ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဒေသထွက်ကုန်ပစ္စည်းများဖြင့် နိုင်ငံခြားငွေရရှိ

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊မြေပဲ၊ နနွင်း၊ ကော်ဖီ၊ ဝဥ၊ မျှစ်တို့ကို ပြည်တွင်း၌စားသုံးပြီး ပိုလျှံသည့်ကုန်ပစ္စည်းများ အားနိုင်ငံခြားဝင်ငွေ ရရှိစေရန် ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ထို့အပြင် ကွမ်းသီး(နု)၊ ဆေးပုလဲ နှင့် ကြောင်လျှာစေ့တို့ကိုလည်း ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိရာ နိုင်ငံခြားဝင်ငွေများ တိုးပွားလျှက်ရှိ ပါသည်။

     ဆန်၊ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ နနွင်း၊ ကြောင်လျှာစေ့၊ ကော်ဖီတို့အပြင် ကရင်ပြည်နယ် သံတောင်၊ ဘောဂလိ၊ လိပ်သိုဒေသများမှထွက်ရှိသည့် ချဉ်ပေါင်ဖာလာ၊ ကွမ်းသီးနု၊ ဆေးပုလဲ၊မျှစ်တို့ အားတောင်ငူဒေသအတွင်းစားသုံးပြီး ပိုလျှံသည့်ကုန်ပစ္စည်းများအား ရန်ကုန်မြို့၊မန္တလေးမြို့များမှ တဆင့် ပြည်ပသို့တင်ပို့လျှက်ရှိပါသည်။ သံတောင်၊ လိပ်သို၊ ဘောဂလိဒေသများမှ ထွက်ရှိသည့် ချဉ်ပေါင်ဖာလာများကို (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန်(၂၀၀၀၀၀၀)အား မန္တလေးမြို့မှတဆင့်ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ကော်ဖီ (Robusta) များကို တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန် (၂၀၀၀၀၀)အား မန္တလေးမြို့မှတဆင့် ပြည်ပသို့တင်ပို့နိုင်ခဲ့ပါသည်။

          ဒေသထွက် နနွင်းများကို တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန်(၂၀၀၀၀၀၀) အားမန္တလေးမြို့မှတဆင့် ပြည်ပသို့တင်ပို့ခဲ့ပြီး ဒေသတွင်းစားသုံးရန်အတွက် ရှမ်းပြည်နယ်မှ မှာယူစားသုံးကြပါသည်။ သံတောင်၊ ဘောဂလိ၊ လိပ်သိုနှင့်မုန်းဒေသများမှထွက်ရှိသည့် ကွမ်းသီး(နု) များကို တစ်ပိဿာ လျှင် (၆၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန်(၃၀၀၀၀၀၀)အားရန်ကုန်မြို့မှတဆင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး ကွမ်းသီး(နု)(C-Grade)များကို တစ်ပိဿာလျှင်(၆၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၂၀၀၀၀၀)အား ရန်ကုန်မြို့မှ တဆင့်ပြည်ပသို့တင်ပို့နိုင်ခဲ့ပါသည်။ ကြောင်လျှာစေ့များကို တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ် နှုန်းဖြင့် ပိဿာချိန် (၅၀၀၀၀)အား မန္တလေးမြို့မှတဆင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ဝဥ(အစို) များကို တစ်ပိဿာ လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၅၀၀၀၀၀) အား မန္တလေးမြို့၊ နေပြည်တော်နှင့် ရန်ကုန်မြို့များမှ တဆင့် ဆေးပုလဲများကို တစ်ပိဿာ လျှင်(၁၆၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၅၀၀၀၀)အား မန္တလေးမြို့မှ တဆင့်ပြည်ပသို့တင်ပို့နိုင်ခဲ့ပါသည်။ မျှစ်များကို တစ်ပိဿာလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ပိဿာ ချိန် (၅၀၀၀၀၀) အား ရန်ကုန်မှ တဆင့် ပြည်ပသို့တင်ပို့သည့်အပြင် နေပြည်တော်၌ မျှစ်ခြောက် ပြုလုပ်၍လည်း မျှစ်ခြောက်များအား ပြည်ပသို့တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်သူလယ်သမားများ မြေဆီလွှာအရည်အသွေးကို စစ်ဆေးနိုင်မည့် မိုဘိုင်းအက်ပ်ကို မကြာမီ ထုတ်လုပ်မည်ဟု Shivraj Singh Chouhan ပြောကြား

         အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုစိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan သည် အစိုးရအနေဖြင့် တောင်သူလယ်သမားများ မြေဆီလွှာအရည်အသွေးကို စစ်ဆေးနိုင်စေရန်အတွက် မိုဘိုင်းအက်ပ်ပလီကေးရှင်းတစ်ခုကို မကြာမီထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး မြေဩဇာများကိုမျှတပြီး သင့်တော်သလို အသုံးပြုရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါသည်။

          ထို့အပြင် ဝန်ကြီးသည် ဓာတုမြေဩဇာများအပေါ်မှီခို အားထားရမှုကို သဘာဝအတိုင်း လျှော့ချနိုင်ရန်အတွက် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးရန်လည်းတိုက်တွန်းခဲ့ပြီး ဟာရီယာနာပြည်နယ်၊ ရီဝါရီခရိုင်၊ ဘာဝယ်မြို့၌ ကျင်းပသည့် “Khet Bachao Abhiyaan” (လယ်ယာမြေ ကယ်တင်ရေးလှုပ်ရှားမှု) ပိတ်ပွဲအခမ်းအနားတွင် ဝန်ကြီးက ဓာတုမြေဩဇာများကို အလွန်အကျွံ သုံးစွဲနေခြင်းအပေါ် စိုးရိမ်းကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တစ်လကြာမြင့်သည့် လှုပ်ရှားမှုကို ဇွန်လ ၁ ရက်နေ့တွင် မာဒရပရာဒက်ရှ်ပြည်နယ်၊ ရိုင်ဆန်ခရိုင်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          လက်ရှိတွင် တောင်သူလယ်သမားများသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ထုတ်ပေးသောမြေဆီလွှာအရည်အသွေး ကတ်ပြားပေါင်း ၂၆ ကုဋေ (သန်း ၂၆၀) ထုတ်ပေးထားပြီးဖြစ်ပြီး ယူရီးယားနှင့် DAP မြေဩဇာများကို အလွန်အကျွံသုံးစွဲခြင်းသည် မြေဆီလွှာကို တဖြည်းဖြည်း ပျက်စီးစေသောကြောင့် ၎င်းတို့အား အလွန်အကျွံသုံးစွဲခြင်းမှုကြောင့် မြေဆီလွှာရဲ့ ကျန်းမာရေးအဟာတ ဖြည်းဖြည်းယိုယွင်းလာကြောင်းပြောကြားပြီး တောင်သူများအား သဘာဝစိုက်ပျိုးရေးစနစ်ကို စမ်းသပ်ကြည့်ရန်တိုက်တွန်းခဲ့ပြီး သဘာဝစိုက်ပျိုးရေးကို စနစ်တကျကျင့်သုံးပါက ထွက်နှုန်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း ပြောကြာခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဟာရီယာနာပြည်နယ် ဝန်ကြီးချုပ် Nayab Singh Saini လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Business Standard                                                                

