အိန္ဒိယနိုင်ငံ၏ နေရာဒေသများစွာ၌ မိုးရွာသွန်းမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့ရာ ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီတွင် စိုက်ပျိုးထုတ်လုပ်မှုမှ ပဲမျိုးစုံထွက်ရှိနိုင်မှုမှာ ယခင်နှစ်အောက် လျော့နည်းကျဆင်းမည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုကြောင်း၊ အထူးသဖြင့် မိုးရာသီ၌ စိုက်ပျိုးမှု အများဆုံးဖြစ်သော ပဲစင်းငုံသည် ယခင်နှစ်တွင် တန်ချိန် ၃.၅၆ သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်၌ တန်ချိန် ၃ သန်းမှ ၃.၄ သန်း အတွင်းသာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းလျက်ရှိကြကြောင်း Informist Media သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
အလားတူ မတ်ပဲထုတ်လုပ်မှုသည်လည်း ယခင်နှစ်တွင် တန်ချိန် ၁.၃ သန်းခန့်ရှိခဲ့ရာမှ ၂၀၂၅ မိုးသီးနှံရာသီ၌ တန်ချိန် ၉ သိန်းမှ ၁.၂ သန်း အကြားသို့ လျော့နည်းထွက်ရှိနိုင်ကြောင်း၊ မိုးပဲတီစိမ်း ထုတ်လုပ်မှုမှာ ယခင်နှစ်၌ တန်ချိန် ၁.၇၅ သန်းရှိပြီး ယခုနှစ်တွင် တန်ချိန် ၁ သန်းမှ ၁.၇ သန်း အကြားသို့ ကျဆင်းနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောဆိုထားသည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးမှုဧရိယာ အပြီးသတ်စာရင်းများအရ အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ ပဲစင်းငုံ ဟက်တာ ၄.၆၆ သန်းရှိပြီး ယခင်နှစ် စိုက်ဧရိယာ ဟက်တာ ၄.၆၅ သန်းထက် အနည်းငယ် ပိုမိုခဲ့သည်။ မတ်ပဲစိုက်ဧရိယာသည် ဟက်တာ ၂.၄၄ သန်းဖြင့် ယခင်နှစ် စိုက်ပျိုးမှုထက် ၇ ရာခိုင်နှုန်း ပိုမိုခဲ့သည်။ ပဲတီစိမ်းမှာမူ ယခင်နှစ် စိုက်ပျိုးနိုင်မှု ဟက်တာ ၃.၅၀ သန်း အောက်သို့ အနည်းငယ်လျော့နည်းလျက် ဟက်တာ ၃.၄၉ သန်း စိုက်ပျိုးနိုင်ခဲ့သည်။
အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုရာသီ နောက်ဆုံးအချိန်ကာလ၌ နိုင်ငံတစ်ဝန်းလုံး ရှိ နယ်မြေဒေသအများအပြားတွင် ပြင်းထန်သည့်အဆင့်မှ အလွန်အမင်း ပြင်းထန်သောအဆင့်ရှိ သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ကြုံတွေ့ခဲ့ကြရပြီး အခြေခံအဆောက်အအုံများ ထိခိုက် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ဇွန် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အနောက်တောင်မုတ်သုံရာသီ ကာလအတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်အထက်တွင် ၉၃၇.၂ မီလီမီတာဖြင့် မိုးရေချိန်ရရှိခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ အချက်အလက်များအရ သိရှိရသည်။
မုတ်သုံလေ ပြန်လည်ဆုတ်ခွာမှု ရက်သတ္တနှစ်ပတ်ခန့် ရပ်တန့်နေခဲ့သည့် ကာလအတွင်း နိုင်ငံ၏ နေရာဒေသ အများစု၌ စိုစွတ်သည့်ရာသီဥတု ဖြစ်ပေါ်နေခဲ့ခြင်းက မုတ်သုံရာသီကာလကို တိုးချဲ့ရရှိသည့် အခြေအနေဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် မုတ်သုံဆုတ်ခွာသည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ ကာလ၌ နယ်မြေဒေသများစွာသည် ခြောက်သွေ့သော ရာသီဥတုကို ကြုံတွေ့ရ လေ့ရှိသည်။
အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပြီးစီးသည့် အောက်တိုဘာ ၁၆ ရက်နေ့ နောက်ပိုင်း တွင်လည်း နိုင်ငံအတွင်း နေရာဒေသ အများအပြားသည် ကာလရှည် မိုးဆက်လက်ရွာသွန်းမှုကို ကြုံ တွေ့ခဲ့ကြရသည်။ နေရောင်ခြည် ဆက်တိုက်ရရှိချိန် တိုတောင်းခြင်းက စိုက်ခင်းများကို ခြောက်သွေ့ စေရမည့်အစား ရိတ်သိမ်းပြီးသီးနှံများကို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေခဲ့ပြီး ပြည်နယ်များစွာက သီးနှံ မျိုးစုံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းပေးပို့တင်ပြခဲ့ကြသည်။ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကာလအတွင်း အိန္ဒိယနိုင်ငံအနေဖြင့် မိုးရေချိန် ၁၂၀.၆ မီလီမီတာ စံချိန်တင် ရရှိခဲ့ပြီး ပုံမှန်မိုးရေချိန် ၈၃.၆ မီလီမီတာထက် ၄၄ ရာခိုင်နှုန်း ပိုမိုကြောင်း အိန္ဒိယမိုးလေဝသဌာနက ဖော်ပြ ခဲ့သည်။
မူဝါဒဆိုင်ရာမျက်မှောက်ရေးရာတင်ဆက်သူနှင့် ကုန်စည်ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးဖြစ် သော G. Chandrashekhar က မိုးသီးနှံရာသီမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း ထုတ်လုပ်မှု စုစုပေါင်း သည် စက်တင်ဘာ ၂၉ ရက်နေ့၌ တန်ချိန် ၆.၄ သန်းရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီး ယခင်နှစ် အလားတူ ကာလ၌ ထုတ်လုပ်မှု တန်ချိန် ၆.၆၁ သန်းအောက် ကျဆင်းခဲ့သည်။ မိုးသီးနှံရာသီမှ ပဲစင်းငုံ တန်ချိန် ၃.၄ သန်း၊ မတ်ပဲ တန်ချိန် ၁ သန်းနှင့် ပဲတီစိမ်း တန်ချိန် ၁.၇ သန်း အသီးသီးထွက်ရှိနိုင်ကြောင်း သို့သော် အောက်တိုဘာလ၌ မိုးဆက်လက်ရွာသွန်းမှုရှိနေသဖြင့် ၎င်း၏ခန့်မှန်းချက်မှာ ပြင်ဆင်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအပေါ် အရေအတွက်အရ ဆုံးရှုံးမှုနှင့် အရည်အသွေးအရ ဆုံးရှုံးမှုဟူ၍ ထိခိုက်နိုင်သည့် အချက်နှစ်ရပ်ရှိကြောင်း၊ ကိန်းဂဏန်းအရ တိုးတက်မှုရှိသော်လည်း ရိတ်သိမ်းရရှိမှုမှာ အရေအတွက် လျော့ကျနိုင်ကြောင်း၊ ထိုသို့ထွက်ရှိလာရာတွင်လည်း သီးနှံအချို့ သည် သင့်တင့်မျှတသော ပျမ်းမျှအရည်အသွေး (FAQ) ကို ပြည့်မီခြင်းမရှိသော စံချိန်စံညွှန်း မပြည့်မီ သည့် အခြေအနေရှိနိုင်ကြောင်း Mr. Chandrashekhar က ပြောဆိုထားသည်။
မိုးရွာသွန်းမှု လွန်ကဲခြင်းကြောင့် သီးနှံစိုက်ပျိုးမှုနှင့် ထွက်ရှိမှုတို့ကို ရိုက်ခတ်မှုဖြစ်ပေါ်ခဲ့ချိန်၌ ရိတ်သိမ်းရရှိလာမည့် ကောက်ပဲသီးနှံများ၏ တစ်စိတ်တစ်ဒေသသည်လည်း အရည်အသွေးပိုင်း ထိခိုက်မှုဖြစ်ပေါ်နေခဲ့သည်။ မဟာရဋ္ဌပြည်နယ် Solapur မြို့ အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ Mukesh Sanklecha က ပဲတီစိမ်းဈေးကွက်တွင် အရည်သွေးကောင်းမွန်သည့် ကုန်ပစ္စည်းများ ဝင် ရောက်မှု ကင်းမဲ့နေကြောင်း၊ စက်တင်ဘာ ဒုတိယလဝက် ကာလအတွင်း မိုးလွန်ကဲစွာ ရွာသွန်းခြင်း က ရိတ်သိမ်းပြီးနှင့် သိုလှောင်ထားသည့် ပဲများကို အစိုဓာတ်မြင့်မားစေလျက် ထိခိုက်ပျက်စီးစေ ကြောင်း၊ လက်ရှိကာလတွင် ဈေးကွက်၌ အရည်အသွေး နိမ့်ကျသည့်အဆင့်မှ အလယ်အလတ်တန်း အဆင့်ရှိသော ပဲများကိုသာ လက်ခံရရှိလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အလားတူ IGrain ကုမ္ပဏီမှ ဒါရိုက်တာ Rahul Chauhan က မိုးသီးနှံ ပဲမျိုးစုံထုတ်လုပ်မှုမှာ အထွက်ကျဆင်းပြီး စုစုပေါင်း တန်ချိန် ၅.၈ သန်းခန့်သာရှိမည်ဟု ခန့်မှန်းထားသည်။ ထိုကဲ့သို့ ကိန်းဂဏန်းပမာဏ ကြီးမားစွာ ကျဆင်းသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် မိုးကြီးမှုကြောင့် သီးနှံများ ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုပင် ဖြစ်ကြောင်း၊ ပဲမျိုးစုံနှင့် ပဲပုပ်သီးနှံများ ထိခိုက်ပျက်စီးမှု ရှိသည်ဟု အစီရင်ခံတင်ပြချက်များရှိပြီး ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် နည်းပါးလိမ့်မည်ဖြစ် ကြောင်း၊ ကျန်ရှိသည့် အခြားသီးနှံများမှာမူ ယခင်နှစ်ကထက် အထွက်များပြားဖွယ်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီမှ ပဲစင်းငုံ တန်ချိန် ၃ သန်း၊ မတ်ပဲ တန်ချိန် ၁.၂ သန်းနှင့် ပဲတီစိမ်း တန်ချိန် ၁.၆ သန်း အသီးသီးထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောဆိုခဲ့သည်။
