ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ဆန်တန်ချိန် ၁.၃ သန်း တင်ပို့

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁.၃ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၉၉.၃ သန်း ရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းဌာန (VNA) က မတ်လ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

        ယင်းကိန်းဂဏန်းများသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏတွင် ၅ ရာခိုင်နှုန်း တိုးတက်လာသော်လည်း ရရှိသည့် တန်ဖိုးတွင်မူ ၁၁.၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

         အဆိုပါကာလအတွင်း ပျမ်းမျှဆန်တင်ပို့ဈေးနှုန်းမှာ တစ်တန်လျှင် ၄၆၄.၁ ဒေါ်လာ ခန့်ရှိပြီး ယခင်နှစ်ကထက် ၁၅.၄ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ ဗီယက်နမ်ဆန်ကို အများဆုံးတင်သွင်းသည့် ဈေးကွက်မှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၇.၆ ရာခိုင်နှုန်းရှိကာ ၎င်း၏နောက်တွင် တရုတ်နှင့် ဂါနာနိုင်ငံတို့က အစဉ်လိုက်ရပ်တည်နေကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း တင်ပို့မှု မြင့်တက်

         ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (Agro-forestry-fishery) ထုတ်ကုန် တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၇.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

        ဖေဖော်ဝါရီတစ်လတည်းတွင် ပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၄.၇၁ ဘီလီယံခန့်ရှိခဲ့ရာ ဇန်နဝါရီလထက် ၂၈.၄ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ယခင်နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

           အာရှဈေးကွက်သည် ဗီယက်နမ် လယ်ယာထွက်ကုန်များအတွက် အကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၄၅.၅ ရာခိုင်နှုန်းရှိသည်။ အမေရိကတိုက်သည် ၂၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရှိပြီး ဥရောပက ၁၅.၇ ရာခိုင်နှုန်းဖြင့် နောက်မှလိုက်နေသည်။ အာဖရိကနှင့် Oceania ဒေသများမှာမူ ၂.၂ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်း အသီးသီးရှိကြသည်။

         ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အာရှသို့ တင်ပို့မှု ၂၇.၇ ရာခိုင်နှုန်း၊ အမေရိကတိုက်သို့ ၁၀.၄ ရာခိုင်နှုန်းနှင့် ဥရောပသို့ ၁၂ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ Oceania သို့ တင်ပို့မှုမှာ ၃၂.၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားသော်လည်း အာဖရိကသို့ တင်ပို့မှုမှာမူ ၁၉.၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

         နိုင်ငံအလိုက် ကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးသော ဝယ်ယူသူအဖြစ် ဆက်လက်ရှိနေပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၂၂.၉ ရာခိုင်နှုန်း ရှိသည်။ အမေရိကန်က ၁၈.၇ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် ဂျပန်က ၇.၂ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် အသီးသီးရှိနေကြသည်။

         ယခုနှစ်အတွင်း တရုတ်သို့ တင်ပို့မှုသည် ယခင်နှစ်ထက် ၅၅.၉ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး အမေရိကန်နှင့် ဂျပန်သို့ တင်ပို့မှုမှာလည်း ၉.၂ ရာခိုင်နှုန်းနှင့် ၉.၈ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့သည်။

          ယခုကဲ့သို့ နှစ်ဆန်းပိုင်းလများတွင် ရရှိခဲ့သော အပြုသဘောဆောင်သည့် ရလဒ်များသည် ဈေးကွက်ပြန်လည်ဦးမော့လာခြင်းကို ပြသနေပြီး၊ ထုတ်လုပ်မှုကို အရှိန်မြှင့်ရန်၊ ဈေးကွက် ချဲ့ထွင်ရန်နှင့် ၂၀၂၆ ခုနှစ်အတွက် ချမှတ်ထားသော ပို့ကုန်ရည်မှန်းချက် ဒေါ်လာ ၇၃ ဘီလီယံမှ ၇၅ ဘီလီယံအထိရရှိရန် ကြိုးပမ်းရာတွင် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ထိုင်းဆန်တင်ပို့မှု ကျဆင်း

       ထိုင်းနိုင်ငံ ၏ ဆန်တင်ပို့မှုသည် ဇန်နဝါရီလအတွင်း သိသိသာသာကျဆင်းခဲ့ပြီး ဘတ်ငွေ တန်ဖိုးတက်လာခြင်းနှင့် ကမ္ဘာ့ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ကြောင့် ယခုနှစ်အတွင်း ဆန်တင်ပို့မှုစုစုပေါင်းသည် ငါးနှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