DOCA(ရန်ကုန်)

မလေးရှားစားအုန်းဆီကဏ္ဍသည် အင်ဒိုနီးရှား၏ စားအုန်းဆီ ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်ရေး ခွင့်ပြုမိန့်မှ အကျိုးဖြစ်ထွန်းနိုင်

       အင်ဒိုနီးရှား၏ စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ် ရေး လုပ်ပိုင်ခွင့်ပြုမိန့်အသစ်က ရွေးချယ်ထားသည့်နေရာများတွင် ပို့ကုန်စျေးကွက်ဝေစုကို ချဲ့ထွင်ပြီး လက်ရှိစားအုန်းဆီဈေးကွက်ကို အားကောင်းလာစေရန် မလေးရှားအတွက် အခွင့်အလမ်း တစ်ရပ် ဖြစ်ကြောင်း မလေးရှားစားအုန်းဆီကောင်စီ (MPOC)မှ အမှုဆောင်အရာရှိချုပ် Ms. Belvinder Sron က ပြောကြားခဲ့ကြောင်း သိရသည်။

       အင်ဒိုနီးရှား၏ B50 မူဝါဒပြဋ္ဌာန်းပြီးနောက် တင်ပို့နိုင်သော စားအုန်းဆီပမာဏ လျှော့ချ ခြင်းမှ မလေးရှားအနေဖြင့် အကျိုးအမြတ်ရရှိရန် စီစဉ်နေကြောင်း၊ အင်ဒိုနီးရှားသည် စားအုန်းဆီ များကို ပြည်တွင်းစားသုံးမှုဆီသို့ လမ်းကြောင်းပြောင်းအသုံးပြုဖွယ်ရှိကြောင်း အမှုဆောင်အရာရှိချုပ် Belvinder က ပြောကြားခဲ့သည်။

       မလေးရှားသည်ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ စားအုန်းဆီတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းခန့်တွင် အင်ဒိုနီးရှားနှင့်အတူ ယုံကြည်စိတ်ချရသော စားအုန်းဆီထောက်ပံ့မှုရရှိရန် တင်သွင်းသူများအတွက် သဘာဝအရ ရွေးချယ်စရာ အရင်းအမြစ် ဖြစ်သည်။

       သို့သော် ယခုအကျိုးကျေးဇူး၏အတိုင်းအတာသည် စျေးကွက်အချက်များစွာပေါ်တွင် မူတည်ပါကြောင်း၊ စားအုန်းဆီကမ္ဘာ့ဝယ်လိုအားသည် အင်ဒိုနီးရှားပြည်ပတင်ပို့နိုင်မှုတွင်သာမက ပြိုင်ဘက် ဟင်းသီးဟင်းရွက်ဆီများ အထူးသဖြင့် ပဲပုပ်ဆီ၏ရောင်းလိုအားနှင့် ဈေးနှုန်းယှဉ်ပြိုင် နိုင်မှုတို့ကြောင့်လည်း သက်ရောက်မှုရှိကြောင်း Belvinder က Bernama သို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

       B50 အစီအစဉ်သည် နှစ်စဉ် စားအုန်းဆီ တန်ချိန် ၃ သန်းခန့် ထပ်မံလိုအပ်မည်ဖြစ်ပြီး ဇီဝဒီဇယ်ဆီအတွက် စားအုန်းဆီ လိုအပ်ချက် တန်ချိန် ၁၆ သန်းခန့် တိုးလာကာ စုစုပေါင်း ပြည်တွင်း စားသုံးမှု တန်ချိန် ၂၆ သန်းအထိ တိုးလာမည်ဟု Belvinder က ပြောကြားခဲ့သည်။ အဆိုပါစားအုန်းဆီလိုအပ်ချက်ပမာဏသည် အင်ဒိုနီးရှား၏ ၂၀၂၅ ခုနှစ် စားအုန်းဆီ ထုတ်လုပ် မှု၏ ၅၂ %နှင့် ညီမျှသည်။
       အင်ဒိုနီးရှားသည် ပြည်တွင်းစားအုန်းဆီလိုအပ်ချက်က ထုတ်လုပ်မှု၏ ၅၂ % ဖြစ်သည့် အတွက် ၄၈ % ကို ပြည်ပသို့ တင်ပို့ရန် ချန်ထားခဲ့ပါလိမ့်မည်ဖြစ်ကြောင်း၊ ယင်းသည် အင်ဒိုနီးရှား ၏ ဇီဝဒီဇယ်ဆီ B20 ထုတ်လုပ်ခွင့်ပြုခဲ့သည့် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အင်ဒိုနီးရှားအနေအဖြင့် နှစ်စဉ် စားအုန်းဆီထုတ်လုပ်မှု၏ ၆၈ %ခန့်ကို တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။
      ယခုကဲ့သို့ အင်ဒိုနီးရှား၏ ဇီဝဒီဇယ်ဆီ တိုးမြှင့်ထုတ်လုပ်ရေးအပြောင်းအလဲအစီအစဉ်က ကမ္ဘာ့ကုန်သွယ်ရေးတွင်ထင်ဟပ်နေကြောင်း၊ စားအုန်းဆီသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆီနှင့် အဆီကုန်သွယ်မှု၏ ၅၆ %ခန့် ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်တွင် ၄၉ % အထိ ကျဆင်း သွားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
       အစီရင်ခံစာများအရ အင်ဒိုနီးရှား၏ B50 ဇီဝဒီဇယ်ဆီလုပ်ပိုင်ခွင့်အသစ်သည် ဇူလိုင် ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး ယခင်က စားအုန်းဆီ အချိုးအစား ၄၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ ကို ယခုအခါ စားအုန်းဆီ ၅၀ %ထိပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။ အင်ဒိုနီးရှားတွင် စားအုန်းဆီသည် ပြည်တွင်းဈေးကွက်အတွက် ပိုမိုလိုအပ်နိုင်မည်ဖြစ်၍ တင်ပို့နိုင်သော ပမာဏကို လျှော့ချနိုင်သောကြောင့် ဇီဝဒီဇယ်ဆီ တိုးမြှင့်ထုတ်လုပ်ရေး ခွင့်ပြုမိန့် က စားအုန်းဆီကြမ်း (CPO) စျေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း Belvinder က မှတ်ချက်ပြုပြောကြားခဲ့သည်။ စားအုန်းဆီကြမ်းစျေးနှုန်းများက အဓိကအားဖြင့် ကမ္ဘာ့ရောင်းလိုအား၊ ဝယ်လိုအားအပေါ် ဆက်လက် လွှမ်းမိုးနေဦးမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
       အဆင့်မြင့်စားသုံးဆီ(ပဲပုပ်ဆီ၊ နေကြာဆီ) ရရှိနိုင်မှုနှင့် ဈေးနှုန်းစွမ်းဆောင်ရည်၊ စက်သုံး ဆီစျေးနှုန်းများ၊ ပထဝီဝင်နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုမူဝါဒများ အပြောင်းအလဲများ ကလည်း ရေရှည်ကာလ စားအုန်းဆီ စျေးနှုန်းအလားအလာကို ပုံဖော်ပေးလျက်ရှိသည်။ အင်ဒိုနီးရှား တွင် တင်းကျပ်သော စားအုန်းဆီထောက်ပံ့မှုအလားအလာနှင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှု ဆိုးကျိုးအန္တရာယ် တိုးပွားလာခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်၏ ဒုတိယနှစ်ဝက်အတွက် စားအုန်းဆီ ကြမ်း ဈေးနှုန်းသည် တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၃၀၀ မှ ၄၇၀၀ ရင်းဂစ်အထိ ဖြစ်ပေါ်နိုင် ကြောင်း ခန့်မှန်းထားသည်ဟု Belvinder ကပြောကြားခဲ့သည်။
       မည်သို့ပင်ဆိုစေကာမူ တရုတ်နှင့် အိန္ဒိယတို့ကဲ့သို့ အဓိကတင်သွင်းသည့်ဈေးကွက်များ တွင် စားသုံးဆီသိုလှောင်မှု တိုးမြှင့်ထားရှိမည်ဆိုပါက စားအုန်းဆီကြမ်းစျေးနှုန်းများ မြင့်တက်လာ နိုင်ကြောင်း သိရှိရသည်။ ရေနံဈေးနှုန်းက စားအုန်းဆီဈေးနှုန်းအောက် ကျဆင်းသွားသည့်အတွက် ဇီဝဒီဇယ်ဆီ စီးပွားရေးကလည်း အထောက်အကူနည်းလာပါသည်ဟု မလေးရှားစားအုန်းဆီ ကောင်စီ (MPOC)မှ အမှုဆောင်အရာရှိချုပ် Ms. Belvinder Sron က ဆက်လက်ပြောကြားလိုက် ကြောင်း Bernama သတင်းဌာန၏ ဖော်ပြချက်များအရ သိရှိရသည်။

