀၃.၂ မှတ်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ဆန် ဈေးနှုန်းအညွှန်းကိန်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်၍ တဖြည်းဖြည်း မြင့်တက်လျက်ရှိ သည်။ လစဉ်ထုတ်ပြန်လေ့ရှိသည့် FAO ၏ ဆန်ဈေးနှုန်းအညွှန်းကိန်းကို အင်ဒီကာဆန်၊ ရနံ့ မွှေးဆန်၊ ဂျပွန်နီကာဆန်နှင့် ကောက်ညှင်းဆန်ဟူသည့် ဆန်အမျိုးအစား ၄ မျိုး၏ နိုင်ငံတကာ ပို့ကုန်နှုန်းထား ၂၁ ခုအပေါ် အခြေခံ၍ တွက်ချက်ခြင်း ဖြစ်သည်။

     ပြီးခဲ့သည့်လအတွင်း နိုင်ငံတကာ ဆန်ဈေးနှုန်းများသည် အမျိုးအစားအလိုက် ကွဲပြားမှုရှိခဲ့ သည်။ အနံ့မွှေးဆန်နှင့်ဂျပိုးနီကာဆန် ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း အင်ဒီကာနှင့် ကောက် ညှင်းဆန် ဈေးနှုန်းများမှာမူ ပြန်လည်ကျဆင်းခဲ့သည်။ အရှေ့ဖျားဒေသ ဝယ်လက်များ၏ Calrose ဆန်အပေါ် ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဗီယက်နမ်နိုင်ငံတွင် ရာသီအလိုက် ဆန်လက်ကျန် နည်းပါးနေခြင်းတို့ကြောင့် ဂျပွန်နီကာ ဈေးနှုန်း ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၀၀.၃ မှတ် ဖြစ်လာသည်။ ပါကစ္စတန်နိုင်ငံမှ ဘာစမာတီဆန်များအပေါ် အရှေ့ပိုင်းဒေသအနီးနှင့် ပြည်တွင်း ဝယ်လိုအား မြင့်တက်ခြင်းကြောင့် အနံ့မွှေးဆန် ဆန်ဈေးနှုန်း ၁.၈ ရာခိုင်နှုန်း တက်လာပြီး ၁၀၃.၁ မှတ်သို့ ရောက်ရှိခဲ့သည်။

     အင်ဒီကာဆန် ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲခဲ့ပြီး ၁၀၃.၃ မှတ် ဝန်းကျင်တွင် ရှိနေ ချိန်၌ ကောက်ညှင်းဆန်ဈေးနှုန်း ၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၀၅.၉ မှတ်သို့ ရောက်ရှိခဲ့ပါသည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း အရောင်းအဝယ်အေးခဲ့ခြင်း အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ဆန်သစ်များ ဈေးကွက်ဝင်တော့မည့်အခြေအနေကြောင့် ဖေဖော်ဝါရီလ ဈေးနှုန်း သတ်မှတ်ချက်အရ အင်ဒီကာဆန်ဈေးမှာ တည်ငြိမ်နေခြင်း သို့မဟုတ် အနည်းငယ် လျော့ကျနေ ခြင်း ဖြစ်ကြောင်း FAO က ဆိုသည်။

   အမေရိကတိုက်ရှိ တောင်အမေရိကနိုင်ငံများအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၏ မူလအဖွဲ့ဝင်နိုင်ငံများတွင် ၂၀၂၆/၂၀၂၇စိုက်ပျိုးရာသီ အတွက် ရိတ်သိမ်းမှုများ စတင်နေပြီဖြစ်သည်။ အာဂျင်တီးနားနှင့် ဥရုဂွေးတို့တွင် ဈေးနှုန်း တည်ငြိမ်နေ သော်လည်း ဘရာဇီးနှင့် အမေရိကန်တို့တွင် ဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း သိရ သည်။ ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံမှ ဆန်ကို အဓိက တင်သွင်းနေရပြီး ထိုင်း၊ မြန်မာ၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီတလီနိုင်ငံတို့မှလည်း တင်သွင်း လျက်ရှိသည်။ ဗီယက်နမ်သည်ဖိလစ်ပိုင်နိုင်ငံသို့ အဓိကဆန်တင်ပို့နေသည့် နိုင်ငံအဖြစ် ဆက်လက် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဓိကစားသောက်ကုန်ဖြစ်သည့် အဆိုပါဆန်အား  ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီတလီ နိုင်ငံများမှလည်း ရရှိနေသည်။