         Chookiat Ophaswongse က ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှုစုစုပေါင်းသည် တန်ချိန် ၅၃၀,၀၀၀ သာရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ တင်ပို့မှုတန်ဖိုးမှာလည်း ၃၀.၇ ရာခိုင်နှုန်း ကျဆင်းကာ ဘတ် ၉.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁၂ သန်းခန့်) သို့ လျော့ကျခဲ့သည်။ ဆန်တင်ပို့မှုသည် စိန်ခေါ်မှုအမျိုးမျိုးကြောင့် နှစ်လယ်အထိ လစဉ် ပျမ်းမျှတန်ချိန် ၅၀၀,၀၀၀ ဝန်းကျင်သာ ဆက်လက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

           Thai Rice Exporters Association အရ ယခုနှစ် ဆန်တင်ပို့မှုစုစုပေါင်းကို တန်ချိန် ၇.၀၃ သန်းခန့်သာရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျဆင်းမည်ဟု မျှော်မှန်းထားသည်။ တင်ပို့မှုတန်ဖိုးမှာလည်း ၁၂.၃ ရာခိုင်နှုန်းကျဆင်းကာ ဘတ် ၁၃၀ ဘီလီယံခန့်သာရှိမည်ဟု ခန့်မှန်းထားသည်။

          တင်ပို့သူများအဆိုအရ အဓိက စိုးရိန်ရမည့် အချက်တစ်ခုမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ဘတ်ငွေတန်ဖိုးတက်လာခြင်းဖြစ်ပြီး လက်ရှိတွင် ဒေါ်လာတစ်ဒေါ်လာလျှင် ဘတ် ၃၁ ဝန်းကျင်အထိ ရှိနေသဖြင့် ထိုင်းဆန်ဈေးနှုန်းသည် ပြိုင်ဘက်နိုင်ငံများထက် ပိုမိုမြင့်မားလာ စေသည်။

         လက်ရှိတွင် ထိုင်းဆန်မွှေး၏ ဈေးနှုန်းသည် တန်ချိန်တစ်တန်လျှင် ဒေါ်လာ ၁,၂၀၀ ဝန်းကျင်ရှိပြီး ကမ္ဘာ့ဈေးကွက်တွင် အမြင့်ဆုံးဈေးနှုန်းအဖြစ် ရပ်တည်နေသည်။ ထိုင်း၏ ၅ ရာခိုင်နှုန်း ဆန်ကွဲဖြူဈေးနှုန်းလည်း အခြားနိုင်ငံများထက် ပိုမိုမြင့်မားနေသည်။

         ထို့အပြင် United States က ချမှတ်ထားသော ယာယီတင်သွင်းခွန် ၁၅ ရာခိုင်နှုန်း (ရက် ၁၅၀ အတွက်) သည် ထိုင်းဆန်မွှေး၏ အမေရိကန်သို့ တင်ပို့မှုကို ၁၅ မှ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်ဟုဆိုသည်။ အမေရိကန်သည် လက်ရှိတွင် ထိုင်းဆန်မွှေး၏ အဓိက ဈေးကွက်ဖြစ်ပြီး စုစုပေါင်း ဆန်မွှေးတင်ပို့မှု၏ ထက်ဝက်ခန့်ကို ကိုယ်စားပြုထားသည်။

         ထို့အပြင် ကမ္ဘာ့ဈေးကွက်တွင် ဆန်ထုတ်လုပ်မှု ပိုလျှံလာခြင်း၊ အထူးသဖြင့် India ၏ စံချိန်တင် ထုတ်လုပ်မှု၊ Indonesia ကဲ့သို့ အဓိက ဝယ်ယူသူနိုင်ငံများ၏ တင်သွင်းကန့်သတ်မှုများနှင့် ကိုယ်တိုင်အစားအစာလုံခြုံရေး မူဝါဒများကြောင့် ဆန်လိုအပ်ချက်အပေါ် ဖိအားများဖြစ်ပေါ် စေလျက်ရှိကြောင်း သိရှိရပါသည်။

Source : VN Express                                                                          

DOCA (ရန်ကုန်)