Source: Bernama, 13 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့ပထမဆုံး B50 Biodiesel အစီအစဉ်ကို စတင်အကောင်အထည်ဖော်

   အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ (Palm Oil) ၅၀ ရာခိုင်နှုန်း ရောစပ်အသုံးပြုမည့် ဇီဝ ဒီဇယ်ဆီ (B50) အစီအစဉ်ကို တရားဝင်စတင် အကောင်အထည်ဖော်လိုက်သည်။ ယင်းအစီအစဉ် ၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏ စွမ်းအင်ဖူလုံမှုကို မြှင့်တင်ရန်နှင့် တင်သွင်းရသည့် ဒီဇယ်ဆီအပေါ် မှီခို အားထားမှုကို လျှော့ချရန်အတွက် ဖြစ်ကြောင်း သိရသည်။

    ကြာသပတေးနေ့တွင် သမ္မတ Prabowo Subianto သည် အနောက်ဂျာဗားပြည်နယ်၊ Karawang မြို့၌ B50 Biodiesel မူဝါဒကို စတင်ဖွင့်လှစ်ကြေညာခဲ့ပြီး အင်ဒိုနီးရှားသည် ယင်း စံနှုန်းကို အပြည့်အဝ အကောင်အထည်ဖော်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ဖြစ်လာခဲ့သည်။ စက်သုံးဆီဆိုင်များရှိ ယာဉ်မောင်းအများစုက အဆိုပါအစီအစဉ်ကို ထောက်ခံကြသော်လည်း ဒီဇယ် ဈေးနှုန်း မြင့်တက်လာနိုင်ခြေအပေါ် စိုးရိမ်မှုများလည်း ရှိနေဆဲဖြစ်သည်။

    အင်ဒိုနီးရှားသည် ကမ္ဘာတွင် စားအုန်းဆီ (Palm Oil) အဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် လောင်စာရောစပ်အသုံးပြုရေး မူဝါဒကို စတင်ကျင့်သုံးခဲ့ပြီးနောက် B2.5 B30 နှင့် B40 စံနှုန်းများကို အဆင့်လိုက် အကောင်အထည်ဖော်ခဲ့သည်။ စွမ်းအင်နှင့် သဘာဝ သယံဇာတ ဝန်ကြီးဌာန၏ အချက်အလက်များအရ ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရန် အသုံးပြုသည့် စားအုန်းဆီ ပမာဏသည် ယခင်နှစ်က တန်ချိန် ၁၅.၂ သန်း ရှိခဲ့ရာမှ B50 စနစ်အောက်တွင် ၁၆.၃ မှ ၁၇ သန်း တန်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

   ကျွမ်းကျင်သူများက B50 မူဝါဒကြောင့် စားအုန်းဆီလိုအပ်ချက် မြင့်တက်လာမည်ဖြစ်သဖြင့် စားအုန်းဆီဈေးနှုန်းများသည် အင်ဒိုနီးရှားနိုင်ငံအတွင်းသာမက နိုင်ငံတကာဈေးကွက်တွင်ပါ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။

    အင်ဒိုနီးရှား၏ Center of Reform on Economics (CORE) မှ သုတေသီ Dipo Satria Ramli က B50 စနစ်ကြောင့် စားအုန်းဆီလိုအပ်ချက်မှာ အလွန်မြင့်မားလာမည်ဖြစ်ကြောင်း၊ ရောစပ်နှုန်းကလည်း ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရှိရသည်။ ထို့အပြင် အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်သဖြင့် အပူချိန်မြင့်တက်လာပြီး  တောမီးလောင် ကျွမ်းနိုင်ခြေ ပိုများနိုင်သဖြင့် စားအုန်းဆီထုတ်လုပ်မှုကို ထိခိုက်စေပြီး ထောက်ပံ့မှုပမာဏ လျော့ကျ စေနိုင်ပါသည်။ ထိုကြောင့် အင်ဒိုနီးရှားတွင်သာမက နိုင်ငံတကာဈေးကွက်အထိပါ စားအုန်းဆီ ဈေးနှုန်းများ သေချာပေါက်မြင့်တက်လာနိုင်မည်ဟု ထင်မြင်ကြောင်း အဆိုပါသုတေသီက ပြောကြား ခဲ့သည်။