     ဖိလစ်ပိုင် အပင်စိုက်ပျိုးရေးဌာန (BPI) ၏ အချက်အလက်များအရ ဖေဖော်ဝါရီ ၂၆ ရက် အထိ ဖိလစ်ပိုင်သည် ဆန်တန်ချိန် ၇၀၇,၇၁၁.၄၆ မက်ထရစ်တန် တင်သွင်းခဲ့ပြီးဖြစ်သည်။ ၎င်း ပမာဏအနက် ဗီယက်နမ်မှ ၈၇.၉၆ ရာခိုင်နှုန်း (တန်ချိန် ၆၂၂,၄၈၂.၈၅)၊ ထိုင်းမှ ၆.၁၇ ရာခိုင်နှုန်း နှင့် မြန်မာမှ ၅.၀၄ ရာခိုင်နှုန်း အသီးသီး ပါဝင်သည်။

Source: INQUIRER.NET, 8 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရှေ့အလယ်ပိုင်း ပဋိပက္ခက သင်္ဘောခနှင့် အာမခံစရိတ်တို့ကို မြင့်တက်လာစေမှုကြောင့် အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု အေးလျက်ရှိ

    အမေရိကန်-အစ္စရေး-အီရန်စစ်ပွဲက သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ သင်္ဘောခနှင့် အာမခံ စရိတ်တို့ကို မြင့်တက်စေပြီးနောက် သင်္ဘောတင်ပို့ဆောင်မှုလုပ်ငန်းများအတွက် ပို့ကုန်အမှာစာ များ အသင့်အတင့်သာ ရှိခဲ့ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း၊ ဥက္ကဋ္ဌက မတ်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့)တွင် The Business Times သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားသည် အစားအသောက်၊ အလှကုန်နှင့် သန့်ရှင်းလုပ်ငန်းသုံးပစ္စည်းများ ထုတ် လုပ်ရာတွင် အသုံးပြုသည့် ကမ္ဘာ့စားအုန်းဆီ အများဆုံး ထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်သည်။ စား အုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ပို့ကုန်များတွင်  ထက်ဝက်ကျော်ခန့်ပါဝင်ပြီး အိန္ဒိယကဲ့ သို့ ဈေးကွက်ကြီးမားသည့်နိုင်ငံများစွာက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြသည်။

    အင်ဒိုနီးရှား စားအုန်းဆီအသင်း၊ ဥက္ကဋ္ဌ Mr. Eddy Martono က အမေရိကန်-အစ္စရေး-အီရန်စစ်ပွဲ ဖြစ်ပွားမှုနောက်ပိုင်း သင်္ဘောခနှင့် အာမခံစရိတ်တို့သည် ၅၀ %ခန့်မြင့်တက်လာ ကြောင်း၊ သင်္ဘောများကို ပိုမိုဝေးကွာသော ရေလမ်းကြောင်းများဖြင့် အသုံးပြုဆောင်ရွက်လာရပြီး စစ်ပွဲကြောင့် ဆုံးရှုံးမှုအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားလာသဖြင့် အာမခံစရိတ်များ မြင့်တက်လာရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် စားအုန်းဆီဝယ်လိုအား အနည်းငယ် ကျဆင်းခဲ့ သည်။ အင်ဒိုနီးရှားအနေဖြင့် အရောင်းအဝယ်စာချုပ်  ချုပ်ဆိုထားပြီးဖြစ်သည့် စားအုန်းဆီများကို အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တင်ပို့ပေးရမည့် စားအုန်းဆီများ အဆက် မပြတ်ရှိနေသော်လည်း သင်္ဘောတင်ပို့ဆောင်မှုများကျဲလာကာ ကုန်လက်ကျန်များအဖြစ် အင်ဒိုနီးရှား နိုင်ငံအတွင်း စုဆောင်းလာကြောင်းနှင့် စားအုန်းဆီ ဈေးနှုန်းအပေါ် ဖိအားများရှိလာကြောင်း၊ အင်ဒိုနီးရှား စားအုန်းဆီအသင်းအနေဖြင့် ပို့ကုန်ပမာဏ ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားမှု မရှိ ကြောင်း၊ သို့သော် ပို့ကုန်ကျဆင်းမည့်အရိပ်အယောင်များရှိကြောင်း၊ အသင်း၏ စားအုန်းဆီ တင်ပို့မှုအပေါ် ကြိုတင်ခန့်မှန်းချက်ကို မတ်လကုန်လောက်တွင် ရရှိမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား သည် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီ တန်ချိန် ၁.၈ သန်းခန့်ကို အရှေ့အလယ်ပိုင်း ဒေသသို့ တင်ပို့ နိုင်ခဲ့ပြီး စားအုန်းဆီ တင်ပို့မှု စုစုပေါင်း၏ ၅% ခန့်ရှိကြောင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