အရှေ့အလယ်ပိုင်းတင်းမာမှုများကြား အမေရိကန်ထံမှရေနံစိမ်းစတင်တင်သွင်းသည့် အင်ဒိုနီးရှား

      အင်ဒိုနီးရှားနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၏ထောက်ပံ့မှုအပေါ်မီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းအားထုတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စုမှ ရေနံစိမ်းကို တဖြည်းဖြည်း စတင် တင်သွင်းနေပြီဖြစ်ကြောင်း စွမ်းအင်နှင့် သယံဇာတအရင်းအမြစ် ဝန်ကြီး Bahlil Lahadalia က မတ်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Bahlil က အင်ဒိုနီးရှားနိုင်ငံတွင် ရေနံစိမ်းသိုလှောင်နိုင်စွမ်း အကန့်အသတ်ရှိနေသဖြင့် တစ်ကြိမ်တည်း အများကြီးတင်သွင်း၍ မရကြောင်းနှင့် အရှေ့ အလယ်ပိုင်းဒေသတွင် တင်းမာမှုများတိုးလာနေသည့် အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆီတင်သွင်းမှု မဟာဗျူဟာကို ပြောင်းလဲလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စွမ်းအင်ဖူလုံမှု တိုးမြှင့်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် ရေနံစိမ်းအရံသိုလှောင်နိုင်စွမ်းကို လက်ရှိ ၂၅ ရက်မှ ၂၆ ရက်အထိသာရှိရာမှ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် ရက် ၉၀ အထိ တိုးချဲ့ရန် စီစဉ်ထားကြောင်း သိရပါသည်။ ထို့အပြင် ဆူမားတြားဒေသတွင် ရေနံစိမ်း သိုလှောင် ကန်တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများကိုလည်း ရရှိပြီးဖြစ်ကြောင်း သိရပါသည်။ အဆိုပါ စီမံကိန်းသည် လက်ရှိတွင် ဖြစ်နိုင်ချေလေ့လာမှုပြုလုပ်နေပြီး ယခုနှစ်အတွင်း တည်ဆောက်ရေးစတင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ပါဝင်သည့် ပဋိပက္ခများကြောင့် အင်ဒိုနီးရှား၏ စွမ်းအင်ဖူလုံရေးအပေါ် အာရုံစိုက်မှု ထပ်မံမြင့်တက်လာကြောင်း သိရပါသည်။ အီရန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရေနံကုန်သွယ်ရေး၏ ခန့်မှန်းအားဖြင့် ငါးပုံတစ်ပုံခန့် (တစ်နေ့လျှင် ရေနံစည်သန်း ၂၀ ခန့်) ဖြတ်သန်းသယ်ယူပို့ဆောင်နေသည့် အရေးပါသော ဟော်မုဒ်ရေလက်ကြားကို ပိတ်ထားပြီး ကာတာနှင့် ယူအေအီးတို့မှ တင်ပို့နေသော LNG (Liquefied Natural Gas) များမှာလည်း ထိုလမ်းကြောင်းကို အသုံးပြုနေရကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အနှောင့်အယှက်များကြား အင်ဒိုနီးရှားက ပို့ကုန်အခွင့်အလမ်းသစ်များအဖြစ် အသုံးချနိုင်ကြောင်းအင်ဒိုနီးရှားဝန်ကြီးပြောကြား