      ဈေးနှုန်းမြင့်တက်လာနိုင်ခြေအပြင် B50 အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် ထောက်ပံ့ရေးကွင်းဆက် (Supply Chain) တစ်လျှောက် စိန်ခေါ်မှုများလည်း ပိုမိုကြီးမားလာမည် ဟု ကျွမ်းကျင်သူများက ဆိုသည်။ လက်ရှိတွင် အင်ဒိုနီးရှား၌ မီသနော (Methanol) ထောက်ပံ့မှု၊ လောင်စာသိုလှောင်ရေးစနစ်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံများတွင် လိုအပ် ချက်များ ရှိနေသေးသဖြင့် B50 အစီအစဉ်ကို ရေရှည်အောင်မြင်စွာ ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။

Source:    Bastillepost, 12 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စိုက်ပျိုးဧရိယာလျော့နည်းမှုနှင့် ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုကြောင့် အိန္ဒိယဝါဂွမ်းဈေးနှုန်းများ မြင့်တက်လာ

   ကမ္ဘာ့ဝါဂွမ်းဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ ထို့အပြင် မိုးရွာသွန်းမှု မလုံလောက်ခြင်းကြောင့် စိုက်ပျိုးဧရိယာ လျော့နည်း လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် ချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၇၉.၅၄ သိန်းသာ ရှိပြီး ယခင်နှစ်က ၉၃.၉၅ သိန်းဟက်တာနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

    အိန္ဒိယ ဝါဂွမ်းကော်ပိုရေးရှင်း (Cotton Corporation of India – CCI) သည် စက်ရုံများနှင့် ကုန်သည်များဘက်မှ ဝယ်လိုအားကောင်းနေခြင်းကြောင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ၁ ကန်ဒီ (၃၅၆ ကီလိုဂရမ်) လျှင် ရူပီး ၈၀၀ တိုးမြှင့် သတ်မှတ်ခဲ့သည်။

     ရိုင်ချူးမြို့ရှိ ဝါဂွမ်းဝယ်ယူရေးကိုယ်စားလှယ် Ramanuj Das Boob က ဈေးကွက်အတွင်း ရောင်းလိုအားအခြေအနေကြပ်တည်းနေပြီး နယူးယောက် ICE Futures ဈေးကွက်ရှိ ဝါဂွမ်း ဈေးနှုန်းများသည် တစ်ပေါင်လျှင် ၇၅–၇၆ ဆင့်မှ ၈၁–၈၂ ဆင့်အထိ မြင့်တက်လာခဲ့ကြောင်း၊  မုတ်သုံမိုးနောက်ကျနေခြင်းကြောင့် လာမည့်ဝါဂွမ်းသီးနှံအပေါ် မသေချာမရေရာမှုများက ဈေးကွက် ကို လှုပ်ရှားစေကြောင်း ပြောကြားခဲ့သည်။

    အိန္ဒိယ ဝါဂွမ်းကော်ပိုရေးရှင်း၏ ရောင်းချမှုများမှာလည်း ဝယ်လိုအားကောင်းနေသဖြင့် တနင်္လာနေ့တွင် ဝါဂွမ်းအထုပ် Bales ၁.၂ သိန်းကျော်(၂၀၄၀၀ မက်ထရစ်တန်) နှင့် အင်္ဂါနေ့တွင် Bales ၁.၅ သိန်း(၂၅၅၀၀ မက်ထရစ်တန်) ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။

Source : The Hindu BusinessLine, 15 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆-၂၀၂၇ ခုနှစ် အတွက် အိန္ဒိယတွင် ကော်ဖီ တန်ချိန် ၄.၀၄ သန်း ထွက်ရှိမည်ဟုမျှော်မှန်း

     ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ထွက်ရှိခဲ့သည့် အထွက်နှုန်းတန်ချိန် ၃.၇၃ သိန်းထက် ၈ ရာခိုင်နှုန်း မြင့်တက်ကာ အောက်တိုဘာလမှစတင်၍ ၂၀၂၆-၂၀၂၇ သီးနှံရာသီတွင် ကော်ဖီတန်ချိန် ၄.၀၄ သိန်း ထွက်ရှိရန်မျှော်မှန်းထားကြောင်း ကော်ဖီဘုတ်အဖွဲ့က ခန့်မှန်းထားပါသည်။ မိုးကြိုမိုးရွာသွန်းမှုနှင့် အစောပိုင်းသီးနှံစိုက်ဧကတို့အရ ဖူးပွင့်ချိန်ပေါ်မူတည်၍ ဘုတ်အဖွဲ့က ပထမအကြိမ် အထွက်နှုန်း ကို ခန့်မှန်းထားခြင်းဖြစ်ကြောင်းသိရသည်။  နောက်ဆုံးအထွက်နှုန်းသည် ကနဦးခန့်မှန်းချက်ထက် လျော့နည်းနိုင်ကြောင်းဖော်ပြထားသည်။

     ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကော်ဖီတန်ချိန် ၄.၀၃ သိန်း ထွက်ရှိမည်ဟု ဘုတ်အဖွဲ့က ကနဦး ခန့်မှန်းခဲ့သော်လည်း နောက်ဆုံးခန့်မှန်းချက်အရ တန်ချိန် ၃.၃၇ သိန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။ မနှစ်ကနောက်ဆုံးအထွက်နှုန်းခန့်မှန်းချက် ၁.၁၁ သိန်း ထက်ကျော်လွန်ကာ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် အာရေဗီကာကော်ဖီတန်ချိန် ၁.၂ သိန်း ခန့်ထွက်ရှိမည်ဟုခန့်မှန်းထားပြီး ရိုဘတ်စတာ ကော်ဖီ အထွက်နှုန်းမှာ တန်ချိန် ၂.၂၆ သိန်း ထက်ကျော်လွန်ကာ တန်ချိန် ၂.၈၄ သိန်း ထွက်ရှိမည် ဟု ခန့်မှန်းထားကြောင်းသိရသည်။

     Kodagu၊ Chikkamagaluru နှင့် Hassan စသည့် ပြည်နယ်များတွင် ကော်ဖီအထွက်နှုန်း မြင့်တက်နိုင်ကြောင်းခန့်မှန်းချက်နှင့်အတူ အိန္ဒိယ၏ ကော်ဖီစိုက်ပျိုးမှုအများဆုံး စိုက်ပျိုးသော ပြည်နယ်ဖြစ်သည့် Karnataka ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်ကထွက်ရှိခဲ့သည့် တန်ချိန် ၂.၅၆ သိန်း ထက်‌ ကျော်လွန်ကာ တန်ချိန် ၂.၇၉ သိန်း ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း သိရသည်။ ပြည်နယ် အတွင်း အာရေဗီကာတန်ချိန် ၈၄၀၁၅ ထွက်ရှိမည်ဟုခန့်မှန်းထားပြီး၊ ရိုဘတ်စတာတန်ချိန် ၁.၉၅ သိန်း ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်းသိရသည်။