    စားအုန်းဆီ ထိပ်တန်းဝယ်ယူသူနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့သည် ၎င်းတို့တွင် စားသုံးဆီ သိုလှောင်မှု လက်ကျန်များတည်ငြိမ်လျက်ရှိသည့်အတွက် လက်ရှိအချိန်တွင် ဝယ်ယူမှု မရှိကြောင်း ဖော်ပြထားသည်။ အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခ စတင်ဖြစ်ပွားကတည်းက စားအုန်းဆီဈေးနှုန်းများသည် ပြိုင်ဘက် နေကြာဆီနှင့် ပဲပုပ်ဆီတို့ထက် ပိုမိုမြင့်တက်လျက်ရှိ သည်ကို နယူးဒေလီအခြေစိုက် စားအုန်းဆီ ကုန်သည်တစ်ဦးက ပြောကြားသည်။

    ယခင်က စားအုန်းဆီသည် အိန္ဒိယနိုင်ငံအရောက် သယ်ယူစရိတ်မှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ အောက်သာ ကုန်ကျမှုရှိပြီး ပဲပုပ်ဆီထက် ကုန်ကျစရိတ်သက်သာခဲ့သော်လည်း ယခုအခါ ပဲပုပ်ဆီ သယ်ယူစရိတ်က အမေရိကန်ဒေါ်လာ ၃၀ ခန့် စားအုန်းဆီထက် သက်သာ ကြောင်း၊ စားအုန်းဆီက ပဲပုပ်ဆီထက် သယ်ယူစရိတ် ပိုမိုရခြင်းမှာ သင်္ဘောခနှင့် အာမခံစရိတ် မြင့်တက်လာခြင်းကြောင်းဖြစ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း၊ ဥက္ကဋ္ဌ နှင့် နယူးဒေလီ အခြေစိုက် စားအုန်းဆီကုန်သည်တို့၏ ပြောကြားချက်များကို တင်ပြလိုက်ရပါသည်။

Source: The Business Times, 11 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဈေးကွက်ဝင်ရောက်မှု များပြီး ဝယ်လိုအားလျော့နည်းခြင်းတို့ကြောင့် ကုလားပဲဈေးနှုန်း ကျဆင်း နိုင်ကြောင်း အိန္ဒိယပဲအသင်းခန့်မှန်းပြောကြား

      အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများအသင်း (IPGA) ၏ အပတ်စဉ်တနင်္လာနေ့ ထုတ်ပြန်သည့် အစီရင်ခံစာအရ ကုလားပဲမှာ မကြာခင်ကာလအတွင်း ဈေးနှုန်းကျဆင်းနိုင်ပြီး မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများမှာမူ ပုံမှန်အတိုင်း အတက်အကျနည်းပါးစွာ ကာလအပိုင်းအခြား တစ်ခုအတွင်း အရောင်းအဝယ်ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကုလားပဲမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများပြားလာခြင်း၊ ပြည်ပမှတင်သွင်းမှုများပြားခြင်းနှင့် ဝယ်လို အား‌ လျော့နည်းလာခြင်းတို့ကြောင့်  ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရပါသည်။