     ပထဝီနိုင်ငံရေးတင်းမာမှုများသည် နိုင်ငံတကာကုန်သွယ်ရေးကို ပုံစံပြောင်းလဲစေနိုင်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ အနှောင့်အယှက်ဖြစ်နေချိန်တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပို့ကုန်အခွင့်အလမ်းအသစ်များကို အသုံးချနိုင်ကြောင်း ကုန်သွယ်ရေး ဝန်ကြီး Budi Santoso က မတ်လ ၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အရှေ့အလယ်ပိုင်းဒေသတွင် မတည်ငြိမ်မှုများကြောင့် အချို့နိုင်ငံများ၏ ကုန်ပစ္စည်းပို့ဆောင်မှုများ ထိခိုက်နိုင်ပြီး ကမ္ဘာ့ဈေးကွက်များတွင် ကုန်ပစ္စည်းထောက်ပံ့မှုနေရာလွတ်များ ပေါ်ပေါက်လာနိုင်ကြောင်း၊ ပထဝီနိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်လာသောအခါ ကုန်သွယ်ရေးမြေပုံကလည်း ပြောင်းလဲသွားတတ်ကြောင်း၊ ထောက်ပံ့ရေးကွင်းဆက်များပြတ်တောက်လာသည့် အခါထောက်ပံ့သူများ အကန့်အသတ်ရှိသဖြင့် ဈေးကွက်များမှာ နေရာလွတ်များ ဖြစ်ပေါ်လာတတ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေများကြောင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပို့ကုန်ဈေးကွက်အချို့တွင် ဖြစ်ပေါ်လာသည့် လိုအပ်ချက်နေရာလွတ်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အစိုးရအနေဖြင့် ပထဝီနိုင်ငံရေး ပဋိပက္ခများ သက်ရောက်မှုနည်းပါးသော နိုင်ငံများကို ပို့ကုန်ဈေးကွက်အသစ်များအဖြစ် သတ်မှတ်ရန် လေ့လာဆန်းစစ်နေကြောင်း သိရပါသည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအတားအဆီးအနှောင့် အယှက်များ ရှိနေသော်လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးချဲ့နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။ Santoso က ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းကာ ၎င်းတို့ ရင်ဆိုင်နေရသည့် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ပြဿနာများ မည်သည့်နေရာတွင် တည်ရှိနေသည်ကို သိရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အရှေ့တောင်အာရှဒေသနှင့် အာဖရိကနိုင်ငံများကို အခြားရွေးချယ်စရာ တင်ပို့ရာဈေးကွက်များအဖြစ် ရှုမြင်ထားကြောင်းနှင့် အင်ဒိုနီးရှားပို့ကုန်လုပ်ငန်းရှင်များကို ထိုဒေသများရှိ ဝယ်ယူသူများနှင့် ချိတ်ဆက်ပေးနိုင်ရန်အတွက် business-matching အစီအစဉ်များကိုလည်း အစိုးရက ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်တိုးချဲ့ရန် ဒေါ်လာ ၁.၄ ဘီလီယံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိ

        အင်ဒိုနီးရှားအစိုးရအနေဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်နေစဉ် နေရောင်ခြည်စွမ်းအင်သုံး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ . ဘီလီယံခန့်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Roeslani က မတ်လ ၅ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။

            အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို အင်ဒိုနီးရှားနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်တိုးချဲ့ရေး အစီအစဉ်အတွက် လိုအပ်သော စက်ကိရိယာများ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပြီး တစ်နှစ်လျှင် ထုတ်လုပ်မှုပမာဏ ၅၀ ဂစ်ဂါဝပ် (GW) အထိရှိမည့် ဆိုလာစွမ်းအင်သုံး အစိတ်အပိုင်းများ ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

       အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံ၏ သန့်စင်သောစွမ်းအင် (Clean Energy) ပံ့ပိုးမှု တိုးမြှင့်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် စုစုပေါင်း ဆိုလာစွမ်းအင် ထုတ်လုပ်မှုပမာဏ ၁၀၀ ဂစ်ဂါဝပ် (GW) အထိရရှိရန် ရည်မှန်းထားသည့် အကြီးစားစီမံကိန်းကို ဖော်ဆောင်လျက်ရှိကြောင်း သိရပါသည်။

         ဝန်ကြီး Rosan ပြောကြားချက်အရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto ကလည်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများစွာမှတစ်ဆင့် ဆိုလာစွမ်းအင်စီမံကိန်းကို အရှိန်မြှင့်တင်ရန် အစိုးရအား ညွှန်ကြားထားကြောင်း သိရပါသည်။
        အစိုးရအနေဖြင့် ပထမအဆင့် ဖွံ့ဖြိုးတိုးတက်မှုအဖြစ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက် ကောင်းမွန်စွာရှိပြီးသား ဒေသများကို အဓိကထား၍ ၁၃ ဂစ်ဂါဝပ်ခန့် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်းလည်း သိရပါသည်။ ၁၀၀ ဂစ်ဂါဝပ် ထုတ်လုပ်မည့် ဆိုလာစီမံကိန်းသည် ကျေးလက်ဒေသများကို အဓိက ဦးတည်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာရရှိစေရန်အတွက် စုစုပေါင်း ၃၂၀ ဂစ်ဂါဝပ်နာရီ (GWh) ပမာဏရှိသော စွမ်းအင်သိုလှောင်မှုစနစ်များက ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရပါသည်။

         ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Danantara) သည် အရှေ့ဂျားဗားပြည်နယ်၊ Sumenep တွင် မဂ္ဂါဝပ် (MW) ထွက်ရှိမည့် စမ်းသပ်ဆိုလာစီမံကိန်းတစ်ခုကို စတင်နေပြီဖြစ်ကြောင်း၊ အဆိုပါစမ်းသပ်မှု အောင်မြင်ပါက အလားတူစီမံကိန်းများကို အခြားဒေသများတွင်လည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ စွမ်းအင်နှင့် သယံဇာတဝန်ကြီးဌာန၏ အချက်အလက်များအရ ကျေးရွာပေါင်း ,၇၅၈ ရွာ (အိမ်ထောင်စုပေါင်း . သန်းခန့်) သည် လျှပ်စစ်မီးမရရှိသေးဘဲ ရှိနေခြင်းကြောင့် ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ပြည့်ဖြိုးမြဲစွမ်းအင်သည် လျှပ်စစ်မီးရရှိရေးအတွက် အလားအလာကောင်းသော အခန်းကဏ္ဍတွင် ရှိနေကြောင်း သိရှိရပါသည်။
Source: Jakarta globe                                                               

DOCA (ရန်ကုန်)

၂၀၃၀ ပြည့်နှစ်တွင် သစ်ထုတ်ကုန်တင်ပို့မှုမှ ရင်းဂစ် ၃၂.၈ ဘီလီယံရရှိရန် မလေးရှား ရည်မှန်း

          မလေးရှားနိုင်ငံသည် ထုတ်လုပ်မှုစရိတ်နှင့် ဈေးနှုန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုရင်ဆိုင်နေရသော်လည်း ၂၀၃၀ ပြည့်နှစ်တွင် သစ်အခြေခံထုတ်ကုန် တင်ပို့မှုမှ ရင်းဂစ် ၃၂. ဘီလီယံအထိ ရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။

           မလေးရှားနိုင်ငံမှ ထုတ်လုပ်သော ပရိဘောဂများသည် အမေရိကန်၊ အရှေ့အလယ်ပိုင်း၊ သြစတြေးလျနှင့် အာဆီယံဈေးကွက်များတွင် လူကြိုက်များနေဆဲဖြစ်သော်လည်း အဆိုပါ အချက်တစ်ခုတည်းနှင့် မလုံလောက်ကြောင်း စိုက်ပျိုးရေးနှင့် ကုန်စည်ကူးသန်းရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူးချုပ် Datuk Razali Mohamad က ပြောကြားခဲ့ပါသည်။

          ကမ္ဘာ့ပရိဘောဂကဏ္ဍသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေကြောင်း Razaliက အလေးပေးပြောကြားခဲ့ပါသည်။ အတွင်းရေးမှူးချုပ်၏ အဆိုအရ မလေးရှားနိုင်ငံ၏ သစ်နှင့် သစ်အခြေခံထုတ်ကုန် တင်ပို့မှုသည် နှစ်စဉ် ရင်းဂစ် ၂၀ ဘီလီယံကျော်ရှိပြီး လက်ရှိတွင် သစ်သားပရိဘောဂ တင်ပို့မှုသည် စုစုပေါင်း သစ်ထုတ်ကုန်တင်ပို့မှု၏ ၄၃ ရာခိုင်နှုန်းအထိ ရှိလာကြောင်း သိရပါသည်။ အဆိုပါ ရည်မှန်းချက် ပြည့်မီစေရန်အတွက် ဝန်ကြီးဌာနသည် မလေးရှားသစ်လုပ်ငန်းဘုတ်အဖွဲ့ (MTIB) မလေးရှားသစ်ကောင်စီ (MTC) နှင့် မလေးရှားသစ် လက်မှတ်ထုတ်ပေးရေးကောင်စီ (MTCC) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါပူးပေါင်းမှုမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မှုကို တိုးမြှင့်ရန်၊ ရေရှည်တည်တံ့သော သစ်တောလုပ်ငန်းစဉ်များကို ကျင့်သုံးရန်နှင့် မလေးရှားနိုင်ငံမှ ထုတ်လုပ်သောပရိဘောဂများ၏ ကမ္ဘာ့ဂုဏ်သတင်းနှင့် အရည်အသွေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ MIFF တည်ထောင်သူနှင့် ဥက္ကဋ္ဌ Datuk Dr Tan Chin က MIFF အနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီဖြစ်သော မလေးရှား ပြင်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း (Matrade) နှင့် မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် Matrade ကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို အသုံးပြု၍ ဈေးကွက်ချဲ့ထွင်ရန်နှင့် ပြပွဲတွင် ပါဝင်သူများနှင့် ဝယ်ယူသူများအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                               