Source :The Hindu BusinessLine, 15 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သရက်သီးထုတ်လုပ်မှုထိပ်တန်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် သရက်သီး တင်သွင်း နေရမှုအခြေအနေ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့သရက်သီးထုတ်လုပ်သူနိုင်ငံများတွင် သတ္တမအဆင့်နေရာ တွင်ရှိပြီး ပြည်တွင်းဈေးကွက်အတွက် နှစ်စဉ် တာကာငွေ ကုဋေ ၁၃,၀၀၀ မှ ၁၄,၀၀၀ တန်ဖိုးရှိ သရက်သီးတန်ချိန် ၂၄ သိန်း မှ ၂၆ သိန်းအထိ ထုတ်လုပ်လျက်ရှိကြောင်း၊ သို့သော်လည်း ဝင်ငွေမြင့် စားသုံးသူများမှ တစ်နှစ်ပတ်လုံး စားသုံးလို၍ ၎င်းတို့၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် သရက်သီး များကို ပုံမှန်တင်သွင်းနေရဆဲဖြစ်ကြောင်း သိရှိရသည်။

     ပြည်ပမှ တင်သွင်းသော သရက်သီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူကုံထံများ နေထိုင်ရာ မြို့များရှိ စားသောက်ကုန်ဈေးများနှင့် စတိုးဆိုင်ကြီးများရှိ သစ်သီးဆိုင်များတွင် အမြဲမပြတ်တွေ့ မြင်နိုင်ပြီး တစ်နှစ်ပတ်လုံး တန်ဖိုးမြင့်ဈေးနှုန်းများဖြင့်ပင် ဝယ်ယူစားသုံးလိုသော ဝင်ငွေမြင့် ဝယ်ယူ သူများကို အဓိကဦးတည်ရောင်းချခြင်းဖြစ်သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဒေသထွက် သရက် သီးများသည် အရသာတွင် ပြိုင်ဘက်ကင်းသဖြင့် ပြည်တွင်းသရက်သီးရာသီအတွင်း ပြည်ပမှ တင်သွင်းလာသော သရက်သီးများ၏ဝယ်လိုအားမှာ သိသိသာသာကျဆင်းသွားကြောင်း ကုန်သည် များ၏ ပြောကြားချက်အရ သိရှိရပါသည်။

    ဘင်္ဂလားဒေ့ရှ်ဘဏ် (Bangladesh Bank) ၏အချက်အလက်များအရ သရက်သီး တင်သွင်း မှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (FY21) တွင် ၃၈.၃ တန်ရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (FY22) တွင် ၁,၃၄၃ တန်အထိ သိသိသာသာ မြင့်တက်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (FY23) တွင် ၁၄၁ တန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (FY24) တွင် ၁၅.၂၉ တန် နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (FY25) တွင် ၄.၈၇ တန်အထိ ပြန်လည်ကျဆင်းသွားခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (FY26) ကာလ အတွင်းတွင်မူ တင်သွင်းမှုသည် ၃၇.၀၅ တန်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုင်း၊ အီဂျစ်၊ အိန္ဒိယ၊ ကင်ညာ၊ နယ်သာလန်၊ မြန်မာ၊ ယူကေနှင့် ဩစတြေးလျအပါအဝင် အခြားနိုင်ငံအများအပြားထံမှ သရက်သီးများ တင်သွင်းပါကြောင်း၊ သို့သော် လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်မူ ထိုင်း၊ အိန္ဒိယနှင့် အခြားနိုင်ငံအနည်းငယ်များမှသာ တင်သွင်း ကြောင်း သိရှိရပါသည်။       

     သရက်သီးတင်သွင်းသည့်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ ယခင်နှစ်များတွင် ကုန်ကျ စရိတ်သက်သာသောကြောင့် တင်သွင်းမှုပမာဏ မြင့်မားခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကသွင်းကုန်ခွန် သည် တစ်ကီလိုဂရမ်လျှင် ၄၅ တာကာ ဝန်းကျင်သာရှိပြီး လေကြောင်းသယ်ယူပို့ဆောင်ခမှာ တစ်ကီလိုဂရမ်လျှင် ၇၀ တာကာ မှ ၈၀ တာကာဝန်းကျင်သာ ရှိခဲ့ကြောင်း၊ လက်ရှိတွင် သွင်းကုန်ခွန် မှာ တစ်ကီလိုဂရမ်လျှင် ၅၀၀ တာကာ ဝန်းကျင်အထိ မြင့်တက်လာပြီး လေကြောင်းသယ်ယူ ပို့ဆောင်ခမှာလည်း တစ်ကီလိုဂရမ်လျှင် ၃၀၀ တာကာ ဝန်းကျင်အထိ ရှိလာသောကြောင့် သုံးစွဲသူ များအနေဖြင့် မြင့်မားသောဈေးနှုန်းများကို မတတ်နိုင်ပါသဖြင့် တင်သွင်းမှုပမာဏ လျော့နည်း သွားခြင်းဖြစ်ကြောင်း၊ နှိုင်းယှဉ်ချက်အရ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နှင့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံများသည် စားသောက်ကုန် တင်သွင်းမှုအပေါ် အခွန် ၅ ရာခိုင်နှုန်းခန့်သာ စည်းကြပ်ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အခွန်နှုန်းထားများ လျှော့ချပေးမည်ဆိုပါက စပျစ်သီး၊ ပန်းသီးနှင့် လိမ္မော်သီး (Malta) အစရှိသည့် သစ်သီးဝလံများကို ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ဝင်ငွေမြင့်မားသည့် စားသုံးသူ များသာ တင်သွင်းထားသော သရက်သီးများကို ဝယ်ယူစားသုံးနိုင်ပြီး ဝယ်လိုအားမှာ အဓိကအားဖြင့် အချိုဓာတ်အပေါ် မူတည်နေကြောင်း၊ ထိုင်းနိုင်ငံထုတ်သရက်ချိုသီး (Thai Sweet Mango) မှာ ဝယ်လိုအား အများဆုံးမျိုးစိတ် ဖြစ်နေဆဲဖြစ်ကြောင်း  သိရှိရပါသည်။