       Rang Panchmi ပွဲတော်အပြီး အထူးသဖြင့် မတ်လလယ်မှ ဧပြီလအထိ အထွက်နှုန်း အများဆုံး ဖြစ်သည့် မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်၊ ဥတ္တရာပရာဒေ့ရှ်နှင့် Rajasthan ပြည်နယ်များမှ ကုလားပဲအထွက်နှုန်း မြင့်တက်လာရန် မျှော်လင့်ရကြောင်း သိရှိရပါသည်။ ကုလားပဲခွဲခြမ်းနှင့် ကုလားပဲမှုန့်ဝယ်လိုအား လျော့နည်းပြီး ကြိတ်ခွဲသည့် စက်ရုံများအနေဖြင့် လတ်တလော လိုအပ် ချက်အတွက်သာ ဝယ်ယူနေကြသောကြောင့် စျေးနှုန်းအထောက်အပံ့ကို ကန့်သတ်လျက်ရှိသည် ဟု အဆိုပါအသင်းက ဆိုသည်။ ပြည်ပမှ တင်သွင်းလာသော ကုလားပဲနှင့် စားတော်ပဲဝါများ အလွယ်တကူရရှိနေခြင်းနှင့် ပုံမှန်တင်သွင်းနေမှုများသည် ရောင်းလိုအားကို မြင့်တက်စေပြီး  ပြည်တွင်းဝယ်လိုအားကို ကျဆင်းစေကြောင်း သိရှိရပါသည်။

      စျေးကွက်ပေါက်ဈေးမှာ အခြေခံရည်ညွှန်းဈေး(MSP)အောက် လျော့နည်းနေသောကြောင့် တောင်သူအများစုအနေဖြင့် ပြင်ပစျေးကွက်သို့ ရောင်းချမည့်အစား အစိုးရအေဂျင်စီများထံ ရောင်းချနိုင်ကြောင်း ၎င်းက ဆိုသည်။ အထွက်နှုန်းအများဆုံးကာလအတွင်း အစိုးရ၏ ဝယ်ယူ ခြင်းသည် စျေးနှုန်းအထောက်အပံ့အတွက် အဓိကသော့ချက်ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ စျေးနိမ့် ချိန်အတွင်း သိုလှောင်သူများနှင့် စက်ရုံများ၏ ဝယ်ယူမှုသည်လည်း စျေးကွက်ကို အထောက်အပံ့ ဖြစ်စေနိုင်သည်ဟု အဆိုပါအသင်းက ဆိုသည်။

     ကုလားပဲအသစ်များ ဈေးကွက်ဝင်ရောက်မှုများပြားခြင်းနှင့် ဝယ်လိုအားလျော့နည်းလာ ခြင်းတို့ကြောင့် စနေနေ့ကုန်ဆုံးခဲ့သည့် သီတင်းပတ်အတွင်း ကုလားပဲဈေးနှုန်းများ ကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ကုန်စည်ဒိုင်စျေးနှုန်းများသည် အခြေခံရည်ညွှန်းဈေး ဖြစ်သည့် ၁ ကွမ်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၅,၈၇၅ ရူပီးအောက်တွင် ရှိနေခဲ့သည်ဟု ဆိုသည်။ Holi ပွဲတော် အားလပ်ရက်များအတွင်း စျေးကွက်ကုန်စည်ဒိုင်များ ပိတ်ထားခဲ့ရသောကြောင့် အရောင်းအဝယ် နည်းပါးခဲ့ပါသည်။ ကုန်သည်များနှင့် ကြိတ်ခွဲသူများသည် ပဲမျိုးစုံကို ဂရုပြုဝယ်ယူ ခဲ့ကြပြီး အများစုမှာ လတ်တလော လိုအပ်ချက်အတွက်သာ ဝယ်ယူကြကြောင်း သိရှိရပါသည်။

     အနောက်အာရှပဋိပက္ခကြောင့် ကုန်စည်သယ်ယူပို့ဆောင်ခနှင့် အာမခံစရိတ် မြင့်တက် လာခြင်းသည် အိန္ဒိယစျေးကွက်ကို သက်ရောက်နိုင်ဖွယ်မရှိဟု အဆိုပါအသင်းက ဆိုသည်။ လက် ရှိ ပြည်တွင်းဆိပ်ကမ်းများ၌ ကုလားပဲအမြောက်အမြား သိုလှောင်ထားရှိပြီး ယင်းက ရောင်းလို အား လုံလောက်မှုရှိကြောင်း သိရှိရပါသည်။