DOCA (ရန်ကုန်)

ဖေဖော်ဝါရီလအတွင်း ကိုလံဘီယာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတို့ ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့

       ကိုလံဘီယာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်သော အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ စုစုပေါင်းအားဖြင့် နိုင်ငံတစ်ဝန်းတွင် ၆၀ ကီလိုဂရမ်ဝင် ကော်ဖီအိတ်ပေါင်း သိန်း သောင်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး၊ ယင်းမှာ လွန်ခဲ့သောတစ်နှစ်က မှတ်တမ်းတင်ခဲ့သည့် အိတ်ပေါင်း . သန်းကျော်အောက် သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရပါသည်။

        အဆိုပါကျဆင်းရခြင်းသည် အဓိကကော်ဖီစိုက်ပျိုးရာဒေသများတွင် လပေါင်းများစွာ ဆက်တိုက်ဖြစ်ပေါ်နေသည့် ဆိုးရွားသော ရာသီဥတုအခြေအနေများ၏ စုပေါင်းအကျိုး သက်ရောက်မှုများကြောင့်ဖြစ်ကြောင်း သိရပါသည်။ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် ကော်ဖီပင်များ ပန်းပွင့်ခြင်းနှင့် အသီးရင့်မှည့်ခြင်းကဲ့သို့သော ရိတ်သိမ်းချိန် ထွက်နှုန်းအတွက် အဆုံးအဖြတ်ပေးသည့် အဓိကအဆင့်များကို ထိခိုက်စေခဲ့ပါသည်။
         အချို့ဖြစ်ရပ်များတွင် မိုးရွာသွန်းမှုကြောင့် ကော်ဖီသီးများ ရင့်မှည့်မှုကို ကြန့်ကြာစေသကဲ့သို့၊ အချို့နေရာများတွင်မူ သီးနှံများပျက်စီးဆုံးရှုံးကာ နောက်ဆုံးရိတ်သိမ်းရရှိသည့် ပမာဏကို လျော့ကျစေခဲ့ကြောင်း သိရပါသည်။

        ကိုလံဘီယာ ကော်ဖီစိုက်ပျိုးရေးကဏ္ဍသည် ပြောင်းလဲနေသော ထုတ်လုပ်မှုသံသရာနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော်လည်း ယခုကဲ့သို့ တစ်လအတွင်း ထုတ်လုပ်မှုပမာဏ အမြောက်အမြား ကျဆင်းသွားခြင်းသည် ရာသီဥတုဆိုင်ရာ ဖြစ်စဉ်များအပေါ် အဆိုပါ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၏ ထိခိုက်လွယ်မှုကို မီးမောင်းထိုးပြနေကြောင်း သိရပါသည်။

        ထုတ်လုပ်မှုကျဆင်းခြင်းသည် ပြည်ပကုန်သွယ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိစေခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် ကိုလံဘီယာကော်ဖီ ပြည်ပတင်ပို့မှုသည် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၃၂ ရာခိုင်နှုန်း လျော့ကျသွားပြီး စုစုပေါင်း တင်ပို့မှုမှာ အိတ်ပေါင်း သိန်း သောင်းခန့်သာရှိခဲ့ကြောင်း သိရပါသည်။ ထုတ်လုပ်မှု၏ အစိတ်အပိုင်းအများစုမှာ နိုင်ငံတကာစျေးကွက်သို့ ဦးတည်ထားခြင်းကြောင့် ရရှိနိုင်သည့် ကော်ဖီပမာဏ လျော့နည်းသွားပါက ပြည်ပတင်ပို့မှုမှာလည်း လျင်မြန်စွာလိုက်ပါပြောင်းလဲသွားလေ့ရှိကြောင်း သိရပါသည်။