     ဒါကာမြို့ရှိ ယူနီမတ် (Unimart) မှ အရောင်းကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ  ပြည်တွင်းသရက်သီးရာသီ စတင်သည်နှင့်တစ်ပြိုင်နက် ပြည်ပမှ တင်သွင်းသည့်သရက်သီး ဝယ်လို အား ကျဆင်းသွားသဖြင့် တင်သွင်းမှုကို လျှော့ချရပြီး ပြည်တွင်းရာသီကုန်ဆုံးချိန်မှသာ ဝယ်လိုအား ပြန်လည်မြင့်တက်လာလေ့ရှိကြောင်း၊  ဩစတြေးလျနိုင်ငံထုတ် R2E2 သရက်သီး၊ အိန္ဒိယနိုင်ငံ ထုတ် ကာတီမွန် (Katimon) သရက်သီး၊ ထိုင်းနိုင်ငံထုတ် ငှက်ပျောသရက်သီး (Banana Mango) နှင့် အခြားမျိုးစိတ် အနည်းငယ်မှာ ဝယ်လိုအား ပိုမိုမြင့်မားကြောင်းနှင့် ၎င်းတို့အပြင် နယ်သာလန် နိုင်ငံမှလည်း သရက်သီးများ တင်သွင်းပါကြောင်း၊ R2E2 သရက်သီးကို တစ်ကီလိုဂရမ်လျှင် တာကာ ၁,၅၀၀ မှ ၁,၆၀၀ ဖြင့် ရောင်းချပြီး၊ ကာတီမွန်သရက်သီးကိုမူ တစ်ကီလိုဂရမ်လျှင် တာကာ ၂၅၀ ဖြင့် ရောင်းချပါကြောင်း၊ အဆိုပါ သရက်သီးများသည် တစ်နှစ်ပတ်လုံး ဝယ်လိုအားရှိသော်လည်း ရာမဒန် (Ramadan) ဥပုသ်လအတွင်းတွင် ဝယ်လိုအား ပိုမိုမြင့်မားကြောင်းနှင့် ရာမဒန်လအတွင်း သရက်သီး မျိုးစုံ၏ ဝယ်လိုအားမှာ အမြင့်ဆုံးသို့ ရောက်ရှိလေ့ရှိကြောင်း သိရှိရ ပါသည်။

     Gulshan-2 kitchen market မှ သစ်သီးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ ထိုင်း နိုင်ငံထုတ် ဂျမ်ဘို (Jamboo)၊ ချယ်ရီသရက်သီး (Cherry Mango) နှင့် သရက်ချိုသီး (Sweet Mango) များမှာ ဝယ်လိုအားမြင့်မားကြောင်းနှင့် ပြည်ပမှာ တင်သွင်းသောသရက်သီးများအား ဝယ်ယူသူများမှာ အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် လစာကောင်းသော အရာရှိများ ဖြစ်ကြပြီး တစ်ပတ်လျှင် သရက်သီး ကီလိုဂရမ် ၂၀၀ မှ ၃၀၀ ခန့် ရောင်းချရကြောင်း သိရှိရပါသည်။

    ချာပိုင်နာဝပ်ဂန့်ခရိုင်(Chapainawabganj) ရှိ ဒေသဆိုင်ရာ ဥယျာဉ်ခြံသီးနှံ သုတေသန ဗဟိုဌာန (Regional Horticulture Research Centre) မှ အရာရှိချုပ် Md Sorof Uddin က တင်သွင်းလာသည့် သရက်သီးများသည် ပြည်တွင်းသရက်သီး မပေါ်သည့်ရာသီ (off-season) တွင် စားသုံးသူများ၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် သရက်သီးများ၏ အရသာနှင့် အရည်အသွေးကို မယှဉ်နိုင်ကြောင်း၊ စားသုံးသူများသည် ပြည်တွင်းသရက်သီးများ မရရှိနိုင်သည့်အတွက်ကြောင့်သာ တင်သွင်း သရက်သီးများကို ဝယ်ယူလေ့ရှိကြပြီး အရသာထက် အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းကို ပိုမိုဦးစားပေးကြခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Source: The Daily Star, 13 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်၌ ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု တန်ချိန် ၆၃၀၀၀၀ ကို ကျော်လွန်

   ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမနှစ်ဝက်တွင် ပြည်ပဈေးကွက်များသို့ ဆန်တန်ချိန် ၆၃၀,၃၁၉ တင်ပို့ခဲ့ပြီး ယင်းသည် ယခင်နှစ်ကာလတူတင်ပို့မှု တန်ချိန် ၃၈၇,၀၇၀ နှင့်နှိုင်းယှဉ်ပါက တစ်နှစ်ထက်တစ်နှစ် ၆၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) ၏ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရ သိရသည်။

    အဆိုပါ ကုန်စည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၇ သန်းကျော် ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း ရရှိခဲ့သော ဒေါ်လာ ၂၈၃ သန်းထက် ၂၉ ဒသမ ၅ ရာခိုင်နှုန်း ပိုမို တိုးတက် လာခဲ့သည်။ ၎င်းဆန်များကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊ တရုတ်နှင့် ဥရောပ သမဂ္ဂ (EU) အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၆၄ ခုသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။

   အာဆီယံနိုင်ငံများသည် ကမ္ဘောဒီးယားဆန် စုစုပေါင်းတင်ပို့မှု၏ ၃၃ ရာခိုင်နှုန်း (သို့မဟုတ်) တန်ချိန် ၂၀၈,၅၉၃ ကို တင်သွင်းခဲ့ပြီး တရုတ်နိုင်ငံသို့မူ စုစုပေါင်း၏ ၂၅ ဒသမ ၇ ရာခိုင်နှုန်းရှိသည့် တန်ချိန် ၁၆၂,၁၂၅ တင်ပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂ (EU) နိုင်ငံများက စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း (သို့မဟုတ်) တန်ချိန် ၁၅၄,၂၅၄ တင်သွင်းခဲ့ပြီး ကျန် တန်ချိန် ၄၃,၉၄၀ ကို အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူး ဇီလန်နိုင်ငံများအပါအဝင် အခြားသော နိုင်ငံများသို့ တင်ပို့ခဲ့သည်။

   CRF ဥက္ကဋ္ဌ Lay Chhun Hour  က ကမ္ဘောဒီးယားဆန်အပေါ် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လို အား တိုးမြင့်လာခြင်းကြောင့် ယခုကဲ့သို့ ထူးခြားသော တိုးတက်မှု ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ဆန်တန်ဖိုးမြှင့် ထုတ်လုပ်မှု (downstream processing) ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရန် သင့်လျော်မှုကိုလည်း ထပ်မံအလေးပေး ပြောကြားခဲ့သည်။