      ဈေးကွက်ဦးတည်ချက် အတိအကျကို ရှာဖွေနေဆဲဖြစ်သောကြောင့် ပဲစင်းငုံဈေးနှုန်းများမှာ တစ်ကွမ်တယ်လျှင် ရူပီး ၁၀၀ မှ ၂၀၀ အတွင်း ဈေးနှုန်းအတက်အကျရှိမည်ဟု မျှော်မှန်းထား ကြောင်း၊ မကြာသေးမီ သီတင်းပတ်များအတွင်း ပဲအမြောက်အမြား သိုလှောင်ရုံများအတွင်းသို့ ရွှေ့ပြောင်း သိုလှောင်ခဲ့ရသောကြောင့် စျေးကွက်မရေရာမှုများ ရှိနေဆဲဖြစ်ကြောင်း အဆိုပါ အသင်းက ဆိုသည်။

      သီးနှံထွက်ရှိသည့်ဒေသများတွင် ဈေးကွက်ဝင်ရောက်မှု ဆက်လက်ဖြစ်ပေါ်နေပြီး ပဲစင်းငုံ ဝယ်လိုအား လျော့နည်းခြင်းကြောင့် ကြိတ်ခွဲသူများအနေဖြင့်လည်း လျော့နည်းဝယ်ယူလာကြ ကြောင်း သိရှိရပါသည်။ ကြိတ်ခွဲသူများအနေဖြင့် မြန်မာပဲစင်းငုံနှင့် ဆူဒန်ပဲစင်းငုံတို့အစား စျေး သက်သာသော ဒေသထွက်ပဲစင်းငုံအသစ်နှင့် အာဖရိကပဲစင်းငုံများကို ကြိတ်ခွဲရန် ပိုမိုနှစ်သက် ကြကြောင်း သိရှိရပါသည်။ လက်တလောအတွင်း ရောင်းလိုအား လုံလောက်မှုရှိခြင်းနှင့် အတူ အစားထိုးပဲမျိုးစုံ အလွယ်တကူရရှိနိုင်ခြင်းသည် ဈေးကွက်ကို သက်ရောက်မှုဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။

     နောက်ပိုင်းတွင် စျေးနှုန်းများ ထပ်မံကျဆင်းပါက တောင်သူများအနေဖြင့် သိုလှောင်ထား နိုင်သောကြောင့် ပဲစင်းငုံဝင်ရောက်မှု နှေးကွေးသွားနိုင်ကြောင်း၊ ကြိတ်ခွဲသည့်စက်ရုံများအနေဖြင့် သိုလှောင်ထားရှိမှုကို ပြန်လည်ဖြည့်တင်းရန် လိုအပ်နိုင်သောကြောင့် ဧပြီလအစောပိုင်းတွင် ၁၀ ရက်မှ ၁၅ ရက်ကြာ ဝယ်လိုအား အနည်းငယ်ပေါ်ပေါက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။ လတ် တလောကာလအတွင်း ပဲစင်းငုံစျေးနှုန်းသည် ဝယ်လိုအား တိုးတက်မှု၊ သိုလှောင်သူများ၏ ဝယ် ယူစုဆောင်းမှုနှင့် အစိုးရ၏ ဝယ်ယူပံ့ပိုးမှုတို့အပေါ်တွင် မူတည်နေမည်ဖြစ်ကြောင်း သိရှိရပါ သည်။