        ကိုလံဘီယာနိုင်ငံသည် ကမ္ဘာ့အဓိက Washed Arabica ကော်ဖီ တင်ပို့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ ၎င်း၏ ပြည်ပအရောင်းမှာ အမေရိကန်နှင့် ဥရောပကဲ့သို့သော စျေးကွက်များသို့ အဓိက ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရပါသည်။ ကိုလံဘီယာ ကော်ဖီစေ့များ၏ အရည်အသွေးကြောင့် ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတွင် ထင်ရှားသောနေရာတစ်ခုကို ရရှိထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Reuter                                                                          

DOCA (ရန်ကုန်)

ဖိလစ်ပိုင်သို့အမေရိကန်ဒေါ်လာ ၁၆  သန်းတန်ဖိုးရှိသော စားသုံးကုန်စည်များတင်ပို့မည့် ကိုရီးယားသမ္မတနိုင်ငံကုမ္ပဏီများ

        ကိုရီးယားသမ္မတနိုင်ငံ၏ ကုမ္ပဏီများသည် ဖိလစ်ပိုင်သို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ သန်းခန့်တန်ဖိုးရှိသော စားသုံးကုန်ပစ္စည်းများတင်ပို့ရန်သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါစာချုပ်များကို ကိုရီးယားကုမ္ပဏီ ၅၂ ခုနှင့် ဖိလစ်ပိုင် ဝယ်ယူသူ ၇၀ ဦးတို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သမ္မတ Lee Jae Myung ၏ မနီလာသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အတွင်း ကျင်းပခဲ့သော ကိုရီးယား-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာန၏အဆိုအရ သိရပါသည်။ အဆိုပါ အခမ်းအနားမတိုင်မီ သီးခြားကျင်းပခဲ့သည့် နှစ်နိုင်ငံ စီးပွားရေးဖိုရမ်တွင်လည်း သင်္ဘောတည်ဆောက်ရေး၊ နျူကလီးယားလျှပ်စစ်စွမ်းအင်၊ စားသုံးသူကုန်ပစ္စည်းများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) ခုနှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ပထမအဆင့် သဘောတူညီချက်များတွင် Korea Hydro & Nuclear Power (KHNP)၊ Export-Import Bank of Korea နှင့် ဖိလစ်ပိုင်လျှပ်စစ်ကုမ္ပဏီ Meralco တို့အကြားလက်မှတ်ရေးထိုးခဲ့သည့် MOU ပါဝင်ပြီး စီးပွားရေးမော်ဒယ်အသစ် တည်ဆောက်ရန်နှင့် နျူကလီးယားလျှပ်စစ်စွမ်းအင် စီမံကိန်းများအတွက် ကျွမ်းကျင်ဝန်ထမ်း ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ကိုရီးယား၏ HD Hyundai Heavy Industries နှင့် ဖိလစ်ပိုင်၏ Technical Education and Skills Development Authority တို့အကြား သင်္ဘောတည်ဆောက်ရေး နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် MOU နှင့် ကိုရီးယား အသင့်စားခေါက်ဆွဲထုတ်လုပ်သူ Samyang Foods နှင့် ဖိလစ်ပိုင် လက်လီရောင်းချသူ S&R Membership Shopping တို့အကြား အစားအစာ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါသည်။ ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတအရင်းအမြစ်ဝန်ကြီး Kim Jung-kwan က ကိုရီးယား အလှကုန်နှင့် အစားအစာထုတ်ကုန်များအပေါ် လူကြိုက်များမှု လျင်မြန်စွာ တိုးတက်လာနေသည့်အတွက် အစိုးရသည် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းကာ ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှ စျေးကွက်များသို့ ဝင်ရောက်လိုသော ကိုရီးယားကုမ္ပဏီများကို တက်ကြွစွာ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်သည် ဒေသအတွင်း မဟာဗျူဟာမြောက် အချက်အချာနေရာတစ်ခုဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးနိုင်သည့် စျေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

The Korea Times                                                                       

DOCA (ရန်ကုန်)

စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်များဖွင့်လှစ်ရန်နှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန်သဘောတူညီခဲ့ကြသည့် ဗီယက်နမ်နှင့်ဂရိ