    ပို့ကုန်အရှိန်အဟုန်အားကောင်းစေရန် တွန်းအားပေးနေသည့် အဓိကအချက်မှာ  ကမ္ဘောဒီးယား၌ ပြည်တွင်းစားသုံးမှုအပြင် ပြုပြင်ထုတ်လုပ်ရန်နှင့် ပြည်ပတင်ပို့ရန်အတွက် ဆန် ပိုလျှံမှု အမြောက်အမြားရှိနေခြင်းကြောင့်ဖြစ်ပြီး တစ်ဖက်တွင်လည်း ပြည်ပဈေးကွက်ဖြစ်သည့် ဖိလစ်ပိုင်၊ တရုတ်နှင့် အီးယူအုပ်စုကဲ့သို့ ရှိရင်းစွဲဈေးကွက်များတွင် ဝယ်လိုအားအလွန် မြင့်မားနေ ခြင်းကြောင့် ဖြစ်သည် ဟု ၎င်းက Khmer Times သို့ ပြောကြားခဲ့သည်။

    အမွှေးနံ့သာဆန်များသည် ဆန်တင်ပို့မှုကဏ္ဍတွင် ဆက်လက်လွှမ်းမိုးထားပြီး အဆိုပါကာလ အတွင်း စုစုပေါင်းဆန်တင်ပို့မှု၏ ၅၉ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ သည် နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် ရည်မှန်းချက်ကြီးမားစွာ ချမှတ် ထားသည်။

Source:  Khmer Times, 10 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၊ Nagpur မြို့၏ လိမ္မော်သီးတင်ပို့မှု တိုးတက်ရေး အရှိန်မြှင့်

      အိန္ဒိယနိုင်ငံ၏ လိမ္မော်သီးတင်ပို့သည့် လုပ်ငန်းသည် လျင်မြန်စွာ ချဲ့ထွင်လျက်ရှိပြီး Nagpur မြို့ သည် ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ၏ ဗဟိုဌာနအဖြစ် ပေါ်ထွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် နှစ်စဉ်လိမ္မော်သီးတန်ချိန် ၁၀ သန်းခန့် ထုတ်လုပ်ပြီး Maharashtra ပြည်နယ်၏ Vidarbha ဒေသမှာ ထုတ်လုပ်မှုအများဆုံးဖြစ်ကြောင်း၊ Amravati ခရိုင်တစ်ခုတည်းမှ Maharashtra ပြည်နယ်၏ စုစုပေါင်းလိမ္မော်သီးထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး တစ်နှစ်လျှင် တန်ချိန် ၁.၂ သန်းမှ ၁.၅ သန်းအထိ ထုတ်လုပ်ကြောင်း၊ ၎င်း၏နောက်တွင် Nagpur ခရိုင်က ဒုတိယအများဆုံး ထုတ်လုပ်သည့်ခရိုင်ဖြစ်ကြောင်း သိရှိရသည်။

    Nagpur Mandarin ဟုလည်းကောင်း၊ Nagpur Santra ဟုလည်းကောင်း လူသိများသော လိမ္မော်သီးသည် လက်ရှိတွင် ဒူဘိုင်း၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဘူတန်နိုင်ငံများအထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီး ဆော်ဒီအာရေဗျ၊ အမေရိကန်နှင့် ဥရောပဈေးကွက်များတွင်လည်း ဝယ်လိုအား တိုးပွားလျက်ရှိကြောင်း၊ Indo Food Export ကဲ့သို့သော ကုမ္ပဏီများသည် အဆိုပါ လုပ်ငန်းနယ်ပယ်တွင် ရှေ့ဆောင်လုပ်ငန်းရှင်များအဖြစ် ရပ်တည်ကာ နိုင်ငံတကာစံချိန်စံနှုန်းများ နှင့် ကိုက်ညီသော ပိုးသတ်ဆေးကင်းစင်သည့် လိမ္မော်သီးအသစ်များကို ဖြည့်ဆည်းပေးလျက်ရှိ ကြောင်း သိရှိရသည်။

    Nagpur မြို့ရှိ လိမ္မော်သီးများကို အဓိကသုတေသနပြုလုပ်သော အဖွဲ့အစည်းဖြစ်သည့် Central Citrus Research Institute သည် အလေးချိန် တစ်ကီလိုဂရမ်ကျော်ရှိသော လိမ္မော်မျိုး ကွဲတစ်ခုကို တီထွင်ထုတ်လုပ်ထားပြီး ဖျော်ရည်ညှစ်ထုတ်ရန်အတွက် သင့်လျော်ကာ တောင်သူ များ၏ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အစိုးရအနေဖြင့်လည်း စက်ရေသွင်းစနစ် တပ်ဆင်မှုအတွက် ထောက်ပံ့ ကြေးများဖြင့် တောင်သူများကို ပံ့ပိုးကူညီလျက်ရှိကြောင်း သိရှိရသည်။

     အဆိုပါဒေသရှိ အဓိကပြုပြင်ဆောင်ရွက်သည့် အခြေခံအဆောက်အဦများတွင် Nagpur မြို့ရှိ ဘက်စုံသယ်ယူပို့ဆောင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ဗဟိုဌာနနှင့် လေဆိပ် ဖြစ် သည့် MIHAN ၌ Patanjali Mega Food Park ပါဝင်ပြီး ၎င်းသည် စွန့်ပစ်ပစ္စည်းကင်းစင်သည့်ပုံစံ ဖြင့် တစ်နေ့လျှင် သစ်သီးတန်ချိန် ၈၀၀ အထိ ပြုပြင်နိုင်စွမ်းရှိပြီး Hingna MIDC ရှိ NOGA စက်ရုံ သည် တစ်နှစ်လျှင် မက်ထရစ်တန် ၃,၅၀၀ ပြုပြင်ကာ သစ်သီးဖျော်ရည်မှုန့်၊ ဖျော်ရည်၊ ယိုနှင့် သစ်သီးမှုန့်များကို ထုတ်လုပ်ကြောင်း၊ အဆိုပါစက်ရုံများသည် တစ်နည်းနည်းဖြင့် အလဟဿ ဖြစ်သွားနိုင်သော အဆင့် ၃ နှင့် ၄ ရှိသော လိမ္မော်သီးများကို ဖျော်ရည်နှင့် လိမ္မော်ဖျော်ရည်ဆီ ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်စေကြောင်း၊ Vidarbha ဒေသရှိ လိမ္မော်စိုက်ပျိုးသူများအတွက် အနီးဆုံး တင်ပို့နိုင်သော စက်ရုံမှာ Nagpur လေဆိပ်တွင်မဟုတ်ပဲ မွမ်ဘိုင်းမြို့တွင် တည်ရှိသော ကြောင့် သယ်ယူပို့ဆောင်ရေးမှာ အကန့်အသတ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရ သည်။

Source: Thelivenagpur.com, 10 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆီနီဂေါနိုင်ငံ၌ ဆန်တင်သွင်းမှုကို အစိုးရက တစ်လဆိုင်းငံ့

       ဆီနီဂေါနိုင်ငံတွင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဆန်လုပ်ငန်းနယ်ပယ်၌ ပါဝင် လုပ်ကိုင်နေသူများနှင့် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့အပြီးတွင် ဆန်အတွက် စားသောက်ကုန် တင်သွင်းမှုဆိုင်ရာ သွင်းကုန်ကြေညာလွှာများ ထုတ်ပေးခြင်းကို ဇူလိုင် ၈ ရက်နေ့မှစတင်၍ တစ်လ ဆိုင်းငံ့လိုက်ကြောင်း သိရှိရသည်။

       အဆိုပါအစီအစဉ်သည် ပြည်တွင်းဈေးကွက်အပေါ် သွင်းကုန်မှ ဖိအားများသက်ရောက်မှုကို လျှော့ချရန်နှင့် ပြည်တွင်းရှိ ဆန်စပါးစိုက်ပျိုးသူများနှင့် ပြုပြင်ထုတ်လုပ်သူများအတွက် ၎င်းတို့၏ ထုတ်ကုန်ရောင်းချနိုင်မည့် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်ကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြကြသည်။ ဆီနီဂေါအစိုးရသည် ထိုကဲ့သို့သော ရည်ရွယ်ချက်ဖြင့် အလားတူ စီမံဆောင်ရွက်မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်လည်း ချမှတ်ဖော်ဆောင်မှုရှိခဲ့သည်။

      ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ပထမအကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် ၉ လအကြာတွင်မှ ထပ်မံ၍ အသစ်တစ်ဖန် ပြန်လည်လုပ်ဆောင်ခြင်းသည် ဤလုပ်ငန်းကဏ္ဍ၌ ဈေးကွက်တင်ရောင်း ချမှုဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ပေါ်ပေါက်လျက်ရှိသည်ကို ထင်ဟပ်လျက်ရှိသည်။ ဆီနီဂေါ မြစ်ဝကျွန်းပေါ်နှင့် Falémé တောင်ကြားဒေသ ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ (SAED) ၏ ခန့်မှန်းချက်များအရ လက်ရှိကာလတွင် ဆန်စက်များလက်ဝယ်၌ ဆန်တန်ချိန် ၃၇၀၀၀ ခန့်ရှိနေ ပြီး သွင်းကုန်ကန့်သတ်ထားရှိမှုသည် ၎င်းကုန်လက်ကျန်များ ရှင်းလင်းရောင်းချမှုကို အထောက် အကူပြုမည်ဖြစ်သည်။

       ဆန်တင်သွင်းမှု ယာယီဆိုင်းငံ့ခြင်း၏ နောက်ကွယ်၌ အစိုးရသည် ဈေးကွက်ကြပ်မတ်မှု စနစ် အသစ်တစ်ခုကို အစပြုဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့်  သွင်းကုန်ခွင့်ပြုချက်အသစ် လက်ခံရရှိခြင်း မရှိမီ ပြည်တွင်း၌ထုတ်လုပ်သော သတ်မှတ်ထားရှိ သည့် ဆန်တန်ချိန်ပမာဏကို ဝယ်ယူထားပြီးဖြစ်ကြောင်း သက်သေပြရန် လိုအပ်မည်ဖြစ်သည်။

       အဆိုပါမူဝါဒသည် ပြည်တွင်း၌ ဈေးကွက်ဝေစု ပမာဏကြီးမားစွာ ရယူထားသည့် အဓိက ကုန်သည်ကြီးများအနေဖြင့် ၎င်းတို့၏ တည်ရှိထားပြီးဖြစ်သော ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်း များတွင် ပြည်တွင်းထွက်ဆန်များကို အပြည့်အဝ ပေါင်းစည်းရယူလုပ်ကိုင်လာစေရန် ဒီဇိုင်းပုံစံ ထုတ်ထားခြင်းဖြစ်သည်။ ယခုအစီအစဉ်သည် ဆီနီဂေါဆန်နှင့် ပြည်ပမှတင်သွင်းသည့်ဆန်တို့ အကြား ယှဉ်ပြိုင်နိုင်စွမ်းကွာဟနေမှုကို ကျဉ်းမြောင်းလာစေပြီး စားသုံးသူများ၏ လိုလားချက် ဖြစ်သော ဈေးနှုန်းသက်သာမှုနှင့် ကျယ်ပြန့်စွာ ကုန်စည်ဝယ်ယူရရှိနိုင်မှုကို ဖြည့်စွမ်းပေးလိမ့်မည် ဟု အစိုးရက မျှော်လင့်ထားသည်။

       ယင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်း၌ထွက်ရှိသော စပါး တစ်ကီလိုဂရမ် လျှင် ဆီနီဂေါနိုင်ငံသုံး ငွေကြေး CFA ၂၈၀ နှုန်းဖြင့် ဝယ်ယူရန် သတ်မှတ်ထားသည်။ ဆန်စက် လုပ်ငန်းရှင်များ အနေဖြင့် ပြုပြင်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိစေရန်နှင့် ပြည်ပမှတင်သွင်း လာသောဆန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်တို့အတွက် စပါးတစ်ကီလိုဂရမ်လျှင် CFA ၅၀ နှုန်းဖြင့် အစိုးရထံမှ ထောက်ပံ့ကြေး ရရှိမည်ဖြစ်သည်။

      အစိုးရ၏ ရည်မှန်းချက်မှာ လက်ရှိကာလ ပြည်တွင်းထုတ်လုပ်မှုမှ ကုန်လက်ကျန် များပြား နေမှုကို လျှော့ချခြင်းထက် ကျော်လွန်မှုရှိပြီး ပြည်တွင်းဈေးကွက်၌ ဆီနီဂေါဆန်များ ကြာရှည်စွာ နေရာရယူနိုင်မည့် စီးပွားရေးပုံစံတစ်ရပ်ကို တည်ထောင်ရန် နည်းလမ်းရှာဖွေလျက်ရှိသည်။ သို့ရာ တွင် ပြည်တွင်းဆန်ဝယ်လိုအား အများစုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ပမှတင်သွင်းခြင်း ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။

      အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်များအရ ၂၀၂၆-၂၀၂၇ ဈေးကွက်တင် ရောင်းဝယ်ရေးနှစ်တွင် ဆီနီဂေါနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၆၇၀၀၀၀ အထိ ရောက်ရှိ နိုင်ကြောင်း၊ ပြည်တွင်း စားသုံးရန် လိုအပ်ချက်မှာ တန်ချိန် ၂.၃၅ သန်းခန့်ရှိနိုင်ကြောင်း၊ ဤအခြေ အနေတွင် ဆီနီဂေါ၏ ဆန်တင်သွင်းမှုသည် ၇.၆၉ ရာခိုင်နှုန်း မြင့်တက်လျက် ဆန်တန်ချိန် ၁.၄ သန်းအထိ ရှိလာနိုင်ကြောင်း သိရှိရသည်။

Source: Ecofin Agency, 10 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