      မတ်ပဲစျေးနှုန်းများသည် လတ်တလောကာလအတွင်း အတက်အကျ အကန့်အသတ် အတွင်း အရောင်းအဝယ်ဖြစ်နိုင်ဖွယ်ရှိပြီး ဝယ်လိုအားသည် လိုအပ်ချက်အပေါ် မူတည်၍ ဆက် လက်ရှိနေမည်ဟု မျှော်လင့်ရကြောင်း အဆိုပါအသင်းက ဆိုသည်။ စျေးနှုန်းအပြောင်းအလဲသည် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်စျေးနှုန်းများ၊ သွင်းကုန်ပစ္စည်းအသစ်များ ရောက်ရှိခြင်း၊ ရူပီးငွေလဲနှုန်း အတက်အကျနှင့် အိန္ဒိယတောင်ပိုင်းရှိဒေသတွင်း ဝင်ရောက်မှုစသည့်အချက်များပေါ်တွင် မူတည် နေမည်ဖြစ်ကြောင်း သိရှိရပါသည်။ အနောက်အာရှပဋိပက္ခများအကြား ကုန်စည်ပို့ဆောင်ခနှင့် အာမခံစရိတ်များ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံမှ သင်္ဘောဖြင့်တင်ပို့မှုများ နှေးကွေးသွား နိုင်ကြောင်း၊ တစ်ချိန်တည်းမှာပင် တယ်လန်ဂါနာပြည်နယ်တွင် ပုံမှန်ဈေးကွက်ဝင်ရောက်မှု ရှိနေ ခြင်းနှင့် အန်ဒရာပရာဒေ့ရှ် ပြည်နယ်တွင် ပဲအသစ်များ အဝင်များလာခြင်းသည် ရောင်းလိုအား ပိုမိုဖြစ်စေနိုင်ကြောင်း သိရှိရပါသည်။

    ထိုအတောအတွင်း မဒ္ဒရာပရာဒေ့ရှ်နှင့် ဂူဂျာရတ်ပြည်နယ်များတွင် နွေသီးနှံမတ်ပဲ စိုက် ပျိုးမှု မြင့်တက် လာကြောင်း၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်၊ Jabalpur ခရိုင်၊ Patan မြို့နယ်တွင် အခြေခံရည်ညွှန်းဈေးနှုန်း (MSP) အပေါ် တစ်ကွမ်တယ်လျှင် ၆၀၀ ရူပီး အပိုဆုငွေ ကြေညာပြီး နောက် စိုက်ပျိုးမှု ပိုမိုတိုးလာနိုင်ကြောင်း အဆိုပါအသင်းက ဆိုသည်။

    စနေနေ့ကုန်ဆုံးခဲ့သည့် သီတင်းပတ်အတွင်း အခွံချွတ်/ပြုပြင်ပြီး မတ်ပဲဝယ်လိုအား ကျ ဆင်းသွားခြင်းကြောင့် မြန်မာ့မတ်ပဲများ ဈေးကွက်အေးနေခဲ့ကြောင်း သိရှိရပါသည်။ ကြိတ်ခွဲသူ များအနေဖြင့် လတ်တလောလိုအပ်ချက်အတွက်သာ ဝယ်ယူခဲ့ကြသဖြင့် ဝယ်လိုအားကျဆင်းနေ ကြောင်း၊ မြန်မာစျေးကွက်အခြေအနေ အေးနေခြင်းနှင့် ချန်နိုင်းဆိပ်ကမ်းတွင် အဆင်သင့်သို လှောင်ထားရှိမှု  တန်ချိန် ၁၆,၀၀၀ မှ ၁၇,၀၀၀ ခန့်ရှိခြင်းသည် ရောင်းလိုအား လုံလောက်မှုရှိ ကြောင်း အဆိုပါအသင်းက ဆိုသည်။

    တစ်ချိန်တည်းမှာပင် တယ်လန်ဂါနာပြည်နယ်တွင် ပုံမှန်ဈေးကွက်အဝင်ရှိနေခြင်းနှင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ပဲအသစ်များ အဝင်များလာခြင်းသည် ရောင်းလိုအားကို သက် ရောက်မှုရှိစေခဲ့ပါသည်။ သို့သော် ပြည်တွင်းမတ်ပဲ အဝင်နည်းသွားခြင်းနှင့် ကြိတ်ခွဲသူများက လတ်တလော လိုအပ်ချက်အတွက်သာ ဝယ်ယူနေခြင်းတို့ကြောင့် အရောင်းအဝယ်ဈေးကွက်များ တွင် ပြည်တွင်းမတ်ပဲဈေးနှုန်းများ ဆက်လက်ခိုင်မာနေသည်ဟု အဆိုပါအသင်းက ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

Source: Informist, 9 March 2026  (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆော်ဒီအာရေဗျနိုင်ငံက အင်ဒိုနီးရှားမှ ကြက်သားထုတ်ကုန်များ တင်သွင်းမှုပိတ်ပင်

    ဆော်ဒီအာရေဗျနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (SFDA) သည် အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၄၀ မှ ကြက်သားနှင့် ကြက်ဥ တင်သွင်းမှုများကို ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်၍ ပိတ်ပင်လိုက်ကြောင်း သိရသည်။ ယခု ပိတ်ပင်မှုသည် ဟလာလ် (Halal) ကိစ္စနှင့် မသက်ဆိုင်ဘဲ ကျန်းမာရေးစစ်ဆေး ထိန်းချုပ်မှုများကို တင်းကျပ်စေရန်နှင့် ထုတ်ကုန်အရည်အသွေးနှင့် ကျန်းမာရေး စံနှုန်းများကို လိုက်နာမှုအပေါ် မူတည်ကြောင်း သိရ သည်။

    Riyadh မြို့အခြေစိုက် အင်ဒိုနီးရှားစီးပွားရေးသံမှူးဖြစ်သူ Zulvri Yenni က ယခုမူဝါဒ သည် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) တွင် ကြက်တုပ်ကွေး ရောဂါကင်းစင်သည့် အခြေအနေကို ပြန်လည်အတည်ပြုနိုင်ရန် လိုအပ်ကြောင်း သတိပေးချက် တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

   ရောဂါကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိပါက အင်ဒိုနီးရှားနိုင်ငံ၏ ကြက်သား နှင့် ကြက်ဥထုတ်ကုန်များအတွက် ဆော်ဒီဈေးကွက်ကို ပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်သည်။ ထို့ အပြင် SFDA အနေဖြင့် WOAH မှ ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန် ကျန်းမာရေး အခြေ အနေများ၊ အထူးသဖြင့် အန္တရာယ်ရှိသော ကြက်တုပ်ကွေးရောဂါ ပျံ့နှံ့မှုများကို အခြေခံ၍ ပိတ်ပင် ထားသော နိုင်ငံများစာရင်းကို ကာလအလိုက် ပြန်လည်သုံးသပ်မည်ဟု ဆိုသည်။

    ဆော်ဒီ၏ တင်ပို့မှုဝေစုကို ဆော်ဒီ၏ ပိတ်ပင်မှုစာရင်းတွင် မပါဝင်သည့် နိုင်ငံများဖြစ် သည့် ထိုင်းနှင့် စင်္ကာပူကဲ့သို့ အာဆီယံနိုင်ငံများက လွှမ်းမိုးသိမ်းပိုက်သွားခြင်း မခံရစေရန်အချက် သည် အလွန်အရေးကြီးသည်။ အင်ဒိုနီးရှားအပြင် ပိတ်ပင်ချက်တွင် ပါဝင်သော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ အဇာဘိုင်ဂျန်၊ ဂျာမနီ၊ အီရန်၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနာ၊ ဘူဂေးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တိုင်ဝမ်၊ ဂျီဘူတီ၊ တောင်အာဖရိက၊ တရုတ်၊ အီရတ်၊ ဂါနာ၊ ပါလက်စတိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်၊ ကင်မရွန်း၊ တောင်ကိုရီးယား၊ မြောက်ကိုရီး ယား၊ လာအို၊ လစ်ဗျား၊ မြန်မာ၊ ယူနိုက်တက်ကင်းဒမ်း၊ အီဂျစ်၊ မက္ကဆီကို၊ မိုင်းဂိုးလီးယား၊ နေပေါ၊ နိုင်ဂါ၊ နိုင်ဂီးရီးယား၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဂျပန်၊ ဘာကီနာဖာဆို၊ ဆူဒန်၊ ဆာဘီးယား၊ ဆလိုဗေး နီးယား၊ အိုင်ဗရီကိုစ် နှင့် မွန်တီနီဂရိုတို့ဖြစ်ကြောင်း သိရှိရသည်။

Source: Jakarta Globe, 3 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