          ဗီယက်နမ်နှင့် ဂရိနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး၏ အလားအလာကို ပိုမိုအသုံးချနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်ဖွင့်လှစ်ရေးကို မြှင့်တင်ခြင်းနှင့် ရေကြောင်းပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်ကို မတ်လ ၃ ရက်နေ့တွင် ဟနွိုင်းမြို့၌ ကျင်းပသော ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီး Le Manh Hung နှင့် ဂရိနိုင်ငံ လွှတ်တော်၏  ဒုတိယဥက္ကဌ (၁) Ioannis Plakiotakis တို့ တွေ့ဆုံစဉ် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် Le Manh Hung က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှုသည် လာမည့်ကာလများတွင် ဆက်လက်တိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ ထို့ပြင် ဂရိနိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဗီယက်နမ်နှင့် EU အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ပေါင်းကူးတံတားတစ်ခုအဖြစ် လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Plakiotakis က ဂရိနိုင်ငံသည် EU–ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (EVFTA) ကို အတည်ပြုခဲ့သော EU အဖွဲ့ဝင်နိုင်ငံများထဲမှ ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်းနှင့် အဆိုပါသဘောတူညီချက်ကြောင့် ပေါ်ပေါက်လာသော အခွင့်အလမ်းများကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက်တိုးတက်နိုင်သော အလားအလာများ ရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။ EVFTA သဘောတူညီ ချက်သည် ၂၀၂၀ ခုနှစ်တွင် စတင်အသက်ဝင်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေးသည် အပြုသဘောဆောင်သော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၅၈၇.၃၂ သန်းနီးပါးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၆.၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲတွင် ဗီယက်နမ်မှ ဂရိသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၆၅.၅၄ သန်းရှိခဲ့ပြီး ၁၈.၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဂရိမှ ဗီယက်နမ်သို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၁.၇၈ သန်းဖြင့် ၈.၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်လတည်းတွင်ပင် နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏသည် အမေရိကန်ဒေါ်လာ ၅၂.၇ သန်းရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲတွင် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၅.၃ သန်းဖြစ်ပြီး ၂၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၄ သန်းဖြစ်ပြီး ၄၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ Plakiotakis က ဂရိနိုင်ငံသည် ဗီယက်နမ်ကို အရှေ့တောင်အာရှဒေသတွင် အရေးပါသော စီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း အထူးသဖြင့် ဗီယက်နမ်၏ စီးပွားရေး တိုးတက်နှုန်းမြန်ဆန်မှုကြောင့် ပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာများ များပြားနေကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဂရိနိုင်ငံသည် ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်း ကုန်တင်သင်္ဘော ၄,၅၀၀ ကျော်ဖြင့် လည်ပတ်နေကာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့ပြင် သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများတွင်လည်း အတွေ့အကြုံများ ပြည့်စုံကြောင်း သိရပါသည်။ Plakiotakis က ဂရိစီးပွားရေးလုပ်ငန်းများသည် ရေကြောင်းပို့ဆောင်ရေး၊ သင်္ဘောတည်ဆောက်ရေးနှင့် သင်္ဘောဝန်ထမ်း လေ့ကျင့်ရေးကဏ္ဍများတွင် ဗီယက်နမ်နှင့် အတွေ့အကြုံများကို မျှဝေရန် အဆင်သင့်ရှိကြောင်းနှင့် နှစ်နိုင်ငံအားသာချက်ရှိသည့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်များအတွက် ဈေးကွက်ဝင်ခွင့်ကိုလည်း ပိုမိုတိုးချဲ့လိုကြောင်းပြောကြားခဲ့ပါသည်။ Le Manh Hung က အဆိုပါ အကြံပြုချက်ကိုကြိုဆိုခဲ့ပြီး ဂရိနိုင်ငံမှ သင်္ဘောတည်ဆောက်ရေးနည်းပညာများနှင့် စမတ်ဆိပ်ကမ်း (smart port) စနစ်များအတွက် နည်းပညာလွှဲပြောင်းပေးခြင်းများမှတစ်ဆင့် ဗီယက်နမ်၏ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ဥရောပကော်မရှင်မှ ဗီယက်နမ် ပင်လယ်စာထုတ်ကုန်များအပေါ် ချမှတ်ထားသော “yellow card” သတိပေးချက်ကို အမြန်ဆုံးဖယ်ရှားနိုင်ရေးအတွက် EU အတွင်း ဂရိနိုင်ငံမှ ထောက်ခံပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံအနေဖြင့် လာမည့်ကာလများတွင် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် လာရောက်လည်ပတ်မှုများကို တိုးမြှင့်ကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