Mr. Sanklecha ၏ ပြောဆိုချက်အရ ပဲစင်းငုံ အဓိကစိုက်ပျိုးရာ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များတွင် ရာသီဥတု မျက်နှာသာမပေးမှုနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ပဲစင်းငုံထွက်ရှိမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းဖွယ်ရှိကြောင်း သိရှိရသည်။
အိန္ဒိယ ပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) မှ အတွင်းရေးမှူး Satish Upadhyay က ယခုနှစ်တွင် ၎င်းတို့အသင်းအနေဖြင့် ကွင်းဆင်းစစ်တမ်းကောက်ယူမှုများ လုပ်ဆောင်နိုင်ခြင်း မရှိ သော်လည်း ဈေးကွက်အရင်းအမြစ်များအရ မိုးသီးနှံ ပဲမျိုးစုံထွက်ရှိမှု ကျဆင်းမည်ဟု ခန့်မှန်းထား ကြောင်း၊ ပဲစင်းငုံသည် တန်ချိန် ၂.၈ သန်းမှ ၃ သန်းအတွင်း လျော့နည်းထွက်ရှိနိုင်ပြီး ပဲတီစိမ်းမှာမူ တန်ချိန် ၁ သန်းမှ ၁.၅ သန်းအတွင်း ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ မတ်ပဲထွက်ရှိမှုမှာ သိသာစွာ လျော့နည်းပြီး တန်ချိန် ၉ သိန်းမှ ၁ သန်းအကြား ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။
Mr. Upadhyay ၏ အဆိုအရ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းရှိ နိုင်ငံ၏မတ်ပဲထုတ်လုပ် ရာ အဓိကဒေသတစ်ခုဖြစ်သော Bundelkhand တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယခုနှစ် မတ်ပဲအထွက်ကို ထိခိုက်မှုဖြစ်စေခဲ့ကြောင်း၊ ထို့အပြင် မတ်ပဲ အဓိကစိုက်ပျိုးသည့် အခြားဒေသ တစ်ခုဖြစ်သော ဥတာပရာဒေ့ရှ်ပြည်နယ်ရှိ Saharanpur ဒေသတွင်လည်း မိုးသည်းထန်မှုကြောင့် မတ်ပဲစိုက်ပျိုးမှု၏ ၅၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရကြောင်း၊ သို့သော် ၎င်းပြည်နယ်ရှိ Chandausi ဒေသ ၌မူ မတ်ပဲအထွက် ကောင်းမွန်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ သီးနှံများ ထိခိုက်ပျက်စီးခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် စိုက်ပျိုးမှု သက်တမ်းတိုတောင်းသော ရက် ၉၀ ပဲစင်းငုံစိုက်ခင်းများမှ သီးနှံရိတ်သိမ်းခူးဆွတ်မှုမှာ နှောင့်နှေးမှု များဖြစ်ပေါ်လျက်ရှိသည်ဟု ဈေးကွက်အတွင်းလုပ်ကိုင်သူများက ပြောဆိုသည်။ မဟာရဋ္ဌပြည်နယ် Akola မြို့အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သော Ashok Gupta က ကာနာတကာပြည်နယ်၌ အဆိုပါ ပဲစင်းငုံမျိုးကို ရိတ်သိမ်းမှုမှာ ၁၅ ရက်ခန့် နှောင့်နှေးဖွယ်ရှိသော်လည်း ၎င်းတို့ပြည်နယ်တွင်မူ တစ်လ ကြာအထိ ကြန့်ကြာမှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် မိုးသီးနှံရာသီမှ ပဲမျိုးစုံထွက်ရှိနိုင်မည့် အခြေအနေကို လေ့လာ ဆန်းစစ်သူ ၃ ဦးက ခန့်မှန်းထားရှိမှုအား အောက်ပါဇယားအတိုင်း တွေ့ရှိရသည်။
|
ပဲအမည် |
၂၀၂၄ ခုနှစ် အမှန်ထွက်ရှိမှု (တန်ချိန်သန်း) |
၂၀၂၅ ခုနှစ် ခန့်မှန်းအထွက်ပမာဏ (တန်ချိန်သန်း) |
||
|
G. Chandrashekhar |
Rahul Chauhan |
Satish Upadhyay |
||
|
ပဲစင်းငုံ |
3.56 |
3.4 |
3 |
2.8 မှ 3 |
|
မတ်ပဲ |
1.3 |
1 |
1.2 |
၀.၉ မှ 1 |
|
ပဲတီစိမ်း |
1.75 |
1.7 |
1.6 |
1 မှ 1.5 |
Source: Informist Media, 8 November 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
